Search
  • Thiha Lu Lin

ရိုးရာအိမ်လေးများနဲ့ နောင်ငင်းရွာ

Updated: Sep 11

ကျွန်တော်တို့ ဓါတ်ပုံ ရိုက်မဝသေးလို့ မတိုးတက်ပါနဲ့ဦးလို့ မတားရက်တဲ့ နောင်ငင်းရွာလေး ဆီ ကို ရိုးရာအိမ်လေးတွေ မပျောက်ခင် အမြန်သွားဖြစ်ခဲ့ပါတယ်။ ပုံစံတူ ရိုးရာအိမ်လေးတွေ က တရုတ်နိုင်ငံက ထိန်ချုံး တို့လိုမျိုး တစ်ရွာလုံး အတူတူရှိနေကြတာမျိုးမို့ နိုင်ငံခြားသားတွေတောင် သေချာ မပြလိုက်ရဘဲ တိုးတက်သွားမလားလို့ စိတ်ထဲ အားမရ ဖြစ်မိတာတော့ အမှန်ပါပဲ။



ကျွန်တော် ပြီးခဲ့တဲ့ ဇွန်လတုန်းက နောင်ငင်းရွာ ရှိရာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကို ရောက်ဖြစ်ခဲ့တယ်။ ကျိုင်းတုံနဲ့ မဝေးတဲ့ ရွာလေးပေါ့။ ပထမတုန်းကတော့ သိပ် စိတ်ဝင်စားစရာ ဖြစ်မယ် မထင်မိပေမဲ့ စာရေးလည်းကောင်း အပြောလည်းကောင်းသူ ကျိုင်းတုံ ခေမရဌ်ဟိုတယ်က ကိုရဲမြင့်အောင် ရဲ့ အညွှန်းကြောင့် မဖြစ်မနေ သွားကြည့်ဦးမယ်ဆိုပြီး တွေးလို့ ရောက်ဖြစ်လာတာပါ။ တကယ်တမ်းရောက်တော့ နောင်ငင်းဟာ ပြည်တွင်း ပြည်ပ ခရီးသွားတွေအတွက် လေ့လာစရာ ရိုးရာတွေ ကျန်နေသေးတဲ့ အရပ်ဖြစ်သလို၊ ဓါတ်ပုံရိုက်ဖို့ Instagramable ဖြစ်တဲ့ နေရာတစ်ခု ဆိုတာ သိလိုက်ရတယ်။


နောင်ငင်းရွာလေး သည်

တစ်ရွာလုံးမှာ မြောက်ပိုင်းရှမ်းတွေရဲ့ တရုတ်ဟန်နွယ်တဲ့ ရိုးရာအိမ်ဆောက်ပုံမျိုးနဲ့ ဆောက်ထားတဲ့ အိမ်ဆင်တူလေးတွေကို ဆန်းဆန်းပြားပြား မြင်တွေ့ခံစားရတဲ့ ရွာလေးပါ။ မြေကြီးနဲ့ပဲ အုတ်လုပ်၊ မြေကြီးနဲ့ပဲ ပလာစတာလုပ် အိမ်ဆောက် နေကြတဲ့ ပညာရှင်တွေ စိတ်ဝင်စားကြတဲ့ မြေကြီးအိမ်တွေရှိတဲ့ ရွာပါ။ ရွာလေးက ဆိတ်ငြိမ်တယ်။ ကျွန်တော်ရောက်သွားတဲ့နေ့မှာ ထူးထူးခြားခြား လူရှင်းလင်းပြီး Ghost Town လား ထင်ရလောက်အောင်ပဲ။ တစ်လမ်းလုံးမှာ ကိုယ်တစ်ယောက်တည်း ဓါတ်ပုံ ရိုက်ချင်သလို ရိုက်နေလို့ရတဲ့ အထာမျိုး။ ကျိုင်းတုံကနေ ဆိုင်ကယ်နဲ့ မိနစ် ၃၀ လောက် သွားရတဲ့ အကွာအဝေးလေးမှာ တည်ရှိပါတယ်။ သိပ် ချစ်စရာကောင်းတဲ့ ရွာလေးပါပဲ။


ကျွန်တော့်ရဲ့ နောင်ငင်းရွာ ခရီးစဉ်

ကျွန်တော်က ခပ်သွက်သွက်ပဲ လည်ပတ်ဖြစ်ခဲ့တာ။ ဒီရွာကို လည်ဖို့ နေ့တစ်ပိုင်း ဆို လုံလောက်ပြီ။ ဆိုင်ကယ်လေး နဲ့ ကိုယ့်ဟာကိုယ် မောင်းလာတောင် ရတယ်။ ဒီရွာကို အဝင်က ညောင်ပင်ကြီးက တကယ့် သက်တမ်းရင့် ညောင်ပင်ကြီး။ အခက်အလက်တွေကလည်း အရမ်းလှတာ။ တခါတလေ ကျွဲကျောင်းသားတွေ ကျွဲကျောင်းလာတာမျိုးတွေ့ရင် ရွှေ ပဲ။ တကယ် ဓါတ်ပုံရိုက်လို့ လှတာမျိုးပေါ့။


ရွာထိပ်က ဘုန်းကြီးကျောင်းမှာ ရှေးကျောက်စာ တစ်ချပ်ရှိတယ်။ ကျွန်တော် ရောက်တဲ့အချိန်မှာ သိမ်းထားလို့ မလေ့လာလိုက်ရဘူး။ ကြုံရင် လေ့လာခဲ့ပါဦး။


ရွာအတွင်းကို လမ်းသွယ်လေးများစွာနဲ့ ကြိုက်ရာရွေး ဝင်လို့ရတယ်။ လမ်းသွယ်တိုင်းက ပုံစံ အတူတူ လိုပဲ။ အိမ်ဆောက်ပုံ၊ ခြံခေတ်ပုံတွေက ဆင်နေတော့ အားလုံးခပ်ဆင်ဆင်လေး ဖြစ်နေကြတာပေါ့။ တစ်ခုပဲ စိတ်ထဲ မကျေနပ်တာက အခု ခေတ်ပေါ် အသုံးအဆောင်တွေ တိုးလာပြီ။ စတီးရေတိုင်ကီကြီးတွေ၊ ထပ်တိုးဆောက်တဲ့အိမ်တွေက ဘိလပ်မြေတွေနဲ့ ဖြစ်ကုန်ပြီ။ အရောင်တွေလည်း သုံးလာကြပြီ။ စလောင်းတွေလည်း တပ်လာကြပြီ။ အိမ်အဟောင်းတွေလည်း ဖျက်နေကြပြီ။ ဆိုတော့ ဒီလို ရိုးရာဆင်တူ အိမ်လေးတွေ အများကြီးရှိတယ်ဆိုတာမျိုး နောက်ပိုင်းမှာ တွေ့ရဖို့ မလွယ်တော့ဘူး။ သူတို့ကိုလည်း မပြင်ကြပါနဲ့ မဖျက်ကြပါနဲ့လည်း ပြောရမှာ မဟုတ်။ ဘာလို့လဲ ပြန်မေးလို့ ကိုယ့်မှာ ဖြေစရာကလည်း ဓါတ်ပုံရိုက်ရင် လှလို့ ဆိုလို့ကတော့ ရန်ကုန်အိမ်အရောက် Delivery နဲ့ ပါးတွေ လှိမ့်ရိုက်ခိုင်းကြဦးမယ်။


တကယ်တော့ ခရီးသွားလုပ်ငန်းသာ ဖွံ့ဖြိုးရင်တော့ ဒီလို ရွာလေးကို နိုင်ငံခြားသား ပြစားဖို့ သီးသန့်လေး ထားသင့်ပါတယ်။ ဒီကနေ ဝင်ငွေရနိုင်တာပဲလေ။ ခက်တာက ဒီမှာ ဘယ်သူလုပ်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတာမျီုး စနစ်တကျ စဉ်းစားစီစဉ်မဲ့သူလည်း မရှိပြန်တော့ ခက်တော့ခက်တယ်။ ခုတောင် ရွာထဲမှာ လူခြေတိတ်ပြီး အဘိုးအဘွားနဲ့ ကလေးတွေပဲ ရှိနေကြတာ။ လူငယ်တွေက ဟိုဘက်ကူးပြီး အလုပ်လုပ်နေကြသူ၊ မြို့တက် အလုပ်လုပ်နေကြသူတွေနဲ့လေ။


ထူးခြားတဲ့ ရိုးရာအိမ်ဆောက်နည်း

ကံကောင်းချင်တော့ အိမ်တစ်အိမ်ကို တက်ပြီး လေ့လာခွင့်ရလိုက်တယ်။ ရှမ်းရိုးရာအိမ်တွေက အလယ်ခေါင်မြင့်မြင့်နဲ့ ဆောက်ပြီး ခေါင်မိုးက ဘေးကို လုံးလုံးလေး ကျသွားတာ။ အောက်က အုတ်ခံအကာကလည်း လုံးလုံးလေး ပြန်တက်တယ်။ ချစ်စရာလေ။ အားလုံးကို အုတ်နီတွေနဲ့မို့ အိမ်ဆင်တူလေးတွေ အများကြီး မြင်ရတဲ့အခါ အမြင်မှာ လှနေရော။ ဟိုးကတည်းက သုံးတဲ့ သစ်သားမိန်းတုံးချ တံခါးတွေလည်း တွေ့ရတယ်။ အိမ်အတွင်းက သစ်သားချောင်းတွေ အတုံးတွေ ဆက်ရာမှာ သံမသုံးဘဲ သစ်သားကိုပဲ စို့ရိုက်တဲ့ပုံစံနဲ့ ဆောက်ထားတာ ဘယ်လိုထူးခြားတဲ့ ပညာတွေလို့ ခံစားမိသွားတယ်။ အခန်းဖွဲ့စည်းပုံလေးတွေလည်း ထူးခြားတယ်။ ပုံလေးတွေသေချာရိုက်လာတော့ ပုံလေးနဲ့ ယှဉ်ကြည့်ရင် ခံစားမိလိမ့်မယ်။ စတိုခန်း၊ အိပ်ခန်း၊ မီးဖိုချောင် အားလုံးက သေသေသပ်သပ်ရယ်။


အိမ်အဝင်မှာ ချိတ်ထားလေ့ရှိတဲ့ မကောင်းဆိုးဝါး တားတဲ့အဆောင်

နောင်ငင်းရွာက အိမ်တော်တော်များများမှာ အဆောင်လေးတွေ အိမ်အဝင်ဝ ချိတ်ထားတာ တွေ့ရပါလိမ့်မယ်။ အဲ့အဆောင်ကို တာလျောင်း လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်က နေ (၇) ထပ် ပါတဲ့။ အဆောင်ကို ဝါးနဲ့ ရက်လုပ်ကြပြီး (၇) ခု လုပ်ကြရပါတယ်။ ကြိုးကိုတော့ သက်ကယ်ရွက်နဲ့ ကျစ်ပါတယ်။ မကောင်းဆိုးရွားတွေ မလာအောင် တားဆီးပေးနိုင်တယ်လို့ ယုံကြည်ကြတာ အခုထိပါပဲ။ ဒီအဆောင်ကို သြင်္ကန်ရောက်ရင် သဲ၊ ကင်ပွန်းရေ တို့နဲ့အတူ ဘုန်းကြီးကျောင်းယူပြီး ချည်မန်းကြိုးနဲ့ သွယ်လို့ ပရိတ်ရွတ်ဖတ်တဲ့ ဘုန်းကြီးတွေထိုင်တဲ့နေရာနဲ့ ဆက်သွယ်ထားပါတယ်။ ရေစက်ချတရားနာ။ ပြီးတဲ့အခါ အကုန် အိမ်ပြန်ယူပြီး သဲကို နေရာအနှံ့ ကြဲ၊ ကင်ပွန်းရေ ကို ပိုင်ဆိုင်တဲ့ အိမ်၊ ကျွဲနွား တိရစ္ဆာန်၊ မိသားစုဝင် အားလုံးကို မာလာကာရွက်နဲ့ ဆွတ်ပြီး ပက်ဖြန်းရပါတယ်။ နေမင်းအဆောင် ကို အိမ်အဝင်ဝမှာ ချိတ်ဆွဲလေ့ရှိတယ်လို့ သိရပါတယ်။ ထူးခြားတဲ့ ဓလေ့လေးပါ။



နိုင်ငံခြားသားတွေလည်း ဒီရွာကို လာကြပါတယ်။ ဒီမှာ ရိုးရာလုပ်ငန်းတွေ။ အမှတ်တရပစ္စည်းတွေ ရောင်းချနေသူတွေလည်း ရှိပါတယ်။ သို့သော်လည်းပေါ့။ နောင်ငင်းရွာကို အလည်ရောက်ခဲ့သူတစ်ယောက်အတွက် စတင်ပြောင်းလဲ တိုးတက်နေတဲ့ အခြေအနေကို ပြောစရာစကားမရှိပေမဲ့ နှမြောသလိုတော့ ဖြစ်ပါတယ်။ ဆိုတော့လည်း ကိုယ့်မှာ ပြောစရာက အရာရာ မပြောင်းလဲသွားခင် အမြန်သွားကြည့်နိုင်တာ အကောင်းဆုံးပါ ဆိုတဲ့ စကားကလွဲလို့ မရှိဘူးပေါ့ဗျာ။ ရှမ်းပြည်နယ် အရှေ့ပိုင်း အလည်ရောက်ခဲ့ရင် နောင်ငင်းရွာလေးကို မဖြစ်မနေ သွားလေ့လာခဲ့ပါလို့ သေသေချာချာ မှာချင်ပါတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Ye Myint Aung

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter