သမိုင်းဝင်ပေမဲ့ နာမည်မကျော်လေတဲ့ မက္ခရာ ရှေးမြို့ဟောင်း
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

သမိုင်းဝင်ပေမဲ့ နာမည်မကျော်လေတဲ့ မက္ခရာ ရှေးမြို့ဟောင်း

မတ္တရာမြို့ လို့ပြောရင် အတော်များများ သိကြပေမဲ့ မက္ခရာမြို့ဟောင်းလို့ ပြောရင် တော်တော်များများ မသိကြတော့ဘူး။ ရှိလို့လား ဆိုတာမျိုးတွေ ပြန်မေးတတ်ကြတယ်။ မက္ခရာဆိုတာ တကယ်တော့ သမိုင်းဝင်ခဲ့တဲ့ မြို့ဟောင်းလေးပေမဲ့ ခုတော့ ရွာလေးအနေနဲ့ မထင်မရှားရှိနေခဲ့ပါပြီ။ ဒါပေမဲ့ ခရီးသွားလာရင်း လေ့လာလည်ပတ်ဖို့အတွက်က အခြားအခြားသော မြို့ဟောင်းတွေလိုပဲ တမူကွဲပြားတဲ့ ခံစားမှုမျိုးပေးစွမ်းနိုင်တဲ့ အရပ်ဒေသတစ်ခုလို့ ဆိုပါရစေ။ ကျွန်တော် ရောက်သွားတဲ့ မက္ခရာဟာ တကယ်ကို အပျိုစင်လေးလို ထိတွေ့မှုနည်းနေသေးတဲ့ ခရီးသွားကောင်းတဲ့ဒေသတစ်ခု မှန်း သိလိုက်ရပါတယ်။


မက္ခရာမြို့ဟောင်း ဆိုတာ

သောသောသာ မက္ခရာ ဆိုတဲ့ စကားအတိုင်း သက္ကရာဇ် ၆၆၆ ခုနှစ်မှာ မက္ခရာမြို့ကို တည်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်းမှာ တည်ရှိတာပါ။ ကင်းတပ်မြို့တစ်ခု ဖြစ်ခဲ့တယ်ဆိုပါတယ်။ ရှမ်းညီနောင်သုံးဦး ဖြစ်တဲ့ ရာဇသင်္ကြန်၊ အသင်္ခရာ၊ သီဟသူ တို့က ပုဂံဘုရင်ကျော်စွာ ကို ခရစ်နှစ် ၁၂၉၈ ခုနှစ်မှာ ဖမ်းဆီးပြီး မြင်စိုင်း၊ မက္ခရာ နဲ့ ပင်လယ်ဒေသတွေကို အသီးသီး အုပ်ချုပ်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ အသင်္ခရာ က မက္ခရာကို မြန်မာသက္ကရာဇ် ၆၆၆ မှာ တည်ထောင်ခဲ့တာပါ။ ဆရာ မောင်သာ (ရှေးဟောင်းသုတေသန) ရဲ့ စာအရတော့ ဂေါတမဘုရားရှင် ဗျာဒိတ်ပေးခဲ့တဲ့မြို့လည်း ဖြစ်ပြီး ကကုသန်ဘုရားရှင်လက်ထက်တုန်းက မဂဓရဇ်၊ ကောဏဂုံဘုရားရှင်လက်ထက်မှာ မဟာဂရစ်၊ ကဿပဘုရားရှင်လက်ထက်မှာ မက္ခဓရဇ် နဲ့ ဂေါတမဘုရားရှင်လက်ထက်မှာတော့ မက္ခရာ လို့ အမည်တွင်ခဲ့တယ် ဆိုပါတယ်။ ကျောက်ခေတ်လူသားများ နေထိုင်ခဲ့တဲ့ အထောက်အထားတွေကိုလည်း ဒီဒေသမှာ တွေ့ရှိရပြီး ကျောက်လက်နက်အပဲ့ အစအနတွေ မြင်တွေ့ရဆဲလို့ သိရပါတယ်။ ကျောက်ခေတ်ကစလို့ ပျု၊ ပုဂံ၊ ပင်းယ၊ အင်းဝ နဲ့ ကုန်းဘောင်ခေတ်တွေအထိ စည်ပင်ထွန်းကားခဲ့ပုံရတဲ့ ရှေးဟောင်းမြို့တော် ဖြစ်နိုင်တယ်လို့ မှတ်သားရပြန်ပါတယ်ခင်ဗျာ။


