Search
  • Thiha Lu Lin

ကျန်းမာသန်စွမ်းဖို့ ကျိုက်ထီးရိုးတောင် ခြေလျင်တက်စို့

ကျွန်တော်တို့တွေ ရောဂါဘယာထူပြောတဲ့ကာလမှာ သက်လုံကောင်းပြီး ကျန်းမာသန်စွမ်းနေဖို့လိုအပ်ပါတယ်။ ဒါမှ ကိုယ်ခံစွမ်းအားတွေ ကောင်းမွန်နေမှာ ဖြစ်လို့ အားကစားလှုပ်ရှားမှုဆိုတာ ခုခေတ်မှာ အရေးပါတဲ့အရာတစ်ခုလို ဖြစ်လာပါပြီ။ ခရီးသွားရင် စိတ်အပန်းဖြေဇိမ်ခံခရီးတွေဟာလည်း ကောင်းမွန်သလို တခါတရံ အခုလို တောင်တက် တောလမ်းလျှောက် စတဲ့ ကိုယ်ကာယလှုပ်ရှားမှုများတဲ့ ခရီးစဉ်တွေဟာလည်း ကိုယ့်ရဲ့ ကျန်းမာရေး၊ အကောင်းဘက်တွေးခေါ်ရှုမြင်မှု၊ ကိုယ်ချင်းစာစိတ်၊ ပူးပေါင်းဆောင်ရွက်လိုမှု၊ အားပေးချီးမြှောက်လိုမှု စတဲ့ အကျိုးများစွာနဲ့ ဘဝအမောပြေသွားစေနိုင်ပါတယ်။



ကျိုက်ထီးရိုးဘုရားဖူးရင်း ခြေလျင်ခရီးနှင် တောင်တက်ရတာကို ဟိုးတုန်းက လုပ်ဆောင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ကားလမ်းတွေပိုမိုကောင်းမွန်လာတဲ့အလျောက် ကားနဲ့ပဲ တောင်တက်ကြတော့တယ်။ ဟော အခုဆို ကေဗယ်လ်ကားတွေတောင် ပေါ်လာပြီမို့ ပိုမိုလျင်မြန်စွာနဲ့ တောင်ပေါ်ကို သက်တောင့်သက်သာရောက်နိုင်ကြပြီ။ ခြေလျင်ခရီးစဉ်ဟာလည်း အမေ့လျော့ခံ ဖြစ်နေခဲ့ရတယ်။ တကယ်တော့ ကျိုက်ထီးရိုးတောင်တက်ခြေလျင်ခရီးဟာ အတော်ကို နှစ်သက်စွဲမက်စရာ ဖြစ်နေဆဲပါ။ ဒီနေ့ဒီအချိန်လို ကျန်းမာရေးလိုက်စားသူ အပြေးသမား၊ လမ်းလျှောက်သမားတွေ ပိုပြီး တိုးလာချိန်နဲ့ ကျိုက်ထီးရိုးတောင်တက်ခြေလျင်ခရီးစဉ်ကို တကျော့ပြန်ဖော်ထုတ်ချိန် ကွက်တိကျ အဆင်ပြေနေတယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ကျိုက်ထီးရိုးခရီးစဉ်မှာ စိတ်ဝင်စားစရာဖြစ်လာတဲ့ ခြေလျင်တောင်တက်ခရီးစဉ်ကို တင်ပြချင်ပါတယ်။


ကျိုက်ထီးရိုး ကို ဘယ်လိုသွားမလဲ

ရန်ကုန်ကနေ ကျိုက်ထိုမြို့ကို သွားရပါမယ်။ အဝေးပြေးကားတွေ ရှိပြီး အချိန်အားဖြင့် ၃ နာရီခွဲ ဝန်းကျင် မောင်းနှင်ကြပါတယ်။ ကျိုက်ထိုကနေတဆင့် တုတ်တုတ် သုံးဘီးတွေနဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ၉ မိုင်ခန့်ကွာဝေးတဲ့ ကင်ပွန်းစခန်း ကို သွားကြရပါမယ်။ တချို့ကလည်း ကင်မွန်းစခန်းမှာ တစ်ညတာ အိပ်စက်ပြီးမှ မနက်စောစော တောင်တက်ကြပါတယ်။ ဒါကတော့ ပိုပြီး အမောခံနိုင်စေပါတယ်။ ကင်မွန်းစခန်းကနေ ခြေလျင်တောင်တက်ခရီး ၇ မိုင်ခွဲခန့် လုပ်ဆောင်ရင် ကျိုက်ထီးရိုးဘုရားဖူးနိုင်ပြီဖြစ်ပါတယ်။


ဘယ်လောက်ကုန်ကျနိုင်လဲ

လူမေးအများဆုံးမေးခွန်းပါပဲ။ တကယ်တော့ ကိုယ်ရွေးချယ်နေထိုင်တဲ့ တည်းခိုခန်း ဟိုတယ်ပေါ်မူတည်ပြီး ကွာခြားမှာပါ။ ကျွန်တော်တည်းခိုခဲ့တဲ့ ဟိုတယ်ကတော့ တစ်ညကို ၅ သောင်း (ပိတ်ရက်မို့လို့) ပေးရပါတယ်။ တစ်ညပဲ အိပ်ခဲ့တာပါ။ တခြားဈေးချိုတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေ ရွေးချယ်နိုင်ပါသေးတယ်။ အဝေးပြေးကားခကတော့ ၆၀၀၀ - ၈၀၀၀ ကျပ်ကြား အစားစားကျသင့်နိုင်ပါတယ်။ မော်လမြိုင်သွားတဲ့ ကားတွေကို စီးပြီး ကျိုက်ထိုကားဂိတ်မှာ ဆင်းရမှာ ဖြစ်ပါတယ်။ အဲ့ဒီကနေ ကင်းမွန်းစခန်းကို တုတ်တုတ်ငှားခ ၃၀၀၀ - ၅၀၀၀ အတွင်း ရောက်တဲ့အချိန်ပေါ်မူတည်ပြီး ကျသင့်နိုင်ပါတယ်။ တောင်တက်ချိန်မှာတော့ မနက်စာကို ဟိုတယ် ကနေ စီစဉ်ခိုင်းနိုင်ပါတယ်။ နေ့လည်စာ ကိုတော့ တောင်ပေါ်မှာ၊ လမ်းမှာ စသဖြင့် ဝယ်စားနိုင်ပြီး အများဆုံး ၅၀၀၀ ကျပ် ဝန်းကျင် ကုန်ကျနိုင်ပါတယ်။


ကျိုက်ထီးရိုးစေတီတော်

ကျောက်တုံးပေါများရာတောင် ဆိုတဲ့ မွန်ဘာသာနဲ့ ဒိုးကမော့ခတွံဂလိုင်း လို့ဆိုကြတဲ့ ဒီတောင်ကြီးဟာ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၆၁၅ ပေ မှာ တည်ရှိပါတယ်။ ဘီစီ ၅၇၅ ခုနှစ် မှာ တိဿရသေ့ကြီးက သိကြားမင်းထံက ရရှိတဲ့ ဆံတော် ၂ ဆူ၊ ကေလာသရသေ့ထံက ရတဲ့ ဆံတော် ၁ ဆူ အသီးသီး စုပေါင်းပြီး ဌပနာလို့ တည်ထားပါတယ်။ သိကြားမင်းကပဲ ကျောက်စွန်းမှာ တည်မဲ့ ကျောက်တုံးပုံစံအမျိုးမျိုး ပြသခဲ့ပေမဲ့ နောက်ဆုံးမှာ မဟာသမုဒ္ဒရာထဲက ရသေ့ကြီးဦးခေါင်းနဲ့ ဆင်တူတယ်ဆိုတဲ့ ကျောက်တုံးကြီးကို တင်ပြမှ သဘောကျပြီး အတည်ဖြစ်ခဲ့တယ်လို့ မှတ်သားဖူးခဲ့ပါတယ်။ အဲ့ဒီ ဧရာမကျောက်တုံးကြီးရဲ့ အလယ်မှာ ဆံတော်တွေကို ဌာပနာထားပြီး စေတီတည်ထားခဲ့တာပါ။ ကျောက်တုံးက ၂၂ ပေ မြင့်ပါတယ်။ လုံးပတ်က အောက်၊ လယ်၊ ထက် ၃၃၊ ၈၄ နဲ့ ၆၅ ပေ အသီးသီး ရှိပါတယ်။ အလေးချိန်ကတော့ ၆၃၀ တန် လို့ သိမှတ်ရပါတယ်ခင်ဗျ။


ခြေလျင်တက်ဖူးလျှင် ကုသိုလ်ပိုထူးမယ်တဲ့

ဟုတ်၏ မဟုတ်၏ တော့ အတပ်မပြောတတ်ပေမဲ့... ယုံကြည်သူတွေကလည်း ကင်မွန်းစခန်းကနေ ခြေလျင်ကြိုးစားတက်ပြီး ကုသိုလ်ပိုယူကြပါတယ်။ ဟိုးတုန်းကတော့ မည်သူမဆို ခြေလျင်တက်ခဲ့ရာကနေ ၁၉၉၃ ခုနှစ် နှစ်ဆန်းစမှာပဲ တောင်တက်ကားလမ်း ဖွင့်လှစ်နိုင်ခဲ့လို့ ကားနဲ့တက်သူများလာကြပါတယ်။ ခုတော့ တစ်ခေတ်ဆန်းမဲ့ ကေဗယ်လ်ကားတွေ နဲ့ တက်ကြပြန်တယ်ပေါ့။ ခုခေတ်မှာ ခြေလျင်တက်တာ ကုသိုလ် ပို ရတာ မရတာလည်း တစ်ပိုင်းပေါ့... ကျန်းမာရေးလိုက်စားသူတွေအတွက်ကတော့ တကယ့် ရွှေဖြစ်နေပါပြီ။ သူများထက်ထူးပြီး ကုသိုလ် ပိုမရခဲ့ရင်တောင် သက်လုံကောင်း ကျန်းမာလန်းဆန်း စိတ်ဖိစီးမှုပြေလျော့စေတဲ့ အစွမ်းသတ္တိထူးတွေတော့ ရပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကျိုက်ထီးရိုးတောင် တက်ရတာ ထင်သလောက်တော့ မလွယ်ကူလှပါဘူး။


ကိုယ်တွေ့ နေ့ချင်းပြန် ကျိုက်ထီးရိုး ခြေလျင်တောင်တက်ခရီးစဉ်

ဒီခရီးကို ကျွန်တော်တို့ သူငယ်ချင်းတွေ အဖွဲ့လိုက်သွားကြပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ဘုရားဖူးဖို့ဆိုတဲ့စိတ်ထက် အားကစားလေ့ကျင့်တဲ့သဘောမျိုး ခြေလျင်တောင်တက်တဲ့အပိုင်းကို ဦးစားပေးလုပ်ဆောင်ဖို့ပါ။ ဘုရားဖူးရတာကတော့ နောက်ထပ်လက်ဆောင်တစ်ခုအနေနဲ့ပဲ မှတ်ယူပါတယ်။


ကျိုက်ထီးရိုးဘုရားဖူးဖို့ကို ကားလမ်းတွေ ပိတ်ထားတဲ့အတွက် ခြေလျင်ခရီးကိုပဲ အားကိုးကြရတာပါ။ ဒါကြောင့် ဒီရက်ပိုင်းတွေဆို ကျိုက်ထီးရိုး ကို ဧည့်လာနည်းပါတယ်။ ညဘက် အားပြည့်အောင် အိပ်စက်ပြီး မနက် ၅ နာရီလောက်ထလို့ ၆ နာရီလောက် စပြီး တောင်တက်ကြပါတယ်။ KFC ဆိုင်ဘေးကလမ်းအတိုင်း တက်ကြတာပါ။ မနက်ဆိုတာနဲ့ ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေ၊ ဆွမ်းလောင်းသူတွေနဲ့ အသက်ဝင်နေသလို၊ မုန့်ဆိုင်တွေလည်း မနက်စာရောင်းဖို့ ထွက်နေကြပါပြီ။ ဆိုင်ခန်းလေးတွေ ကျော်လာပြီးတာနဲ့ မြေသားလမ်း၊ ကျောက်တုံးပေါတဲ့လမ်းတွေကို စပြီး လျှောက်ကြရပါတယ်။ ပြီးတာနဲ့ ကျောက်လှေကားတွေ ကို တက်ရပါတယ်။ ဒီမှာ တစ်ခုကောင်းတာက မိုးတွင်းလည်း ဖြစ်ပြီမို့ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုလှပနေသလို၊ ရာသီဥတုကလည်း အေးမြနေပါတယ်။ တခါတလေဆို မြူခိုးလား မိုးငွေ့လား မသဲကွဲဘဲ အေးစိမ့်စိမ့်လေး ဖြစ်သွားစေတယ်။ တောင်မြင့်လာလေ တိမ်ခိုးတိမ်ငွေ့တွေ ပိုတွေ့ရလေပဲ။ လူကလည်း ခန္ဓာကိုယ်အပူချိန်မြင့်လာပြီး ချွေးတွေရွှဲနစ်နေတတ်လို့ ဓါတ်ဆားနဲ့ ရေဓါတ်တော့ မပြတ်စေဖို့ လိုအပ်ပါတယ်။


တောင်တစ်ခုချင်းဆီတိုင်းမှာ နာမည်လေးတွေ ရှိပြီး ကျောက်တိုင်လေးတွေနဲ့ အမှတ်အသားပြုလုပ် ဖော်ပြပေးထားတတ်ပါတယ်။ ကြိုကြားကြိုကြား နားနေစရာ ဝါးခုံလေးတွေနဲ့အတူ ထမင်းဆိုင်၊ အအေးဆိုင်လေးတွေ တွေ့ရတတ်ပြီး၊ ရွာလေးတွေလည်း မြင်ရတတ်ပါတယ်။ အရင်က စည်ကားခဲ့တဲ့ နတ်နန်းတွေ၊ အလှူခံနေရာတွေက ခုချိန်တော့ ခြောက်ကပ်နေလေရဲ့။ ရေတံခွန်လေးတွေဆီ သွားတဲ့လမ်းတွေ၊ ရေချိုးလို့ရတဲ့ ချောင်းနေရာလေးတွေကို ခေါ်ထားတဲ့ ဆိုင်းဘုတ်လေးတွေလည်း တွေ့ရတယ်။ ရေမြောင်ကြီးစခန်း ကျော်တော့ မူလတန်းကျောင်းခွဲလေး တစ်ခု တွေ့ရလို့ အနီးဝန်းကျင်က လေးတွေအတွက် ဝမ်းသာမိပါသေးတယ်။


စိတ်ချမ်းသာရတာ တစ်ခုက ဒေသခံတွေက မြင်တာနဲ့ အားပေးစကားပြောတတ်သလို၊ အသွားအပြန်မှာလည်း ကိုယ့်ကို မှတ်မိနှုတ်ဆက်တတ်ကြတဲ့ ဓလေ့လေးကြောင့်ပါပဲ။ ဘုန်းတော်ကြီးတွေကအစ နှုတ်ဆက်ကြပါတယ်။ ကျွန်တော်တို့ဆို နေ့ချင်းပြန် ဆိုတော့ ပိုမှတ်မိနိုင်ကြတာပေါ့လေ။


ပင်ပန်းသလားဆိုရင် တကယ်ကြီး ပင်ပန်းပါတယ်။ နောက်တစ်ခါ ထပ်တက်မလားဆိုရင် ခုချိန်ခဏတော့ မတက်ပါရစေနဲ့ ငြင်းမိပါလိမ့်မယ်။ ဘာလို့လဲဆို လမ်းက ရှုခင်းဘယ်လောက်သာယာနေပေမဲ့ တောင်တက်ခရီးဖြစ်လို့ ဒူး၊ ပေါင်နဲ့ ခြေသလုံးတွေ၊ ပြီးတော့ ခါးတွေ အတော်ထိပါတယ်။ အချိန်အားဖြင့် ၅ နာရီနီးပါးလောက် တက်ခဲ့ရပါတယ်။ သာမန်လူတစ်ယောက် တက်တဲ့ ပုံမှန်အချိန်လို့ ဆိုနိုင်ပါတယ်။ ပြန်ဆင်းရင်လည်း ၃ နာရီနီးပါးတော့ ပြန်ဆင်းရတာပါပဲ။


ပြန်ဆင်းတဲ့အခါ ကားလမ်းအတိုင်းဆင်းတာက ပိုမြန်မြန်ရောက်နိုင်ပေမဲ့ အချိန်တိုင်း အောက်ကို ငိုက်စိုက်ဆင်းရတာဖြစ်လို့ ဒူးနဲ့ ခြေထောက်တွေ ပိုအလုပ်လုပ်ရတဲ့အတွက် နာကျင်မှုက တစ်မျိုး ဖြစ်စေပါတယ်။ အလာခရီး တောလမ်းအတိုင်း ဆိုလည်း ခုလို မိုးတွင်း ရေညှိတွေနဲ့ ချော်လဲတတ်လို့ ထိန်းရင်းကနေ အချိန်က ပိုကြာတတ်ပြီး ချော်လည်း လဲတတ်ပါတယ်။


ကျိုက်ထီးရိုးဘုရားဖူးပုံစံအသစ်

New Normal နဲ့ သွားလာနေကြရတဲ့ ခေတ်အသစ်မှာ ကျိုက်ထီးရိုးဘုရားဖူးဖို့ အဝင်မှာ ကျွန်တော်တို့ နာမည်၊ လိပ်စာတွေကို စာရင်းပေးသွင်းရပါတယ်။ အပူချိန်လည်း တိုင်းတာပါတယ်။ ပြီးတော့မှ လည်ပတ်ဝင်ရောက်ဖူးမြော်ခွင့်ရပါတယ်။ ရွှေဆိုင်းကပ်တာမျိုးကိုတော့ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ တောင်ပေါ်မှာ ဟိုတယ်တည်းခိုခန်းတွေလည်း တရားဝင်ဖွင့်လှစ်ထားခြင်းမရှိသေးဘူး သိရပါတယ်။


ကျိုက်ထီးရိုးတောင်ကို ခြေလျင်တက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ

  • လမ်းမှာက တောဆိုင်လေးတွေပဲ ဖြစ်လို့ မစားတတ်ဘူးဆိုရင် ကိုယ့်ဟာကိုယ် ကင်မွန်းစခန်းကတည်းက ပြင်ဆင်လာခဲ့ပါ။

  • ရေသန့်နဲ့ အအေးတွေကလည်း လမ်းတလျှောက်ဝယ်လို့ လွယ်တဲ့အတွက် သယ်နိုင်ရင်လည်း သယ်၊ မသယ်နိုင်ရင်လည်း ဝယ်သောက်လို့ အဆင်ပြေပါတယ်။

  • တောင်တက်ဖိနပ်ကောင်းကောင်း စီးခဲ့ပါ။ မချော်နိုင်မဲ့ဖိနပ်မျိုးဖြစ်သင့်ပြီး အလေးချိန်များတာမျိုး မဖြစ်ရပါဘူး။

  • တောင်တက်တုတ် သို့မဟုတ် ဝါးလုံးလေးတွေ ဆောင်ထားသင့်ပါတယ်။ တကယ်အကျိုးရှိပါတယ်။

  • ခုမှ စတက်တာမျိုး၊ အမြဲတက်လေ့မရှိတာမျိုးဆိုရင် တတ်နိုင်သမျှ ဘာမှ အလေးခံ မသယ်ပါနဲ့။ အရမ်းပင်ပန်းပါတယ်။

  • မိုးတွင်းဖြစ်လို့ မိုးကာလိုအပ်ပါတယ်။ လေးမှာစိုးရင် တစ်ခါသုံးမိုးကာလေးတွေ ဆောင်သင့်ပါတယ်။

  • ဒါဏ်ကြေလိမ်းဆေး၊ ဆေးပလာစတာ စတာတွေ ဆောင်ထားပါ။ ကြွက်သားတွေနာရင် လိမ်းဖို့လိုသလို၊ မတော်တဆ ချော်လဲ ဒူးပြဲ ဖြစ်ရင်လည်း သုံးရပါလိမ့်မယ်။

  • အိမ်သာတွေ သန့်ကြတာများပါတယ်။ အချို့က ပိုက်ဆံပေးရပြီး အချို့က ပေးစရာမလိုတတ်ပါဘူး။ ပေးရရင်လည်း ၁၀၀ ၊ ၂၀၀ လောက်ပါပဲ။

  • အင်္ကျီအလေးကြီးတွေထက် အားကစားဝတ်စုံ အပေါ့ပါးဆုံးတွေပဲ ဝတ်ဆင်ကြပါ။ လမ်းတစ်ဝက်မရောက်ခင်ကို တစ်ကိုယ်လုံးချွတ်ပြီး လျှောက်ချင်စိတ်ပေါ်လာနိုင်ပါတယ်။

  • ဆိုင်ကယ်တွေ မကြာခဏ ဖြတ်မောင်းတတ်လို့ လမ်းမှာ နားကြပ်တပ်သီချင်းနားထောင်လျှောက်တတ်ရင် သတိထားပေးပါ။

  • အမှိုက်တွေကို ရွာတွေ၊ ဆိုင်တွေရောက်မှ အမှိုက်ပုံးထဲ ထည့်ပါ။ လမ်းတလျှောက် သူများအမှိုက်ပစ်ထားတာတွေ့လည်း လိုက်မပစ်ဘဲ အမှိုက်ပုံးတွေ့မှ စွန့်ပစ်ပေးကြပါ။

  • တောင်တက် တောင်ဆင်းသူချင်း ညှာတာနားလည်ပေးကြပါ။ လမ်းမှာ ပိတ်ထိုင်နေတာမျိုး၊ လှောင်ပြောင်နေတာမျိုး မလုပ်သင့်ပါဘူး။

  • အသွားအပြန် နေ့ချင်းပြန်တက်မယ်ဆိုရင် အချိန်အားဖြင့် ၈ နာရီကနေ ၁၂ နာရီထိ ကြာသွားနိုင်တာကို သတိထားပြီး ပြန်ရမဲ့ အချိန်ကို တွက်ချက်သွားလာပါ။


ပြုပြင်စေချင်မိတာလေးတချို့

ကျွန်တော့်ရဲ့ ပုဂ္ဂလိကခံစားချက်ပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေဖို့အတွက်တော့ မရည်ရွယ်ပါဘူး။ တောင်တက်ရင်းကနေ လမ်းတလျှောက် မြင်တွေ့ရတဲ့ ကိစ္စရပ်တချို့အပေါ် ဖြစ်စေချင်မိတာလေးတွေပါ။

  • ကလေးငယ်လေးတွေရဲ့ မရဲတရဲ မုန့်ဖိုးပေးပါလား လို့ တောင်တက်လာသူတွေဆီ တောင်းတဲ့အသံကြားရတော့ စိတ်ထဲ တစ်မျိုးဖြစ်မိတယ်။ ဝမ်းနည်းသလို၊ သနားသလို ဖြစ်မိပေမဲ့ ပေးဖို့ရာကလည်း တွန့်မိတယ်။ တောင်းတဲ့အကျင့်ကြီး အမြဲပါသွားပြီး နောက်ဆို အလေ့အထတစ်ခုလို ဖြစ်လာမှာ စိုးမိတယ်။ ဒါလေးကို စနစ်တကျ ထိန်းသိမ်းစေချင်မိတယ်။

  • ဆိုင်ကယ် မစီးရ လို့ လမ်းတလျှောက်သတိပေးစာကပ်ထားပေမဲ့ ဆိုင်ကယ်တွေ ရှိနေတယ်။ တစ်ဘက်က ကြည့်ပြန်တော့လည်း ရုတ်တရ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေအတွက် ချက်ချင်းအကူအညီ ရနိုင်တာ တွေ့ရသလို၊ တားမြစ်စာနဲ့ လက်တွေနဲ့ ကွာဟနေတာအပေါ် တစ်ခုခု စဉ်းစားသင့်တယ်။ တားမြစ်ချက် ဖြေလျော့မလားပေါ့။ မဟုတ်ရင် လူရယ်စရာ ဖြစ်နေပါလိမ့်မယ်။

  • အမှိုက်တွေ လမ်းတလျှောက်ပွစာကြဲနေတာ ဘယ်သူမှ တာဝန်မယူတော့သလို ဖြစ်နေတယ်။ အိမ်ဆိုင်လေးတွေမှာ အမှိုက်ပုံးလေးတွေ ရှိတတ်ပေမဲ့ လမ်းတလျှောက်က မြင်ကွင်းမလှအောင် ပုံနေတဲ့၊ တောင်ပေါ်က ရေနဲ့အတူပါလာတာ ဖြစ်နိုင်တဲ့ အမှိုက်ပုံတွေကတော့ အတော်မြင်ကွင်းဆိုးနေတယ်။ ဒါကို ဘယ်လိုပြောင်းလဲနိုင်မလဲ ဝိုင်းဝန်းကြိုးပမ်းစေချင်ပါတယ်။ တောင်တက်ခရီးသွားသူတွေကလည်း မိမိအမှိုက် မိမိတာဝန်ယူပြီး စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်တာအသေအချာပါ။


ကျွန်တော့်အတွက်တော့ ကျိုက်ထီးရိုး တောင်တက်ခရီးစဉ်ဟာ အမှတ်တရတွေများစွာထဲက အမှတ်တရတစ်ခုပါပဲ။ ပြန်ရောက်ပြီး ၂ ရက်လောက်အထိ ပေါင်ကွနေတဲ့ ခံစားချက်နဲ့အတူ ကြွက်သားနာကျင်မှုတွေ ခံစားလိုက်ရတယ်။ ဒါပေမဲ့လည်း ပြန်တွေးတိုင်း ပြန်ကြည်နူးရတယ်။ ငါ လုပ်နိုင်ခဲ့ပြီ၊ အောင်မြင်ခဲ့ပြီ ဆိုတဲ့ ခံစားချက်က အမြဲ ဂုဏ်ယူစရာ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ငယ်တုန်းအချိန်၊ သန်တုန်းမြန်တုန်းမှာ ကြိုးစားတက်ပြီး ဘဝအတွက် အမှတ်တရတွေကို ရှာဖွေပါလို့ အထူးတိုက်တွန်းချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Aung Myint Myat, Nann Moh, Chit Thway Ko

Camera :: Samsung Galaxy Note 10+, iPhone 11 Pro Max

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter