Search
  • Thiha Lu Lin

ဂျပန်နိုင်ငံ ရဲ့ မြို့တော် တိုကျို

Updated: Sep 11

ဂျပန်နိုင်ငံ တိုကျိုမြို့ ဆိုတာ ကျွန်တော့်ရဲ့ Bucket List ထဲက တစ်ခုပါပဲ။ ငယ်ငယ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်တစ်ခုဆိုပါတော့။ တကယ်ရောက်ဖူးသွားတဲ့အချိန်မှာလည်း အရာရာဟာ ကျွန်တော်မျှော်လင့်ခဲ့သလို ဆွဲဆောင်နိုင်လွန်းတဲ့ အရပ်ဖြစ်နေခဲ့တာ ကျေနပ်မိပါတယ်။ ဒါပေမဲ့ ဂျပန်မှာ အလုပ်လုပ်နေကြတဲ့ မိတ်ဆွေတွေကတော့ ဂျပန်က နေရကောင်းတယ်၊ အလည်လာရကောင်းတယ်။ အလုပ်လုပ်ရတာတော့ မနှိပ်ဘူးလို့ ဆိုကြတယ်။ အလုပ်ကို အရမ်းတိကျစွာ လုပ်ဆောင်ကြတဲ့လူမျိုး ဖြစ်တဲ့အပြင် အားသွန်ခွန်စိုက် လုပ်ဆောင်ကြသူများဖြစ်လို့ မနက်ဆိုလည်း အစောကြီးကတည်းက အလုပ်သွားနေကြပြီ၊ ညဆိုလည်း အတော်မှောင်မှ ပြန်လာကြတယ်။ လူစီးရထားတွေပေါ်မှာ အိပ်ငိုက်နေကြသူတွေကလည်း မနည်းဆိုတာတော့ မျက်မြင်တွေ့ခဲ့ရတာမို့ ဒီစကားကို လက်ခံပါတယ်။ ဝန်ဆောင်မှုကို သိပ်တန်ဖိုးထားကြတယ်။ ကိုယ်က ဝန်ဆောင်ပေးရရင်လည်း အကောင်းဆုံးကြိုးစား ဝန်ဆောင်မှုပေးသလို၊ ပြန်ရ ရမယ်ဟေ့ ဆိုလည်း ထိုက်ထိုက်တန်တန် ပြန်ရတာမျိုးပဲ လိုချင်ကြတော့ ဝယ်သူ့စိတ်ကြိုက်ဖြစ်ဖို့အရေး အရမ်းကြိုးစားကြရတာက ပိုပြီး ပင်ပန်းစေသလားပဲ။ ဒါပေမဲ့ ဂျပန်နိုင်ငံဟာ အလည်သွားသူတွေအတွက်ကတော့ သူတို့ဆီက ဝန်ဆောင်မှုတွေကိုချည်း ရယူစရာ ရှိလို့ သိပ်ကို ပျော်စရာကောင်းတဲ့ အရပ်ဒေသတစ်ခု ဖြစ်သွားတာပေါ့လေ။



ကျွန်တော် ဒီတစ်ခါ ဂျပန်ကို သွားခဲ့တော့ Japan Luxury Trip သီးသန့် စီစဉ်ပေးတတ်တဲ့ HIMAWARI Travels & Tours နဲ့ သွားခဲ့တာ ဖြစ်ပါတယ်။ တိုကျို နဲ့ အနီးအပါး သီးသန့် ခရီးစဉ်ဖြစ်ပြီး ၅ ညအိပ် ၆ ရက် ခရီးစဉ်ပါ။ ဗီဇာလျှောက်ထားရာကနေ လေယာဉ်လက်မှတ်၊ လည်ပတ်သွားလာစရာ၊ နေထိုင်တည်းခိုစရာ၊ စားသောက်စရာ၊ လမ်းညွှန်၊ ကား၊ ရထား နဲ့ ဝင်ခွင့်လက်မှတ်တွေ အားလုံးအပြီးအစီးကို စိတ်ပူစရာမလိုအောင် သေသေချာချာ စီစဉ်ပေးတာ ဖြစ်ပါတယ်။ ဂျပန်က အင်္ဂလိပ်လို မပြောတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်လို့ ခုလို Tour နဲ့ သွားတာ ပိုစိတ်ချမ်းသာရတယ်လို့ ဆိုပါရစေ။ ဆက်သွယ်စုံစမ်းမယ်ဆိုရင် -

HIMAWARI Travels & Tours ဖုန်း - 09799000073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Facebook page ကတော့ HIMAWARI Travels & Tours ဖြစ်ပါတယ်။


နေအစောဆုံးထွက်တဲ့ နိုင်ငံ

ကမ္ဘာမှာ နေကို အစောဆုံးမြင်ရတဲ့ နိုင်ငံဟာ ဂျပန်နိုင်ငံတဲ့။ ကျွန်တော် လည်ခဲ့တဲ့ ဧပြီလ အတွင်းမှာ နေက မနက် ၅ နာရီ မထိုးခင်ကတည်းက ထွက်ပြီး တစ်မြို့လုံး လင်းထိန်နေပြီ။ မသိရင် ကျွန်တော်တို့ဆီက မနက် ၉ နာရီအလားပဲ။ ဒီတော့လည်း ဒါဟာ ဖြစ်နိုင်တယ်လို့ လက်ခံမိတယ်။ ဂျပန် ရဲ့ ရာသီဥတုက ခါတိုင်း ဧပြီဆို ပူနေပြီ ဆိုပေမဲ့ ဒီနှစ်တော့ ဘာတွေ ဖောက်ပြန်တယ်မသိ၊ ကျွန်တော် ရောက်မဲ့ ရက်တွေမှာ နှင်းတွေလည်းကျ၊ ရာသီဥတုကလည်း အေးနဲ့ အနွေးထည် မယူသွားမိတဲ့ ကျွန်တော့်အတွက်တော့ အတော်ဒုက္ခများသွားတယ်။


ဂျပန်ကို သွားလည်ဖို့ အသင့်ဆုံး အချိန်တွေကတော့ မတ်လ ကနေ မေလ (နွေဦးနှောင်းပိုင်း) နဲ့ စက်တင်ဘာ ကနေ နိုဝင်ဘာလ (ဆောင်းဦးနှောင်းပိုင်း) အချိန်တွေပါ။ ရာသီဥတု အဆင်ပြေတယ်။ မပူမအေး နဲ့ ကောင်းကင်လည်း ကြည်လင်တယ်။ မိုးတော့ ရံဖန်ရံခါ ရွာတတ်ပေမဲ့ ဒီရာသီက အဆင်အပြေဆုံးပဲ။ ဂျပန်ဟာ နွေဆိုလည်း ပူပြီး ဆောင်းဆိုလည်း အတော်အေးတဲ့ အတွက် ကျွန်တော်တို့ နိုင်ငံနဲ့ ကိုက်တဲ့ ဒီအချိန်တွေက ရာသီဥတုမျိုးဆို လည်ပတ်ရ အကောင်းဆုံးပါ။ ချယ်ရီပွင့်တတ်တာကတော့ မတ်လ ကနေ မေလ အတွင်းဖြစ်ပါတယ်။


တိုကျိုမသွားခင် သိသင့်တဲ့ အချက်များ

(၁) SIM Card အစား Wifi Device လေးတွေ ငှားတာ ပိုအဆင်ပြေပါတယ်။ ဒါပေမဲ့ ပြန်ရင် လေဆိပ်က စာတိုက်ပုံးထဲ ငှားထားတဲ့ စက်ကို သေချာ ပြန်ပေးဖို့ လိုတယ်။ မဟုတ်ရင် အပေါင်ထားခဲ့တဲ့ Credit Card ထဲကနေ ဒါဏ်ကြေးနဲ့ စက်ပြန်မပေး မချင်းတက်နေမဲ့ ငွေသားပမာဏတွေ အဆများစွာ ပေးရတတ်တယ်။ လေဆိပ်ဆိုင်က SIM Card ဝယ်ရင် အင်တာနက် ဒေတာရတဲ့ ပမာဏ နည်းတယ်။ စက်ကနေ SIM Card ဝယ်ရင်တော့ ဒေတာပမာဏ ပိုများများရတတ်တယ်။ ဒါပေမဲ့ စက်ကနေ ဘယ်လို ဝယ်ရသလဲဆိုတာ သိဖို့ ကြိုးစားရဦးမယ်။


(၂) ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရင် Public Transportation တွေဖြစ်တဲ့ ရထား၊ ကား စတာတွေပဲ သုံးပါ။ တက္ကစီက ဈေးအရမ်းကြီးပါတယ်။ လက်မှတ်ကို စက်ကနေ ဝယ်တတ်အောင်လည်း ကြိုးစားဖို့တော့ လိုအပ်သလို၊ လိုင်းတွေကို အရောင်တွေနဲ့ ခွဲခြားထားတာကိုလည်း နားလည်ဖို့ ကြိုးစားရပါမယ်။


(၃) ရထား၊ ကား စီးနေတုန်းမှာ ကိုယ့်ရဲ့ ဖုန်းကို အသံပိတ်ထားပါ။ Silent Mode ထားဖို့ လိုပါမယ်။


(၄) ဂျပန်ကလူတွေ စားလေ့ရှိတဲ့ ဆိုင်တွေမှာ စားတာက ဈေးပိုသက်သာတတ်တယ်။ ဒါပေမဲ့ စကားသိပ်မပေါက်တာမျိုး ကြုံရနိုင်တယ်။ အင်္ဂလိပ်စကား အများစု မပြောကြပါဘူး။


(၅) အမှိုက်ပစ်ရင် သေချာ ပစ်ပါ။ အမှိုက်ပုံးကလည်း အမှိုက်အမျိုးအစားအလိုက် ခွဲထားပြီး ၃ပုံးလောက်ချထားတာမို့လို့ ကိုယ်ပစ်မဲ့ အမှိုက်က ဘယ်ပုံးထဲ ထည့်ရမလဲဆိုတာ သေချာရွေးပြီး ပစ်ရပါမယ်။


(၆) VoiceTra ဆိုတဲ့ App လေးနဲ့ဆို ဂျပန် - မြန်မာ (ဒါမှမဟုတ် အင်္ဂလိပ်) အပြန်အလှန်ပြောဆိုနိုင်လို့ Download ချထားသင့်ပါတယ်။


(၇) Google Maps ကြည့်တတ်အောင် ကြိုးစားသွားပါ။


(၈) သန့်စင်ခန်း တွေ နေရာအနှံ့ ရှိတတ်ပြီး အားလုံးသန့်ရှင်းပါတယ်။ အသုံးပြုခလည်း ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ယောကျ်ား က မိန်းမအိမ်သာထဲ မှားဝင်လို့ အတိုင်ခံရရင်တော့ ဒါဏ်ကြေးက ယန်း သိန်း ၃၀ လောက်အထိ ရှိတယ်လို့ သိရပါတယ်။ သတိပြုပါ။


(၉) စက်လှေကားစီးရင် ဘယ်ဘက်ကို ကပ်ပေးပါ။ အလျင်လိုသူတွေက ညာဘက်ကနေ သူ့ဟာသူ ဆက်တက်သွားပါမယ်။ ကိုယ်လည်း အလျင်လိုရင် ညာဘက်ကနေ ဆက်တိုက် တက်သွားလို့ရပါတယ်။ ကားရော၊ လမ်းရော အားလုံး ဘယ်ဘက်ကပ်သွား စနစ်ပါပဲ။


(၁၀) ဝမ်းသာစရာကောင်းတာကတော့ Tip ပေးတာ မကြိုက်ကြတာပါပဲ။ အပိုပေးတာက တရားတောင် စွဲလို့ ရနိုင်လို့ ဖြစ်နိုင်ရင် မပေးပါနဲ့။