ဘယ်လိုသွားမလဲ

ကျောက်ဆည် - မန္တလေးလမ်းအတိုင်း (ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ့လေ) လာရင် စဉ့်ကိုင်မြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်နားမှာ မက္ခရာမြို့ဟောင်း သို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးကို တွေ့ရပါမယ်။ အဲ့ဒီကနေ လမ်းညွှန်ဆိုင်းဘုတ်လေးတွေ ကြည့်ပြီး သွားရုံပါပဲ။ လမ်းမကြီးကနေ သပြေရိုးတူးမြောင်းဘေးလမ်းလေးအထိ ဆက်မောင်းရပြီး တူးမြောင်းဘေးကလမ်းအတိုင်း သွားကြရတာပါ။ ကျွန်တော် သွားခဲ့တဲ့ သြဂုတ်လဆန်းတုန်းက လမ်းအသစ်ခင်းနေတာမို့ နည်းနည်း လမ်းခက်ခဲခဲ့ပါတယ်။ လမ်းခင်းတာပြီးသွားရင်တော့ အတော်သွားလို့ အဆင်ပြေသွားမှာပါ။ တူးမြောင်းလမ်းဆုံထိပ်လေးမှာ လမ်းညွှန်ဆိုင်းဘုတ်တစ်ခု ရှိပြီး အဲ့လမ်းညွှန်အတိုင်းဆက်သွားရုံပဲ။ လမ်းဘေးဝဲယာမှာ စိုက်ခင်းတွေ၊ ခြံတွေ အများကြီး မြင်ကြရပါမယ်။ သရက်ခြံကြီးတွေလည်း ရှိပါတယ်။


ဘယ်တွေလည်ရမလဲ

လည်ပတ်စရာတွေကတော့ ဘုရားစေတီတွေပဲ များပါတယ်။ ပြီးတော့ မက္ခရာရွာ ရဲ့ လူမှုဘဝဝန်းကျင်တွေကို မြင်တွေ့ရမှာ ဖြစ်သလို မြစ်ငယ်မြစ်ကမ်းခြေထိ ဆင်းကြည့်နိုင်ဦးမှာ ဖြစ်ပါတယ်။ မက္ခရာမြို့ဟောင်းကို လည်ပတ်ဖို့ လိုအပ်တဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးတွေ ချိတ်ဆွဲပေးထားပြီဖြစ်လို့ အတော်အဆင်ပြေနေပါပြီ။ လမ်းညွှန်ဆိုင်းဘုတ်လေးတွေ ကြည့်ပြီး သွားရုံပါပဲ။ မှတ်သားမိသလောက်တော့ မက္ခရာမြို့ဟောင်းဝန်းကျင်မှာ ဘုရားစေတီပေါင်း အဆူ ၇၀ လောက် ရှိတယ်လို့ သိရပါတယ်။ ပျက်စီးနေတာရော၊ ကြွင်းကျန်ရစ်နေတာရော၊ ပြန်ပြုပြင်ထားတာရော အပါအဝင်ပေါ့လေ။ ဟိုးယခင်ကတော့ ၁၂၆ ဆူထိ ရှိခဲ့နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အရင်က ခြုံနွယ်ပိတ်ပေါင်းတွေအောက်မှာ ပျောက်ဆုံးနေခဲ့တဲ့ ဒီမြို့ဟောင်းနဲ့ စေတီတွေကို ကျောက်ဆည် မဟာဂန္ဓာရုံဆရာတော် အရှင်ကုသလာဘိဝံသ က ဦးဆောင် ပြန်လည်ဖော်ထုတ်ထားတာလို့လည်း ဖတ်ခဲ့ရပါသေးတယ်။


ရွှေစာတီစေတီတော်

အရင်ဆုံးလမ်းခွဲတစ်ခုမှာ စပြီး မြင်တွေ့ဖူးမြင်ကြရမှာကတော့ ရွှေစာတီစေတီတော် ပါ။ ဒီစေတီကို ရွှေဇာတိရုပ်စေတီ လို့လည်း ခေါ်ခဲ့ကြတယ်လို့ မှတ်သားရပါသေးတယ်။ မက္ခရာမြို့ဟောင်းနဲ့ဆို အနောက်တောင်ဘက် နှစ်ဖာလုံလောက်ဝေးသေးတယ် ဆိုပါတယ်။ ရွှေစာတီစေတီက ထုထည်ကြီးမားပေမဲ့ အတွင်းမှာ ဆင်းတုတော်တွေ ရှိတဲ့ ဂူဘုရားမျိုးတော့ မဟုတ်ပါဘူး။ ဒီစေတီကနေ အနီးမှာရှိတဲ့ ရွှေစည်းခုံစေတီကို မြင်တွေ့ရပါသေးတယ်။


ရွှေစည်းခုံစေတီတော်

မြန်မာသက္ကရာဇ် ၆၆၆ ခုနှစ်မှာ တည်ထားတယ်လို့ဆိုတဲ့ ရွှေစည်းခုံစေတီတော်ဟာ မက္ခရာမြို့ဟောင်းနဲ့ သက်တမ်းထပ်တူလို့ ဆိုနိုင်ပါမယ်။ ပြန်တွက်ကြည့်ရင် နှစ်ပေါင်း ၇၀၀ ကျော်ပြီ ဖြစ်ပါတယ်။ ရွှေစည်းခုံကိုတော့ ပုဂံဘုရားတွေလိုပဲ အပေါ်ဖောင်းရစ်ထိ အုတ်လှေကားနဲ့ တက်ရောက်နိုင်ပါတယ်။ အမျိုးသား အမျိုးသမီး မရွေး တက်ရောက်ခွင့်ပြုတယ်လို့ သိရပါတယ်။ တော်တော်လေးတော့ မတ်ပါတယ်။ ပြန်ဆင်းရင်တော့ နည်းနည်း လန့်စရာပါ။ ဝန်းထဲက မန်းကျည်းပင်ကြီးကလည်း သက်တမ်းရင့်အပင်ကြီးအဖြစ် ပြောစမှတ်ရှိပါတယ်။ ဒီစေတီဟာလည်း မက္ခရာမြို့ဟောင်းကနေ နှစ်ဖာလုံအဝေးမှာရှိတယ်ဆိုပါတော့။ ထုထည်ကြီးမားပြီး ရုပ်ပွားတော်တွေအတွင်းမှာမရှိတဲ့ စေတီမျိုးပါပဲ။ မြေပေါက်စေတီ လို့ခေါ်ကြောင့် သိခဲ့ရပါတယ်။


မင်းကြီးရန်နောင်ဂူဘုရား

ဒီအရပ်ကို ဥစ္စနာမင်းကြီး နဲ့ မင်းကြီးရန်နောင် တို့ တောထွက်ခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ်။ ရွှေစည်းခုံစေတီတော် နဲ့ မနီးမဝေး ပရဝဏ်အတွင်းမှာပဲ တည်ရှိနေတဲ့ စေတီလေးတစ်ဆူကို ပြုပြင်နေဆဲ အခြေအနေ မြင်တွေ့ခဲ့ရပါတယ်။ ဒီစေတီကတော့ ဂူစေတီလို့ ဆိုရမယ်ထင်ပါတယ်။ မင်းကြီးရန်နောင်ဂူဘုရား လို့ မှတ်ခဲ့ရပါတယ်။ အတွင်းမှာ လိုဏ်ပတ်လမ်း ပါဝင်တာကို မြင်တွေ့ခဲ့ရပါတယ်။


ရွှေဘုန်းပွင့်စေတီ

မင်းကြီးရန်နောင် လိုပဲ နောက်ထပ် ဂူဘုရားတစ်ဆူကတော့ ရွှေဘုန်းပွင့်စေတီပါ။ စိုက်ခင်းတွေကြားတည်း ရုတ်တရက်မြင်တွေ့လိုက်ရမဲ့ စေတီမျိုး ဆိုပါတော့။ ဂူစေတီအပေါ်မှာ အခုံးလေးသာ ရှိနေပြီး မူလတည်ဆောက်ကတည်းက အခုံးလေးပဲ ရှိတာလား ပြန်လည်ပြုပြင်ချိန်မှာ ဒီလိုလေးပဲ တည်ဆောက်ထားတာလားတော့ မပြောတတ်ပါဘူး။ တမူကွဲပြားနေပါတယ်။ အတွင်းမှာတော့ အရင်က ရုပ်ပွားတော်ကြီး ရှိပုံရပါတယ်။ ခုတော့ ပလ္လင်အုတ်ပုံအပျက်အစီးသာ မြင်တွေ့ကြရပါမယ်။


ရွှေရောင်တော်စေတီ

မက္ခရာရောက်ရင် မဖြစ်မနေ ဝင်ရောက်လည်ပတ်ဖူးမြော်စေချင်မိတာက ရွှေရောင်တော်စေတီ ကိုပါ။ အရင်က လှေသူကြီးဘုရား လို့လည်း ခေါ်ခဲ့ကြပါသေးတယ်။ ရွှေရောင်တော်စေတီရဲ့ စောင်းတန်း အစမှာ ရှိတဲ့ ခြင်္သေ့ကြီး နှစ်ကောင် ဟာ မင်းကွန်းပုထိုးတော်ကြီးက ခြင်္သေ့ကြီးတွေပြီးရင် ဒုတိယအကြီးဆုံးခြင်္သေ့ကြီးတွေ ဖြစ်မယ်လို့တောင် ဆိုကြပါတယ်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် က တည်ဆောက်ထားတာဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာ ဒီခြင်္သေ့ရုပ်တွေတင်မကဘဲ အတွင်းက ရပ်တော်မူရုပ်ပွားတော်ကြီး အပါအဝင် ရုပ်ပွားတော် ၄ ဆူလုံးရော၊ ဂူဘုရားပုံစံ အတွင်းဘက်က အကောင်းနီးပါး တွေ့မြင်နေရဆဲ နံရံဆေးရေးပန်းချီတွေရော က အတော်လေး ဆွဲဆောင်မှုရှိပါတယ်။ စေတီအနီးက တိုက်ကျောင်းအတွင်းမှာလည်း ဆေးရေးတချို့ကို မြင်ရပါသေးတယ်။ နောက်ထပ်စိတ်ဝင်စားစရာကတော့ ဒီ မက္ခရာအနီးတစ်ဝိုက်က တူးဖော်ရသမျှ ရှေးဟောင်းပစ္စည်းတွေ၊ ဆင်းတုတော်တွေ၊ အုတ်ခွက်၊ စဉ့်ခွက်တွေ၊ ကျောက်စာတွေ၊ အသုံးအဆောင်တွေ အားလုံးကို သေချာ မှန်ဘောင်နဲ့ ထိန်းသိမ်းပြသထားတာမို့ ပြတိုက်တစ်ခုအလား ထင်မှတ်စရာ လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။


ဆေးဘုရားကြီး

ရွှေရောင်တော်စေတီ ပရဝဏ်အနီးမှာဘဲ စောင်းတန်းနံဘေးမှာ ဆေးဘုရားကြီး ကို ဖူးမြင်ကြရပါတယ်။


မက္ခရာမြို့ဟောင်းရှေးစေတီများ

ရွှေရောင်တော် စေတီ ဝန်းကျင်မှာတင် ဘယ်ညာ ရှေ့နောက် ရှေးစေတီအဆူဆူကို စေတီအမှတ်တွေနဲ့ စနစ်တကျ ထိန်းသိမ်းထားတာတွေကို မြင်တွေ့ဖူးမြင်ကြရပါမယ်။ ရှေးဟောင်းစေတီအမှတ် (၃၁) မှာဆိုရင် နံရံမှာ မြုပ်ထားတဲ့ ဆင်းတုတော်များစွာနဲ့ ထူးခြားတဲ့ဖွဲ့စည်းပုံမျိုးတွေပါ မြင်တွေ့ကြရပါသေးတယ်။ အဲ့လိုပဲ စေတီအဆူဆူ ပုံစံမျိုးစုံကို မြင်တွေ့ဖူးမြင်ကြရသလို၊ လေ့လာလိုသူတွေအတွက်လည်း အတော် တန်ဖိုးရှိတာ မြင်တွေ့ကြရပါတယ်။


မက္ခရာမြို့ဟောင်းခရီးစဉ်ကတော့ မန္တလေးနဲ့ အနီးအနားမှာရှိပေမဲ့ မြို့ပြအရသာနဲ့ အတော်ဝေးကွာသွားသလို ခံစားမှုမျိုး ရသွားစေတဲ့ ခရီးစဉ်လေးပါ။ ရှေးဟောင်းအမွေအနှစ်တွေနဲ့ မြန်မာ့သမိုင်းကို လေ့လာလိုက်စားသူတွေအတွက်ကတော့ အနှစ်တစ်ခုလိုပါပဲ။ စားသောက်ဆိုင်တချို့လမ်းမှာ တွေ့မြင်ရပေမဲ့ ခုတော့ ပိတ်ထားတာပဲ မြင်ရပါတယ်။ လေ့လာခရီးအားဖြင့်တော့ အချိန် နေ့တစ်ဝက်ပေးရင် လုံလောက်တဲ့အနေအထားမှာ ရှိပါတယ်။ လူမှုဓလေ့စရိုက်တစ်ခုကို လေ့လာရင်း ရှေးကဘုရားစေတီတွေကို ဖူးမြင်လေ့လာဖို့အတွက် သွားရောက်သင့်တဲ့ခရီးလေးအဖြစ် တင်ပြလိုက်ရပါတယ်ခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Yamin Cho

Camera :: SONY Alpha 7II with 16-35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

1,257 views0 comments
bottom of page