Truly Amazing The Northern Part of Myanmar, Kachin’s Myitkyina
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ကချင်မြေ ကိုလာပါ တကယ်ပျော်မယ်နော်

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနား ကို အလုပ်ကိစ္စတွေနဲ့ ရှေ့ပိုင်းက ရောက်ဖူးခဲ့ပေမဲ့ တစ်ခါမှ မလည်ဖြစ်ခဲ့ဘူး။ ဒီတစ်ခါတော့ ပိတ်ရက်လေးနဲ့ တိုက်ဆိုင်နေတာကြောင့် မြစ်ကြီးနား ခရီးစဉ်လေး လိုက်သွားဖြစ်ခဲ့တယ်။ လိုက်သွားဖြစ်တယ်ဆိုတာက ဒီလိုဗျ။ ကျွန်တော်က Tour အစီအစဉ်နဲ့ လိုက်လေ့လိုက်ထ နည်းပေမဲ့ မြစ်ကြီးနားကို 2+1 VIP ကားနဲ့ သွားလည်ရမဲ့ ခရီးစဉ် ဖြစ်တာမို့ စိတ်ဝင်စားပြီး သွားဖြစ်တာပါ။ မြစ်ဝကျွန်းပေါ်ကနေ မြန်မာပြည်မြောက်ဖျားထိဆိုတော့ ကား တညောင်းစီးရမယ် ထင်ထားပေမဲ့ ကား အကြာကြီးစီးရတဲ့တိုင် လမ်းခရီးတစ်လျှောက်မြင်ကွင်းတွေက အတော်လေး ဆွဲဆောင်မှုရှိလို့ ပျင်းစရာ ဖြစ်မနေတာကို သတိပြုမိတဲ့ ခရီးစဉ်ပဲ ဆိုပါတော့ဗျာ။


ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနား

မြစ်ကြီးနားမြို့ ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၆ ပေမှာ ရှိနေတဲ့ သိပ်မမြင့်သော တောင်ပေါ်မြို့လေးလို့ ဆိုရပါမယ်။ မေခ နဲ့ မလိခ မြစ်နှစ်သွယ်ကနေ ဧရာဝတီမြစ်ကြီး ဖြစ်ပေါ်လာတဲ့ အနီးမှာ တည်ရှိနေတဲ့မြို့ ဖြစ်လို့ မြစ်ကြီး အနားက မြို့အဖြစ် မြစ်ကြီးနား လို့ ခေါ်တွင်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက တည်ရှိနေခဲ့ပြီး တရုတ်ပြည်နဲ့ကုန်သွယ်ချက်မမြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ မြို့တော် အဖြစ်ကိုတော့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့မှာမှ တရားဝင်သတ်မှတ်ဖြစ်တည်လာတယ်လို့ မှတ်သားရပါတယ်။

ရာသီဥတု

ရာသီဥတုအားဖြင့် အမြဲအေးမြနေတဲ့အရပ်တစ်ခုတော့ မဟုတ်ပြန်ပါဘူး။ ပူနွေးစိုစွတ် လို့ ပြောလို့ရမယ်ထင်ပါတယ်။ အောက်တိုဘာလထဲတောင် မအေးမြနေပြန်ဘူး။ အအေးဆုံးလကတော့ ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဇန်နဝါရီလတွေမှာပါ။ နွေရာသီမှာလည်း ပူတတ်ပြန်ပါတယ်။ မိုးတွင်းသြဂုတ်လဟာလည်း အပူချိန်အမြင့်ဆုံး ဖြစ်တတ်ပါသေးတယ်။


ဘယ်လိုသွားမလဲ?

မြစ်ကြီးနားမြို့ကို ရန်ကုန်၊ မန္တလေးကနေ အထူးကား 2+1 VIP, 1+1+1 VIP နဲ့ ပုံမှန်အထူးကား အမျိုးမျိုး ရောက်ပါတယ်။ High Class ကားတွေကတော့ ရန်ကုန် - မြစ်ကြီးနား နေ့စဉ်ပြေးဆွဲပါတယ်။ ကားအမျိုးအစားလည်း အမျိုးမျိုးရွေးချယ် စီးနင်းလို့ရပါတယ်။ မနောတံခွန် လည်း ရှိပါသေးတယ်။ မန္တလေး နဲ့ နေပြည်တော် က ဆိုရင်တော့ ဂျိန်းဖော့ရွှေမြေ ကားတွေ ရှိပါတယ်။ အမျိုးအစားအမျိုးမျိုး ရွေးချယ် စီးနင်းလို့ရပါတယ်။ အချိန်အားဖြင့်တော့ ၂၄ နာရီ ဝန်းကျင် ကြာတတ်ပါတယ်။ တချို့လည်း မန္တလေး - မြစ်ကြီးနား ရထားစီးကြပါသေးတယ်။ လေယာဉ်ကတော့ အဆင်ပြေဆုံး ဖြစ်ပါလိမ့်မယ်။ ဈေးကလည်း အတော်မြင့်ကိုး။ အချိန်အားဖြင့်တော့ ၂ နာရီခွဲဝန်းကျင် ကြာပါတယ်။


မြစ်ကြီးနားမြို့မှာ လည်ပတ်စရာ

မြစ်ကြီးနားတခွင် လည်ပတ်ဖို့ဆိုရင်တော့ ရန်ကုန်/မန္တလေးကနေ Travels & Tours တွေက သီးသန့် စီစဉ်ပေးနေတာတွေလည်း ရှိသလို၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်လည်း ဟိုရောက်မှာ ကားငှားပြီးလည်း လည်ပတ်နိုင်ပါတယ်။ Travels & Tours တွေနဲ့ သွားတာကတော့ လူအများနဲ့ အသိမိတ်ဆွေဖွဲ့ရင်း ရောက်သင့်တဲ့နေရာတစ်ခုမကျန် ရှင်းလင်းပြောပြပေးမဲ့သူနဲ့တကွ အချိန်မကုန်၊ ငွေကုန်နည်းနည်းနဲ့ ရောက်သွားနိုင်ပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရင်တော့ ကားခ က အစ ပိုမိုကုန်ကျနိုင်တာတော့ အမှန်ပါ။ သီးသန့်တော့ ဖြစ်မှာပေါ့လေ။ ကဲ မြစ်ကြီးနားဝန်းကျင် ဘယ်တွေလည်ရမလဲ ကြည့်ရအောင်။


မနောကွင်း

မြို့လယ်မှာ ထင်ထင်ရှားရှားရှိတဲ့ မနောကွင်းကို မြစ်ကြီးနားရောက်ရင် မဖြစ်မနေ လည်ပတ်ကြည့်ရမှာပါ။ ဒီကွင်းမှာ အခမ်းအနားကြီးတွေပဲ ပြုလုပ်လေ့ရှိပါတယ်။ မြင့်မားလှပတဲ့ မနောတိုင်ကြီးတွေကို တည်ထောင်ထားပြီး လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေအတွက် ကချင်ပြည်နယ်ရောက်ကြောင်း အထင်ရှားဆုံးပြနိုင်တဲ့ အမှတ်သညာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီကွင်းမှာ မနောပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ကချင်လူမျိုးတွေရဲ့ ပွဲတော်တွေထဲမှာ မနောပွဲဟာ အကြီးကျယ်အခမ်းနားဆုံးနဲ့ ရှေးအကျဆုံးလို့ ဆိုပါတယ်။ မနောပွဲကို လေးရက်ကနေ ရှစ်ရက်အထိ ကျင်းပလေ့ရှိပါတယ်။ မနောပွဲနဲ့အတူ ထင်ရှားတာကတော့ မနောအကပဲ ဖြစ်ပါတယ်။ မနောပွဲချိန်ဟာ နှစ်စဉ် ဇန်နဝါရီလအတွင်း ကျင်းပလေ့ရှိတာပါ။ ကျွန်တော် မနောကွင်းကို ရောက်တော့ စိတ်ထဲ ကြည်ကြည်နူးနူးခံစားရပါတယ်။ ခရီးသွားတော်တော်များများက ရောက်ပြီဆိုတာနဲ့ မနောတိုင်တွေရဲ့တစ်ဘက်မှာပဲ စုပြီး ဓါတ်ပုံလုရိုက်လေ့ရှိတယ်။ တကယ်တော့ မနောတိုင်တွေက နှစ်ဘက်လှ ဖြစ်တာမို့ ဘယ်ဘက်က ရိုက်ရိုက် တူညီပါတယ်။ ကျွန်တော်ဆို လူရှောင်ပြီး နောက်ဘက်ကနေ ပတ်ရိုက်တော့ လူရှင်းတဲ့ ပုံလေး ရတယ်ပေါ့ဗျာ။ မနောကွင်းအတွင်းမှာလည်း မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့အကျော် ကချင်တိုင်းရင်းသား အောင်လအန်ဆန် ရဲ့ ပုံတူ ရုပ်တုကြီးကိုလည်း ဂုဏ်ယူစရာ စိုက်ထူထားသေးလို့ အမှတ်တရ ဓါတ်ပုံရိုက်ကူးနိုင်ပါသေးတယ်။ မနောကွင်း နောက်ဘက် အောက်ချိုင့်ဝှမ်းလေးထဲက စားသောက်ဆိုင်ဟာလည်း စားကောင်းတဲ့ ဆိုင်ပါ။ Lung Ga Pa ဆိုတဲ့ ဆိုင်ပါ။ ဧရာဝတီမြစ် မြင်ကွင်းနဲ့ စားကြရပါတယ်။


လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်ကြီး နှင့် ရပ်တော်မူ၊ လျောင်းတော်မူ ဘုရားကြီးများ

မြစ်ကြီးနားမြို့မှာ ရှေးအကျဆုံး စေတီလို့ ဆိုကြတဲ့ လောကမာရ်အောင် ဆုတောင်းပြည့် စေတီကိုလည်း လာရောက်လည်ပတ်ကြပါတယ်။ လျောင်းတော်မူ ဘုရားကြီးကို ဖူးမြှော်သူလည်း များပါတယ်။ လျောင်းတော်မူနဲ့အတူ ရပ်တော်မူဘုရားကြီးလည်း ရှိပါသေးတယ်။ ဒီဘုရားမှာပဲ ဂျပန်စာနဲ့ရေးထိုးထားတဲ့ ကျောက်စာမျိုးတွေ ရှိပါသေးတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တပ်တွေ စစ်ရှုံးလို့ ပြန်အဆုတ်မှာ ဂျပန်တပ်မတော် ၅၆ က ဂျပန်စစ်ပြန် မစ္စတာ မစ်ဆူမိဆာကာဂူချိ က ကချင်စစ်မျက်နှာအတွင်း ကျဆုံးသွားတဲ့ ဂျပန်စစ်သားတွေ၊ စစ်အတွင်း သေဆုံးသွားတဲ့ တိုင်းရင်းသားတွေကို ရည်စူးပြီး လျောင်းတော်မူဘုရားကို တည်ဆောက်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ဟိန္ဒူရွှေကျောင်း

မြစ်ကြီးနားမြို့မှာ ကျွန်တော် သဘောကျမိတဲ့ နေရာတစ်ခုပါ။ ဓါတ်ပုံရိုက်ဖို့ပေါ့။ ပြည်သူ့ရင်ပြင်နားမှာ တည်ရှိပါတယ်။ ရွှေရောင် ဟိန္ဒူဘုရားကျောင်း ဆိုပေမဲ့ ရွှေရောင်အရမ်းတောက်တောက်ကြီးမျိုး မဟုတ်ဘဲ သဘောကျစရာ အရောင်လေးပါ။ ကျောင်းကြီးက အသစ်တည်ဆောက်ထားတာ လို့လည်း သိရပါတယ်။ အတော်လေး အမြင်ဆန်းပြီး အိန္ဒိယ Jaipur က အဆောက်အဦးတွေကို သတိရမိစေသလိုပါပဲ။


ပြည်သူ့ရင်ပြင်

မြစ်ကြီးနား ပြည်သူ့ရင်ပြင်အပန်းဖြေနေရာလေးကလည်း အပျင်းပြေသွားလည်ဖို့ သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။


မြို့မဈေး

ဈေး (၁)၊ ဈေး (၂) ဆိုပြီး ရှိတယ်တဲ့။ ဈေး (၁) က အထည်အလိတ်လိုမျိုး လူသုံးကုန်နဲ့ ဈေး (၂) က စားသောက်ကုန်တွေ ရောင်းတယ်လို့ ကျွန်တော်တော့ မှတ်သားမိလိုက်ပါတယ်။ ရိုးရာအထည်တွေကိုတော့ ဈေး(၁) မှာ ဝယ်ခဲ့ရတာ မှတ်မှတ်ရရပဲ။ ခေါပုတ်လို အိမ်ပြန်လက်ဆောင်တွေကိုတော့ ဈေး(၂) မှာ ဝယ်ခဲ့ရတယ်။


ညဈေး

မြစ်ကြီးနား ညဈေးက နာမည်ကြီးပါ။ ခရီးသွားဧည့်သည်တိုင်း လာကြရပါတယ်။ ညဈေးနဲ့အတူ အထူးနာမည်ကြီးတာက ကြက်ဥကစော် ပါ။ ကျွန်တော် သောက်ဖူးနေကျ ကစော်နဲ့ မတူတော့ နည်းနည်းတော့ ထူးဆန်းတယ် ထင်မိတယ်။ ဆန်ပြုတ်လေးလို သောက်လို့ကောင်းပါတယ်။ တန်းစီ တိုးဝှေ့ လုယက် ဝယ်ယူကြရပါတယ်။ အစားအသောက်၊ အဝတ်အထည်၊ အခွေ၊ ကစားစရာ၊ သစ်သီး စတာတွေ အများဆုံးတွေ့ရတယ်။ အရက်ဘီယာဆိုင်ကလွဲရင် ညဘက် သွားစရာ တစ်ခုခု ရှိတာမို့ ကျေနပ်စရာတော့ ဖြစ်စေပါတယ်။ မြို့ကြီးတွေကလို ညဈေးအရှည်ကြီးသွားရဖို့တော့ မဟုတ်သေးပါဘူးနော်။ အရမ်းကြီးတော့ မျှော်လင့်မထားပါနဲ့ဦး။ ဒါပေမဲ့ အတော်အတန် ကျေနပ်စရာ Night Life ရှိတဲ့အရပ်လို့ ဆိုနိုင်ပါတယ်။


အောင်ဇေရန်အောင် စေတီ၊ လောကအေးချမ်းစေတီ နှင့် သပြေတစ်ထောင်

တပ်ဦးစေတီနဲ့ ဘုန်းကြီးကျောင်း လို့ ဆိုရပါမယ်။ မြစ်ကြီးနားလေဆိပ်အနီးမှာ တည်ရှိပါတယ်။ အောင်ဇေရန်အောင် စေတီ နဲ့ ကပ်လျက်လေး လောကအေးချမ်းစေတီ တစ်ဆူရှိပါတယ်။ ပုဂံခေတ်လက်ရာလေး တည်ထားတာပါ။ အထူးခြားဆုံးက ရုပ်ပွားတော် ပေါင်း များစွာ တစ်နေရာတည်းမှာ တည်ရှိနေတာမို့ ဓါတ်ပုံရိုက်ရင်လည်း အရမ်းလှတဲ့နေရာလေး ပါ။


Ja Jubilimasat Nawkuhting Nu ဘုရားကျောင်းကြီး

မြစ်ကြီးနားမှာ ခရစ်ယာန်ဘုရားကျောင်းတွေကတော့ များပါတယ်။ နှစ်သက်တမ်းရှည် ဘုရားကျောင်းကနေ မနေ့တနေ့ကမှ ဆောက်ပြီးတဲ့ ဘုရားကျောင်းအထိ၊ ကျောက်ခဲလေးတွေ စီရီထားတဲ့ သေးသေးကျစ်ကျစ်ကနေ မိုးထိမြင့်မားတိုက်တာကြီးကြီးမားမားအထိ စုံနေတာပါပဲ။ ဒီဘုရားကျောင်းလေးရဲ့ တည်ဆောက်ဟန်လေးက ခေတ်မီနေပြီး မြစ်ကြီးနားမှာ အကြီးဆုံး ဘုရားကျောင်းတွေထဲ တစ်ခုအပါအဝင်လို့ သိရပါတယ်။


မင်းရပ် - ဂျာမေ့ဗဟိုဗလီကြီး

မြို့လယ်နားမှာပဲ ရှိနေတဲ့ ဂျာမေ့ ဗဟိုဗလီကြီးကတော့ မြစ်ကြီးနားမှာ အကြီးဆုံးဗလီကြီးလို့ သိထားပါတယ်။ အနီးဝန်းကျင်မှာ ဆိုင်ခန်းလေးတွေနဲ့ စည်စည်ကားကားရှိပြီး စိတ်ဝင်စားလေ့လာစရာ တစ်ခု ဖြစ်ပါတယ်။


ကချင်ပြည်နယ်ဒေသထွက်ကုန် အရောင်းစင်တာ

ဒီလိုနေရာမျိုးလေးတွေ နေရာတိုင်းမှာ ရှိစေချင်မိတယ်။ ဒါပေမဲ့ သေသေချာချာ သပ်သပ်ရပ်ရပ်လေး ဖြစ်စေချင်မိတယ်။ အမှတ်တရပစ္စည်းတွေ အရောင်းစင်တာကြီးတစ်ခုအသွင်နဲ့ ဆိုင်ခန်းများစွာ ရွေးဝယ်ဖို့ အဆင်ပြေလိုက်တာ။ ဒါတောင် ကျွန်တော်ရောက်သွားချိန်က ညပိုင်းဖြစ်နေတော့ ဆိုင်တချို့ပိတ်ကုန်ပြီ။ ဒီတစ်နေရာတည်းတင် ကချင်ဒေသထွက် အဝတ်အထည်ကနေ ဆေးမြစ်၊ အစားအသောက်အထိ အစုံအလင် ရနေပါတယ်။ အရောင်းစင်တာကို အမြင်ကအစ ပြင်ဆင်လိုက်ရင် ပိုကောင်းမယ်လို့ယူဆမိတယ်။ Tour ကားတွေ ရပ်လေ့ရှိတဲ့နေရာတစ်ခုပါ။


အောင်မြေသာ ကြိုးတံတား

အောင်မြေသာ စံပြရွာ မှာရှိတဲ့ သံယောဇဉ်ကြိုးတံတားနဲ့ ချောင်းလေးဆီ အပန်းဖြေစရာနေရာတစ်ခုအဖြစ် ဒေသခံတွေရော ခရီးသွားဧည့်သည်တွေပါ လာရောက်လည်ပတ်ကြပါတယ်။ ချစ်စရာ ဝါးအိမ်လေးတွေနဲ့ စားသောက်ဆိုင်လေးတွေ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ စုံလင်ပြီး ရေဆင်းချိုးကြရတာလည်း ပျော်စရာ ဖြစ်ပါတယ်။ ဒီမှာ စကားတွေကို အမြဲ မှားမှားပြောတတ်လို့ တစ်ပြည်လုံးက သနားချစ်ခင်ကြတဲ့ ဆယ်လီမမ ရဲ့ ဆိုင်ကလည်း ဒီမှာပါပဲ။ မြစ်ကြီးနားမြို့နဲ့တော့ နည်းနည်းလှမ်းပါတယ်။ မြစ်ဆုံနဲ့ ပိုနီးပါတယ်။


ရွှေမိုးတောင် ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီ

တည်ထားတာ မကြာသေးပေမဲ့ ဘုရားဖူး လာရောက်သူများတဲ့ စေတီပါ။ ကြက်နဲ့ ဖားရုပ် အကြီးကြီးတွေ ရှိလို့ သဘောတကျ ဓါတ်ပုံရိုက်ကူးသူလည်း များပါတယ်။ ကျွန်တော်သဘောကျတာက စေတီအတွင်းက ဆင်းတုတော်တွေနဲ့ နေ့နံတိရစ္ဆာန်ရုပ်တုတွေဟာ ထူးခြားစွာ အညိုရောင်အဆင်း ဖန်တီးထားတယ်။ စေတီကို တည်ဆောက်ရာမှာလည်း ဆင်ဖြူတွေ ခံပြီး တည်ထားတယ်။ စေတီအတွင်းပတ်လမ်းကတော့ ကျဉ်းမြောင်းလို့ တစ်ယောက်ယောက် ဘုရားဝတ်ပြုနေရင် အတော်လေး ကျော်ခွ ရှောင်လွှားရတာ အားနာရတယ်။ ရှုခင်းကတော့ ဧရာဝတီမြစ်အလှနဲ့ အတော်လေး ပနံရနေပါတယ်။


ဆဒုံး လန်နခရေတံခွန်

ဆဒုံးရေတံခွန်လို့ လူသိများကြတဲ့ ဆဒုံးမြို့အနီးက လန်နခရေတံခွန်က အတော်လှတဲ့ ရေတံခွန်ပါ။ အတော်တော့ သွားယူရပါတယ်။ တောတောင်စိမ်းစိမ်းကြားကနေ ရေတံခွန်အထပ်ထပ် ရေအားကောင်းကောင်း စီးဆင်းလာတာမို့ မြင်ကွင်းက သိပ်လှတဲ့အပြင် အောက်ဘက်မှာလည်း စီးဆင်းနေတဲ့ ချောင်းကျယ်ကျယ် ရှိတာမို့ တောင်ပေါ်က ဆင်းလာတဲ့ ရေတံခွန်ရယ် တောင်အောက် စီးနေတဲ့ ချောင်းရယ် ပေါင်းဆုံတဲ့ အလှကို ကြိုးတံတားပေါ်ကနေ ကြည့်ရတာ သိပ်သဘာဝဆန်ပြီး မြင်ရသူကို လွမ်းမောကြည်နူးစေပါတယ်။ လွန်ခဲ့တဲ့ အချိန်တုန်းကတော့ ဒီ ဆဒုံးရေတံခွန်ကို သွားဖို့ဖြတ်ကူးရတဲ့ တံတား ရေစီးနဲ့ မျောပါသွားလို့ သွားလာရေး ခက်ခဲခဲ့ဖူးပေမဲ့ အခုတော့ တံတားအသစ်နဲ့အဆင်ပြေနေပါပြီ။ ကြိုးတံတားလေးတစ်ဘက်မှာ နားနေစရာ ဆိုင်လေးလည်း ရှိသလို ရေတံခွန်အဆင့်ဆင့်တက်ရင်လည်း နားခိုစရာ အဆောင်လေးတွေ ရှိပါတယ်။ စိမ်းလန်းအေးချမ်းတဲ့ တောရိပ်တောင်ရိပ်လေးကို ရေတံခွန်သံလေးနဲ့ ခံစားရစေတဲ့နေရာလေးပါ။


ကမ္ဘာလုံးစေတီ

ထူးခြားတဲ့ စေတီတည်ဆောက်ပုံနဲ့ပါ။ ဝေဖန်စရာ ဖြစ်ကောင်း ဖြစ်ပေမဲ့ ရည်ရွယ်ချက်တစ်ခုခုတော့ ရှိမယ် ထင်မိပါတယ်။ ကမ္ဘာလုံးပေါ်မှာ စေတီတည်ထားတာ ဖြစ်လို့ ကမ္ဘာလုံးစေတီ လို့ ရိုးရိုးခေါ်ဆိုကြတာ ဖြစ်ပါမယ်။ အနီးဝန်းကျင် ရှုခင်းက လှပါတယ်။


မြစ်ဆုံ

မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၆ မိုင်ခန့်အကွာက တန်ဖဲရွာအနီးမှာ ရှိတဲ့ ဧရာဝတီမြစ်ကြီး ဖြစ်ပေါ်ရာ အစ မေခနဲ့ မလိခ မြစ်နှစ်စင်း ပေါင်းဆုံတဲ့ အရပ်ကို အနယ်နယ်အရပ်ရပ်က ခရီးသွားတွေရယ်၊ ဓါတ်ပုံဝါသနာအိုးတွေရယ် လာရောက်တတ်ပါတယ်။ မြစ်ဆုံဟာ ရေကျချိန်ဆို ကျောက်ချောလုံးလေးတွေများစွာနဲ့ သိပ်လှတဲ့နေရာပါ။ ကျွန်တော်ရောက်တဲ့အချိန်က ရေမကျသေးတာမို့ မြစ်ပြင်က ကျယ်နေပါတယ်။ ရေကျချိန်ဆို မြစ်အလယ်လောက်ထိ သွားလို့ရပြီး ကျောက်ချောတွေနဲ့ ပိုလှတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြစ်ဆုံ ကို ရောက်တာနဲ့ ဓါတ်ပုံရိုက်ပေးမဲ့သူတွေက အဝေးပြေးကွင်းက တက္ကစီဆရာတွေအလား ဖွေးဖွေးလှုပ် ကြိုဆိုကြပါလိမ့်မယ်။ ဒါပေမဲ့ ယဉ်ကျေးကြလို့ ကျေးဇူးတင်မိပါတယ်။ ကချင်တိုင်းရင်းသား ဝတ်စုံတွေ ငှားရမ်းဝတ်ဆင်ပြီး ဓါတ်ပုံရိုက်နိုင်ပါတယ်။ တစ်စုံကို ၂၀၀၀ ကျပ် ပေးရတယ်။ ဓါတ်ပုံခက သီးသန့်ထပ်ပေးရပါတယ်။ ဓါတ်ပုံဆရာတွေ လက်ရာကောင်းကြပါတယ်။ မြစ်ဆုံဟာ နေထွက်ချိန် လှတဲ့အရပ်မို့ ဓါတ်ပုံဝါသနာအိုးတွေက နေထွက်ချိန် စောင့်ရိုက်လေ့ရှိတယ်လို့ ကြားရပါတယ်။ မြစ်ဆုံနဲ့ မနီးမဝေးမှာ သာသနာငါးထောင်စံစေတီကိုလည်း ဖူးမြှော်နိုင်ပြီး အဆာပြေစားဖို့ စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်းဆိုင်တွေလည်း လည်ပတ်ကြည့်ရှုနိုင်ပါသေးတယ်။ မြစ်အတွင်း စက်လှေနဲ့ လှည့်ပတ်ပြသပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပြီး တစ်စင်းကို ကျပ် နှစ်သောင်း ပေးရတယ်လို့ ဆိုပါတယ်။ လူ ဆယ်ယောက်ဆို တစ်ယောက်ကို နှစ်ထောင်ကျပ်ပဲ ကျသင့်မှာပါ။ မြစ်ဆုံ ဝန်းကျင်တစ်ခုလုံးက တောင်တန်းကြီးတွေ ဝန်းရံနေပြီး မြူတွေ တိမ်တွေ ဆိုင်းနေတတ်တာမို့ သိပ်လှတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။


ဗုဒ္ဓသာသနာငါးထောင်စံစေတီ

မြစ်ဆုံ အနီးမှာ ရှိတဲ့ စေတီ ဖြစ်ပါတယ်။ မြစ်ဆုံကို အလည်လာရင်း ဝင်ရောက် ဖူးမြှော်နိုင်ပါတယ်။


ဝါရှောင်ဆည်

ဝါရှောင်ဆည် နဲ့ ကြိုးတံတားကိုလည်း မြစ်ကြီးနားမှာ အချိန်ယူနိုင်ခဲ့ရင် လည်ပတ်ခဲ့စေချင်ပါတယ်။ အချိန်အားဖြင့် တစ်နာရီလောက်တော့ ကားနဲ့ သွားရပါတယ်။ ကျွန်တော်ကတော့ အချိန်နည်းနေလို့ ဒီတစ်ခါ မရောက်ဖြစ်နိုင်ခဲ့ပါဘူး။

ကျောက်စိမ်းအဝိုင်း

မြို့တွင်းက ကျောင်းစိမ်းကို ကလပ်ပေါ်တင်ထားပြီး Myitkyina City လို့ ဖောင်းကြွစာလုံး ထောင်ထားတဲ့ ဒီအဝိုင်းပတ်ကို သဘောကျမိပါတယ်။ အလည်လာသူ ခရီးသွားဧည့်သည်တွေအတွက် အမှတ်တရ ဓါတ်ပုံရိုက်ချင်စရာပါ။ တစ်ခုပဲ ကားလမ်းပေါ်က တက်ရိုက်ရလို့ ယာဉ်အန္တရာယ် သတိပြုကြရတာပါပဲ။


အင်းတော်ကြီး နှင့် ရွှေမြဉ္ဇူ ရေလယ်ဘုရား

အင်းတော်ကြီး ကို မြစ်ကြီးနားလည်စရာထဲ ထည့်ရတာက ကျွန်တော်ကတော့ ခရီး မကြုံ ကြုံအောင်လည်း သွားထားတာမို့သာ ထည့်ရတာပါ။ တကယ်တမ်းတော့ မြစ်ကြီးနားကနေ အင်းတော်ကြီး က ၄ နာရီလောက် ကားစီးသွားရတာမျိုးပါ။ တော်တော်လှမ်းပါတယ်။ နေ့ချင်းပြန်ဆိုရင် ၈ နာရီ အသွားအပြန် ကားစီးချိန်မို့ အကြံပြုရရင် အင်းတော်ကြီးမှာ တစ်ညအိပ်ပြီး အေးအေးလူလူ သက်တောင့်သက်သာ သွားနိုင်ရင် ပိုပြီး ပျော်ကြရမှာပါ။ အင်းတော်ကြီးဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး အင်းကြီးလည်း ဖြစ်သလို သဘာဝအင်းကြီးလည်း ဖြစ်ပါတယ်။ အင်းတော်ကြီးမှာ ဟိုတယ်ရယ်တော့ မရှိဘူး၊ ဒါပေမဲ့ တည်းခိုဆောင်လေးတွေ ရှိတယ်။ များသောအားဖြင့်တော့ ပွဲရာသီအတွက် တည်ဆောက်ငှားရမ်းကြတာမျိုးပါ။ သေချာလေး တည်ဆောက်ထားတာက အနည်းငယ်ပဲ ရှိပါတယ်။ ကျွန်တော်ကတော့ ဌေးမေတ္တာ အဆင့်မြင့် ဧည့်ရိပ်သာ မှာ တည်းဖြစ်တယ်။ ပုံမှန်ဆိုရင်တော့ သူ့မှာက ရိုးရိုးအခန်းလေးတွေပဲ ရှိတာများတာ ကံကောင်းချင်တော့ VIP ခန်းလေး ၂ ခန်း ပဲ ရှိတာ လွတ်နေတာနဲ့ တစ်ခန်း ငှားလို့ရသွားတယ်။ အဲကွန်းနဲ့ ရေချိုးခန်း၊ အိမ်သာ တွဲလျက်လေးကို ရေခဲသေတ္တာ (မီနီဘား) လေးပါ ပါသေးတာလည်း ရတယ်။ ဒီလို ရေရှားတဲ့အရပ်မှာ ရှယ်ပဲ ဆိုပါတော့။ သူတို့ဆီမှာပဲ တရုတ်၊ မြန်မာ စားသောက်ဆိုင်လေးပါ တွဲရှိတော့ အစားအသောက်အတွက်ပါ အဆင်ပြေကုန်ရော။ မိသားစုပုံစံလေးမို့ ကိုယ့်အိမ်ကိုယ်ရာ ကိုယ့်မိသားစုလိုပဲ နွေးထွေးပါတယ်။ အဲ့ဒီမှာ တစ်ညအိပ်ရင်း အင်းတော်ကြီးထဲက ရွှေမြဉ္ဇူရေလယ်ဘုရား ကို သွားဖူးနိုင်ပါတယ်။ စက်လှေက တစ်ယောက်ကို ၂၀၀၀ ကျပ် ပေးရပါတယ်။ လှေဆိပ်မရောက်ခင် ဆိုင်လေးတွေများစွာ ဖြတ်သွားရတာလည်း အပျင်းပြေပါတယ်။ လှေဆိပ်မှာ ရေတက်ချိန်ဆို လှေစီးသွားတယ်။ ရေကျလို့ လမ်းပေါ်ချိန်ဆို လမ်းလျှောက်သွားကြတာလည်း ပျော်စရာတစ်ခုပါ။ နတ်လမ်းပေါ်တဲ့အချိန်ဆို ရေပြင်ထက်မှာ ဘုရားအထိ အဖြူရောင်လို တံလှပ်လေး တန်းပြီး ပြေးနေတာကို တွေ့ရပါမယ်။ သွားလျှောက်လို့တော့ မရပါဘူး။ မြင်တော့ မြင်နေရတာမျိုးပါ။ ရေလယ်ဘုရားကို ရောက်ပေမဲ့ ရင်ပြင်ပေါ်ကို အမျိုးသမီးတွေ တက်ခွင့် မရှိပါဘူး။ အမျိုးသမီးတွေ တက်ခဲ့ရင် မိုးသက်လေမုန်တိုင်း ကျပြီး လူအဖိတ်အစင်များတတ်လို့ အရမ်းဂရုစိုက်ကြပါတယ်။ အမျိုးသမီးတွေ ကတော့ သတ်မှတ်ထားတဲ့ အဆောင်ကနေပဲ ဖူးမြှော်ကြရတာပါ။ နောက်ပိုင်းတော့ အမျိုးသမီးတွေအတွက် သီးသန့် ပတ်လမ်းလုပ်မယ်လို့ ကြားရပါတယ်။ အင်းတော်ကြီးကို ဘုရားဖူးဖို့အပြင် ငှက်ကြည့်ဖို့လည်း ပြည်တွင်းပြည်ပက ဝါသနာရှင်ခရီးသွားဧည့်သည်တွေ လာရောက်တတ်ကြပါသေးတယ်။ ဘုရားပွဲကာလ မတ်လဝန်းကျင်၊ သီတင်းကျွတ် နဲ့ တန်ဆောင်မုန်း လပြည့်တွေမှာ ပွဲတော်တွေ ရှိတာမို့ အတော်စည်ကားပြီး တိုးဝှေ့သွားယူရတတ်ပါတယ်။


ဟိုဖာကမ်းခြေ နှင့် မြမြဉ္ဇူဘုရား

အင်းတော်ကြီးကို အလည်သွားရင်း တခြားနီးစပ်ရာတွေ လည်ပတ်နိုင်ပါသေးတယ်။ နှီးဘုရားလိုမျိုး အခြားလည်ပတ်စရာတွေ များသေးပေမဲ့ အချိန်သိပ်မရလို့ ကျွန်တော်ကတော့ ဟိုဖာကမ်းခြေ လို့ တင်စားထားတဲ့ ဟိုဖာရွာက အင်းအစပ်လေးဆီ ရောက်ဖြစ်ခဲ့တယ်။ ရေတက်နေတုန်းမို့ ဗေဒါပင်တွေနဲ့ ကမ်းခြေအသွင်မရှိသေးပေမဲ့ နွေအခါမှာဆို ပင်လယ်ကမ်းစပ်တစ်ခုလို ရေချိုးအပန်းဖြေချင်စရာ ကောင်းတဲ့ နေရာလို့ သိရပါတယ်။ ဟိုဖာဘုရား လို့ ခေါ်ကြတဲ့ မြမြဉ္ဗူဘုရားကိုတော့ တက်ဖူးနိုင်ခဲ့ပါတယ်။ တောင်ပေါ်မှာရှိတဲ့ ဒီဘုရားပေါ်ကနေ အင်းတော်ကြီးရဲ့ ကြီးမားကျယ်ပျံ့ခမ်းနားမှုကို မြင်ရတာလည်း ရင်သပ်ရှုမောပါပဲ။ ရှုခင်းကလည်း အတော်လှတာပါ။ တက်ကြည့်သင့်ပါတယ်။


အင်းတော်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးပြခန်း

အင်းတော်ကြီးဒေသမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေ နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းရင် ဖြစ်လာမဲ့ အကျိုးဆက်တွေအကြောင်းကို ပညာပေးပြခန်းအနေနဲ့ လုပ်ဆောင်ထားတာကို မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။


ဘယ်မှာတည်းမလဲ

မြစ်ကြီးနား နဲ့ အင်းတော်ကြီး ကို အလည်အပတ်ထွက်မဲ့ သူတွေအတွက် ဟိုတယ်ရွေးချယ်စရာ အဖြစ် ကျွန်တော် တည်းခိုခဲ့ဖူးတဲ့ ဟိုတယ်နဲ့ ဧည့်ရိပ်သာအချို့ကို ဖော်ပြပေးချင်ပါတယ်။ Cartel Hotel ကနေ အထပ်မြင့် အခန်းတွေရဲ့ မြင်ကွင်းက အတော်လှပါတယ်။ မြို့ကို အထက်စီးကနေ မြင်ရတဲ့အပြင် ဧရာဝတီမြစ်ကိုပါ မြင်ရတာ သိပ်လှပါတယ်။ ညဈေးနဲ့လည်း နီးတယ်။ Hotel Madira ကတော့ အခန်းအမျိုးအစား ရွေးစရာများတယ်။ မနောကွင်းနဲ့ နီးတယ်။ မြစ်ဆုံဟိုတယ် က Hotel Madira နားမှာ ပဲ ကပ်လျက်လေး ရှိတာပါ။ Spa ကောင်းတဲ့ ဟိုတယ်လို့ သိထားပါတယ်။ ဈေးတွေကတော့ လေးသောင်းခွဲဝန်းကျင်ကနေ စတတ်ပါတယ်။ အင်းတော်ကြီး မှာတော့ ဧည့်ရိပ်သာလောက်ပဲ ရှိပါတယ်။ ဌေးမေတ္တာ အဆင့်မြင့် ဧည့်ရိပ်သာ မှာ တည်းခိုသင့်ပါတယ်။


ဘယ်မှာစားကြမလဲ

စားဖို့ကတော့ ရွေးစရာစုံတယ်။ ကချင်ရိုးရာ၊ မြန်မာဟင်းလျာ၊ ဟိန္ဒူအစားအစာ၊ 786 နဲ့ တရုတ်၊ ထိုင်း အစုံအလင်ပါပဲ။ မြန်မာထမင်းဟင်းမှာတော့ ဈေးနားက လွယ်လင်ဆိုင် လေး သဘောကျတယ်။ ဈေးလည်း မကြီးဘူး။ စေတနာလည်း ကောင်းတယ်။ အရံဟင်း အတို့အမြှုပ်လည်း စုံပြီး ဟင်းပွဲလည်း ကြီးတယ်။ ရွေးချယ်စရာလည်း ပေါတယ်။ ကချင်ရိုးရာစာ နဲ့ ခေါင်ရည် လိုဟာမျိုးဆိုရင်တော့ မနောကွင်းအောက်က Lung Ga Pa ဆိုင်လေး သဘောကျတယ်။ လာတိုင်း အဲ့ဆိုင်မှာ စားဖြစ်တယ်။ ဝန်ထမ်းတွေရဲ့ ဖော်ရွေမှုကတော့ သိပ်မညက်ပေမဲ့ လက်ရာကတော့ ကောင်းတယ်။ အရင်က ထွယ်ဆန်ရပ်ကွက်၊ ရွှေလမ်းမကြီးလမ်းသွယ် (၅) (တချို့ကလည်း တပ်ကုန်းရပ် လို့ခေါ်ကြတယ်) အဲ့ဒီက နာမည်မတပ်တဲ့ ဆိုင် က လက်ရာလည်း အတော်ကြိုက်ခဲ့တာ။ ဒီတစ်ခါ ပြန်ရောက်တော့ မသွားဖြစ်ခဲ့ဘူး ရှိသေးရဲ့လားမသိ။ ဖက်ထမင်းလေးနဲ့ ကချင်ရိုးရာအစားအစာ အထူးအဆန်းလေးတွေ ရသေးတာ။ ဒါက စားဖူးသမျှပေါ့နော်။


ကျွန်တော့်အတွက်တော့ မြစ်ကြီးနား ဟာ သိပ်ကို ပျော်စရာကောင်းတဲ့ လည်ပတ်စရာပေါများရာ နေရာတစ်ခုလိုပါပဲ။ ကချင်ပြည်နယ်ကို သေချာလည်ပတ်ပြီး ရေးချင်နေတဲ့ စိတ်ကူးကို သေချာ အကောင်အထည်ဖော်လိုက်နိုင်တယ် ဆိုရမယ်။ ဒီလို မြစ်ကြီးနား ခရီးစဉ်ကို လေယာဉ်နဲ့ အချိန်တိုအတွင်း သွားနိုင်သလို၊ ရထားနဲ့လည်း သွားနိုင်ပါတယ်။ အဖွဲ့လိုက် VIP 2+1 တွေနဲ့လည်း သွားနိုင်ပါတယ်။ အဖွဲ့လိုက် VIP ကားတွေနဲ့ Tour အစီအစဉ်အတိုင်းသွားရင် ဇလုံတောင် ဘုရားဖူးခရီးစဉ်ပါ ပါဝင်မှာပါ။ ဒါမျိုး စား၊ တည်း ငြိမ်းလေး သွားဖို့ဆိုရင် ဖြစ်ဖြစ်၊ Customize Package လေးနဲ့ သွားချင်တာပဲ ဖြစ်ဖြစ် တိုင်ပင်စီစဉ်ဝယ်ယူခိုင်းနိုင်တာက -


Gold Tripper Travels & Tours အမှတ် ၅၄၊ မြန်မာ့ဂုဏ်ရောင်လမ်း၊ ရန်ကုန်။ ဖုန်း ၀၉ ၉၅၂ ၁၁၂ ၃၂၄၊ ၀၉ ၉၅၂ ၁၁၂ ၃၂၅၊ ၀၉ ၄၂၁ ၀၈၅ ၈၉၈


ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျား။ ကျွန်တော်လည်း ကိုယ်သွားချင်သမျှကို Gold Tripper ကိုပဲ စီစဉ်ခိုင်းခဲ့တာပါ။ Group Tour နဲ့သွားတယ်။ အင်းတော်ကြီး တစ်ည ပိုအိပ်ခဲ့တယ်။ ဇလုံတောင် မလည်ပတ်တော့ဘဲ၊ မြစ်ကြီးနားဝန်းကျင်မှာ ပိုလည်ပတ်ပြီး လေယာဉ်နဲ့ ပြန်ခဲ့ပါတယ်။ စီစဉ်ပေးမှု အဆင်ပြေလို့လည်း ထပ်ဆင့် ညွှန်းဆိုပေးချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Chit Thway Ko, Nann Moh Camera :: SONY Alpha 7II with 16 - 35mm Lens Photos are modified in Lightroom by Thiha Lu Lin.

1,663 views0 comments
bottom of page