တောင်ကြီးမြို့ကနေ မွေတော်ကက္ကူလမ်းအတိုင်း မိနစ် ၂၀ လောက် သွားလိုက်ရင်ရောက်မယ့် ထမ်းငွါရွာမှာ သဘာဝလိုဏ်ဂူကြီးနဲ့ ရှေးဟောင်းဘုရားဆင်းတုတွေကို ဖူးမြင်နိုင်ပါတယ်။ ရှေးဟောင်းဘုရားဆင်းတုတွေကိုတော့ လိုဏ်ဂူအသီးသီးမှာ ဖူးမြင်နိုင်ကြပြီး လိုဏ်ဂူတွေရဲ့အောက်မှာတော့ မွေတော် (စေတီစု) တွေကို ပြန်လည်ပြင်ဆင်ထားတာတွေ ဖူးမြင်ကြရမှာ ဖြစ်ပါတယ်။ ထမ်းဘုရားတောင်ပေါ်ကိုပါ တက်ကြည့်နိုင်ပြီး တောင်ထိပ်ကနေ အနီးဝန်းကျင်ရှုခင်း အပေါ်စီးခံစားလို့ရပါတယ်။ ဒီနေရာလေးကို လူသူအရောက်အပေါက်နည်းတာမို့ အေးအေးလူလူ ဘုရားဖူး၊ တရားထိုင်ချင်သူတွေအတွက် အတော်အဆင်ပြေပြီး ရောက်လာသူတိုင်းက ငြိမ်းအေးလိုက်တာလို့ ခံစားရစေတဲ့ နေရာဖြစ်ပါတယ်။
ရှေးဟောင်းထမ်းဘုရားလိုဏ်ဂူ ကို ဘယ်လိုသွားလဲ?
တောင်ကြီးမြို့ ကနေ မွေတော်ကက္ကူဘက်ကို သွားတဲ့လမ်းအတိုင်း ထွက်လာခဲ့ရင် (သူတို့အခေါ်ကတော့ တောင်ဘက်ပေါ့) နောင်ကားကျေးရွာအုပ်စု ကို ရောက်ပါမယ်။ အထူးဒေသ (၆) မှာ ရှိတာပါ။ နောင်ကားရွာဘက်ရောက်တာနဲ့ လမ်းရဲ့ ညာဘက်အခြမ်းမှာ “ဒုံထမ်းငွါ ထမ်းငွါရွာ” လို့ ရေးထားတဲ့ အုတ်မှတ်တိုင် ကို မြင်ရပြီး အဲ့ဒီမှတ်တိုင်ကြီးနဲ့ကပ်လျက်မှာတော့ လမ်းတစ်လမ်းရှိပါတယ်။ လမ်းအဝင်မှာ အုတ်အင်္ဂတေမုခ်ဦးကြီးနဲ့ “ရှေးဟောင်းလိုဏ်ဂူ ထမ်းဘုရား ဘုရားထမ်းစခါ” လို့ ရေးထားတာကို မြင်ကြရပါလိမ့်မယ်။ အဲ့ဒီလမ်းအတိုင်း တည့်တည့် ဝင်လာပြီး ရွာကိုဖြတ်လို့ ၁၀ မိနစ်လောက် ကားမောင်းဝင်လာရင် လမ်းဆုံတည့်တည့်မှာ လိုဏ်ဂူတွေရှိရာ ကျောက်တောင်ကြီးနဲ့ ဘုရားစေတီအစုတွေကို မြင်တွေ့ဖူးမြင်ကြရမှာပါ။ အနီးမှာ ဘုန်းကြီးကျောင်းကြီးတစ်ကျောင်းလည်း ရှိပြီး ကျယ်ဝန်းတဲ့ မြေပြင်တွေ၊ ဘုရားပွဲကျင်းပတဲ့အခါ အသုံးပြုပုံပေါ်တဲ့ ဆိုင်တန်းလိုမျိုး ယာယီဆိုင်ခန်းလေးတွေကို မြင်တွေ့ကြရပါဦးမယ်။ ပုံမှန်တော့ အောက်တိုဘာလဆိုရင် ဘုရားပွဲရှိတတ်တယ်လို့ မှတ်သားခဲ့ရပါတယ်။ Google Maps လမ်းညွှန်လေးကိုတော့ အောက်မှာ ထည့်ပေးထားလိုက်ပါတယ်။
လိုဏ်ဂူအကြီးအသေးမျိုးစုံနဲ့ ထမ်းဘုရား
ကျွန်တော် ရောက်ခဲ့တဲ့အချိန်တုန်းက ဘုရားသမိုင်း သိရဖို့ တတ်နိုင်သမျှတော့ ကြိုးစားမေးမြန်းရှာဖွေခဲ့ပေမဲ့ အကြောင်းမတိုက်ဆိုင်လို့ သိခွင့်မရခဲ့ပါဘူး။ ဒီ ထမ်းဘုရား ကို ရောက်တာနဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ဝန်းကျင်လေးနဲ့အတူ ကြီးမားတဲ့ကျောက်တောင်ကြီးကို မြင်တွေ့ကြရပါတယ်။ စိတ်ထဲမှာ ထင်မိတာက ထမ့်ဆမ်းဂူ တို့ ပင်းတယရွှေဥမင်ဂူတို့လို အရှည်ကြီး ထင်ထားမိတာ။ ရောက်တော့မှ ဂူတွေဟာ ဟိုတစ်နေရာ ဒီတစ်နေရာ လိုမျိုး ဖြစ်နေကြပါတယ်။ တချို့ဂူတွေက ကြီးပြီးကျယ်တယ်။ တချို့ဂူတွေက ခပ်သေးသေး။ တချို့ဂူတွေက အဝင်ဝတော့ကျဉ်းတယ်။ ဒါပေမဲ့ အားလုံးတူညီတာက ဂူလမ်းကြောင်းမရှည်လျားကြတာပါဘဲ။ သဘာဝလိုဏ်ဂူတွေမှာ လိုဏ်ဂူရဲ့ အမြင့်နဲ့အကျယ်အဝန်းအလိုက် ဘုရားဆင်းတုတော် ဉာဏ်တော် အကြီးအငယ်တွေကို ထည့်သွင်းပူဇော်ခံထားပါတယ်။ အပြင်ကျောက်တောင်မှာလည်း ပြည် အကောက်တောင် နဲ့ ဘားအံ ကော့ဂွန်းဂူ တို့လို ဆင်းတုလေးတွေ ထည့်သွင်းထားတာကို ဖူးမြင်ကြရပါသေးတယ်။
ရှေးဟောင်းဘုရားဆင်းတုတွေနဲ့ ထမ်းဘုရား
ထမ်းဘုရားကို သွားဖူးရတာ တစ်မျိုးလေး စိတ်ကြည်နူးရတယ်။ စောင်းတန်းလှေကားအတိုင်း တက်ပြီး အဓိကလိုဏ်ဂူကြီးဆီကို တန်းသွားဖူးနိုင်သလို၊ နောက်တစ်ဘက်တစ်ချက်က လိုဏ်ဂူအသေးတွေဆီလည်း သွားပြီး ဘုရားဖူးနိုင်သေးတယ်။ သွားတဲ့လမ်းကလေ လိုဏ်ဂူလေးတွေကို ဖြတ်သွားရတာမျိုးလိုမို့ စိတ်ထဲ တစ်မျိုးလေး ထူးဆန်းနေသလို ဖြစ်ရတယ်။ မွေတော်စေတီစု က မြေပြင်မှာဖြစ်လို့ ကိုယ်က လိုဏ်ဂူတွေပေါ်ရောက်လို့ ငုံ့ကြည့်လိုက်ရင် Drone နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံလို မွေတော်စေတီတွေကို မြင်တွေ့ဖူးမြင်ကြရမှာပါ။ အဓိက လိုဏ်ဂူကြီးကို ဝင်တဲ့နေရာမှာ အုတ်တိုင် သွပ်မိုး နဲ့ တန်ဆောင်းအကြီးကြီးရှိပြီး ပတ်လည်မှာ ဗုဒ္ဓဝင်ပန်းချီကားတွေကို ချိတ်ဆွဲထားပါတယ်။ လိုဏ်ဂူကြီးထဲမှာတော့ ဉာဏ်တော်အတော်ကြီးမားတဲ့ ရှေးဟောင်းရှမ်းဘုရားဆင်းတုတော်ဟန် ထိုင်လျက်ကိုယ်တော်ကြီးကို ဖူးမြင်ကြရပြီး ဘေးပတ်လည်နဲ့ အတွင်းအနည်းငယ်က ဂူနံရံတွေမှာ ဘုရားဆင်းတုအမျိုးမျိုးကို တွေ့မြင်ဖူးမြော်ကြရပါတယ်။ ထမ့်ဆမ်းဂူလိုမျိုး ဒီဘက်ခေတ် ဆင်းတုတော်တွေမဟုတ်ဘဲ ရှေးဟောင်းဆင်းတုတော်လက်ရာပုံစံတွေ လို့ ယူဆမိပါတယ်။ အခြားသော လိုဏ်ဂူအသေးတွေက တစ်ဘက်တစ်ချက်မှာရှိကြပြီး မတ်ရပ်နဲ့ လျောင်းတော်မူတွေ အပါအဝင် ကိုယ်ဟန်အနေအထားအမျိုးမျိုးနဲ့ ဆင်းတုတော်တွေကို ဖူးမြင်ကြရပါလိမ့်မယ်။
ဒါ့အပြင် လိုဏ်ဂူကြီးရဲ့ ဘယ်ဘက် မှာ အသစ်တည်ဆောက်ထားတဲ့ လိုဏ်စေတီ တစ်ဆူ နဲ့ မွေတော်စေတီစုနားက ကျောက်ဆောင်မြင့်တစ်နေရာမှာ တည်ထားတဲ့ မြသိန်းတန် လာဘမုနိ ဆုတောင်းပြည့်စေတီ တို့ကိုလည်း ဖူးမြင်ရပါဦးမယ်။ လိုဏ်စေတီဖြူကြီးကတော့ အတွင်းမှာ လိုဏ်ခံပြီး ပတ်လမ်းလည်းရှိတဲ့အပြင် ဘုရားဆင်းတုတော်တွေကို အလယ်မှာ ပတ်ပတ်လည် တည်ထားတဲ့ပုံစံ ဖန်တီးထားပါတယ်။
မွေတော်စေတီစုကတော့ ပြန်လည်ပြုပြင်ထားကြပြီး ဖြစ်ပါတယ်။ တချို့စေတီဟောင်းလေးတွေတော့ မပြုပြင်ရသေးဘဲ ကျန်ထားတာလေးတွေ မြင်တွေ့ရပါသေးတယ်။
ဒီ ထမ်းဘုရားကျောက်တောင်ကြီးကို ဝိုက်ပြီး လမ်းဖောက်ထားတာဖြစ်လို့ ညာဘက်ကို ဆက်သွားလိုက်ရင်တော့ ကျောက်တောင်ကြီးအဆုံးနားမှာ ဘာမှန်းမသိရတဲ့ ရှေးဟောင်းအဆောက်အအုံပုံစံတစ်ခုကိုလည်း မြင်ရပါသေးတယ်။ ကျွန်တော် ရောက်သွားချိန်က ညနေအတော် နေစောင်းနေတာရော၊ လူသူလည်း အတော်ပြတ်နေချိန်မို့ စူးစမ်းဖို့မရဲခဲ့တာကြောင့် ဘာမှန်းသေချာ သိခွင့်မရခဲ့ပါဘူး။
ထမ်းဘုရားတောင်
ရောက်လက်စနဲ့တော့ ထမ်းဘုရားတောင်ပေါ် တက်ကြည့်စေချင်ပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်လေးလည်း ရှိပြီး အဲ့အတိုင်း တက်သွားရုံပါပဲ။ လမ်းလျှောက်တက်လို့လည်း ရသလို၊ ကားပါ တက်နိုင်ဖို့ လမ်းဖောက်ထားပေမဲ့ ကားတစ်စီးစာပဲမို့ တချို့နေရာမှာ အတက်အဆင်း ဆုံရင် ခက်ခဲနိုင်ပါတယ်။ ဆိုင်ကယ်နဲ့ကတော့ ပိုအဆင်ပြေပါတယ်။ လမ်းက တချို့နေရာတွေမှာ မက်စောက်ပြီး ကွန်ကရစ်ခင်းထားတာမျိုးလည်းရှိသလို ကျောက်ခင်း နဲ့ မြေလမ်း အမျိုးမျိုးဖြစ်တာလည်း ရှိပါတယ်။ တောင်ပေါ်ရောက်ခါနီးမှာတော့ ဘီး နှစ်ဘီးစာ ကွန်ကရစ်လမ်းကလေး ဖြစ်သွားပါတယ်။ ဆိုင်ကယ်နဲ့ ကားရပ်ဖို့လို့ ယူဆရတဲ့ နေရာလေးရှိပြီး အဲ့ဒီကနေ ဘုရားဖူးလို့ ပတ်ဝန်းကျင်ရှုခင်းတွေကို အမောပြေ ခံစားကြည့်နိုင်ပါတယ်။ အချိန်အားဖြင့် ၅ မိနစ်လောက်တော့ ဆိုင်ကယ်မောင်း တက်ရပါတယ်။ တောင်ပေါ်မှာလည်း စေတီနဲ့ ဘုရားဆင်းတုတော်တွေကို ထိုင်လျှက်ရော မတ်ရပ်ရော ဖူးတွေ့ကြရပါလိမ့်မယ်။ မတ်ရပ်ကိုယ်တော်ကတော့ လက်ညှိုးညွှန်ပြနေဟန် ပါ။ မနက်ပိုင်းဆို ပိုလှနိုင်မလား တွေးမိတယ်။ ကျွန်တော်ကတော့ နေဝင်ချိန်ရောက်သွားခဲ့တာပါ၊
ထမ်းဘုရားလိုဏ်ဂူက လူသိနည်းသေးတော့ ဘုရားဖူးနည်းတယ်။ ဘုရားဖူးနည်းပါးတော့ စိတ်မရှုပ်ရဘဲ ရှေးဟောင်းဘုရားတွေကို လေ့လာခွင့်ရသလို၊ သဘာဝလိုဏ်ဂူတွေကိုလည်း လေ့လာခွင့်ရတယ်။ ဓါတ်ပုံလည်း အေးအေးလူလူရိုက်နိုင်တယ်ပေါ့လေ။ တောင်ကြီးမြို့ဘက်ကြုံလို့ မြို့ဝန်းကျင်ကနေ မြို့ပြင်ထွက်လည်ပြီဆိုရင်ဖြစ်ဖြစ်၊ မွေတော်ကက္ကူဘက် ခရီးနှင်ရင်ဖြစ်ဖြစ် လမ်းမှာ ဝင်ရောက်ဖူးမြော်နိုင်တယ်လို့ ဆိုချင်ပါတယ်။ လူကိုယ်တိုင် ဖူးခွင့်မကြုံသေးပေမယ့် အခုခဏတော့ ကျွန်တော့်ရဲ့ ဓါတ်ပုံလေးတွေထဲကပဲ ဘုရားဖူးရင်း စိတ်အပန်းဖြေနိုင်ပါတယ်ခင်ဗျာ။ ဒီရှေးဟောင်းလိုဏ်ဂူထမ်းဘုရား ရဲ့ သမိုင်းကြောင်းလည်း သိချင်တာမို့ သိတဲ့သူများရှိရင်လည်း ကျွန်တော့်ကို ဝေမျှပေးပါလို့ တောင်းဆိုလိုက်ပါတယ်ဗျ။
Google Maps နဲ့ သွားဖို့ -
အားလုံးပဲ စစ်ပွဲတွေချုပ်ငြိမ်းလို့ လိုရာပန်းတိုင် အမြန်ရောက်နိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin
Camera :: SONY Alpha 7II with 16 - 35mm Lens, Samsung Galaxy Note 10+
Photos are modified in Lightroom by Thiha Lu Lin.
Comentários