(၁၁) လူကူးမျဉ်းကြားကပဲ ကူးပါ။ လူကူးမီးပွိုင့်ကို ကြည့်ပြီး စိမ်းမှ ကူးပါ။ လူကူးမီးပွိုင့်မရှိတဲ့နေရာမှာ ကားကို စောင့်ပေးစရာမလိုဘဲ လူက အရင်ကူးလို့ ရတာလည်း ကျေနပ်စရာတစ်ခုပါ။


(၁၂) ရထားစီး ကားစီးရင် အကူအညီလိုအပ်သူတွေထိုင်ဖို့ သီးသန့်ဖယ်ထားတဲ့ နေရာတွေကို ရှောင်ပြီး ထိုင်တာ ပိုကောင်းပါတယ်။


(၁၃) ငွေလဲနှုန်းအားဖြင့် ဒေါ်လာ ၁၀၀ ကို ယန်း ၁၀၀၀၀ ဝန်းကျင် ဖြစ်တဲ့အတွက် မြန်မာငွေနဲ့ဆို တစ်သိန်းခွဲ ကို ယန်း တစ်သောင်း ပါ။


တိုကျို နဲ့ ဝန်းကျင် လည်ပတ်စရာနေရာများ

ဒီမှာလည်း တစ်နယ်နဲ့ တစ်နယ် ကားအတော်လေးစီးပြီး သွားလည်ရတဲ့နေရာတွေ ရှိသလို၊ ရထားနဲ့ သွားမှ ပိုမြန်ပြီး အဆင်ပြေတဲ့ နေရာတွေလည်း ရှိပါတယ်။ ကျွန်တော် တိုကျိုရောက်တုန်း လည်ပတ်ဖြစ်ခဲ့တာလေးတွေကတော့ -


The Great Buddha of Kamakura

ကမာကူရ မှာ ရှိတဲ့ ကမာကူရဗုဒ္ဓရုပ်ပွားတော်ကြီး ကတော့ ဂျပန်ရောက်ရင် သွားပြီး ဖူးသင့်တဲ့ထဲမှာ ပါပါတယ်။ ကြေးရုပ်ပွားတော်ကြီးဖြစ်ပြီး အမြင့် ၁၃.၃၅ မီတာ ရှိကာ ၁၂၁ တန်ခန့် အလေးချိန်ရှိပါတယ်။ ကမာကူရခေတ်တုန်းက ထုဆစ်ခဲ့တဲ့ လက်ရာတစ်ခု ဖြစ်ပြီး ရုပ်ပွားတော် အတွင်းထဲကိုလည်း ဝင်ကြည့်နိုင်ပါသေးတယ်။ အဝင်မှာ ရေတွင်းလေးကနဲ့ ပါးစပ်နဲ့ လက် တို့ကို ဂျပန်ထုံးစံအရ သန့်စင်ပြီး ဝင်နိုင်ဖို့ ထားပေးပါတယ်။ လက်မှတ်ဝယ်ပြီး ဝင် ဖူးရတာပါ။ ကျွန်တော် ရောက်တဲ့အချိန်တော့ ဆာကူရာ (ချယ်ရီ) အတွင်းမှာ ပွင့်နေတုန်းမို့ သိပ်လှနေပါတယ်။


Hase-dera Temple

ကမာကူရ မှာပဲ ဘုရားကြီးကနေ ထွက်လို့တည့်တည့် ၁၀ မိနစ်လောက် ဆက်လျှောက်ရင် တွေ့မဲ့ ဘုရားကျောင်းဆောင် တစ်ခုကတော့ Hase-dera Temple ပါ။ ဥယျာဉ်လေးလို ပြင်ဆင်ထားတာမို့ စိတ်အပန်းလည်း ပြေစေပါတယ်။ ဝင်ကြေးပေးရပါတယ်။ အောက်ဘက်မှာ ပန်းခြံ၊ ရေကန်၊ ရေတံခွန်တွေရှိပြီး လှေကားအတိုင်း အပေါ်တက်ရင် ကျောင်းဆောင်ကို မြင်ရပါမယ်။ အဲ့ဒီကနေ ဆက်သွားရင် ရှုခင်းသာကြည့်တဲ့နေရာကို ရောက်ပါတယ်။ ရှုခင်းလည်း ကြည့်လို့ကောင်းတဲ့ နေရာတစ်ခုပါ။ ပြတိုက်တစ်ခုဆိုလည်း မမှားပါဘူး။ အဲ့ဒီမှာ ဘုန်းကြီးရုပ်ပွားတော် သေးသေးလေးတွေ အများကြီးတွေ့ရပါမယ်။ အဲ့ဒါကတော့ ကိုယ်ဝန်ပျက်ကျသွားတဲ့၊ ကလေးအဖတ်မတင်တဲ့ မိဘတွေက လာရောက်လှူဒါန်းထားတာတွေလို့ သိရပါတယ်။ နောက်ထပ်မဖြစ်ရလေအောင် ယတြာချေတဲ့သဘော ဖြစ်မယ်လို့ ယူဆမိပါတယ်။


Yokohama Chinatown

ယိုကိုဟားမား တရုတ်တန်း ကိုတော့ နိုင်ငံတကာဧည့်သည်တွေ အတော်လာကြပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ဂျပန်မှာ ရှိတဲ့ တရုတ်တန်းတွေထဲမှာ အကြီးဆုံးက ဒီ ယိုကိုဟားမားက တရုတ်တန်း ဖြစ်ပါလိမ့်မယ်။ မုခ်ဦးတွေ ဘာတွေနဲ့ အသေအချာ လုပ်ထားတာမို့ စိတ်ဝင်စားစရာပါ။ အရင်ကတော့ အဲ့ဒီက တရုတ်တွေ အတော်ဆိုးတယ် ဆိုပဲ။ ခုတော့ အားလုံးအဆင်ပြေနေပုံပါ။ ၁၈၅၀ ခုနှစ်တွေကတည်းက တရုတ်တွေ အပါအဝင် ဂျပန်အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ခဲ့တဲ့နေရာလည်း ဖြစ်နေပါတယ်။ ဆယ်စုနှစ်တစ်ခုအကြာမှာတော့ တရုတ်တွေ အတော်များများ ဒီ ယိုကိုဟားမားကို ပြောင်းရွှေ့အခြေစိုက်လာပြီး သူတို့ရဲ့ အစားအသောက်နဲ့ အသုံးအဆောင်တွေကို ရောင်းချတော့တာပါပဲ။ ယိုကိုဟားမား တရုတ်တန်းထဲမှာတော့ ပေါက်စီ က လူကြိုက်များတဲ့ အစားအစာဖြစ်နေပေမဲ့ ကျွန်တော်တို့ဆီက ပေါက်စီက ပိုအရသာရှိပါတယ်။ တရုတ်စားသောက်ဆိုင်နဲ့ အဝတ်အထည်၊ အသုံးအဆောင်ဆိုင်တွေ များပါတယ်။ အဆောက်အဦးပုံစံတွေ လှတော့ ဓါတ်ပုံရိုက်ချင် လည်ချင်စရာ ဖြစ်နေတော့တာပေါ့။


Yamashita Park

ကျွန်တော်တို့ ဒီတရုတ်တန်းကိုလာဖို့ ကားရပ်ထားခဲ့တဲ့နေရာက ရာမာရှီတာ ပန်းခြံနားက ကားပါကင်မှာပါ။ ဒီတော့ ရောက်လက်စနဲ့ ဒီပန်းခြံထဲကိုလည်း ဝင်ကြည့်ကြပါတယ်။ ပင်လယ်ကြီးရဲ့ အလှနဲ့ ပန်းခြံတစ်ခုလုံး အသက်ဝင်နေပါတယ်။ ပန်းခြံထဲကနေ ယိုကိုဟားမားတာဝါ ကြီးကိုလည်း လှမ်းမြင်ရတယ်။ တစ်ဘက်က သင်္ဘောကြီးတွေကိုလည်း မြင်ရပါတယ်။ ဒီပန်းခြံထဲမှာပဲ Hikawa Maru ဆိုတဲ့ သင်္ဘောကြီးပြတိုက်ကြီးတစ်ခု ရှိပါတယ်။ ၁၉၃၀ ကနေ ၁၉၆၀ လောက်အထိ ကုန်သွယ်ရာမှာ အသုံးပြုခဲ့တဲ့ ဒီသင်္ဘောကြီးကို ခုတော့ ပြတိုက်လုပ်ထားပါပြီ။


Asakusa မှာ ရိုးရာ ကီမိုနိုဝတ်စုံ ဝတ်မယ်

ဒီ အဆာကူဆာ မြို့နယ်ထဲမှာတော့ ချစ်စရာအိမ်ပုပုလေးတွေနဲ့ ဆိုင်ခန်းလေးတွေ ရှိတယ်။ ရှေးခေတ်ပုံစံအဆောက်အဦးလေးတွေမို့ ဂျပန်အရသာကို သေချာ ခံစားရတယ်။ ဒီကို ကျွန်တော်ကတော့ ကီမိုနို ဝတ်ကြည့်ဖို့ လာတာပါ။ ဒီမှာ ကီမိုနို ဝတ်စုံ ငှားတဲ့ဆိုင်တွေ ရှိတယ်။ အမျိုးသား အမျိုးသမီး ဝတ်စုံတွေကို ဖိနပ်အထိ ငှားနိုင်တယ်။ ကီမိုနို ငှားမယ်ဆို အရင်ဆုံး ဝတ်စုံရွေးရတယ်။ ရွေးပြီးရင် ဝတ်ဖို့အတွက် သတ်မှတ်ထားတဲ့ အခန်းထဲမှာ ဝတ်ပေးမဲ့သူ လာတဲ့အထိ စောင့်ပြီး လဲလှယ်ဝတ်ဆင်ရတယ်။ တန်ကြေးအားဖြင့် ယန်း ၄၀၀၀ လောက်ပေးရတယ်။ မနက် ၉ နာရီကနေ ညနေ ၅ နာရီလောက်အထိ ဝတ်သွားနိုင်တယ်။ ဒါပေမဲ့ ပြန်လာအပ်ရမှာ ရှုပ်တာနဲ့ ကျွန်တော်ကတော့ အဲ့ဒီနားက Senso-ji Temple မှာ ဝတ်ဖို့ပဲ စဉ်းစားပြီး ဓါတ်ပုံရိုက်တာ အားရတာနဲ့ ပြန်အပ်လိုက်ပါတယ်။ သူတို့က အင်္ဂလိပ်မပြောတတ်တော့ နည်းနည်းတော့ နားလည်မှု လွဲတတ်တယ်။ ခြေအိတ်ကိုတော့ လက်ဆောင်ပေးလိုက်ပြီး ကျန်တာကတော့ ပြန်အပ်ရပါတယ်။ အတွင်းခံအင်္ကျီ၊ အပေါ်ထပ်နှစ်ခု နဲ့ အတော်ကို ဝတ်ရခက်ခဲပြီး တစ်ယောက်ယောက် အကူအညီမပါရင် မဝတ်နိုင်မဲ့ ရိုးရာဝတ်စုံတွေပါပဲဗျာ။


Senso-Ji Temple

ဒီ Senso-Ji ဘုရားကျောင်းကတော့ နိုင်ငံခြားဧည့်သည်လာတာ များလွန်းလို့ အတော် မျက်စိနောက်စရာကောင်းတဲ့ အရပ်ပါပဲ။ မုခ်ဦးကတင် အတော်စွဲဆောင်မှု ရှိပါတယ်။ မုခ်ဦးအဝင်က မီးပုံးနီကြီးက လူတိုင်း ဓါတ်ပုံရိုက်ကြတဲ့ မင်းသမီး ပါပဲ။ ပြီးရင် အတွင်းမှာ ရှည်လျားလှသော ဈေးတန်းကြီးကို လူအများကြီးကြားတည်း ဖြတ်လျှောက်ကြရပါမယ်။ အဲ့ဒါလွန်ရင် ဘုရားကျောင်းဆောင်မုခ်ဦးကြီးတစ်ခု ထပ်တွေ့ပြီး အဲ့ဒါလွန်မှာ ဘုရားကျောင်းဆောင်ကို ရောက်ပါမယ်။ အဲ့ဒီမှာ မီးရှို့ပြာချပြီး ထွက်လာတဲ့ မီးခိုးက ကံကောင်းခြင်းတွေ ယူဆောင်လာတယ်၊ ကံဆိုးတာတွေကို ပျောက်စေတယ်လို့ ယူဆပြီး ခေါင်းကနေ ခြေအထိ အငွေ့ခံယူနေကြသူတွေကို တွေ့ရပါမယ်။ ဘေးနားဝန်းကျင်မှာ ဘုံအထပ်ထပ်နဲ့ ဘုံကျောင်းဆောင်တွေကိုလည်း တွေ့ရပါသေးတယ်။ အရင်က တခြားဘာသာဝင်တွေ မထားဘဲ သတ်ပစ်လေ့ရှိတဲ့အတွက် ဂျပန်မှာဆိုရင် တခြားဘာသာဝင်တွေရဲ့ အဆောက်အဦးတွေကို မတွေ့ရတာဟာလည်း ထူးခြားမှုတစ်ခုပါပဲ။ ကျွန်တော်ကတော့ Asakusa မှာ ဝတ်လာတဲ့ ဂျပန်ကီမိုနိုတဲ့ ဒီဘုရားကျောင်းနဲ့ လိုက်တာမို့ ဝတ်ပြီး ဓါတ်ပုံရိုက်ဖြစ်ပါတယ်။


လန်ချားစီးသူများ

အဆာကူဆာ ရောက်ရင် ဒီ Senso-Ji ဘုရားကျောင်းနဲ့အတူ အဲ့ဒီရှေ့နားတစ်ဝိုက်က လူဆွဲလန်ချားတွေလည်း စီးလေ့ရှိကြပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ မြေပုံလေးအတိုင်း လှည့်ပြပါတယ်။ လူဆွဲတာမို့ ကျွန်တော်က အားနာပြီး မစီးဖြစ်ဘူး။ သူတို့ကျတော့လည်း အဲ့လို အားနာပြီး မဆွဲရမှာစိုးလို့ ဆွဲနေတုန်းကို ပင်ပန်းပုံ တစ်ချက်မှ မပြဘဲ၊ အမြဲ ပြုံးရယ်ပြီး စကားတွေ ပြောနေကြတယ်။ နေရာဒေသအဆောက်အဦးတွေအကြောင်း ရှင်းပြကြတယ်။ အမျိုးသား အကြီး အငယ် သာမကဘူး အမျိုးသမီးတွေပါ လန်ချားဆွဲတဲ့အလုပ် လုပ်ကြတာ တွေ့ရပါတယ်။


Skytree

ဒီ အဆာကူဆာ ကနေဆို Skytree တာဝါကြီးကို နေရာအနှံ့ကနေ တွေ့ရတယ်။ ဒီဟာကြီးက တကယ်တော့ ဖုန်းတိုင်ကြီးပါ။ စဆောက်တုန်းကဆို ဒီလို ရှေးပုံစံရှိတဲ့အရပ်မှာ ဒီတာဝါကြီးက အလှဖျက်တယ်လို့ ယူဆခဲ့ကြပေမဲ့ ခုတော့ ဒီတာဝါကြီးကိုပဲ အထိမ်းအမှတ်အဆောက်အဦးတစ်ခုလို လာကြည့်သူတွေ ရှိလာတော့ မပြောကြတော့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီအပေါ်ထိ တက်ပြီး မြို့အလှကို ကြည့်နိုင်ပေမဲ့ ကျွန်တော်ကတော့ ဒီအတိုင်းသဘောကျတာကြောင့် အပေါ်မတက်ဘဲ အဆာကူဆာ မှာ လည်ပတ်ရင်းနဲ့ အဝေးကနေပဲ မှတ်တမ်းတင်ခဲ့ပါတယ်။


Odaiba

အမှိုက်ကနေ ကျွန်းဖြစ်အောင် ဖန်တီးခဲ့တဲ့ ဒီ အိုဒိုင်းဘား အရပ်မှာဆိုလည်း ခုဆို နိုင်ငံခြားသားဧည့်သည် အပြည့် ပါ။ အဲ့ဒီမှာ ကမ်းခြေအတုလေးတောင် ဖန်တီးထားပြီး အားလပ်ရက်ဆို အပန်းဖြေရေကူးသူ မနည်းပါဘူး။ ကျွန်တော်တို့ကတော့ ဒီ အိုဒိုင်းဘားကျွန်းဆိုကို မောင်းသူမဲ့ ရထားစီးပြီး လာခဲ့တာပါ။ ဒီရထားက ခရီးသွားတွေ စီးချင်နေကြတဲ့ ရထားဆိုပါတော့။ ကျွန်တော် ကံကောင်းစွာပဲ ထိပ်ဆုံးခုံကနေ စီးခွင့်ရခဲ့ပါတယ်။ အိုဒိုင်းဘားမှာ ရှိတဲ့ အပျော်စီးသင်္ဘောတွေ။ ဟိုးခေတ်က သင်္ဘောပျက်တွေရဲ့ ကျောက်ဆူးကြီးတွေ ပြသထားတာတွေ၊ လေဘာတီရုပ်တုကြီးတွေကတော့ အာရှဧည့်သည်တွေ အကြိုက်ပါ။ ကျွန်တော့်အကြိုက်ကတော့ အနီးက Decks Shopping Mall ထဲမှာ ရှိတဲ့ ၁၉၉၀ ခုနှစ်ဝန်းကျင်က ဂိမ်းစက်တွေရှိရာ ဂိမ်းစင်တာကြီးပါပဲ။ ကိုယ့်ကိုကိုယ် ပြန်ငယ်သွားသလို ဖြစ်အောင် Family Games နဲ့ Nitendo Games ခွေတွေထဲက ဂိမ်းတွေကို တစ်နေရာတည်းမှာ ဆော့လို့ရတယ်။ အရမ်းပျော်ရပါတယ်။ အိုဒိုင်းဘားကနေ အမြင်သာဆုံးကတော့ Tokyo Rainbow Bridge တံတားကြီးပါ။ တိုကျို နဲ့ အိုဒိုင်းဘားကို ဆက်သွယ်ထားတဲ့ တံတားကြီးပေါ့။ ကျွန်တော်ကတော့ နေ့လည်ပိုင်းရောက်သွားတာမို့ ရောင်စုံမီးတွေနဲ့ လှနေတာကို မမြင်လိုက်ရပါဘူး။ တံတားကြီးက ညဘက်ဆို မီးရောင်စုံနဲ့ သက်တန့်ကြီးလို လှနေတယ်လို့ ဆိုပါတယ်။


Mount Fuji (ဖူဂျီတောင်)

ဖူဂျီတောင်က ခုလို နှင်းကျထားတဲ့ ရာသီမျိုးသွားရင် အလှဆုံးပါ။ မီးတောင်တစ်ခု ဖြစ်တဲ့ ဖူဂျီရာမာတောင်က နှင်းမရှိရင် တောင်မည်းမည်းကြီးပဲ ဖြစ်နေတတ်ပါတယ်။ နှင်းကျတဲ့ အချိန်မှာတော့ တောင်ထိပ်ပိုင်းကို နှင်းဖြူဖြူတွေဝေလို့ အလှဆင်ပေးလိုက်တဲ့အတွက် ဘယ်ကကြည့်ကြည့် သိပ်လှတဲ့ ဖူဂျီတောင်ကြီးအဖြစ် ခရီးသွားတွေကို ဆွဲဆောင်သွားပါတော့တယ်။ ဖူဂျီတောင်ကို ကျွန်တော်ကတော့ မရောက်ဖြစ်ခဲ့ဘူး။ ဖူဂျီတောင်ကို အနီးကပ်မြင်ရတာထက် အဝေးကနေ ဓါတ်ပုံရိုက်ရတာကို ပိုသဘောကျတာလည်း ပါပါတယ်။ ကျွန်တော်သွားတဲ့နေ့မတိုင်ခင်က နှင်းကျတာမို့ ဖူဂျီတောင်သွားတဲ့ လမ်းတစ်လျှောက် နှင်းတွေ ရှိနေတယ်။ သွားတဲ့လူလည်းများနေလို့ ကားလည်း နာရီဝက်လောက် ပိတ်နေတာနဲ့မို့ မတက်ဖြစ်ခဲ့ပါဘူး။


ဖူဂျီတောင်ဟာ ၃၇၇၆ မီတာမြင့်တဲ့ ဂျပန်မှာ အမြင့်ဆုံးတောင်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ UNESCO ရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် World Cultural Heritage Site အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကိုယ်အလည်သွားချိန် ဖူဂျီတောင်ကို မြင်ရရင် သိပ်ကံကောင်းတယ်လို့ ယူဆကြတယ်။ အကြောင်းက အမြဲလိုလို တိမ်တွေမြူတွေနဲ့ ဖုံးနေတတ်တာရော၊ နှင်းကျချိန်လှတဲ့ အလှမျိုး ရှိတဲ့အချိန်ဖြစ်မှ ဆိုတာရောကြောင့်ပါ။


ဖူဂျီတောင်တက်ရင်း အနီးအပါးမှာ လုပ်စရာလည်းများတယ်။ Ashi ကန်မှာ Curies စီးတာ၊ Fuji-Q Highland ကစားကွင်းကြီး လည်ပတ်ကစားတာ၊ ဈေးဝယ်လို့ကောင်းတဲ့ Outlet သွားလည်တာ၊ ဝိုင်နဲ့ ရေစိမ်တာ၊ ရေပူစိမ်တာ၊ သဘာဝလက်ဖက်စိုက်ခင်း လည်တာ စတာတွေ လုပ်ဆောင်နိုင်ပါသေးတယ်။


Ashi ကန်

ဖူဂျီတောင်တက်ရင်း Hakone ဘက်မှာ Ashinoko အပျော်စီးသင်္ဘောလှလှကြီးတွေ စီးကြတာလည်း ခရီးသွား ဧည့်သည်တွေ သဘောကျကြပါတယ်။ လူနည်းနည်းများလို့ အရမ်းကြီး မလွတ်လပ်တာကလွဲရင် ဂျပန်ရဲ့ တောတောင်ရေမြေသဘာဝကို လေ့လာနိုင်တဲ့အတွက် စီးသင့်ပါတယ်။ သူက ဆိပ်ကမ်း နှစ်ခုမှာ ဟိုဘက်ဒီဘက်မှာ ရပ်ပေးပါတယ်။ တချို့လည်း ဒီဘက်က တက်ပြီး ဟိုဘက်မှာ ဆင်းတယ်ပေါ့။ ကျွန်တော်ကတော့ အစ အဆုံး တစ်ပတ်စီးကြည့်တယ်ဆိုပါတော့။ ဒီကန်အတွင်းမှာ ကယက်စီးတာ၊ တည်းခိုနားနေတာတွေလည်း လုပ်ဆောင်ကြပါတယ်။ ဆောင်းမကုန်သေးတဲ့အချိန်ဆိုရင်တော့ လေက အတော်အေးပါတယ်။


Owakudani က ကြက်ဥမည်းမည်း

အမည်းရောင် ကြက်ဥပြုတ်တွေ ရောင်းတဲ့ အိုဝါကူဒနီ ကိုလည်း သွားလည်ကြပါတယ်။ ကန့်ဓါတ် (ဆာလ်ဖာ) အနံ့ကြောင့် ရောက်ခါနီးကတည်းက အနံ့လေး တမျိုး လေထဲက ရလိမ့်မယ်။ အနီးမှာတော့ တောင်မည်းမည်းတွေမှာ နှင်းဖြူ ဟိုတစ်စ ဒီတစ်စ နဲ့ အငွေ့ထောင်းထောင်းထနေတာကို တွေ့ကြရမှာပါ။ တချို့နေရာမှာဆို မြေကြီးတွေက ဆာလ်ဖာကြောင့် အစိမ်းရောင်ပြောင်းနေတာတွေကိုပါ တွေ့ရပါတယ်။ ဒီမှာ ကြက်ဥပြုတ်မည်းမည်းကြီးတွေ ၅ လုံးတစ်ထုပ် ကို ယန်း ၅၀၀ နဲ့ ရောင်းပါတယ်။ ဒီတောင်က ချော်ရည်နဲ့ ပြုတ်ထားတဲ့ ကြက်ဥတွေပါ။ ကန့်ဓါတ်ကြောင့် မည်းသွားတာပါ။ ဒီကြက်ဥစားရင် အသက် ၇ နှစ် (တချို့ကလည်း ၅ နှစ်) ပိုရှည်တယ်လို့ ဆိုကြပါတယ်။ အရင်ကတော့ ကြက်ဥပြုတ်တဲ့နေရာထိ တက်လို့ရပေမဲ့ မီးတောင် အချိန်မရွေးပေါက်နိုင်တဲ့ အရိပ်အယောင်ကြောင့် မတက်ခိုင်းတော့တာ ကြာပါပြီ။ အဲ့ဒီမှာ ကြက်ဥမည်း နဲ့အတူ ခေါက်ဆွဲမည်း နဲ့ ရေခဲမုန့်မည်း တွေလည်း ရောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေကိုတော့ နှမ်းနက် ကနေ လုပ်ထားတာပါ။


ဝန်ကြီး ဦးနု တည်ခဲ့တဲ့ ငြိမ်းချမ်းရေးစေတီ

ဒီစေတီကတော့ ဒီနှစ်ပိုင်းမှာ ပိုပြီး လူသိများ ရေပန်းစား အလည်လာကြပါတယ်။ ကျွန်တော် လည်တဲ့အချိန်ကတော့ ချယ်ရီအဖြူနဲ့ ပန်းရောင်တွေ အဲ့ဒီမှာ အများဆုံးပွင့်နေတာမို့ ဆာကူရာလာကြည့်ရင်း လာကြတဲ့ ခရီးသွားတွေ အရမ်းများပါတယ်။ ဒီငြိမ်းချမ်းရေး စေတီကို မြန်မာ ဝန်ကြီး ဦးနု က တည်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီစေတီရှေ့မှာ ထူးခြားစွာပဲ ဗုဒ္ဓဘာသာနိုင်ငံတွေက ဘုရားတွေရှေ့မှာ ထုဆစ်ထားတတ်တဲ့ ခြင်္သေ့ရုပ်တု ၁၀ မျိုးကို ပုံစံစုံ တစ်ခါတည်း မြင်တွေ့ကြရပါတယ်။


Oshino Hakkai

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖူဂျီရေပြာကန် ငါးကန် ရှိရာ အိုရှီနိုဟက်ကိုင် ကိုလည်း လည်ဖြစ်ပါတယ်။ ခရီးသွားများလွန်းတော့ ကျွန်တော့် အကြိုက်မဖြစ်ခဲ့ပေမဲ့ သွားသင့်တဲ့ နေရာတစ်ခုပါ။ ရေတွေက ပြာပြီး ကြည်တယ်။ ငါးကြီးတွေကို သေသေချာချာ မြင်ရတယ်။ အရင်က တရုတ်ဧည့်သည်တွေ အကြွေစေ့ပစ် ဆုတောင်းကြလို့ အကြွေစေ့တွေနဲ့ မြင်မကောင်းဖြစ်လာတာကို ခု တားမြစ်ချက်ထုတ်လိုက်ရတယ်။ အတွင်းဘက်မှာ ပန်းခြံတစ်ခု ရှိသေးပြီး ဝင်ကြေးပေး ထပ်ဝင်ရပါတယ်။ ကျွန်တော်က ကန်လေးတွေထက် Oshino ဆိုတဲ့ ရွာလေးကို ပိုသဘောကျတယ်။ အေးအေးဆေးဆေးလေး။ ဒီရေတွေက ဖူဂျီတောင်က နှင်းတွေပျော်ရာကနေ ဖြစ်လာတယ်လည်း ပြောတယ်။ နှစ်ပေါင်း ရာချီနေတဲ့ ရေကန်တွေပါ။ အရင်က ရေကန်ပိုများပြီး ခု ခမ်းသွားကြတယ်လို့ ဆိုပါတယ်။


Tokyo DisneySea

တိုကျိုမှာ Disneyland ကို လူအတော် သိကြပါတယ်။ ဂျပန်ကို လာလည်ကြတဲ့ မိသားစုတိုင်းလည်း သဘောတကျ သွားတတ်ကြတယ်။ စင်ဒရဲလားရဲတိုက်ကြီး ရှိတဲ့နေရာလည်း ဖြစ်လို့ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားပေမဲ့ ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးမှာ တစ်ခုပဲ ရှိသေးတဲ့ ပထမဆုံး DisneySea ကိုပဲ လည်ပတ်ဖြစ်ခဲ့တယ်။ DisneySea ကတော့ ပင်လယ်ဆိုတဲ့အတိုင်း ရေကိုအခြေခံတဲ့ ကစားနည်းတွေနဲ့ သရုပ်ပြကွက်တွေ ပိုထည့်ထားပါတယ်။ ဒီအကြောင်းကို သီးသန့် ရေးတင်သွားပါ့မယ်။


တိုကျိုမြို့ထဲ ဟိုသွားဒီသွား

တိုကျိုနဲ့ အနီးဝန်းကျင် သွားပြီးရင် တိုကျိုမြို့ထဲမှာပဲ လည်ပတ်စရာနေရာလေးတွေကို ခပ်သွက်သွက် သွားဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဈေးဝယ်ချင်တဲ့ စိတ်လေးကလည်း ချိုးနှိမ်မရတော့ Ginza ကို အရင်ပြေးရတယ်ပေါ့။ အဲ့ဒီမှာက LV တို့လို ကမ္ဘာကျော် Brand တွေရဲ့ ကုန်တိုက်ကြီးတွေ အပြည့်မို့ အဲ့ဒီနား ပတ်နေရင်းနဲ့ကို နေ့တစ်ပိုင်းကျိုးသွားတယ်။ အချိန်ရရင်တော့ မြန်မာဆိုင်နဲ့ မြန်မာအများစု ရှိတယ်လို့ဆိုကြတဲ့ Takadanobaba ဘက်လည်း လည်ကြည့်နိုင်ပါတယ်။

Shibuya ကိုတော့ မဖြစ်မနေသွားပါ။ ဂျပန်၊ တိုကျိုဆိုပြီး ဓါတ်ပုံတွေတင်ပြီဆိုရင် လူတွေ အများကြီး ကားလမ်းကူးနေကြတဲ့ ပုံကို ဒီနေရာမှာ ရိုက်ကြတာမို့ပါ။ အဲ့ဒီကိုရောက်ရင် ဓါတ်ပုံရိုက်ဖို့ ကိုယ်နေဟန်လှလှနေတတ်အောင် ကြိုကြည့်သွားဦး။ ဟိုကျရင် ကိုယ့်ထက် အရှက်နည်းစွာ လမ်းမကြီးပေါ် အိပ်နေတာမျိုး၊ ဂါဝန်ကြီး အလွင့်ကြီးနဲ့ လမ်းသွားသလို ရပ်နေတာမျိုး၊ ခုန်နေတာမျိုး အမျိုးစုံကို တွေ့ရမှာပါ။ ဒါကို လူကူးမီးပွိုင့် စိမ်းတာနဲ့ အားလုံးက ကြိုးစားလုပ်ကြရတာပါနော်။ အဲ့ဒီ Shibuya မှာပဲ နာမည်ကြီး သစ္စာရှိတဲ့ ခွေးလေး Hachiko ရုပ်တုလည်း ရှိပါသေးတယ်။ အဲ့ဒီခွေးလေး အကြောင်းလည်း ရုပ်ရှင်ရှိလာတော့ ပိုပြီး သတိထားမိသွားကြတယ်။ ပြီးတော့ အဲ့ဒီဘက်မှာ Shopping ထွက်လို့လည်း ကောင်းတယ်။ ပြီးရင် ကြောင်လေးတွေရှိတဲ့ ကော်ဖီဆိုင်ရှိရာ Takeshita လမ်းကိုလည်း သွားလည်သင့်တယ်။ အဲ့ဒီမှာတော့ ဂျပန်ရဲ့ အထင်ကရ Anime Cosplay ဝတ်စုံတွေနဲ့ လူငယ်တွေကို တွေ့ရတတ်သလို၊ ဆက်စပ်ပစ္စည်းတွေလည်း ဝယ်နိုင်တယ်။ ညဘက်ကျရင်တော့ ကဲလို့ ကောင်းသလို Shopping လည်းကောင်းတဲ့ Kabukicho နဲ့ Shinjuku ဘက်သွားလည်လှည့်ပါ။ အဲ့ဒီဘက်တွေကတော့ ရာခူဇာတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုကြပါတယ်။ အပျော်အပါးလည်း စုံတဲ့ဘက်တွေပါ။ စက်ရုပ်တွေပြဇာတ်ကပြတာမျိုး ကြည့်ချင်ရင် ဒီဘက်မှာ ကြည့်လို့ရပါတယ်။

ဘုရင့်နန်းတော် ဆီလည်း ရောက်ဖြစ်ခဲ့တယ်။
တိုကျိုဘူတာကြီးရဲ့ ခန့်ညားလှပမှု
Anime Cosplay တွေနဲ့ လူငယ်တွေပျော်တဲ့ Takeshita
ရုပ်ရှင်ကြောင့် ပိုနာမည်ကြီးလာတဲ့ သစ္စာရှိသော ခွေးကလေး Hachiko အထိမ်းအမှတ်ရုပ်တု
နာမည်ကြီး Brand တွေ ရှိရာ Ginza တစ်ဝိုက်မှာ
Ginza တစ်ခွင် Shopping ထွက်မယ်ပေါ့
Shinjuku နဲ့ Kabukicho ဘက် ညနေခင်း လမ်းလျှောက်ထွက်
Kabukicho လမ်းထဲက စည်ကားနေတဲ့ ဘား၊ ကလပ် နဲ့ အရောင်းဆိုင် ဂိမ်းဆိုင် အမျိုးမျိုး
Shinjuku ကို ရထားလေးနဲ့ လာခဲ့တယ်
ဒီ စက်ရုပ်တွေ ဖျော်ဖြေတာလည်း အရမ်းကြည့်လို့ကောင်းတယ်။

ကျွန်တော့်ရဲ့ တိုကျိုနေ့ နဲ့ ည တွေကတော့ အမှတ်ရစရာ ပျော်စရာများပါတယ်။ ညတိုင်းလည်း ဂျပန်ရောက်နေတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဆုံခွင့်ရခဲ့လို့ ဂျပန်မှာ မြန်မာတွေ များသားလို့ သိလိုက်ရသလို မြန်မာသင်္ကြန်ပွဲကိုပါ သွားခွင့်ကြုံလိုက်တော့ ပိုသေချာသွားတယ်။ အလုပ်အရမ်းတိကျစွာ လုပ်ကြတဲ့ ဒီ ဂျပန်လူမျိုးတွေဆီကို အလည်သွားရတာက သိပ်ကောင်းပါတယ်။ ဝန်ဆောင်မှုကို ကိုယ်က ရယူရတာဖြစ်လို့ အကောင်းဆုံး အယဉ်ကျေးဆုံး ဝန်ဆောင်မှုတွေကို ခရီးသွားတိုင်း ခံစားကြရတာ မျက်မြင်ပါ။ ဒါကြောင့် ဂျပန်ကို သွားဖို့အကောင်းဆုံး အချိန်အခါ မကုန်ခင်လေး ဂျပန်ကို အပြေးလေး လည်လည်သွားဖို့ တိုက်တွန်းချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thura Kyaw (Razorzz slashz)

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter