Madaya: Once A Stockade Town
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

တစ်ခါက ကင်းတပ်မြို့ မတ္တရာ


မန္တလေးကိုရောက်တိုင်း အနီးဝန်းကျင်က မြို့တွေဆီလည်ဖြစ်ခဲ့တာ နှစ်နှစ်လောက်ရှိပြီ။ ဟော အခုလည်း မတ္တရာမြို့လေးဆီကို အလည်ရောက်ဖြစ်ဖို့ အကြောင်းဖန်လာပါပြီ။ တစ်နာရီဝန်းကျင်လောက် မန္တလေးကနေ ကားနဲ့ ရောက်နိုင်တဲ့ မတ္တရာမြို့မှာ စိတ်ဝင်စားစရာ ဘုရားပုထိုး၊ ရှေးဟောင်းအဆောက်အဦးတွေနဲ့ လေ့လာစရာ လူမှုစရိုက်တွေ ရှိနေတာမို့ အခါအခွင့်ကြုံရင် လည်ပတ်သင့်တဲ့ အရပ်ဒေသ ဖြစ်ပါတယ်။


အမတ်တစ်ရာ တည်သလားဆိုတဲ့ မတ္တရာမြို့

အတော်များများက အမတ်တစ်ရာ တည်ထားတဲ့ မြို့လို့ ကုန်းဘောင်သီပေါ ရာဇဝင်ရဲ့ နှုတ်ပြောရာဇဝင်ကြောင့် ယုံကြည်ယူဆခဲ့ကြတဲ့ မတ္တရာမြို့ဟာ သင်္သကြိုဋ်ဘာသာ အားဖြင့် အမတ် ကို အမတျာ လို့ အသံထွက်တဲ့အတွက် အမတျာမြို့ လို့ ခေါ်ဆိုရာကနေ အ ပြုတ်ပြီး မတျာမြို့ - မတ္တရာမြို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ အမတ်တစ်ရာ တည်ထားတာထက် ပိုသေချာတာတော့ အမတ်တည်ထားတာ ဖြစ်ကောင်းရဲ့လို့ ယူဆရပါတယ်။ မတ္တရာမြို့ ရဲ့ သမိုင်းအထောက်အထားကတော့ တစ်ဦးနဲ့တစ်ဦး အတော်လေး မတူတာတွေ တွေ့ရတော့ သေချာတဲ့ စံသမိုင်းတစ်ခုတည်း ဖြစ်စေချင်မိပါတယ်။ ဆရာစူးထက် ရဲ့ အဆိုအရ ပျူမင်းလက်ထက်ကတည်းက ရှိနေတယ် ဆိုပါတယ်။ ပျူတွေဟာ ဟံလင်းမြို့ပျက်တော့ ပြောင်းရွှေ့နေထိုင်ကြရင်း စိုက်ပျိုးဖြစ်ထွန်းတဲ့ ဒီအရပ်မှာ မြို့သစ်တည်ခဲ့တယ်လို့ ဖတ်ရသလို၊ ပုဂံအနော်ရထာမင်းကြီး နန်းစံသက် (၁၆) နှစ်မြောက်မှာ ကင်းတပ်မြို့တွေ တည်ထောင်တော့ ကင်းတပ်မြို့ ၄၃ မြို့မှာ မတ္တရာဒေသက ၁၂ မြို့ ပါဝင်ခဲ့တယ်။ အဲ့ဒီ ၁၂ မြို့ထဲမှာ မတ္တရာမြို့လည်း ပါဝင်တာလို့ သိရပါတယ်။ ဆရာ တင်နိုင်တိုး ကလည်း မတ္တရာမြို့ကို ခရစ်နှစ် ၁၃၆၄ ခုနှစ်မှာ အင်းဝဘုရင် သတိုးမင်းဖျား က တည်ခဲ့တယ်လို့ ဆိုပြန်ပါတယ်။ မတ္တရာဟာ ဒွိဟတွေနဲ့ သမိုင်းကြောင်းရှည်ခဲ့တဲ့ မြို့ဆိုတာတော့ အသေအချာပါပဲ။


ဘယ်လိုသွားမလဲ

မတ္တရာမြို့ဟာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မှာ ပါဝင်တာပါ။ မန္တလေးကနေ တဆင့် ကားနဲ့ ပြန်သွားရမှာ ဖြစ်ပါတယ်။ မီးရထားနဲ့ဆိုရင်လည်း ရောက်ပါတယ်။ ရေလမ်းခရီးလည်း သုံးနိုင်ပါတယ်။ မန္တလေးကနေ ကားနဲ့ဆိုရင်တော့ တစ်နာရီဝန်းကျင်ပဲ ကြာပါတယ်။ ကျွန်တော်ကတော့ မန္တလေးရောက်တုန်း သွားလည်တာမို့ ကားစင်းလုံးငှားပြီး သွားပါတယ်။ ၄ သောင်းဝန်းကျင်လောက်ပဲ ပေးရပါတယ်။


မတ္တရာမြို့နဲ့ဝန်းကျင် လည်ပတ်စရာ

မတ္တရာမြို့နဲ့ အနီးဝန်းကျင်မှာ လည်ပတ်စရာတွေကတော့ သမိုင်းတွေနဲ့ ဘုရားပုထိုးတွေ များပြားသလို၊ ရှေးဟောင်းအဆောက်အဦးလေးတွေရှိနေတာလည်း ထူးခြားချက်ပါ။ လူမှုစရိုက်တွေကို လေ့လာစရာ ရွာလေးတွေ ရှိနေတာလည်း သွားလည်သူတွေအတွက် ကျေနပ်စရာ သိပ်ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်ခရီးသွားတွေ (ဘုရားဖူးခရီးစဉ် နှစ်သက်သူတွေ) အတွက်ကတော့ မတ္တရာမြို့အလည်အပတ်ခရီးစဉ်က စိတ်ဝင်စားစရာ ပိုဖြစ်စေပါလိမ့်မယ်။ “ရွှေပုထိုး ညီ၊ ရွှေဒါလီ ဟု စုံညီနှမ၊ သစ္စာရ နှင့် ထူးလှသည့်ခေါင်၊ ရွှေဂူချောင် ကို မရှောင်သရွေ့၊ ပူဇော်မွေ့သော် တစ်နေ့ဧကန်၊ ကျိုးပေးသန်သည် မဂ်ဖိုလ်နိဗ္ဗာန်၊ ရောက်ကြောင်းမှန်တည်း” ဆိုတဲ့ ဆရာ စူးထက် ရေးတဲ့ ကဗျာလေးလိုပဲ ရွှေလေးဆူကို ဖူးသင့်တဲ့အကြောင်းလည်း ကြိုတင် ညွှန်းဆိုချင်ပါတယ်။ ရှမ်းမောင်နှမ (၄) ယောက်ရဲ့ ကောင်းမှုတော်တွေ ဖြစ်ပြီး ထူးခြားစွာ တစ်ဆူနဲ့ တစ်ဆူ ဟာ ၈ ဖာလုံစီ အကွာအဝေးတူတဲ့အပြင် စတုရန်းပုံစံ ကျကျ တည်ရှိနေတာ ဖြစ်ပါတယ်။ ကဲ မတ္တရာတစ်ခွင် လည်ကြည့်ကြရအောင်


မြို့မဈေး

မြို့မဈေး ကတော့ မတ္တရာမြို့လယ်မှာ ရှိပြီး ဝန်းကျင်က အထူးစည်ကားနေပါတယ်။ စားသောက်ဆိုင်လေးတွေလည်း ပေါများပြီး မိုးကုတ်အသွား တစ်ထောက်နားလို့ ထမင်းစားကြတာလည်း တွေ့ရပါတယ်။ ကွမ်းပေါတဲ့ ဒီအရပ်မှာ ကွမ်းနဲ့ ကွမ်းထွက်ပစ္စည်းတွေ ကောင်းတာမို့ ရောင်းဝယ်ဖောက်ကားကြတာလည်း တွေ့ကြရဦးမှာပါ။


၂၄ ဆူဘုရား

ကျုံးတွင်းရပ်၊ တပင်ရွှေထီးလမ်းမှာ ရှိတဲ့ ၂၄ ဆူဘုရား ကို ရောက်သွားတော့ ရှေးဟောင်းဘုရားတွေကို ပြန်လည် မွမ်းမံထားတာ တွေ့လိုက်ရတယ်။ အခြေအနေ ဆိုးနေတာကြောင့်လို့လည်း သိရပါတယ်။ အရင်က ဒီအရပ်ဟာ လူဆိုးပေါတဲ့အရပ် ဖြစ်ပြီး ရှေးဟောင်းဘုရားတွေရယ်၊ ခြုံနွယ်ပိတ်ပေါင်းတွေရယ်ကြားမှာ ဒုစရိုက်သမားတွေ ကျင်လည်ရာ ဖြစ်ခဲ့ရာကနေ ခုတော့ ၂၄ ဆူသော ဘုရားစေတီတွေနဲ့ ခရီးသွားဘုရားဖူးတို့ လည်ပတ်စရာနေရာတစ်ခု ဖြစ်နေခဲ့ပါပြီ။


ဝိမုတ်တိ ရွှေဂူကြီးကျောင်း

၂၄ ဆူဘုရားနဲ့ မနီးမဝေးလေးမှာပဲ တည်ရှိနေပြီး ထူးခြားတာက အဲ့ဒီ ဝန်းကြီးထဲမှာ ရှေးဟောင်းဘုရားတွေ အများအပြား ရှိနေတာပါ။ ခက်တာက လူနေအိမ်လေးတွေ ဘုရားတွေကြား တိုးချဲ့ဆောက်ထားကြတာမို့ တစ်မျိုးတော့ ဖြစ်နေပါတယ်။ ဝိမုတ်တိ ရွှေဂူကြီးကျောင်းဆိုတာ အုတ်ကျောင်းပျက် တစ်ခုပါပဲ။ အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းလေးနဲ့အတူ ဘုန်းတော်ကြီးတွေရဲ့ စောင့်ရှောက်ထားမှုကြောင့်သာ လူနေအိမ်တွေကြား ရောက်မနေတာလို့ စဉ်းစားမိလိုက်ပါတယ်။ စိတ်ဝင်စားစရာ ရှေးဟောင်းဘုန်းကြီးကျောင်းပျက်တစ်ခု အနေနဲ့ သွားရောက်လည်ပတ် ဓါတ်ပုံရိုက်ကူးနိုင်ပါတယ်။


မြို့ရွှေကျောင်းတိုက်

မြို့ရှေ့ကျောင်းတိုက် လို့လည်း ခေါ်ကြတဲ့ မြို့ရွှေကျောင်းတိုက်ဟာ ၂၄ ဆူဘုရား ရဲ့ မျက်စောင်းထိုးလောက်မှာ ရှိပါတယ်။ အမှတ် (၅)၊ ကျုံးတွင်းရပ် မှာပါ။ ရှာရ မျက်စိမှောက်တတ်ပါတယ်။ တစ်ခေါက်ရောက်ပြီးသွားရင်တော့ မှတ်မိနေမဲ့နေရာပါ။ အုတ်ကျောင်းတစ်ခုကို ဝင်ဝင်ချင်း မျက်စိတန်းပြီး မြင်ရမှာ ဖြစ်ပြီး အုတ်ကျောင်းရဲ့ ဘေးမှာတော့ အလဲလဲ အပြိုပြို ဖြစ်လု ဖြစ်နေတဲ့ ကုန်းဘောင်ခေတ်က ဘုန်းတော်ကြီးကျောင်းဟောင်းတစ်ခုကို တွေ့ကြရပါမယ်။ ဒီကျောင်းဆောင်ကြီးကတော့ ဓါတ်ပုံသမားတွေ အကြိုက် ဖြစ်မှာပါ။ ထိန်းသိမ်းမဲ့သူရှိရင်တော့ ရှေးဟောင်းကျောင်းဆောင်ကြီးကို ဆက်ပြီး ထိန်းသိမ်းရင်း ခရီးသွားတွေကို ပြသတာမျိုး လုပ်စေချင်မိပါသေးတယ်။ အုတ်ကျောင်းကြီးကလည်း ထူးခြားတဲ့ ဖွဲ့စည်းပုံနဲ့မို့ သဘောကျစရာ ဖြစ်ပါဦးမယ်။ ဒီကျောင်းကို လာရတာ တန်တယ်လို့ ပြောရမှာက ကျောင်းဆောင်ဟောင်းကြီးရဲ့ နောက်ဘက်က ရှေးဟောင်းဘုရားစေတီတွေကို တွေ့မြင်ဖူးမြော်ခွင့်ရနိုင်သေးတာပါပဲ။ အမိုးပြိုလဲနေတဲ့ ကျောင်းဆောင်ကြီးတစ်ခုထဲမှာ စကျင်ရုပ်ပွားတော်သုံးဆူ ရှိတဲ့ နေရာနဲ့ ရေကန်ကြီးတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။


ရွှေပုထိုးစေတီ

မတ္တရာ ရဲ့ အထင်ကရ ရွှေလေးဆူ ဘုရားတွေထဲမှာ ရွှေပုထိုးက ရှမ်းမောင်နှမ (၄) ယောက်မှာ အကြီးဆုံး သား က တည်ထားတာ ဖြစ်ပါတယ်။ မတ္တရာဟာ စော်ဘွားတွေ အုပ်ချုပ်ခဲ့တာလည်း ဖြစ်ပုံရလို့ မိုင်းမောဟော်နန်းရှင် စော်ဘွားကြီးစဝ်လုံဟုံမိန်း နဲ့ ကြင်ယာတော် မဟာဒေဝီ တို့ရဲ့ ညီတော် စောမှော်ဝင် နဲ့ ကြင်ယာ စောနန်းဆပ် တို့ကနေ ထွန်းကားတဲ့ သားသမီး (၄) ဦးဟာ ဘုရားတွေ တည်ခဲ့ကြတာပါ။ ရွှေပုထိုး ကိုတော့ သားကြီး စောသီဟ က တည်ပြီး အမှတ် (၅) နယ်မြေမှာပဲ တည်ရှိပါတယ်။ ဘုရားပွဲတော်ရက်ကတော့ နှစ်စဉ် ကဆုန်လပြည့်နေ့ ဖြစ်ပြီး နွားလှည်းပြိုင်ပွဲလိုမျိုးတွေ ထည့်သွင်းကျင်းပလေ့ ရှိပါတယ်။


ရွှေဒါလီစေတီ

ရွှေဒါလီဘုရားကတော့ ဒုတိယသား စောသီဟဗလ တည်ထားတာပါ။ မန္တလေး - မိုးကုတ် ကားလမ်းဘေး အမှတ် (၅) နယ်မြေရဲ့ ရန်နိုင်စိုးရပ်မှာ တည်ရှိပါတယ်။ ဘုရားပွဲကတော့ တော်သလင်းလဆုတ် (၈) ရက်နေ့မှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။


ရွှေသစ္စာရစေတီ

သမီး စောနန်းသီရိ တည်ထားတဲ့ ရွှေသစ္စာရ ဘုရားကိုတော့ မန္တလေး - မိုးကုတ် ကားလမ်းဘေး ပန်းယျကျေးရွာမှာ ဖူးရမှာပါ။ သူကတော့ သွားရတာ နည်းနည်း လှမ်းသလို ရှိပါတယ်။ ပန်းယျရွာကို ရောက်ဖူးသွားတာလည်း တစ်မျိုးကောင်းပါတယ်။ မောင်နှမ (၄) ဦးဟာ ၈ ဖာလုံစီ အကွာအဝေးကိုမှ စတုရန်းကျကျ ထောင့်တွေမှာ တည်ဖို့ ဖြစ်ပေမဲ့ တကယ့် ဘုရားတည်ရမဲ့နေရာက ရွှေတချောင်း ဆိုတဲ့ ချောင်းထဲမှာ ဖြစ်နေခဲ့လို့ အနည်းငယ် ရွှေ့ပြီးတည်ခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ စကားကို မှတ်သားခဲ့ရပါသေးတယ်။ ချောင်းဘေးမှာမို့ ဘုရားပွဲဆိုရင် လှေပြိုင်ပွဲ ထည့်သွင်းလေ့ရှိတယ်လို့ သိရပါတယ်။ ဘုရားပွဲကတော့ တော်သလင်းလဆုတ် (၁၅) ရက်နေ့ပါ။


မြို့ထောင့်ရွှေဂူစေတီ

ဒီ မြို့ထောင့်ရွှေဂူဘုရားကတော့ သားအငယ်ဆုံး စောနေကျော် က တည်ထားတာ ဖြစ်ပြီး မတ္တရာမြို့ထဲမှာ တည်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အမှတ် (၃) နယ်မြေမှာပါ။ မြို့ရဲ့ ထောင့်မှာ တည်ထားတာ ဖြစ်လို့ မြို့ထောင့်ရွှေဂူ လို့ ခေါ်ဆိုကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘုရားပွဲကိုတော့ နှစ်စဉ် သီတင်းကျွတ်လဆန်း ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ပြုလုပ်လေ့ရှိပြီး ပွဲတော်ကာလဆို ပွဲဈေးက ရှည်လျားတဲ့အပြင် မြို့ထဲမှာမို့ လူလည်း စည်ကားတတ်ပါတယ်။


ပန်းယျရွာ

ရွှေသစ္စာရဘုရားကို လာဖူးရှင်း ပန်းယျရွာလေးကိုလည်း လေ့လာနိုင်ပါတယ်။ ရွှေတချောင်း ဆိုတဲ့ မြောင်းအကြီးစား ချောင်းကြီးနဲ့ ဗမာ့လူမှုစရိုက်ပုံစံကို မြင်တွေ့ရမဲ့ ပန်းယျရွာလေးပါ။ သီးပင်စားပင်တွေ ဖြစ်ထွန်းတဲ့အရပ်လို့လည်း ဆိုစမှတ်ရှိပါတယ်။


တောင်ပြုန်းရွာ

မတ္တရာအကြောင်းပြောရင် တောင်ပြုန်းရွာကိုလည်း ထည့်ပြောရမယ်လို့ ထင်ပါတယ်။ တောင်ပြုန်းပွဲတော်နဲ့အတူ ဆုတောင်းပြည့်ဘုရား ရှိတာမို့ အနယ်နယ်အရပ်ရပ်က ခရီးသွားတိုင်း မရောက်ဖူးရင်သာနေမယ် ကြားဖူးပြီးသား ဖြစ်ပါလိမ့်မယ်။


စကျင်ရွာ

စကျင်ရွာကတော့ မတ္တရာ ရောက်ရင် မဖြစ်မနေ လည်ပတ်သင့်တဲ့ ရွာအဖြစ် ညွှန်းဆိုချင်ပါတယ်။ စကျင်တောင်ကြီးတွေကိုလည်း မြင်တွေ့ရမဲ့အပြင် ကျယ်ဝန်းတဲ့ စကျင်အင်းကြီးလည်း ရှိရာ အရပ်ပါ။ တစ်ရွာလုံးဟာ ပန်းတမော့လုပ်ငန်းနဲ့ အသက်မွေးကြသူများလို့တောင် ပြောနိုင်တဲ့ မြန်မာပြည်ကို ခရီးသွားသူတိုင်းကို ပြသင့်တဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ မြန်မာ့အနုသုခုမ အစွမ်းကို တစ်ရွာလုံးက ကျွမ်းကျင်နေကြတာ ထူးခြားပါတယ်။ စကျင်ကျောက်တွေ အရွယ်အစား အကြီးအသေးအစုံကို ထုလုပ်နေကြတဲ့ မြင်ကွင်းဟာ ကျွန်တော်တို့လို တဒင်္ဂ ခရီးသည်တွေအတွက် သိပ်လှပေမဲ့ လုပ်ဆောင်နေသူများအတွက်ကတော့ နှာခေါင်းစည်းမပါဘဲ အလုပ်လုပ်နေကြတာ ရောဂါဖြစ်မလား စိုးရွံ့စရာပါ။ သဘာဝ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲနေရတဲ့ ဝန်းကျင်ဖြစ်တာမို့လည်း တစ်ခုကောင်း တစ်ခုမကောင်း ဖြစ်ရပါသေးတယ်။ မကြာခဏလည်း ဒီဒေသရဲ့ လုပ်ကွက်တွေနဲ့ ပတ်သက်လို့ ပြဿနာတွေ ဟိုမှာ ဒီမှာ ဖတ်ရ ကြားရဆဲပါ။ ပန်းတမော့ပညာရပ်မှာ အတော်လေး ချီးကျူးစရာ ဖြစ်ပေမဲ့ အခုနောက်ပိုင်း ထုလုပ်နေရတာတွေက ဘုရားဆင်းတုတော်တွေကအစ တရုတ်ဟန်တွေပဲ ဖြစ်လာတာတော့ စိတ်ထဲ တစ်မျိုး ဖြစ်မိတယ်။ စကျင်ရွာဟာ ဓါတ်ပုံရိုက်ဖို့လည်း ကောင်းသလို၊ ပန်းတမော့ပညာနဲ့ တစ်ရွာလုံး အသက်မွေးတဲ့ ရွာလေးအဖြစ် ထူးခြားတာမို့ လည်ပတ်လေ့လာသင့်တဲ့အရပ်လို့ ဆိုချင်ပါတယ်။


ရေနံသာမန်ကျည်းပင်တန်း

မန္တလေး - မိုးကုတ်လမ်းပေါ် ရေနံသာကန်ဘောင်ဘေးမှာ ရှိနေတဲ့ မန်ကျည်းပင်တန်းကိုလည်း ဓါတ်ပုံရိုက်ဖို့ အလည်လာကြပါတယ်။ ဘာမှတော့ ထူးထွေ မရှိပါဘူး။ မန်ကျည်းပင်လေးတွေ ဟိုဘက် ဒီဘက် ကန်ဘောင်ပေါ် စီတန်းစိုက်ပျိုးထားတာက သိပ်လှတဲ့ ပန်းချီကားတစ်ချပ်လို ဖြစ်နေတာမို့ ဓါတ်ပုံရိုက်ဖို့လောက်ပဲ အဆင်ပြေပါမယ်။ မတ္တရာကနေ နည်းနည်းလှမ်းပါမယ်။


မတ္တရာဝန်းကျင်မှာ လည်လို့ကောင်းမယ်လို့ အရင်က မထင်ထားမိဘူး။ တကယ်တမ်းရောက်သွားချိန်မှာ အချိန်တစ်ရက်ဟာ နည်းတယ်လို့တောင် ခံစားရမိတယ်။ မတ္တရာရဲ့ အထင်ကရ ရွှေလေးဆူ ဘုရား ၄ ဆူကို တစ်နေ့တည်း ဖူးပြီး ဆုတစ်မျိုးတည်းတောင်းရင် ပြည့်တယ်လို့လည်း ဆိုကြတော့ ယုံကြည်သက်ဝင်သူတွေအတွက်လည်း ကြိုတင်အကြံကောင်း ပေးလိုက်ရပါတယ်ဗျား။ လည်ပတ်စရာအစုံနဲ့ မတ္တရာမြို့ကို ရောက်ရင်ဖြင့် ဒီခရီးသွားစာလေးကို အမှတ်ထားလို့ သတိရကြပါလို့ ဆိုချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Nay Myo Camera :: SONY Alpha 7II with 16 - 35mm & 85mm Lens Photos are modified in Lightroom by Thiha Lu Lin

309 views0 comments
bottom of page