Search
  • Thiha Lu Lin

ကျိုင်းတုံမြို့အနှံ့လည် သည်မောင်လိုက်ပို့မယ်

Updated: Sep 11

ခေမရဋ္ဌတိုင်းလို့ ဆိုကြတဲ့ ကျိုင်းတုံမြို့ကို အလုပ်ကိစ္စနဲ့ သွားခဲ့ရင်း ဝါသနာကို တားမရနိုင် ရတဲ့အချိန် ရသလို လည်ပတ်ဖြစ်ခဲ့ပါတယ်။ အဆင်ပြေချင်တော့ ကျိုင်းတုံမြို့ခံ မိတ်ဆွေနှစ်ဦးရဲ့ အကူအညီကောင်းတွေလည်း ရလိုက်တော့ အတော်လေး အဆင်ပြေသွားခဲ့တယ်လို့ ဆိုရမယ်။ ကျိုင်းတုံမြို့လေးကတော့ သိပ်မကျယ်ပါဘူး။ ဒါပေမဲ့ချစ်စရာကောင်းတဲ့ကျစ်လျစ်မှုရှိတယ်။ လည်ပတ်စရာတွေက မြို့တွင်းမှာထက် အနီးအပါးနေရာတွေကို ကား၊ ဆိုင်ကယ်တွေနဲ့ သွားမှ ရောက်နိုင်တယ်။ တာချီလိတ်မြို့နဲ့ ကားမောင်းသွားရင် ၃ နာရီခရီးပဲ ကွာဝေးတဲ့ မြို့လေးမို့ တာချီလိတ်ကိုပါ လည်ပတ်ရင်း သွားလည်သင့်တဲ့ မြို့လေးလို့ အကြံပြုချင်ပါတယ်။ မြို့လေးကို ပိုပြီးထဲထဲဝင်ဝင် လေ့လာကြည့်ရအောင်လေနော်။


ခေမရဋ္ဌ ကျိုင်းတုံ

ကျိုင်းတုံမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အမြင့် ၇၈၇ မီတာမှာ ရှိပါတယ်။ စတုရန်းမိုင် ၁၂၃၀၀ ခန့် ကျယ်ဝန်းပြီးတော့ ရှမ်းအနွယ် ၄၀ ကျော်နေထိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်တံခါးပေါက် လို့လည်း တင်စားကြတယ်။ တောင်ကြီး နဲ့ တာချီလိတ်ကြားမှာ ရှိတဲ့ မြို့လေးပါ။ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားတွေရဲ့ အပြုအမှုနဲ့ ဖောရွေမှုကို ခံစားကြရမယ်။ ထူးခြားစွာ ရှမ်း၊ ထိုင်း နဲ့ တရုတ်ပုံစံ လူနေထိုင်မှုပုံစံတွေ ရှိနေတဲ့နေရာလို့ ထင်မြင်မိပါတယ်။ လမ်းလေးတွေက ဖုန်ထတတ်ပြီး လယ်ကွင်းတွေ တောင်စောင်းစိုက်ခင်းတွေ နဲ့ လှပအေးချမ်းတဲ့မြို့လေးဖြစ်ပါတယ်။ ဒီနယ်မြေမှာတော့ အာခါ၊ လားဟူ၊ ဝ နဲ့ ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။


Retro Theme နဲ့ မြို့ကျိုင်းတုံ

မြို့လေးက ထိုင်းနယ်စပ်နဲ့လည်း မဝေးတော့သလို တရုတ်နယ်စပ်နဲ့လည်း မဝေးပြန်ပါဘူး။ ဖွံ့ဖြိုးမှုလည်း ရှိပေမဲ့ စိတ်ဝင်စားစရာကောင်းတာက တစ်မြို့လုံးဟာ ၁၉၈၀ နဲ့ ၁၉၉၀ ဝန်းကျင်က အငွေ့အသက်တွေ ခုထိ ကျန်ရစ်နေဆဲဆိုတာ သိလိုက်ရတယ်။ ငြိမ်းချမ်းအေးဆေးတဲ့ မြို့သူမြို့သားတွေနဲ့ မြို့လေးဟာ အမြဲ တိတ်တိတ်ဆိတ်ဆိတ် ချစ်စဖွယ် ဖြစ်နေတတ်တယ်။ အဆောက်အဦးပုံစံ၊ လုပ်ငန်းဆိုင်းဘုတ်တွေ၊ အသုံးပြုတဲ့ အရာဝတ္ထုတွေ နဲ့ အသုံးပြုတဲ့ယာဉ်တချို့ဟာ ကျွန်တော် ငယ်ငယ် ကလေးဘဝတုန်းကလိုဖြစ်နေတာက ဘာကို လွမ်းစေမှန်းမသိ၊ လွမ်းသွားစေတယ်။ ပုံလေးတွေကို Retro Theme လေးနဲ့ ရိုက်ဖြစ်သွားတယ် ကြည့်လိုက် ကျွန်တော်ပြောတာ ဟုတ် မဟုတ်ဆိုတာ။


ရာသီဥတု

ဆောင်းတွင်းမှာတော့ အေးမြပေမဲ့ နွေရာသီနဲ့ မိုးရာသီမှာတော့ ရာသီဥတု အေးမြမှုမရှိပါဘူး။ ကျွန်တော်သွားခဲ့တဲ့ သြဂုတ်လထဲမှာတောင် အနွေးထည်ဝတ်စရာမလိုအောင်ကို ပူပါတယ်။


ဘယ်လိုသွားမလဲ

လေယာဉ်နဲ့ကတော့ အဆင်ပြေဆုံးပါပဲ။ တောင်ကြီးဘက်ကနေ ကားနဲ့ သွားလို့ရပေမဲ့ ခရီးသွားတွေကိုတော့ လေယာဉ်နဲ့ ပိုသွားစေချင်ပါတယ်။ တခါတရံ တောင်ကြီး - ကျိုင်းတုံလမ်းမှာ တောင်ပြိုမြေပြို ဖြစ်တတ်တာမို့ ခရီးဖင့်နိုင်လို့ပါ။ လေယာဉ်ခက ၉ သောင်းကျော် ကနေ ၁သိန်းကျော် အထိ အမျိုးမျိုး ရှိပါတယ်။ လေယာဉ်အမျိုးအစားပေါ်မူတည်ပြီး လေယာဉ်စီးချိန်က ၁ နာရီ ကနေ ၁ နာရီခွဲကြား ကြာတတ်ပါတယ်။ မြို့ပတ်လေယာဉ်တွေဆိုရင်တော့ နှစ်နာရီ နဲ့ နှစ်နာရီခွဲကြား ကြာတတ်ပါတယ်။


ကျွန်တော်နဲ့ ကျိုင်းတုံ

မလာခင်ကတည်းက သိပ်စိတ်လှုပ်ရှားမိတယ်။ ကျွန်တော်က ရှမ်းပြည်ဆို သိပ်ချစ်တာ။ ရှမ်းပြည် ဘယ်အရပ်သွားရ သွားရ ပျော်တယ်။ အရှေ့ပိုင်းရှမ်းပြည်ရဲ့ မြို့တော်ကျိုင်းတုံ ကို ရောက်လာတော့ လေယာဉ်ပေါ်ကနေ မြင်ကတည်းက စိတ်တက်ကြွလာတယ်။ တောင်စောင်းတွေအနှံ့စိုက်ထားတဲ့ စပါးခင်းစိမ်းစိမ်းတွေဟာ လှေကားထစ်စိုက်ခင်းပုံစံလေးတွေနဲ့ အတော်ကို လှနေတာ။ မသွားခင် တစ်ညလုံးမအိပ်ခဲ့ရသလို လေယာဉ်ပေါ်မှာလည်း အိပ်မပျော်တတ်လို့ ကျိုင်းတုံရောက်ရင် လျှောက်မလည်သေးဘဲ ဟိုတယ်မှာ အိပ်မယ်ဆိုတဲ့ စိတ်ကူးဟာ ချက်ချင်းပျောက်သွားတယ်။


ဆိုင်ကယ် ငှားမလား၊ ကား ငှားမလား

လေယာဉ်ကနေ ကျိုင်းတုံမြို့ထဲကို ဆိုင်ကယ်ကယ်ရီတွေ ရှိတယ်။ Hi-Jet ကားလေးတွေရှိတယ်။ ဆိုင်ကယ်ကတော့ ၂၀၀၀ ဝန်းကျင်ပဲ၊ ကားကတော့ ၅၀၀၀ ပေးရတယ်။ မြို့က သေးတော့ ဆိုင်ကယ်ကို ပိုအားသန်ကြတယ်။ ဟိုနားဒီနားကနေ လျှောက်လည်တာအဆုံး ဆိုင်ကယ်နဲ့သွားဖို့ပဲ မြို့ခံတွေက တိုက်တွန်းတတ်ကြတယ်။ ကားငှားရင်လည်း Hi-Jet လောက်ပဲ ဖြစ်နေတတ်တယ်။ ဆိုင်ကယ်ကို ကိုယ်တိုင် မောင်းချင်လည်းရတယ်။ မောင်းတဲ့သူ ပါရင်လည်း ရတယ်။ ဈေးနှုန်းကတော့ တစ်ရက်လုံးမှာ တစ်သောင်းခွဲ - နှစ်သောင်းဝန်းကျင်ရယ်။ ကားနဲ့ဆိုရင်တော့ ၄၀၀၀၀ - ၅၀၀၀၀ ထိ ဖြစ်သွားနိုင်တယ်။ ကိုယ်တွေ့အရတော့ ဆိုင်ကယ်က ကားထက် ခရီးပိုတွင်ပြီး နေရာများများကို မြန်မြန်ရောက်နိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ သတိပြုပါ။ ဆိုင်ကယ်စီးသူတိုင်း မောင်းသူတိုင်း ဆိုင်ကယ်ဦးထုပ် သေချာဝတ်ပါ။ မတော်တဆဆိုတာက အစိုးမရပါဘူး။


လည်ပတ်စရာ ကျိုင်းတုံမှာ

မြို့က ချစ်ဖို့ကောင်းတယ်။ လူလည်းသိပ်မရှုပ်သလို ယာဉ်လည်းသိပ်မရှုပ်ဘူး။ လမ်းလျှောက်သွားသူနည်းတယ်။ ဆိုင်ကယ်သုံးတာများတယ်။ ကားလည်း အတော်နည်းတယ်။ မြို့က ကုန်းဆင်းကုန်းတက်လေးတွေ၊ အိမ်သေးသေးလေးတွေနဲ့ ချစ်စရာကောင်းတယ်။ လမ်းလေးတွေက ပင့်ကူမျှင်လေးတွေလို တစ်ခုနဲ့တစ်ခု စိပ်စိပ်လေး ယှက်ပြီး ကူးလူးရလွယ်တယ်။ ဒီကိုလာတဲ့ ခရီးသွားတွေက ကျိုင်းတုံမြို့ထက် အနီးအပါးက တောင်တန်းတောင်စွယ်နဲ့ ရွာတွေကို လာကြတာ များတယ်။ အဖြူတွေလည်း လာသလို ထိုင်းတွေလည်း အလာများတယ်။ ဒီက ဘုရားပုထိုးဘုန်းကြီးကျောင်းဆောင်တွေက ယိုးဒယားဟန်တွေ များတယ်။ အများစုကလည်း ထိုင်းလူမျိုးတွေ လှူဒါန်းဆောက်လုပ်ကြတယ်လို့ မှတ်ခဲ့ရတယ်။ ဒါကြောင့်မို့လည်း ထိုင်းက ပညာရှင်တွေကို ဒီခေါ်ပြီး ဆောက်ခိုင်းတယ်လို့လည်း သိရတယ်။

ကဲ လည်လိုက်ကြစို့ -


ကျိုင်းတုံမြို့မဈေး

တရုတ်ပစ္စည်းတွေ ဝယ်လို့ကောင်းတယ်ဆိုတဲ့ ဒီဈေးဟာ မြို့လယ်မှာ ရှိတဲ့ ထင်ရှားမြင်သာတဲ့ အစည်ကားဆုံး ဈေးကြီးပါ။ ဟင်းသီးဟင်းရွက်သားငါးကနေ ဖုန်း နဲ့ ရွှေဆိုင်တွေအထိ ရှိပါတယ်။ မနက်စောစော ကနေ နေ့လည် ၁၁ နာရီထိ ဖွင့်ပါတယ်။ နေ့လည် ၁၁ နာရီနောက်ပိုင်းတော့ အပြင်တန်းဆိုင်အနည်းငယ်လောက်ပဲ ဖွင့်တာ သတိပြုမိပါတယ်။ မနက်စာ ကို ဒီဈေးထဲမှာ စားရတာ ရွေးချယ်စရာစုံတယ်။ ဝက်သားလုံးရှမ်းခေါက်ဆွဲ (ကွေ့တယို)၊ အမဲလုံးခေါက်ဆွဲ စတဲ့ ဒေသစာ ခေါက်ဆွဲမနက်စာတွေ စားကောင်းတယ်။ အချိုပွဲ ရွှေရင်အေး (ဒီဘက်က ရွှေရင်အေးနဲ့မတူဘူး၊ သူက ယိုးဒယားပုံစံ)နဲ့ ဖျော်ရည်စုံ သောက်လို့ကောင်းတယ်။


သစ်တစ်ပင်တောင်

သစ်တစ်ပင်တောင် ပေါ်မှာ တက်ရင် ရှေးဟောင်းအမွေအနှစ်လို ဖြစ်နေတဲ့ နှစ်ပေါင်း၂၆၀ ကျော် သက်တမ်းရှိ ကညင်ဖြူပင်ကြီး ရှိနေတယ်။ အဲ့ဒီအပင်ကြီးက အလောင်းမင်းတရားကြီးလက်ထက် အေဒီ ၁၇၅၃ ခုနှစ်မှာ စိုက်ပျိုးခဲ့ပြီး ကျိုင်းတုံမြို့စွန် မွန်းကုန်းပေါ်မှာ ဒီနေ့တိုင်အောင် ရှင်သန်တည်ရှိနေလို့ ဒါကို အစွဲပြုပြီး သစ်တစ်ပင်တောင်ရယ်လို့ ပြောင်းလဲခေါ်ဆိုခဲ့ကြတယ်။ အမြင့်က ၂၁၈ ပေ၊ ရင်စို့လုံးပတ်က ၃၆ ပေ ၈ လက်မ နဲ့ အောက်ခြေလုံးပတ် က ၂၉ ပေ ၁၀ လက်မရှိတယ်လို့ မှတ်တမ်းရေးထိုးထားတယ်။ အနီးမှာ စေတီ နှစ်ဆူ ရှိတယ်။ ကျွန်တော်လည်း သိပ်စိတ်မဝင်စားမိ။ သစ်ပင်ကြီးက ပိုဆွဲအားကောင်းနေတယ်။ တစ်ဘက်မှာတော့ ကြိုးတံတားလေးရှိတယ်။ ချစ်သူတွေလာပြီး တွတ်ထိုးကြတဲ့နေရာလည်း ဖြစ်ပါတယ်။


ရပ်တော်မူ ဘုရားကြီး နဲ့ နောင်တုံကန်

ရန်ကုန်မှာဆိုရင် ရွှေတိဂုံစေတီတော်ကြီးကို ဘယ်အရပ်ကကြည့်ကြည့် လှမ်းမြင်ရတာမျိုး ကျိုင်းတုံမှာဆိုလည်း ရပ်တော်မူ ဘုရားကြီးကို နေရာအနှံ့ကနေ ဖူးမြင်ရတယ်။ နောင်တုံကန် နားတစ်ဝိုက်ဆို ပိုသိသာတယ်။ ရပ်တော်မူ ဘုရားကြီးရဲ့နောက်ကပ်လျက်မှာ ခရစ်ယာန်ဘုရားကျောင်းကြီးလည်း အေးချမ်းစွာ ရှိနေသေးတယ်။ ရပ်တော်မူ ဘုရားကြီး ဆိုတဲ့အတိုင်း မတ်ရပ်တော် ရုပ်ပွားတော် အကြီးကြီးတည်ထားတာ ဖြစ်ပြီး နောင်တုံကန်ဘက်ကို လက်ညှိုး ညွှန်နေဟန် တည်ဆောက်ထားပါတယ်။ ရုပ်ပွားတော်ရဲ့ အမြင့်ဟာ ၆၇ ပေ ၆ လက်မ ရှိတယ်။ ရှေးဟောင်းဘုရားတော့ မဟုတ်ပါဘူး။ ၁၉၉၂ ခုနှစ်မှ တည်ထားတာပါ။ ဒါပေမဲ့ အရပ်စကားအရတော့ အရင်က ဒီနယ်မြေမှာ ရေတွေပြည့်နေတာတဲ့၊ ဗုဒ္ဓဘုရားရှင်ရောက်လာတဲ့အခါ အခု ရပ်တော်မူနေရာကနေ လက်ညှိုးညွှန်လို ရေတွေကို တစ်နေရာတည်းမှာ စုဝေးစေတယ်တဲ့။ ဒါကြောင့် ဒီနောင်တုံကန်ဟာလည်း ဖြစ်ပေါ်လာတယ်လို့ ကြားရတယ်။ ဒါကြောင့်လည်း ဒီနေရာမှာ ရပ်တော်မူ ရုပ်ပွားတော်ကို တည်ထားတယ်လည်းဆိုပါတယ်။

နောင်တုံကန်ကတော့ သိပ်သာယာတယ်။ ရန်ကုန်မှာ ကန်တော်ကြီးရှိသလို ဒီမှာ နောင်တုံကန်ရှိနေတာဟာ အပန်းဖြေစရာနေရာတစ်ခုလိုပဲ။ သပ်သပ်ရပ်ရပ်လေး နဲ့ နောင်တုံကန်ကို ပတ်ပြီး ဆိုင်ကောင်းတော်တော်များများလည်း ရှိနေတယ်။ ခေါက်ဆွဲဆိုင်၊ ကော်ဖီဆိုင် က အစ အကင်ဆိုင် ဘီယာဆိုင်တွေထိကို စည်စည်ကားကား ရှိနေတဲ့နေရာပါ။


လွတ်လပ်ရေးကျောက်တိုင်

လွတ်လပ်ရေးကျောက်တိုင်က သပ်သပ်သွားလည်နေစရာမလိုဘဲ မြို့လယ်တစ်နေရာမှာ ယာဉ်သွား အဝိုင်းအနေနဲ့ ရှိနေပါတယ်။ ရဲစခန်းရှေ့တည့်တည့်မှာပါ။ ကျိုင်းတုံမြို့မဈေးနဲ့လည်း နီးပါတယ်။


မဟာမြတ်မုနိဘုရား (ဘုရားကြီး)

နောင်တုံကန်နဲ့ မနီးမဝေး မြို့လယ်မှာပဲ ယာဉ်သွားအဝိုင်းပတ်အလယ်မှာ ရှိနေတဲ့ မဟာမြတ်မုနိဘုရားကြီး ကိုလည်း မဖြစ်မနေ လည်ပတ်ဖူးမြော်သင့်ပါတယ်။ အရင် ဟော်နန်းဟောင်းကနေ အခု ဟိုတယ် အဖြစ် ဖြိုဖျက်ဆောက်လိုက်တဲ့နေရာရဲ့ မျက်စောင်းထိုးလေးမှာပါ။ စော်ဘွား စဝ်ကောင်ကျောက်အင်တလိုင် က တည်ထားခဲ့တယ်လို့ သိရပါတယ်။ မန္တလေးက မဟာမြတ်မုနိပုံတော်နဲ့ ရုပ်ပွားတော်ပုံစံတူ ဖြစ်ပါတယ်။ ဘုရားကြီးတစ်ဝိုက်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းဆောင်တွေဖြစ်ကြတဲ့ ဝပ်ဟိုခုံ နဲ့ ဝပ်ဖကျောက်တို့ဟာလည်း ဓါတ်ပုံရိုက်ဖို့အတွက် ကောင်းတဲ့ အနုဟန်တွေ ရှိနေပါတယ်။ ဂုံရှမ်းဟန်တွေပါ (ယိုးဒယားဟန်နဲ့ဆင်ပါတယ်)။ ထိုင်းက အလှူရှင်တွေက လာရောက် လှူဒါန်းပါဝင်ကြတယ်လို့ သိရပါတယ်။


စွန်တောင်ဘုရား (သို့မဟုတ်) စွန်ခမ်းဘုရား

အရင်ကတော့ ဒီစေတီတော်ကြီးဟာ ကြေးတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ စွန်တောင်းလို့ ခေါ်ရာကနေ အခုတော့ ရွှေဖြစ်သွားတဲ့အတွက် စွန်ခမ်းလို့ ပြောင်းခေါ်တယ်ဆိုပြီး ဒေသခံမိတ်ဆွေက ရှင်းပြပါတယ်။ ဒီအထဲမှာလည်း ဂုံရှမ်းပုံစံဆောက်လုပ်ထားတဲ့ တန်ဆောင်းတွေနဲ့ တည်ဆောက်ပုံထူးခြားပြီး စေတီကြီးမှာ ရုပ်ပွားတော်လေးတွေ ထည့်ထားပုံကလည်း ထူးခြားမှုရှိလို့ လာရောက်သင့်တဲ့နေရာလို့ ဆိုချင်ပါတယ်။


ကမ္ဘာအေးစေတီ

ဒီစေတီကိုတော့ မိုင်းလားလမ်းအတိုင်း အတော်လေး သွားရပါတယ်။ သွားရတာနဲ့ တန်တယ်လို့ဆိုရအောင် ဘုရားတောင်ပေါ်ကနေ ရှုခင်းအတော်လှတယ်။ ဘာလီအလား လှေကားထစ်စပါးခင်းတွေကို မြင်တွေ့ရသလို ရှမ်းရွာလေးတွေကို မြင်တွေ့ရတာဟာ အတော်ကြည်နူးစရာကောင်းတယ်။ ဦးနု ကျိုင်းတုံရောက်တဲ့အချိန်က အခု ကမ္ဘာအေးလို့ အမည်တွင်တဲ့ ထပ်စွမ်လွဲ ဘုရားကို သွားဖူးတဲ့အခါ အလွန်သဘောကျပြီး ရန်ကုန်မှာ တစ်ပုံတည်းတူအောင် တည်ထား ကိုးကွယ်ဖို့ စိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်ကမ္ဘာအေးဘုရားဟာ နှစ် ၆၀ ဝန်းကျင်ရှိနိုင်ပြီး ဒီ ကျိုင်းတုံက ကမ္ဘာအေးဘုရားကတော့ နှစ် ၅၀၀ အထက် ရှိနိုင်မယ်လို့ ယူဆကြပါတယ်။ ထူးခြားတဲ့ စေတီတည်ဆောက်ဟန် ဖွဲ့စည်းဟန်ရှိပါတယ်။ တစ်ဘက်ခြမ်းစေတီ နဲ့ တစ်ဘက်က ဓမ္မာရုံပုံစံ အခန်းကျယ်ကြီး အတွင်းပိုင်း ဖွဲ့စည်းမှုဟာ အတော်လေး အံ့အားသင့်စရာပါ။ ခန်းမကျယ်ကြီး တစ်ခုလုံး အတွင်းအပြင်ကို ဘုရားရုပ်ပွားတော် သေးသေးလေးပေါင်း များစွာနဲ့ နံရံကပ် ဆင်ယင်ထားတာ အတော်လေး ကြည်ညိုဖွယ်ရှိပါတယ်။

ကမ္ဘာအေးစေတီ ဘုန်းကြီးကျောင်းဘက်က မြင်ရတဲ့ စိုက်ခင်းလှလှနဲ့ ရွာလေး

ကိုရင်လေးကျောင်း

ဒီကမ္ဘာအေးစေတီနဲ့ သိပ်မဝေးတဲ့နေရာမှာပဲ အဲန် လူမျိုး ရွာလေးတွေ ဖြတ်ပြီးသွားရင် ဟင်္သာပုံ တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းကိုလည်း ခရီးသွားတွေ လာရောက်ဖူးမြော်ကြတယ်။ ဘုန်းတော်ကြီး စာသင်ကျောင်းလို့ ဆိုရအောင် အထဲမှာ ကိုရင်တွေကို စာသင်နေတာ တွေ့ရတယ်။ သင်္ဘောပုံစံ တည်ဆောက်ထားပြီး နောက်မှာ ဟင်္သာအမြီး နဲ့ ရှေ့မှာ ဟင်္သာခေါင်းကို သေချာလုပ်ပြီး ဘုရားစေတီတွေ တည်ထားတယ်။ ဘေးမှာ ချောင်းလေးဆင်းနေတော့ ဟင်္သာငှက် ရေထဲမှာ ကူးနေပုံနဲ့တူနေပါတယ်။ ဘေးမှာက စိုက်ခင်းတွေကလည်း လှလွန်းလို့ လာတဲ့ခရီးဝေးကို မေ့သွားစေတယ်။


ဝပ်အင်းဘုန်းကြီးကျောင်း

ဝပ်အင်းဘုန်းကြီးကျောင်းကတော့ ဂုံရှမ်းတို့ ရိုးရာဟန်နဲ့ တည်ဆောက်ထားတဲ့ ကျောင်းကြီးပါ။ နှစ်ပေါင်း ၆၀၀ ကျော်ရှိတဲ့ ရှေးဟောင်း ဘုန်းကြီးကျောင်းလို့ သိရပါတယ်။ အတွင်းဘက်က ထူးခြားတဲ့ လက်ရာတွေကို တံခါး၊ မျက်နှာကျက်၊ နံရံ၊ ပြတင်းပေါက်တွေက အစ တွေ့ကြရမယ်။ ဘုရားကြီးရှိတဲ့ အခန်းကို မရောက်ခင် အဝင်ပေါက်နဲ့ အတွင်းခန်းကြား နေရာလွတ်လေးမှာ စည်ကြီးတစ်ခုကိုလည်း ထားထားတာ တွေ့တယ်။ ဒီမှာက ဘုရားတွေမှာ ခေါင်းလောင်းလည်းထားသလို၊ စည်ကြီး (ဗုံ) တွေလည်းထားတယ်။ မောင်းတွေလည်းထားတယ်။ ထူးခြားမှုတစ်ခုလို့ ဆိုရမယ်။ ဝပ်အင်းဘုန်းကြီးကျောင်းကို ပြီးခဲ့တဲ့ တစ်ခေါက်က အတွင်းပိုင်းထိ မဝင်ဖြစ်ခဲ့ဘူး။ ဒီတစ်ခေါက်တော့ သေသေချာချာ ဘုရားဆင်းတုတော် အနောက်ဘက်ထိ ဝင်ကြည့်တော့မှာ ပိုက်ဆံထည့်တဲ့ ထူးခြားတဲ့ အပေါက်ရှိတဲ့နေရာတွေကိုပါ တွေ့ခဲ့ရတယ်။ ဒီ ဝပ်အင်းဘုန်းကြီးကျောင်းဝန်းထဲက အဆောင်တွေဟာလည်း ဓါတ်ပုံရိုက်လိုသူတွေအတွက် အတော်လှတဲ့ အနေအထားရှိတယ်။


ပါလျန်တံခါး

မြို့တွင်းမှာပဲ ရှိနေပြီး သွားလာရ လွယ်ကူတဲ့ နေရာမှာ ယနေ့တိုင်လည်း အသုံးပြုနေဆဲ ရှေးမြို့ရိုးဟောင်း ဖြစ်ပါတယ်။ အေဒီ ၁၈၁၉ တုန်းက တည်ဆောက်ခဲ့တဲ့ တံခါးဂိတ်ဖြစ်ပါတယ်။ ကျိုင်းတုံရဲ့ တံခါး ၁၂ ပေါက်မှာ ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော တံခါးအဖြစ် ဆိုကြပါတယ်။ ကျွန်တော်တော့ ဒီပါလျန်တံတားပဲ ရောက်ခဲ့ပါတယ်။ တချို့ကလည်း တံခါးက နောက်ထပ် နှစ်ခုရှိသေးတယ်လို့ ဆိုပါတယ်။ တစ်ခုက အထက်တန်းကျောင်း အမှတ် (၃) နားမှာဖြစ်ပြီး တစ်ခုက လေယာဉ်ကွင်းဘက်သွားတဲ့လမ်း ကုန်းဆင်းတစ်ခု ဆိုင်ခန်းတွေနဲ့ နေရာတစ်ခုလို့ ဆိုပါတယ်။ ကျွန်တော်တော့ မမြင်ဖြစ်ခဲ့ပါဘူး ခင်ဗျာ။ ပါလျန်တံခါးဟာ သိပ်ပြီး ထူးမခြားပေမဲ့ ရှေးအဆောက်အဦးတစ်ခုအဖြစ် အသိအမှတ်ပြုစရာပါ။ ဒေသရဲ့ အထိမ်းအမှတ်လို့လည်း ခေါ်ဆိုနိုင်မယ်ထင်ပါတယ်။ ပါလျန်တံခါးနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က အုပ်ချုပ်ခဲ့တဲ့ စော်ဘွားကြီး စဝ်မဟာခနန် လက်ထက်မှာ တည်ဆောက်ခဲ့တယ် လို့ဆိုပြီး၊ ဒါဟာ ဘိုးတော်ဘုရားခေတ် လို့ သိရပါတယ်။ တည်ဆောက်ထားတဲ့ လက်ရာအားဖြင့်တော့ အဲ့ဒီနှစ်ထက် နှစ်ပေါင်းများစွာစောတဲ့ တူနီးရှားက လက်ရာတချို့နဲ့ ပုံစံတူနေပါတယ်။ ဖြစ်နိုင်ချေကတော့ အိန္ဒိယအင်ဂျင်နီယာကြီးရဲ့ တည်ဆောက်ပုံကြောင့် ခုလို တူသွားတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။


ကျိုင်းတုံရေပူစမ်း

ကျိုင်းတုံမြို့ကနေ အရှေ့တောင်ဘက် ကားလမ်းအတိုင်း လာရင် ခြောက်ကီလိုမီတာလောက်အကွာမှာ ရေပူစမ်းရောက်ပါတယ်။ ရေပူစမ်းသွားတဲ့လမ်းက မိုးတွင်းမှာ နည်းနည်းဆိုးပါတယ်။ မြေသားလမ်းဖြစ်လို့ပါ။ သွားရတာ နည်းနည်းလှမ်းပေမဲ့ ရှုခင်းလေးတွေလှတော့ ကျေနပ်စရာကောင်းပါတယ်။ ရေပူစမ်းက သိပ်ပြီး သန့်ရှင်းနေတာမျိုးတော့ မရှိပါဘူး။ Private ခန်းတွေနဲ့ ချိုးရတဲ့ သဘောပါ။ အပြင်မှာ ချိုးဖို့ ကန်မရှိပါဘူး။ ရှိတဲ့ ကန်ကလည်း ရေတွေ အရမ်းပူပါတယ်။ ကန်အကြီးတစ်ကန်ကို အုတ်တံတိုင်းခတ်ထားပြီး ကန်အသေးကိုတော့ ဒီအတိုင်းဖွင့်ထားပေးပါတယ်။ စားသောက်တန်းနဲ့ နားနေဆောင်တွေရှိတယ်။ မြက်ခင်းကျယ်ကြီးရှိတယ်။ အပန်းဖြေလာသူများရင် ဒီမြက်ခင်းနေရာတွေတောင် ပြည့်ကျပ်နေတတ်ပါတယ်။ ရာသီဥတု အေးတဲ့ ဆောင်းတွင်းလိုကာလတွေမှာ လာပြီးအပန်းဖြေကြတာများပါတယ်။ စားသောက်ဆိုင်တန်းတွေက အစားအသောက်မှာတယ်။ ကြက်ဥခြင်းဝယ်တယ် (တစ်ခြင်းကို ၅ လုံးလောက်ပါပြီး တစ်ထောင်ကျပ်ပေးရတယ်)။ ဒါဆို ဖျာလေးတွေ ငှားပေးတယ်။ ဖျာလေးတွေ ယူပြီး မြက်ခင်းမှာ ခင်းနားကြတယ်။


ကျိုင်းတုံဘူတာ

ရထားဆွဲမယ်ဆိုပြီး ဖွင့်ပွဲတွေလုပ်ခဲ့ပေမဲ့ လက်တွေ့ မဆွဲနိုင်ခဲ့တဲ့ ကျိုင်းတုံဘူတာ က လေ့လာစရာ မရှိပေမဲ့ ခရီးသွားဓါတ်ပုံရိုက်လိုသူတွေအတွက် ဆက်တင်ကောင်းကောင်း ဖြစ်နိုင်တာတော့ အသေအချာပါပဲ။ ကျိုင်းတုံ တက္ကသိုလ်နဲ့ အနီးမဝေးမှာ တည်ရှိပါတယ်။ ဘူတာကိုတော့ ပိတ်ထားပြီး အနီးအနားမှာ ရထားတွဲ အပျက် ၃ တွဲ ဟာ ဓါတ်ပုံရိုက်ဖို့ အနေအထားကောင်းမှာ ရှိပါတယ်။ မသိရင် Train to Busan ဇာတ်ဝင်ခန်းလိုလိုပါပဲ။ ကြားရတာတော့ နောက်ဆို ဒီနေရာကို အဝေးပြေးကားကြီးကွင်း လုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရကြားရပါတယ်။


ဗုဒ္ဓဥယျာဉ်နဲ့ ကဗျာသင်္ချိုင်း

မြို့ခံ မိတ်ဆွေရဲ့ ဆိုင်ကယ်နဲ့ တစ်နာရီကျော်ကျော် သွားရတဲ့ ပန်ကွဲရွာက ဗုဒ္ဓဥယျာဉ်နဲ့ ကဗျာသင်္ချိုင်းဟာလည်း မသွားမဖြစ် ရောက်သင့်တဲ့နေရာအဖြစ် ညွှန်းဆိုချင်ပါတယ်။ ခုလိုချိန်သွားရင် လယ်ကွင်းစိမ်းစိမ်းလေးတွေ ဖြတ်ပြီး သွားရတာမို့ ပျင်းစရာ သိပ်မရှိဘူး။ ဟိုရောက်ရင် အဖြူရောင်အဆင်းနဲ့ ဗုဒ္ဓရုပ်ပွားတော် အကြီးကြီး ကို အံ့မခန်းဖူးမြင်ရမယ်။ အတော် သပ္ပါယ်တယ်။ အမြင့်ကြီးမှာ တည်ထားတာမို့ ရုပ်ပွားတော်က ပိုပြီး ကြီးလို့မြင့်နေတယ်။ အဲ့ဒီနေရာကနေ ဆက်တက်သွားရင် တောင်စခန်းဥယျာဉ်လေးတစ်ခုလို ရေတံခွန်၊ ရေကန်တွေနဲ့ ဘုန်းကြီးကျောင်းကိုတွေ့မယ်။ အဲ့ဒီကနေ ဆက်တက်ပြီး တောင်ပေါ်ရောက်ရင် သိပ်လှတဲ့ ကဗျာသင်္ချိုင်းဆိုတာတွေ့မယ်။ ဝစီပိတ်ဆရာတော်ရဲ့ စိတ်ကူးကို တစ်ဦးတစ်ယောက်က အကော်အထည်ဖော်ပေးတာလို့ ဆိုတယ်။ နှင်းဆီပန်းပင်လေးတွေ အစုလိုက် အစုလိုက် လှနေတယ်။ ဘုရားဆင်းတုတော်တွေလည်း သူ့တန်ဆောင်းနဲ့သူ ရှိနေသလို ထူးခြားတာက ကဗျာကောင်း စာကောင်းလေးတွေကို ကျောက်ပြာပေါ်ရေးထိုးပြီး အုတ်ဂူပုံစံ အုတ်တုံးလေးတွေပေါ် တင်ပေးထားတာပဲ။ ကျွန်တော် အတော်များများ ဖတ်ကြည့်ဖတ်တယ်။ တချို့က ဘာသာရေးကဗျာလေးတွေ၊ တချို့က မျိုးချစ်စိတ်နဲ့ဆိုင်တာလေးတွေ၊ တချို့က ဘဝအတွေးအခေါ်၊ တချို့ကိုတော့ ရှမ်းဘာသာနဲ့ ရေးထိုးထားတယ်။ ဒီဂူလေးတွေအပြင် နံရံတွေမှာပါ ချိတ်ထားတာက အတော် လိုက်ဖက်နှစ်လိုဖွယ်ဖြစ်နေတယ်။ ကျိုင်းတုံမှာ သဘောအကျဆုံးနေရာတွေထဲက တစ်ခုလို့ ဆိုပါရစေ။


စော်ဘွားအုတ်ဂူ

စော်ဘွားဈေးနေ့မှာသာ ဒီအုတ်ဂူရှိရာ သင်္ချိုင်းကို ဖွင့်တယ်လို့ ဆိုကြတဲ့ စော်ဘွားအုတ်ဂူက ဈေးတန်းကြီးလမ်းမှာ ရှိနေပါတယ်။ အတွင်းကို ဝင်လေ့လာဖို့ ခက်ပါတယ်။ တစ်နှစ်မှာ တစ်ရက်လောက်ပဲ ဖွင့်တယ်လို့ သိရပါတယ်။ စော်ဘွားဈေးပွဲတော်ကာလမှာတော့ ဒီနေရာဟာ အတော်စည်ကားတဲ့ နေရာဖြစ်သွားပါတယ်။ အမြဲလိုလို ဖွင့်ပေးနိုင်ရင် လာတဲ့ ခရီးသွားတွေလည်း လေ့လာစရာ ရတာပေါ့။ ဒီစော်ဘွားကြီးအုတ်ဂူရဲ့ အထွတ်ကိုလည်း ကြည့်လိုက်ရင် အိန္ဒိယလက်ရာတစ်ခုလို့ မှန်းဆနိုင်ပါလိမ့်မယ်။ ပါလျန်တံခါး တည်ဆောက်ခဲ့တဲ့ အိန္ဒိယအင်ဂျင်နီယာရဲ့ လက်ရာလို့ပဲ ယူဆရပြီး တူနီးရှားက အဆောက်အဦးပုံစံနဲ့ တူနေတာကိုလည်း ခံစားရပါလိမ့်မယ်။


ကျိုင်းတုံရေတံခွန်

မနှစ်က မရောက်ဖြစ်ခဲ့တာ ပိုကောင်းတယ် ဆိုရမလားဘဲ။ ဒီနှစ် အတော်လေး ပြောင်းလဲ ပြုပြင်ထားတယ်။ အဆင့်မြှင့်ထားတာ သဘောကျမိတယ်။ မြို့ကနေ မိုင်းယန်းလမ်းအတိုင်း ဆိုင်ကယ် နာရီဝက်လောက်မောင်းပြီး သွားရင်ရောက်တဲ့ ဟိုယန်းရွာလေးရှိတယ်။ အဲ့ဒီမှာ ကျိုင်းတုံ ရေတံခွန်သို့ ဆိုတဲ့ ဆိုင်းဘုတ်က မြင်သာတယ်။ အဲ့ဒီလမ်းညွှန်အတိုင်း အတွင်းကို ဆက်ဝင်သွားရင် နောက်ထပ် မိနစ် ၂၀ လောက် ထပ်မောင်းရသေးတယ်။ မြို့နဲ့ဆို ၁၀ မိုင်လောက် ဝေးတယ်ပေါ့လေ။ ဒါပေမဲ့ လမ်းက အတော်လှပြီး လှေကားထစ်စိုက်ခင်းတွေ တောင်တွေနဲ့ သွားရတယ် မပျင်းရဘူး။ လမ်းကြမ်းလို့ နည်းနည်းတော့ သတိထားရတယ်။ ဒီလောက်ပဲ။ အဝင်ဂိတ်ရောက်တာနဲ့ အတော်လှတယ်ဆိုတာ ခံစားလိုက်ရမှာ။ ဝင်ကြေးရှိပါတယ်။ လူတစ်ဦး ၁၀၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ်ပါ။ ဆိုင်ကယ် က ၅၀၀ ကျပ်နဲ့ ကားက ၁၀၀၀ ကျပ် ပေးရပါတယ်။ ဒါပေမဲ့ တန်တယ် ပြောရမယ်။ အတွင်းမှာ Landscaping ကို ထိုင်းက ပညာရှင်တွေနဲ့ လုပ်ထားတယ်လို့ သိရတယ်။ အတော်လေးလည်း သေသပ်တာမို့ ဖြစ်နိုင်တယ် တွေးမိပါတယ်။ ကျိုင်းတုံလို နေရာမျိုးမှာ ဒီလို အဆင့်မြင့်အပန်းဖြေစခန်းတွေ ရှိသင့်တယ်လို့ ယူဆမိတယ်။ ပန်းစိုက်ပျိုးတာ၊ သစ်ပင်စိုက်ပျိုးတာတွေ စနစ်ကျပြီး ခေတ်မီပါတယ်။ ရေတံခွန်က ရေကျတာ နည်းနေသေးတယ်။ ရေဆင်းတာနည်းလို့ အောက်က ချောင်းမှာ ရေကစားဖို့ သိပ်အဆင်မပြေသေးဘူး။ အရင်က ဒီရေတံခွန်ကို (၇) ထပ်ရေတံခွန်လို့ ခေါ်ခဲ့ကြတာ။ ရေတံခွန်စောင့်နတ် ရှိတယ်တော့ ပြောပါတယ်။ နတ်စင်လို ဟာမျိုးလေး လုပ်ထားတာလည်း အပေါ်တစ်ထပ်မှာ တွေ့လိုက်ရတယ်။ ဟိုးတုန်းကတော့ ဒီအနီးဝန်းကျင်က ရွာတွေမှာ အလှူပွဲတွေ ရှိရင် လိုအပ်တဲ့ အိုးစည်ဗုံမောင်း နဲ့ ပန်းကန်ခွက်ယောက်တွေကို ရွာက အမျိုးသား နဲ့ အမျိုးသမီး (၇) ဦးစီ သွားပြီး ပူဇော်တောင်းခံရင် ရေတံခွန်ရှေ့က ကျောက်တုံးကြီးပေါ်မှာ အသင့်ထားပေးတတ်တယ်တဲ့။ သုံးပြီးရင်တော့ အဲ့ဒီကျောက်တုံးပေါ် ပြန်လာထားပေးရတယ်လို့ သိရပါတယ်။ ရာသီဥတု အပြောင်းအလဲ ဖြစ်မယ်ဆိုရင်လည်း ကြိုတင်သတိပေး အသံမြည်တယ်လို့ ဆိုရိုးရှိပါတယ်။ အဲ့ဒီက ကော်ဖီဆိုင်လေးကလည်း ချစ်စရာလေး။ ထိုင်းက ဆိုင်တွေလိုပဲ လှတယ်။ နှင်းဆီခင်းလမ်းလေးလည်း မိုက်သလို၊ ရှုခင်းသာ ကြည့်ဖို့ View Point ကို တက်သွားလို့ရသေးတယ်။ အဲ့ဒီကနေ လှေကားထစ်စိုက်ခင်းတွေနဲ့ သိပ်လှတဲ့သဘာဝအလှကို ခံစားနိုင်ဦးမယ်လေ။


မြို့ထဲက ဝန်းကျင်က ၈၀/၉၀ စတိုင်များ

ဘယ်မှ မသွားချင်ရင်တောင် မြို့ထဲတစ်ဝိုက် ဟိုသွားဒီသွားဆို ၈၀၊ ၉၀ ခုနှစ်များတုန်းက စာလုံးဒီဇိုင်း အပြင်အဆင်တွေနဲ့ ဆိုင်းဘုတ်လေးတွေရှိတဲ့ ဈေးဆိုင်တွေ၊ ဆံသဆိုင်တွေ၊ အဆောက်အဦးတွေနဲ့ ဓါတ်ပုံရိုက်လို့ရဦးမယ်ဗျ။ ကျွန်တော်တောင် ဦးကျော်သူ ငယ်ငယ်က စတိုင်မျိုးလေး ဂျင်းအင်္ကျီနဲ့ လွယ်အိတ်လေးလွယ်ပြီး လျှောက်ရိုက်ထားသေးတယ်။


RCM ရိုမန်ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း

ရပ်တော်မူ ဘုရားကြီးနဲ့ ဝန်းချင်းကပ်လျက် ရှိနေတဲ့ ရှေးဘုရားကျောင်းကြီးပါ။ နှစ်ပေါင်း ရာချီနေပြီလို့လည်း သိရပါတယ်။ ဒီဘုရားကျောင်းကြီးရဲ့ အတွင်းမှာတော့ အတော်လှပတဲ့ ဖွဲ့စည်းမှုရှိတယ်ဆိုပေမဲ့ ကျွန်တော် ဝင်ရောက်လေ့လာခွင့်မရခဲ့ပါဘူး။ စည်းကမ်းလည်း ကြီးပုံရပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာတောင် နိုင်ငံခြားသားတချို့ လမ်းညွှန်နဲ့ ဘုရားကျောင်းကြီးကို အပြင်ကနေ ပတ်ကြည့်နေတာ တွေ့ခဲ့ရပါတယ်။


ဧမာနွေလ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း

နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ ဧမာနွေလ ဘုရားကျောင်းဆီ အလည်ရောက်ဖြစ်ခဲ့ပါတယ်။


တိုင်းရင်းသား ရွာများ

ကျိုင်းတုံကနေ တစ်နာရီ၊ နာရီဝက် ဝန်းကျင်သွားတာနဲ့ ရောက်နိုင်မဲ့ တိုင်းရင်းသား ရွာလေးတွေကလည်း စိတ်ဝင်စားစရာပါ။ ကျွန်တော်လည်း ရေးထားပြီးပါပြီ။ အဲန်ရွာ၊ အာခါရွာ၊ လားဟူရွာ၊ ပလောင်ရွာ၊ ရှမ်းရွာ စသဖြင့် ရွာလေးတွေ လေ့လာစရာ များပါတယ်။ နိုင်ငံခြားသားတွေကတော့ Trekking လုပ်ကြတာများတယ်။ မြန်မာတွေကတော့ ဆိုင်ကယ်နဲ့ သွားကြပါတယ်။


ပန်လော့ရွာ

ဒီရွာက ပန်ကွဲရွာကို သွားတဲ့အခါ (တာချီလိတ်ဘက်) လမ်းမှာ ဖြတ်သွားရတာပါ။ ဒီရွာဟာ ဆန်အရက်ချက်တာမို့ ရွာကဖြတ်သွားရင် ချဉ်နံ့လေးတစ်မျိုးရပါတယ်။ ဒီစပါးအရက်ကို ခရီးသွားတွေရော ဒေသခံတွေပါ နှစ်သက်ကြပါတယ်။ အထားလည်းခံတယ်လို့ သိရတယ်။ တချို့လည်း ပုလင်းလိုက်ဝယ်ပြီး အပြန်လက်ဆောင်ယူကြတယ်တဲ့။ ကျွန်တော်ကတော့ အလုပ်ကိစ္စကြောင့် သောက်ခွင့်မရလိုက်ဘူး။


ကျိုင်းတုံမှာ စားချင်စရာ

ကျွန်တော် ကျိုင်းတုံကို အကြိုက်ဆုံးအချက်က အစားအသောက်ကောင်းလွန်းလို့ပဲ။ တစ်ခုသတိထားမိတာကတော့ အချိုမုန့် အရမ်းသုံးလွန်းတာပဲ။ ငရုတ်သီးမုန့်ကို အချိုမှုန့်နဲ့ ရောပြီး တို့စားဖို့ ချပေးတာကို မြင်လိုက်ရတော့ ပိုသေချာသွားတယ်။ အချိုမှုန့်နဲ့ မတည့်တဲ့သူတွေကတော့ သတိပိုထားသင့်တယ်။ ရန်ကုန်က စားဖိုမှုးမိတ်ဆွေတစ်ယောက်ကတော့ အချိုမှုန့်နဲ့ သိပ်အဆင်မပြေရှာတော့ အစားတွေ စားပြီးညဘက် ဆေးခန်းပြေးလိုက်ရတယ်။ ကိုယ်တွေကတော့ အေးဆေးပဲ။


မနက်စာ ကောင်းကောင်းစားဖို့ ကျိုင်းတုံမြို့မဈေးကြီး ရှိတယ်။ ဈေးလည်း အတော်သက်သာပြီး စုံတယ်။ ဝက်သားလုံးခေါက်ဆွဲ၊ အမဲလုံးခေါက်ဆွဲ၊ ကျိုင်းတုံဝက်အူချောင်း၊ ထမင်းပေါင်း၊ ဝက်ခြေထောက်ခေါက်ဆွဲ၊ ရွှေရင်အေး၊ ကျောက်ကျော၊ ကောက်ညှင်း၊ ကြက်ဥပေါင်း၊ ဝါးပိုးကြော်၊ ရှမ်းရေညှိ၊ တို့ဟူး အစုံပါပဲ။


တို့ဟူးနွေး ကောင်းတာက နောင်တုံကန် နားမှာ ညနေပိုင်းပဲ ဖွင့်တယ်။ ဆိုင်နာမည်မရှိဘူး။ ဒီတစ်ဆိုင်ပဲ ရှိလို့ ရှာရတော့လွယ်ပါတယ်။ အီကြာကွေးနဲ့ ရောင်းတာ။ ဈေးလည်းအတော်သက်သာတယ်။


ပါဆွတ် ၅၀ တန် ဝက်သားကင်ဆိုင် ကလည်း ဒီမှာ နာမည်ကြီးတယ်။ တောင်ပံကင်၊ ငါးကင်တွေလည်းရတယ်။ ဒီဆိုင်ရဲ့ ၅၀ တန်အကင်ကတော့ အတော်အရသာရှိလို့ ကျွန်တော် နေခဲ့တဲ့ ရက်ပိုင်းအတွင်း ညနေတိုင်းလိုလို လာစားဖြစ်တယ်။ နောင်ခမ်းကန်နား လေယာဉ်ကွင်းလမ်းပေါ်မှာ ရှိပါတယ်။


ကျိုင်းခုံရပ်ကွက် က ဈေးတန်းလေးကလည်း နာမည်ကြီးပါတယ်။ Google Maps မှာ ရှာရလွယ်တယ်။ ဒီမှာ ခေါက်ဆွဲခလ်ပ် နဲ့ ကြက်ဥပေါင်း လာစားကြတယ်။ အကင်တွေလည်းရတယ်။ ဒီက အကင်ကတော့ ၂၀၀ ကျပ် ဝန်းကျင်ရှိတယ်။ ခေါက်ဆွဲခလ်ပ်ဆိုတာ ဖက်ထုပ်အကြီးစားလို့ ဆိုရမလားဘဲ။ ဒီ့ထက်ကောင်းတဲ့ နေရာလည်းရှိသေးပေမဲ့ ဒီတစ်ခေါက်ကို ဒီနေရာပဲ ကြုံဖြစ်လိုက်တယ်။


ညဘက် အပန်းဖြေစရာ လောက်ပန်ဆိုင် ကတော့ လူငယ်ကြိုက်ပေါ့။ ဆိုင်အမည်က ငွေမိုး ထင်ပါတယ်။ သူ့ဆီက အအေး နဲ့ ကော့တေးလ် က နာမည်ကြီးတယ်။ တကယ်လည်း သောက်လို့ကောင်းတယ်။ ထည့်ပေးတဲ့ ချိုင့်ကတော့ သိပ်ကဗျာမဆန်ဘူး။ ကလေးတွေ သင်္ကြန်ရေဆော့တဲ့ ကော်ပုံးအသေးလေးနဲ့။ ကော့တေးလ်ကို ဇွန်းနဲ့ခပ်ပြီး ကိုယ့်ခွက်သေးလေးထဲ ထည့်သောက်ရတယ်။ ဒါပေမဲ့ သူ့ဒေသနဲ့သူတော့ ဟုတ်နေတာပဲ။ အရသာရှိတယ်။ မူးတယ်။ ဒီက အသားကင်တွေလည်း စားလို့သိပ်ကောင်းတယ်။ အရက်မပါဘဲ မော့တေးလ်ဖျော်ခိုင်းလည်း ရတယ်။ ညနေဆို လူငယ်တွေ အများဆုံးလာကြတဲ့ ဆိုင်ပါပဲ။


အမဲလုံးခေါက်ဆွဲဆိုရင် ရွှေကမ္ဘာဟိုတယ်နားက ဟာကို ညွှန်းကြတာများတယ်။ ရွှေကမ္ဘာဟိုတယ်နားက ဆိုင်ကို သွားစားကြည့်တာ သိပ်သဘောမကျလှဘူး။ ကျွန်တော်ကြိုက်တာက နောင်ခမ်းကန် နောက်ဘက်မြေလမ်းပေါ်က ဖွင့်ထားတဲ့ ဆိုင်။ သူ့ဆီသွားရတာ ချောင်ကျသလိုရှိပေမဲ့ သူ့လက်ရာကို ပိုကြိုက်တယ်။ ဦးပေါက်စီ အသားလုံးဆိုင် ဆိုလားပဲ။ ပြီးတော့ သာသနာ့ဗိမ္ဗာန်နောက်က အမဲလုံးဆိုင်လည်း ကောင်းတယ် ပြောပါတယ်။


ကော်ဖီဆိုင်ဆိုရင် Café 21 ရယ်၊ Jin Café ရယ် နောင်တုံကန်နားက Glory 21 Cafe ရယ်ကို သဘောကျမိတယ်။ Café 21 က ဓါတ်ပုံရိုက်လို့လည်း လှတယ်။ ကော်ဖီဆိုင်ထဲမှာ ထိုင်လို့ကောင်းပြီး ရှုခင်းလည်းကောင်း၊ လားဟူဝတ်စုံလေးတွေ ငှားပြီး ဓါတ်ပုံရိုက်လို့လည်းရတဲ့ Mountain View ဆိုင်ကိုလည်း ညွှန်းချင်သေးတယ်။ သူက တာချီလိတ်သွားတဲ့ လမ်းပေါ် ပန်လော့ရွာမရောက်ခင်လေးမှာ ရှိတာ၊ ကျိုင်းတုံမြို့ပြင်ဘက်ပေါ့။


ငါးလေးမျှားရင်း သဘာဝကို ခံစားမယ်။ ရေကန်လေးနဲ့ တဲလေးတွေနဲ့ ရိုးရာအစားအစာစားချင်ရင် မိုင်းလားလမ်းပေါ်ကနေ ချိုးဝင်သွားရတဲ့ စိုင်းယီဆိုင် လည်း ရှိသေးတယ်။ လူငယ်အကြိုက်ပဲ။ ဒီမှာ နာမည်ကြီးတာတော့ ကြက်ကောက်ရိုးကင် ပါ။ အတော်စားကောင်းပါတယ်။


ဟော့ပေါ့စားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး NCY ဟော့ပေါ့ ရှိတယ်။ ဖွင့်တာ မကြာသေးဘူး။ အရသာ မဆိုးဘူး။ ဈေးတော့ ကျိုင်းတုံအတွက်ဆိုရင် တခြားနဲ့ယှဉ်တော့ အတော်ကြီးတယ်။


နောင်တုံကန်ဝန်းကျင်မှာ စားသောက်ဆိုင်ကောင်းတွေများပြီး ညဘက်စည်ကားတာလည်း ဒီဝန်းကျင်ပါပဲ။

ဗုဒ္ဓဥယျာဉ်တောင်ခြေက ဆိုင်တန်းတွေမှာ ဝယ်လို့ရတဲ့ နို့ခြောက်လိတ် ၃၅၀၀ ကျပ်တဲ့

တည်းခိုစရာ

ကျိုင်းတုံမှာ တည်းခိုဖို့ဆိုရင် ရွှေကမ္ဘာဟိုတယ်၊ နောင်တုံဟိုတယ်။ ကျိုင်းတုံ Resort (ယခင် ဟော်နန်းနေရာ)၊ စတဲ့ ဟိုတယ်တွေ ရှိပါတယ်။ ကျွန်တော် သွားတုန်းကတော့ Amitta Hotel မှာ တည်းဖြစ်တယ်။ သူက ကျိုင်းလိန် ၁ လမ်းမှာ ရှိပါတယ်။ တက္ကသိုလ်နားက ခေမရဋ္ဌဟိုတယ် Hotel Khema Rattha လည်း အတော်အဆင်ပြေပါတယ်။


ကမ္ဘာအေးစေတီ

ဒီလောက်ဆို ကျိုင်းတုံအကြောင်းက အတော်စုံပြီထင်ပါတယ်။ ကျိုင်းတုံဟာ ရာသီဥတု၊ လူနေထိုင်မှု၊ အစားအသောက် အားလုံး ကျွန်တော်သဘောကျတဲ့အရပ်ဒေသမို့ တစ်ချိန်တော့ သေချာပေါက်ထပ်လာပါဦးမဲ့နေရာဆိုတာ အသေအချာပါပဲဗျာ။

ဒီကျိုင်းတုံခရီးစဉ်မှာ ကျွန်တော့်ကို မငြီးမငြူ ကူညီပို့ဆောင်ပေးခဲ့တဲ့ ဒေသခံ မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းပြုပါတယ်ဗျ။


လွယ်မွေအကြောင်းလည်း သီးသန့် ထပ်လာပါ့မယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Nay Myo, Sai Hein Mhan, Sai Moan, Sai Sheng Sonn

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter