Search
  • Thiha Lu Lin

လွယ်မွေ (လွိုင်မွေ) သွားလည်မယ်

Updated: Sep 11

ကျိုင်းတုံကို ရောက်လက်စနဲ့တော့ ကျိုင်းတုံကနေ နည်းနည်းလှမ်းလှမ်း ၂ နာရီလောက် သွားရတဲ့ လွယ်မွေ (လွိုင်မွေ)ကိုလည်း မဖြစ်မနေ လည်ပတ်သင့်ပါတယ်။ လွယ်မွေ တချို့ကလည်း လွိုင်မွေ လို့ရေးကြတဲ့ ဒီမြို့လေးဟာ မြန်မာပြည်ထဲက ရှားရှားပါးပါးရှိလှတဲ့ တောင်စခန်းမြို့တွေထဲက တစ်ခု ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၅၅၄၂ ရှိပြီး ကျိုင်းတုံနဲ့ မိုင် (၃၀) ခန့် ဝေးပါတယ်။ ကျိုင်းတုံနဲ့တောင် ရာသီဥတုက ကွာပါတယ်။ တောင်ပေါ်မြို့လေးဖြစ်လို့ အစဉ်အေးမြနေတတ်တယ်။ ပန်းတွေလည်း ပိုစုံပြီး ချယ်ရီပွင့်ချိန်ဆို သိပ်လှတယ်။ ဗြိတိသျှခေတ်က အဆောက်အဦးဟောင်းတွေကိုလည်း တွေ့ရတုန်းပဲ။ ကျိုင်းတုံရောက်တုန်း မဖြစ်မနေလည်သင့်တဲ့ အရပ်လည်း ဖြစ်ပါတယ်။ တပ်မြို့လည်း ဖြစ်ပါတယ်။


နေရာများများစားစား လည်ပတ်စရာမရှိပေမဲ့ တောင်စခန်းမြို့လေးကို အေးအေးလူလူ တစ်ရက်တာ အပန်းဖြေရင်း နားနားနေနေ စားလိုက်သွားလိုက် လုပ်လို့ကောင်းတဲ့ မြို့ပါ။ လည်စရာလေးတွေကတော့ -


လေးနိုင်ငံ ငြိမ်းချမ်းရေးစေတီ

ငြိမ်းချမ်းရေးစေတီတွေကို နိုင်ငံတော်တော်များများမှာ တွေ့ရပါတယ်။ ခုဟာလည်း အဲ့ဒီ ငြိမ်းချမ်းရေးစေတီတွေနဲ့ တူတူဖြစ်မယ်လို့ ယူဆမိပါတယ်။ လွယ်မွေရောက်ရင် သွားဖူးကြရတဲ့ ဘုရားပါ။ ရှုခင်းလည်း အတော်လှပါတယ်။


နှစ်တစ်ရာအိမ်ကြီး

၁၉၁၈ ခုနှစ်က ဆောက်ခဲ့တဲ့ နှစ်တစ်ရာအိမ်ကြီးကိုလည်း သွားလည်ပြီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ အိမ်ကြီးက အတော်ခမ်းနားပါတယ်။ ကိုလိုနီလက်ရာပါ။ ပြန်တော့ ပြင်ထားပြီးပါပြီ။ ၂၀၀၇ ခုနှစ်မှာ ပြန်ပြင်လိုက်တာဖြစ်ပါတယ်။ အတွင်းပိုင်းကို ပိတ်ထားတာတော့ စိတ်မကောင်းဘူး။ အတွင်းခန်းတွေကိုပါ စနစ်တကျ လေ့လာနိုင်အောင် အချိန်တိုင်းဖွင့်ပေးသင့်ပါတယ်။ ကြားရသလောက် ခရီးသွားများချိန် နိုဝင်ဘာလောက်မှ စဖွင့်တတ်တယ်ဆိုတော့ ခုလို မိုးတွင်းရောက်လာတဲ့ ကျွန်တော်တို့ ဝင်ခွင့်မကြုံခဲ့ဘူးပေါ့။ တချို့ကလည်း အစောင့်ရှိတယ်၊ ဖွင့်ခိုင်းဖို့ ပြောရင် ဖွင့်ပေးတယ်ဆိုပေမဲ့ ကျွန်တော်ရောက်ချိန်မှာတော့ တစ်ဦးမှ မတွေ့မိဘူး။ ရှေ့က အမှတ်တရပစ္စည်းအရောင်းဆိုင်လည်း ပိတ်ထားတာ တွေ့ရတော့ စိတ်မကောင်း ဖြစ်မိတယ်။


အပြစ်မဲ့သန္ဓေယူတော်မူသော သခင်မဘုရားကျောင်း

နှစ်ပေါင်းကြာတဲ့ ရိုမန်ကတ်သလစ်ဘုရားကျောင်းတစ်ခုကိုလည်း မြို့ထဲမှာ တွေ့ရပါမယ်။ အဲ့ဒီမှာလည်း ဓါတ်ပုံရိုက်ဖို့အတွက် အေးအေးချမ်းချမ်းနဲ့ လှပနေပါတယ်။


လွိုင်မွေ ရေကန်

ရေကန်ကြီးက ငြိမ်းချမ်းရေးစေတီ တောင်အောက်မှာ ရှိပြီး အပန်းဖြေဖို့ တကယ်ကောင်းပါတယ်။ ကန်က ကျယ်ဝန်းပြီး လှပသလို၊ ရေကန်အလယ်ကို ဖြတ်ထိုးထားတဲ့ တံတားကလည်း ချစ်စရာပါ။ ထိုင်ပြီး ငေးချင်စရာ သိပ်ကောင်းပါတယ်။


လွိုင်မွေဈေး

ကန်အနီးမှာတော့ လွိုင်မွေဈေးရှိပြီး ဒေသထွက် ဝိုင်မျိုးစုံ၊ ယို၊ လက်ဘက်ခြောက် စတာတွေကို ဝယ်ယူနိုင်ပါသေးတယ်။ ဈေးတန်းထဲက ဆိုင်လေးတချို့ စားလို့သိပ်ကောင်းတယ် ပြောကြပါတယ်။ ကျွန်တော် က ထမင်းစားပြီးချိန်ရောက်သွားတာမို့ မြည်းစမ်းခွင့် မကြုံခဲ့ပါဘူး။ ဈေးထိပ်က သက်တမ်းရင့်ချယ်ရီပင်ကြီးရော ရှိသေးရဲ့လား တွေးမိနေပါတယ်။


၁၁ မိုင် ရှုခင်းသာ

လွိုင်မွေ ကနေ ကျိုင်းတုံအပြန်မှာ ၁၁ မိုင် ရှုခင်းသာကို ဝင်ပြီး နေဝင်ချိန်ကြည့်ရတာလည်း သိပ်လှပါတယ်။ ရှုခင်းသာမှာ စည်းကမ်းမဲ့အမှိုက်တွေ တွေ့တာတော့ စိတ်မကောင်းဖြစ်မိတယ်။ ရှုခင်းကတော့ တကယ်လှတဲ့နေရာပါ။


လူမှုဘဝများ

တပ်မြို့လည်းဖြစ်သလို၊ လူဦးရေလည်း နည်းပါးပုံရတဲ့ အေးအေးချမ်းချမ်းရှိလှတဲ့ ဒီမြို့လေးက လူတွေရဲ့ နေထိုင်မှုပုံစံကို လေ့လာနိုင်ပါတယ်။ ရွာတွေလည်း ရှိနေပြီး ကျိုင်းတုံနဲ့ ဒီနဲ့ကို ဆွဲတဲ့ ဈေးဝယ်လိုင်းကားတွေကို တွေ့ရတာလည်း တမျိုးစိတ်ဝင်စားစရာ ဖြစ်ရပါတယ်။ ရိုးရှင်းတဲ့ဘဝလေးပါ။


ကိုလိုနီခေတ် အဆောက်အဦးများ

မြို့တွင်းမှာ ဟိုမှာဒီမှာ ကိုလိုနီခေတ်လက်ရာအဆောက်အဦးတွေ တွေ့ရတာဟာလည်း အမြင်ဆန်းစေပါတယ်။


လွယ်မွေ (လွိုင်မွေ) ဟာ ချယ်ရီပွင့်ချိန်ဆိုရင်တော့ အရမ်းလှလွန်းနေလို့ ချယ်ရီပွင့်ချိန်နဲ့ ကိုက်ပြီး သွားနိုင်ရင် အကောင်းဆုံးပါ။ သိရသလောက် ဖေဖော်ဝါရီဝန်းကျင်ဆို ချယ်ရီပွင့်တတ်တယ်လို့ ကြားရပါတယ်။ ချယ်ရီပွင့်ချိန်ကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒေသခံတွေနဲ့ ကြိုတင် မေးမြန်းပြီး သွားလာလို့ရသလို ချယ်ရီမရှိလည်း သူ့ဟာသူ လှနေမြဲမို့ သိပ်အထူးအထွေ ပြောစရာမရှိတဲ့ တောင်စခန်းမြို့လေးပါ။ သီးသန့်ကြီး သွားလည်တာထက် ကျိုင်းတုံ ကို ရောက်ချိန်ကြုံလို့ လည်ခွင့်ရရင် ပိုပြီး အဆင်ပြေမယ်လို့ ဆိုပါရစေခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Nay Myo

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter