Podcast စလုပ်သင့်တဲ့အချိန် ရောက်ပြီလား?
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

Podcast စလုပ်သင့်တဲ့အချိန် ရောက်ပြီလား?

ဟိုဟိုဒီဒီ Podcast (ပေါ့ဒ်ကတ်စ်) ဆိုတဲ့ အသံတွေ ကြားလာရတယ်။ ကမ္ဘာမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ခေတ်စားနေခဲ့ပြီး မြန်မာပြည်မှာတော့ ၂၀၂၀ ကိုဗစ်-၁၉ ကပ်ကြီးကြောင့် Stay at Home လုပ်နေရချိန်မှာ အသစ်အဆန်းအနေနဲ့ စတင်ဖောက်ထွက် လုပ်ဆောင်လာခဲ့ကြတယ်လို့ သုံးသပ်လို့ရနိုင်ပါတယ်။ အခုဆို မြန်မာလူငယ်တွေကြား Podcast တွေ လုပ်လာကြရင်း ခေတ်အရွေ့ကို အမီလိုက်ကြပြန်တယ်။ NUG အစိုးရ အပါအဝင် ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာလူငယ်တွေဟာ Podcast ရေစီးမှာ စတင်မျောပါလာကြပြီး ကိုယ်ပိုင် Podcast အသီးသီး ထူထောင်နိုင်လာကြတယ်။ ဒီတော့ Podcast ဆိုတာ ဘာလဲ သိချင်သူတွေရော၊ စမ်းသပ်ကြည့်ချင်လာကြတဲ့ ပြည်တွင်းကလူငယ်တွေရော ရှိလာကြပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာလေးကို ကျွန်တော်လေ့လာမိသလောက် စုစည်းတင်ပြလိုက်ရပါတယ်။

မာတိကာ


Podcast ဆိုတာ ဘာကြီးလဲ?

အရှင်းဆုံးဥပမာပေးရရင်တော့ ရေဒီယိုအစီအစဉ်တစ်ခုနဲ့ အလားသဏ္ဌာန်တူညီပါတယ်။ တင်ဆက်သူတွေက အသံတွေ၊ ဂီတတွေ စတဲ့ သူတို့ရဲ့ဖန်တီးမှုတွေကို ဒီဂျစ်တယ်အသံဖိုင် တစ်ခုအနေနဲ့ အင်တာနက်ပေါ်တင်ထားပြီး နားဆင်သူတွေက မိမိရဲ့ ဖုန်း၊ ကွန်ပျူတာ၊ Smart TV၊ Android Box စတာတို့ကနေ နားဆင်နိုင်ကြတာမျိုးပါ။ ရေဒီယိုလို စောင့်နားထောင်စရာမလိုဘဲ မိမိအဆင်ပြေတဲ့အချိန် အဆင်ပြေတဲ့နေရာမှာ အင်တာနက်ရှိရင် နားထောင်နိုင်ပါတယ်။ ရေဒီယိုလို ကိုယ်ကြိုက်တဲ့အစီအစဉ်၊ မကြိုက်တဲ့အစီအစဉ် အားလုံးကို သည်းခံစောင့်ဆိုင်းနားဆင်စရာ မလိုဘဲ၊ ကိုယ်ကြိုက်တဲ့အစီအစဉ်တွေချည်း စိတ်ကြိုက်ရွေးချယ်နားဆင်နိုင်တာမျိုးပါ။ ဒီတင်ဆက်သူ နဲ့ တင်ဆက်ပုံ မကြိုက်ရင် နောက်ထပ် ရွေးချယ်စရာ Podcast တွေ အများကြီး ရှိပါသေးတယ်။ တင်ဆက်သူတွေကလည်း နည်းမျိုးစုံနဲ့ ကြိုးစားတင်ဆက်ကြတယ်။ ရုပ်ရှင် ဂီတ နိုင်ငံရေး စာအုပ် စသဖြင့် ဆွေးနွေးခန်းအမျိုးမျိုး၊ အသံထွက်စာအုပ်တွေ၊ ဇာတ်လမ်း စီးရီးစ်တွေ၊ ပညာရပ်ဆိုင်ရာ သင်ကြားမှုတွေ၊ ခရီးသွားအကြောင်းအရာတွေ၊ သီချင်းတွေ၊ အားကစားရေးရာတွေ၊ ဘာသာရေးပို့ချချက်တွေ၊ စိတ်ဓါတ်ခွန်အားမြှင့်တင်ခြင်းတွေ၊ မိသားစု အိမ်ထောင်ရေးရာတွေ၊ ကလေးသူငယ်ဆိုင်ရာတွေ၊ ပုံပြင်ပြောတာတွေ၊ ရယ်စရာမောစရာဟာသတွေ၊ အတွေးအမြင်နဲ့ သုံးသပ်ချက်တွေ၊ သတင်းတွေ စတဲ့ စတဲ့ နေ့စဉ်အဖြစ်အပျက်တွေ အားလုံးကို မိမိနှစ်သက်သလို Subscribe လုပ်ပြီး အသစ်တင်တာနဲ့ ကိုယ့်ကို အသိပေးချက်ပေါ်အောင် လုပ်ထားပြီး နားဆင်ရုံပါပဲ။

ရေဒီယိုလို တောက်လျှောက်လွှင့်နိုင်တဲ့ Live လုပ်ဆောင်ချက်တွေပါ ရှိနေပြီမို့ Podcast က အထာကျတယ်လို့ ဆိုလို့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်က အင်တာနက်ရေဒီယိုတွေ ခေတ်စားခဲ့ကြသလိုမျိုးပါပဲ။ ပိုပြီးခေတ်မီပြီး ပိုပြီးအဆင်ပြေလွယ်ကူသွားတဲ့အနေအထားနဲ့ ပြောင်းလဲဖြစ်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။


ကမ္ဘာမှာ Podcast နားဆင်သူ ဘယ်လောက်များပြီလဲ?

နားဆင်သူတွေအကြောင်းမပြောခင် တင်ဆက်သူတွေ ဘယ်လောက်ရှိသလဲ ကြည့်ကြည့်ရအောင်။ Podcast Insights ရဲ့ စာရင်းအရဆိုရင် လက်ရှိမှာ Podcast ပေါင်း ၂ သန်း ရှိနေပါပြီတဲ့။ Podcast တစ်ခုချင်းဆီက တင်ဆက်လာတဲ့ Episode ပေါင်းဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလမှာ ၄၈ သန်း အထိတောင် ရှိလာပါပြီ။


Team Lewis ရဲ့ ၂၀၂၁ မေလ စစ်တမ်းအရ အာရှနိုင်ငံတွေရဲ့ လူဦးရေ ၄၅% ဟာ Podcast အကြောင်းအရာမျိုးစုံကို နားထောင်နေကြပြီလို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ၅၇%၊ ဟောင်ကောင်မှာ ၅၅% နဲ့ တောင်ကိုးရီးယားမှာ ၅၄% အသီးသီး နိုင်ငံလူဦးရေအလိုက် နားဆင်သူရာခိုင်နှုန်းရှိကြလို့ များတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ မလေးရှား၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဂျပန် တို့ဟာလည်း ၂၀% ကနေ ၅၀% အထိ အသီးသီးနားဆင်ကြတယ်လို့ ဖော်ပြထားပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အိုင်ယာလန် က ၄၀% နဲ့ ဦးဆောင်နေပြီး အမေရိကား၊ ကနေဒါ၊ ဩစတြေးလျ၊ အင်္ဂလန် တို့က သိပ်မတိမ်းမယိမ်း နားဆင်သူရာခိုင်နှုန်း အသီးသီးရှိကြောင်း ဖော်ပြထားပါတယ်။


အာရှ က နားဆင်သူတွေ အကြိုက်ဆုံးက သတင်း News Podcast တွေဖြစ်ပြီး Lifestyle Podcast တွေက ဒုတိယလိုက်ပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ကပ်ကာလအနေအထားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေကတော့ အထူးပြုပညာရပ်ဆိုင်ရာ Specialist Subject Podcast တွေကို သဘောကျမှုအများဆုံးဖြစ်ပြီး Lifestyle နဲ့ News Podcast တွေက ဒုတိယနေရာမှာ လိုက်ပါတယ်။


Podcast ကို ဘယ်လိုလူတွေ နားထောင်ကြလဲ?

Podcast Insights ရဲ့ စစ်တမ်းအရ Podcast နားဆင်သူတွေဟာ ကိုယ် Subscribe လုပ်ပြီး အားပေးထားတဲ့ Podcast တွေကို သစ္စာရှိရှိ စွဲစွဲမြဲမြဲ နားဆင်ကြသူတွေ ဖြစ်ပြီး များသောအားဖြင့် ပြည့်စုံမှုရှိတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပညာတတ်အသိုင်းအဝန်း က ပိုများတယ်လို့လည်း ဆိုပြန်ပါတယ်။ နားဆင်သူတွေထဲမှာ အမျိုးသားတွေက ပိုနားဆင်ကြပြီး အချိုးရာခိုင်နှုန်းအားဖြင့် အမျိုးသား ၅၆% နဲ့ အမျိုးသမီး ၄၄% ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နားဆင်သူတွေထဲက ၈၀% ဟာ သူတို့ Subscribe (Follow) လုပ်ထားတဲ့ Podcast တွေက တင်ဆက်တဲ့ Episode တိုင်းကို နားထောင်တတ်ပြီး တစ်ပတ်ကို ပျဉ်းမျှ ၇ ပုဒ်လောက် ပုံမှန်နားဆင်လေ့ ရှိကြပါတယ်။


Facebook ရဲ့ Podcast Feature အသစ်က Podcast တွေကို ခေတ်တစ်ခေတ် ဖြစ်လာစေမလား?

Podcast ကို အမေရိကားမှာ အတော်နားဆင်ကြပါတယ်။ အမေရိကား လူဦးရေ ရဲ့ ၇၅% ဟာ Podcasting ဆိုတဲ့စကားကို ရင်းနှီးကျွမ်းဝင်ကြတယ်လို့ Podcast Insights က ဖော်ပြလာပါတယ်။ ၅၀% သော အမေရိကား အိမ်ထောင်စုတွေဟာ Podcast တွေကို နှစ်ခြိုက်စွာ နားဆင်ကြသူတွေ ဖြစ်ပါတယ်တဲ့။ ၅၅% သော လူဦးရေဟာ Podcast နားဆင်သူတွေ ဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။ ဖြစ်နိုင်ပါတယ်။ ကျွန်တော့ ကိုယ်ပိုင် Podcast “The Travelling Lion | Myanmar Podcast” ရဲ့ လစဉ်စစ်တမ်းတွေအရလည်း နားဆင်သူအများဆုံးဟာ အမေရိကား ကပဲ ဖြစ်ပါတယ်။ ဒုတိယက မြန်မာပြည်ဖြစ်ပေမဲ့ အရေအတွက်ကွာဟချက်ဟာ ဆင် နဲ့ ဆိတ် လောက် ကွာဟနေတာကိုလည်း ကျွန်တော် ထူးဆန်းစွာ သတိပြုမိခဲ့ပါတယ်။ ဒါကြောင့်ပဲလား မသိ နားဆင်သူများတဲ့ အမေရိကား အတွက် Facebook ဟာ တင်ဆက်သူတွေ အဆင်ပြေစေဖို့ ၂၀၂၁ ဇူလိုင်လ မှာ Podcast ကို အသင့်နားဆင်နိုင်အောင် ထည့်ပေးလိုက်ပါတယ်။ တင်ဆက်သူတွေက ကိုယ့်ရဲ့ Page မှာ Podcast ကို ထည့်သွင်းလိုက်တာနဲ့ နားဆင်သူတွေဟာ Facebook သုံးရင်း တန်းနားဆင်နိုင်သွားပါတယ်။ တခြားနေရာကို သွားနေစရာ မလိုတော့ဘူးပေါ့။ တကယ်တော့ ဒီလုပ်ဆောင်ချက်အသစ်ဟာ Facebook အသုံးများတဲ့ အာရှနိုင်ငံတွေအတွက်တော့ ပိုအဆင်ပြေစေမယ်လို့ ယူဆမိပါတယ်။ သို့သော်လည်း Facebook က အသုံးပြုသူတွေကို ဆွဲဆောင်လိုတာကြောင့် အမေရိကားကို ပစ်မှတ်ထားပြီး ဦးစားပေးထည့်သွင်းတာ ဖြစ်မယ်လို့လည်း ယူဆနိုင်ပါတယ်။


Facebook မဟုတ်ဘဲ ဘယ်နေရာတွေကနေ Podcast တွေ နားထောင်လို့ရလဲ?

Facebook က မနေ့တနေ့ကမှ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့တာပါ။ ဒါတောင် အမေရိကားမှာပဲ နားထောင်လို့ရသေးတာ။ ကျွန်တော်တို့ Podcaster တွေ လောလောဆယ်မှာ အဓိက အားကိုးနေရတာက Apple Podcasts, Spotify, Google Podcasts, Amazon Music နဲ့ ကိုယ့်ရဲ့ အဓိက Hosting Site တို့ပဲ ဖြစ်ပါတယ်။


တခြား Site တွေလည်း ရှိပါသေးတယ်။ အသွက်ဆုံးကတော့ Apple Podcasts နဲ့ Spotify ပါပဲ။ အခုလို Podcast ကို Facebook ပေါ် တင်ခွင့်ရပြီး တစ်ကမ္ဘာလုံးနားဆင်နိုင်လာပြီဆိုရင်တော့ Facebook အသုံးများတဲ့ အာရှနိုင်ငံတွေက Podcast တင်ဆက်သူတွေ အတွက် အခွင့်အရေး ရလာ ခြင်းပဲလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ လို Facebook ကိုပဲ အင်တာနက်လို့ မြင်နေကြသူ အများအပြားရှိတဲ့ နေရာမှာပေါ့။


Podcast တစ်ခု လုပ်ချင်ရင် ဘယ်က စလုပ်ရမလဲ?

Podcast လုပ်တာဟာ အရင်းအနှီးပေးဆပ်မှု ရှိနေတာက လူတိုင်း လုပ်ဖို့ အားမသန်စေတဲ့ အချက်တစ်ခုပါပဲ။ ဆိုကြပါတော့ Facebook မှာ Page တစ်ခုဖွင့်ပြီး Blogger တို့ Reviewer တို့ လုပ်ဖို့ ငွေကုန်ကျမှု မရှိသလောက်နဲ့ စတင်ပြီး Follower ရှာလို့ရနိုင်ပါတယ်။ ဗီဒီယိုအတွက်လည်း YouTube လိုမျိုးက အခမဲ့ တင်ခွင့်ပေးထားတော့ ဗီဒီယိုလေးတွေ စိတ်ကြိုက်တင်ပြီး Influencer ဖြစ်သွားနိုင်ပါသေးတယ်။ Podcast မှာတော့ အဲ့ဒီလို မရပါဘူး။ ကိုယ့်ရဲ့ Podcast လေးပေါ်မှာ အသံဖိုင်တွေ တင်ဖို့အတွက် Hosting Site တွေ လိုအပ်ပါတယ်။ အဲ့ဒီ Hosting Site တွေကို ငွေပေးပြီး နှစ်စဉ် ဝန်ဆောင်ခ ပေးဆောင်ကြရပါတယ်။ အခမဲ့ ပေးတဲ့ Hosting Site တွေ ရှိပေမဲ့ ကန့်သတ်ချက်တွေ များစွာ ရှိလို့ ကြာလာတာနဲ့အမျှ အဆင်မပြေနိုင်တော့ပါဘူး။ စမ်းသပ်ရုံလောက်ပဲ ဆိုရင်တော့ Free Plan တွေနဲ့ စတင်ကြည့်နိုင်ပါတယ်။


(၁) လိုအပ်တဲ့ အသံသွင်းပစ္စည်း စုဆောင်းခြင်း

အရင်ဆုံး အသံသွင်းဖို့ ပစ္စည်း စုဆောင်းရပါမယ်။ အတော်များများကတော့ ကွန်ပျူတာ နဲ့ ချိတ်ဆက် အသံသွင်းယူကြတာပါ။ ‌အသံတည်းဖြတ်မှုကို နိုင်နင်းတဲ့ ကွန်ပျူတာအနေအထားဆိုရင် ရပါတယ်။ အသံဖမ်းဖို့ကတော့ ‌ဈေးကွက်ထဲမှာ Podcaster တွေအတွက် Microphone တွေ မျိုးစုံ ရှိနေပါပြီ။ ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ USB ကြိုးနဲ့ Mic တွေ အလုပ်ဖြစ်ပါတယ်။ နာမည်ကြီး တံဆိပ်တွေထဲမှာတော့ Shure, Rode, Boya, Blue Yeti, Maono စတာတွေ ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ အငယ်စားထဲက ဆိုရင် တစ်သိန်းဝန်းကျင်ပဲ ရှိတတ်ပါတယ်။ အမြင့်စားထဲမှာတော့ ၃ သိန်း နဲ့ ၄ သိန်းကြားတန်တွေ ရှိတတ်ပါတယ်။ တံဆိပ်တစ်မျိုးတည်းမှာကို အငယ်စား အမြင့်စား ဆိုပြီး အမျိုးမျိုးလာတတ်ပါတယ်။ တရုတ်ဘက်က လာတဲ့ Mic တွေလည်း သုံးနိုင်ပါတယ်။ Soundcard Mixer ပါ တွဲပါတဲ့ဟာလေးတွေလေ။ ၆ သောင်း ဆိုလား ၈ သောင်းဆိုလား တွေ့လိုက်မိသေးတယ်။ တကယ်တော့ ချဲ့ရင် ချဲ့သလို ကုန်ပါတယ်။ Rode ကနေ Podcaster တွေအတွက် ပစ္စည်းတွေ တော်တော်များများ ထုတ်ထားတယ်။ Mic, Mixer အစုံပဲ။ စိတ်ကြိုက်သာ လိုက်ဝယ်ရင်တော့ ၈ သိန်း ကနေ ၁၀ သိန်း ကြားထိ ကုန်ကျသွားနိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ Boya PM-700 မိုက်ခွက်လေး သုံးပါတယ်။ ဝယ်ဖြစ်တာ မကြာသေးဘူး။ အရင်ကတော့ ခရီးသွားရင် သုံးတဲ့ အသံဖမ်းမိုက်ခွက် ကို ကင်မရာမှာ တပ်ပြီး အသံသွင်းတယ်။ ပြီးမှ စက်ထဲထည့်ပြီး ပြန်တည်းဖြတ်တာ။ အခုတော့ ပိုလွယ်သွားတာပေါ့။ ပြီးတော့ အသံသွင်း ဆော့ဖ်ဝဲ တစ်ခုခု ကွန်ပျူတာထဲမှာ ထည့်ထားမယ်။ ဥပမာ Mac မှာဆို GarageBand ပါပြီးသား သုံးလို့ရမယ်၊ Window ဆိုရင် SoundForge တို့လိုမျိုး သုံးလို့ရတယ်။ ကိုယ်နှစ်သက်ကျွမ်းကျင်ရာ အသံဖမ်းဆော့ဖ်ဝဲ သုံးလို့ရပါတယ်။ အဲ့လိုတွေ မသိဘူး ဆိုလည်း ဘာမှ မပူပါနဲ့ ဖုန်းနဲ့တင် အသံသွင်းနိုင်တဲ့ဟာမျိုးကို တချို့ Hosting Site တွေက လုပ်ဆောင်ပေးပါတယ်။ ဥပမာ Podbean ဆိုရင် သွားလာရင်း သွင်းလို့ရနိုင်ဖို့ သူ့ရဲ့ Mobile App ကို ဖန်တီးပေးထားတယ်။


(၂) အသံသွင်းမယ့် အကြောင်းအရာ ပြင်ဆင်ခြင်း

Podcast ဟာ တကယ်တော့ Blog တစ်ခု ဖန်တီးခြင်းလိုမျိုး၊ ရေဒီယိုအစီအစဉ်တစ်ခု ဖန်တီးခြင်းလိုမျိုး နဲ့ တူညီပါတယ်။ ကိုယ်သွားမယ့်လမ်းကြောင်းကို ပြင်ဆင်ရပါတယ်။ ကျွန်တော်ဆို ခရီးသွား နဲ့ ဘဝနေထိုင်မှုပုံစံ (Travel & Lifestyle) ပေါ့ဗျာ။ ပြောကောင်းမယ့်အကြောင်းအရာ ရွေးရတာပေါ့။ ခရီးသွား Blogger မို့ ခရီးသွားက မပါမဖြစ်၊ ပြီးတော့ တခြားစုံစီနဖာ လူတွေအကြောင်း၊ ဗဟုသုတအထွေထွေတွေအကြောင်းကလည်း ထည့်ချင်သေးတာကိုး။ ဒီလိုပဲ ကိုယ်နှစ်သက်ရာ လိုင်း ကို စဉ်းစားရတယ်။ ဘာလို့လဲဆိုတော့ Podcast တွေကို ဖော်ပြပေးတဲ့ Directories Site တွေဟာ Category ဆိုတဲ့ ကဏ္ဍအလိုက် ခွဲခြားဖော်ပြတာဖြစ်လို့၊ ကျွန်တော်တို့ဟာ မဖြစ်မနေ ကိုယ့်ရဲ့ Podcast ဟာ ဘာအမျိုးအစားကဏ္ဍဖြစ်ပါတယ်ဆိုတာ ထည့်သွင်းတင်ပြကြရတဲ့အတွက် ဖြစ်ပါတယ်။ ဒါဟာ ကိုယ့် Podcast ကို နားဆင်သူတွေ ရှာဖွေတွေ့ရှိဖို့ လွယ်ကူစေတဲ့အတွက် သေချာရွေးချယ်လုပ်ဆောင်ကြရမှာပါ။ ကိုယ်က အိမ်မွေးတိရစ္ဆာန်လေးတွေအကြောင်း တင်ဆက်မယ်၊ သက်သတ်လွတ်ဟင်းလျာချက်ပြုတ်နည်းနဲ့ ရာသက်ပန်သက်သတ်လွတ်သမားတွေဘဝအကြောင်း တင်ဆက်မယ်၊ ရှေးဟောင်းသမိုင်းတွေကို တင်ဆက်မယ်၊ နိုင်ငံရေးအကြောင်းပဲ ပြောမယ်၊ ဟာသတွေ ပြောမယ်၊ ချစ်မှုရေးရာ တိုင်ပင်ဆွေးနွေးခံသူကြီးအဖြစ် တင်ဆက်မယ်၊ စသဖြင့် များစွာ စဉ်းစားလုပ်ဆောင်နိုင်ပါတယ်။ နောက်ဆုံးဘာမှ မလုပ်တတ်ရင်တောင် ကိုယ်က အင်တာဗျူး မေးခွန်းတွေပဲ မေးပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီးက အောင်မြင်နေသူတွေကို တစ်ပတ် တစ်ယောက် ထိုင်ဖြေခိုင်းတာမျိုးလည်း အလုပ်ဖြစ်တာပါပဲ။ ခုလို ကပ်ကာလကြီးအတွင်းဆို Zoom App ကနေ အမေးအဖြေလုပ်လို့ရတယ်လေ။ ဒီအချိန်က Podcast စဖို့ ဘာကြောင့် အချိန်ကောင်းလဲ လို့ မေးလာခဲ့ရင် ဘာကြောင့်လဲဆိုတော့ မြန်မာ Podcast အများစုဟာ နိုင်ငံရေးအကြောင်း၊ သတင်းဌာနတွေရဲ့ သတင်းထုတ်လွှင့်ချက်တွေ နဲ့ ခရစ်ယာန်ဘာသာရေးဝေငှချက်တွေလောက်ပဲ များများစားစား ရှိနေသေးလို့ ဖြစ်ပါတယ်။ ဖျော်ဖြေရေးကဏ္ဍတွေမှာ များစွာ လိုအပ်ချက်တွေ ရှိနေတုန်းမို့ ခေတ်အစမှာ ဝင်တိုးထားရင် နေရာရဖို့ ပိုချောင်ပါတယ်။ ကိုယ် သွားမယ့်လိုင်း ကို ရွေးချယ်ပြီးရင် အဲ့ဒီအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ အစီအစဉ်တွေကို တစ်ပတ် ဘယ်နှစ်ကြိမ် သို့မဟုတ် တစ်လ ဘယ်နှစ်ကြိမ် တင်ဆက်မယ် ဆိုပြီး ပြင်ဆင်ရေးသားအသံသွင်းတည်းဖြတ်ရပါတယ်။


(၃) Hosting Site ရွေးချယ်ခြင်း

အကြောင်းအရာရွေးချယ်ရေးသားတဲ့ကိစ္စတွေ နဲ့ အသံဖမ်းတဲ့ကိစ္စ ပြီးစီးတဲ့အခါ Hosting Site ရွေးချယ်တဲ့ကိစ္စရောက်လာပါပြီ။ ကိုယ်အသံသွင်းထားတဲ့အကြောင်းအရာကို Podcast Directories Site တွေမှာ လက်ခံတဲ့ ပုံစံဖြစ်ဖို့ အင်တာနက်ပေါ်တင်ထားရတဲ့ Hosting Site တွေထဲမှာ လက်ရှိ လူသုံးများနေကြတာကတော့ -

တို့ပဲဖြစ်ပါတယ်။ တချို့ Site တွေက Free Plan ပေးပါတယ်။ သို့သော်လည်း Limitation ရှိနေပါတယ်။ ဆိုပါတော့ တစ်လကို ၂ နာရီစာ အထိပဲ တင်ခွင့်ပေးမယ်တို့၊ အားလုံးပေါင်းမှ ၅ နာရီ စာပဲတို့၊ လူ ဘယ်နှစ်ယောက် နားထောင်စာအထိပဲ ခွင့်ပြုမယ်ဆိုတာမျိုးတို့လို အကျပ်အတည်းများစွာနဲ့ အခမဲ့ သုံးစွဲနိုင်ပါတယ်။ ဒီကြားတည်း ကြော်ငြာက ပေါ်ဦးမယ် ပေါ့လေ။ အများစုကတော့ လစဉ်ကြေး ၁၅ ဒေါ်လာ ဝန်းကျင် ကနေ စပါတယ်။ အားလုံးဟာ တစ်နှစ်စာ တန်းချေမှ ဒီ‌ဈေးနှုန်းနဲ့ ရမှာမျိုးပါနော်။ လက်ရှိအခြေအနေအရတော့ အဲ့လောက်က အတော်ပါပဲ။ ကမ္ဘာကျော်တဲ့တစ်နေ့မှာတော့ Plan ကို ထပ်မြှင့်ပေါ့။ အခြေခံလစဉ်ကြေးတွေထဲမှာ အနည်းဆုံးက Podbean ပါ။ ၉ ဒေါ်လာပဲ ရှိပါတယ်။ လက်ရှိ ကျွန်တော်လည်း သုံးနေပါတယ်။ ဒီ‌ဈေးနဲ့ဆိုတော့ ဗီဒီယို Podcast တော့ မရဘူးပေါ့။ အသံ Podcast ပဲ ရမယ်။ ကျွန်တော်ကလည်း အစကတည်းက အသံသီးသန့်ပဲ ဆန္ဒရှိတာမို့ အတော်အဆင်ပြေပါတယ်။ အကယ်လို့ Free Plan စမ်းချင်သူတွေကတော့ Buzzsprout Free Plan က ပိုအဆင်ပြေမယ်ထင်ပါတယ်။ သူက လစဉ် ၂ နာရီ ရတယ်။ Podbean က အားလုံးမှ အချိန် ၅ နာရီထိပဲ ခွင့်ပြုပေးလို့ပါ။ တစ်ခုအဆင်ပြေတာက သီးသန့် Website ထောင်နေစရာ မလိုဘဲ၊ ကိုယ် ဝင်လိုက်တဲ့ Hosting Site တွေက ကိုယ့်အတွက် Website လေး ဖန်တီးပေးကြလို့ပါပဲ။ Domain ကိုတော့ ထပ်ဝယ်ပေါ့လေ။ Domain ဝယ်တာလည်း ‌ဈေးမကြီးပါဘူး။ တစ်နှစ်ကို ၁၀ ဒေါ်လာဝန်းကျင်တွေနဲ့ ရနိုင်ပါတယ်။ Domain ဝယ်ထားတာရှိရင်လည်း ချိတ်ဆက်လို့ရတယ်ပေါ့လေ။ မဝယ်ချင်လည်း သူတို့နာမည်လေးတွဲပါတာ တစ်ခုပဲ ရှိတာပါ။ တကယ်တော့ Website လည်း ဘယ်သူမှ လာနားမထောင်ကြပါဘူး။ အများစုက Podcast Directories Site တွေကနေပဲ နားထောင်ကြတာ များပါတယ်။


(၄) ကိုယ့် Podcast ကို Podcast Directories Site တွေမှာ တင်ခြင်း

Hosting Site အများစုကတော့ သူတို့ရဲ့ ဝန်ဆောင်မှုအဖြစ် နာမည်ကျော် Podcast Directories Site တွေမှာ တန်းတင်နိုင်အောင် လုပ်ပေးကြတာ များပါတယ်။ အခြေခံကတော့ RSS Feed ပါပဲ။ Podcast ကို Podcast Directories Site အသီးသီးမှာ တင်ခွင့် မလျှောက်ထားခင် အရင်ဆုံး ကိုယ့်ဘက်က ပြည့်စုံနေအောင် Setting တွေ ဖြည့်ထားဖို့ လိုအပ်ပါတယ်။ အထူးအရေးပါဆုံး Apple Podcasts မှာ တင်ဖို့က Podcast Subtitle, Podcast Summary, Author/Owner, Contact Email စတာတွေ သေချာဖြည့်သွင်းပေးရပါတယ်။ Podcast ရဲ့ Profile ပုံဟာလည်း အရေးကြီးပါတယ်။ အကုန်လုံး ဖြည့်သွင်းထားပြီး ဖြစ်နေရပါမယ်။

Apple Podcasts မှာ စာရင်းသွင်းဖို့အတွက် Podcasts Connect https://podcastsconnect.apple.com ကို သွားပါ။ Apple ID ရှိပြီးသားဆိုရင် ဖြည့်ပါ၊ မရှိသေးရင် အသစ်လုပ်ပါ။ အထဲကို ရောက်ပြီဆိုရင် “+” ခလုတ်ကို နှိပ်ပြီး ကိုယ့် Podcast ရဲ့ RSS Feed Link ကို ဖြည့်သွင်းပါ။ RSS Feed Link ကို ကိုယ့် Hosting Site ထဲမှာ ရှာပြီး ကူးယူလာရမှာပါနော်။ Apple Podcasts ဟာ စစ်ဆေးချိန် အကြာဆုံးယူတဲ့ Site ပဲ ဖြစ်ပါတယ်။ ကိုယ့် Podcast လေး Apple Podcasts မှာ မြင်ရဖို့ ၂ ပတ်လောက်အထိ ကြာနိုင်ပါတယ်။

Google Podcasts ကို တင်မယ်ဆိုရင်တော့ https://podcastsmanager.google.com/ ကနေ လုပ်ဆောင်ရပါမယ်။

တစ် Site နဲ့ တစ် Site ပုံစံချင်း နည်းနည်းကွာနိုင်ပေမဲ့ သိပ်ခက်ခက်ခဲခဲ မရှိပါဘူး။ လိုအပ်ချက်တွေအကုန် Hosting Site တွေရဲ့ အမေးအဖြေကဏ္ဍတွေမှာ ဖော်ပြထားပြီး အဆင့်ဆင့် လုပ်ဆောင်ပုံတွေ ပါရှိပြီးသားမို့ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရုံပါပဲ။ Podcast Directories Site တွေများစွာ ရှိတဲ့အထဲက မဖြစ်မနေ Apple Podcasts, Spotify, Google Podcasts နဲ့ Amazon Music တို့မှာတော့ ကိုယ့် Podcast ကို တင်သွင်းထားသင့်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Joox မှာ ထည့်သွင်းတာလည်း လုပ်ဆောင်နိုင်ပါတယ်။ Joox မှာ ထည့်သွင်းဖို့ကိုတော့ Joox အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်ရပြီး သူတို့က လက်ခံမှ ထည့်သွင်းနိုင်ပါတယ်။


(၅) Facebook မှာ ကိုယ့် Podcast ထည့်သွင်းခြင်း

ခုချိန်မှာ မြန်မာနိုင်ငံမှာ ဖွင့်မရသေးပေမဲ့ အမေရိကားက မြန်မာတွေ နားထောင်နေကြပြီမို့ Facebook မှာ ခုကတည်းက ထည့်သွင်းထားတာလည်း ကောင်းတဲ့အချက်လို့ ယူဆပါတယ်။ နောက်ပိုင်း တစ်ကမ္ဘာလုံး သုံးလို့ရပြီဆိုရင်လည်း ကိုယ်က Ready ဖြစ်နေပြီလေ။ Podcast ထည့်သွင်းတာလုပ်ဖို့အတွက် နည်း ၂ မျိုး ခွဲကြည့်ရပါတယ်။

Page ပုံစံအဟောင်း (Classic Page) သုံးနေသူတွေက Manage Page ကို နှိပ်ပြီး Podcasts ဆိုတာကို ရွေးပါ။

Profile ပုံစံ Page ပုံစံအသစ် (New Pages Experience) သုံးနေသူတွေက Manage ဆိုတဲ့ ခလုတ်ကို ဖြစ်ဖြစ် Professional Dashboard ကို ဖြစ်ဖြစ် နှိပ်ပြီး ဝင်ပါ။ ပြီးရင် Your Tools အောက်မှာ Podcasts ဆိုတာတွေ့ရင် နှိပ်ပါ။

အဲ့ဒီမှာ Add podcast ဆိုတာလေးကို နှိပ်ပြီး ကိုယ့် Podcast ရဲ့ RSS Feed ကို ဖြည့်ရပါမယ်။ သူများ Podcast ကို ယူဖြည့်ထားတာမျိုး မဖြစ်ရလေအောင် Facebook က ကိုယ့်ရဲ့ Podcast Hosting Site မှာ ဖြည့်ထားတဲ့ Email ကို ဆက်သွယ်ပြီး အကြောင်းကြားပါမယ်။ အတည်ပြုချက် ရယူပြီး မှန်ကန်ကြောင်း သေချာမှ လက်ခံထည့်သွင်းပေးပါတယ်။ Podcast ကို ပြန်ဖျက်ချင်ရင်လည်း Remove Podcast လုပ်လို့ရပါတယ်။ သူမှာ ထူးခြားတာက ကိုယ့် Podcast ထဲကနေ နားထောင်သူတွေက သူတို့ကြိုက်တာလေးတွေကို ဖြတ်ယူပြီး ဝေမျှနိုင်ဖို့ ပါဝင်လာတာပါပဲ။ ခု TikTok တွေမှာ ကျွန်တော်တို့တွေ ဖြတ်တင်နေကြသလိုမျိုးပေါ့။ အဲ့ဒီလိုလုပ်တာ မကြိုက်လို့ ခွင့်မပြုချင်လည်း ပိတ်ထားလို့ရပါတယ်။ ပြီးတော့ Publish Podcast ဆိုတာ နှိပ်လိုက်ရင် လုပ်ဆောင်ချက်အဆင့် ပြီးမြောက်အောင်မြင်ပါပြီ။

မြန်မာနိုင်ငံကနေ လုပ်ဆောင်သူတွေက ကွန်ပျူတာထဲကနေ ကြည့်ရင် ကိုယ့် Podcast ကို မမြင်ရပါဘူး။ ဖုန်းထဲကနေ ကြည့်ရင်တော့ မြင်ရပါမယ်။ ဖုန်းထဲက ကိုယ့် Page ထဲဝင်။ အပေါ်ဆုံးနားက Post About Photo ဆိုတဲ့ အထဲမှာ Photo ဘေးက တြိဂံတုံးလေးကို ဖိထားလိုက်ရင် အောက်မှာ Photo, Video, Podcast ဆိုပြီး ပေါ်လာပါမယ်။ Podcast ကို ရွေးလိုက်ရင် ကိုယ့်ရဲ့ Podcast လှလှလေးကို မြင်ရမှာပါ။ တစ်ခုဆိုးတာက ကိုယ်သဘောတူတူ မတူတူ ကိုယ် Podcast Show Episode တစ်ခု အသစ်တင်တိုင်း Facebook က ကိုယ့် Newsfeed မှာ အလိုအလျောက် Share ပါလိမ့်မယ်။ အခုချိန်မှာတော့ အဲ့ဒီ Post ကို အမေရိကားက လူတွေကလွဲရင် ဘယ်သူမှ မမြင်ကြရပါဘူး။


(၆) Podcast ကို လူသိများအောင် ပြုလုပ်ခြင်း

Social Media ပေါ်ကလုပ်တာကတော့ အထိရောက်ဆုံးပါပဲ။ Facebook ကနေ ကိုယ့် Personal Account သို့မဟုတ် Page ကနေ Link ချပြီး မိတ်ဆက်တာတွေ၊ Story ကနေ Short Clip လေး တင်ပြီး စိတ်ဝင်စားအောင် ဆွဲဆောင်တာတွေ၊ Instagram, Linkedin နဲ့ Twitter တို့ကနေ Link ချတာတွေ လုပ်နိုင်ပါတယ်။ YouTube Channel ရှိရင်လည်း အဲ့မှာ တချို့ Episode တွေကို ဗီဒီယိုအဖြစ်တင်ဆက်ပြီး လူခေါ်နိုင်ပါသေးတယ်။ သတိပြုစရာအချက်က ရှေ့မှာ ကျွန်တော် ပြောခဲ့သလို ကိုယ့် Podcast Category ကို သေချာ ဖြည့်သွင်းထားခြင်း လုပ်ခဲ့တာမို့ အဲ့ဒီကဏ္ဍကို စိတ်ဝင်စားသူတွေဟာ ရှာဖွေရင်း လွယ်လင့်တကူ ကိုယ့်ဆီ ရောက်လာကြမှာလည်း ဖြစ်ပါတယ်။


ဒါလေးတွေကတော့ Podcast တစ်ခု ဖန်တီးထူထောင်လိုတဲ့သူတွေ အထောက်အကူဖြစ်စေဖို့ ကျွန်တော်လုပ်ခဲ့သမျှလေးတွေ သိသလောက် တတ်သလောက် စုစည်းဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော့်ထက် တတ်သိသူတွေ ဝေမျှပေးတာတွေကိုလည်း ဖတ်ရှုလေ့လာပါ။ များများသိလေ မြန်မြန်တိုးတက်အောင်မြင်လေပါပဲ။


Subscribe (Follow) ပြုလုပ်ထားသင့်တဲ့ Podcast လေးများ

ဒီအပိုင်းမှာတော့ နားထောင်ချင်စရာ စိတ်ဝင်စားဖွယ်ဖြစ်တဲ့ Podcast လေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။ နှစ်သက်ရာကို Subscribe (Follow) လုပ်လို့ရပါတယ်။ ကျွန်တော့် Podcast လေးတော့ မပါမဖြစ် နော်။ ချစ်တယ်ဗျ။

ဪ... Subscribe (Follow) ဖို့ Podcast တွေကို ကြည့်တဲ့အခါ ကိုယ့်ဖုန်းပေါ်မူတည်ပြီး သုံးရတဲ့ App ကတော့ အမျိုးမျိုး ဖြစ်နိုင်ပါလိမ့်မယ်။ iPhone တွေကတော့ Apple Podcasts က ပါပြီးသားမို့ အဆင်သင့် အဆင်ပြေသွားပါမယ်။ Android ဖုန်းတွေမှာတော့ Google Podcasts App ကို Playstore ကနေ Download လုပ်ပြီး သုံးနိုင်ပါတယ်။ Spotify premium account ရှိသူတွေ VPN ကျော်ပြီးသားသူတွေကတော့ Spotify နဲ့လည်း နားဆင်နိုင်ကြပါလိမ့်မယ်ခင်ဗျ။ တစ်ခုတော့ ရှိတယ်။ ကိုယ်သဘောကျတဲ့ Podcast က နေရာစုံ ရှိနေဖို့လည်း လိုပါလိမ့်မယ်။ တချို့ဆို Google Podcasts မှာ မရှိဘူး။ တချို့ကျ Spotify မှာ မရှိဘူး။ တချို့က Apple Podcasts ဝင်ခွင့်မရသေးဘူးတွေ ဖြစ်နိုင်ပါတယ်။


(၁) The Travelling Lion | Myanmar Podcast by Thiha, the Traveller

(၂) Moe Shinn Podcast

(၃) အရေမရ အဖတ်မရ Show | Myanmar Podcast

(၄) စာဖတ်ပြမယ် - Myanmar Audiobook

(၅) KC’s Notes

(၆) NarSin – Myanmar Podcast

(၇) Your Burmese Podtalk

(၈) SUM Weekly Podcasts

(၉) Project Curiosity – Burmese Podcast

(၁၀) Myanmar Sermon Audio


ဒါလေးတွေက ကဏ္ဍအစုံက စုစည်းလိုက်တာပါ။ အထက်မှာ ပြောခဲ့တဲ့အတိုင်း မြန်မာလို တင်ဆက်လို့ရတဲ့ Podcast အကြောင်းအရာတွေ အများကြီး လိုနေသေးတယ်။ စာဖတ်ပြတာမျိုးတွေ များနေတာ တွေ့ရတယ်။ ကျွန်တော်လည်း စာတွေ ဖတ်ပြလေ့ရှိတယ်။ တကယ်က ကိုယ်ရေးထားတာ မဟုတ်ဘဲ ကိုယ့်အတွေးအမြင်မဟုတ်ဘဲ ဒီအတိုင်းကြီး Copyright မကြည့်ဘဲ ယူဖတ်တာထက်စာရင် ကိုယ့်အတွေးအမြင်လေးတွေ ကိုယ့်အတွေ့အကြုံလေးတွေနဲ့ တင်ဆက်သွားတဲ့ Podcast တွေများများ ထွက်လာဖို့ မျှော်လင့်မိနေပါတယ်။


ဒီနေ့ ကျွန်တော့်ရဲ့ Podcast တည်ထောင်ခြင်းနဲ့ ပတ်သက်တဲ့ ကိုယ်တွေ့ အတွေ့အကြုံလေးတွေ ဝေမျှခြင်းက ကျွန်တော်နဲ့ ဝါသနာတူ မိတ်ဆွေ ညီအစ်ကို မောင်နှမတွေအားလုံးအပေါ် အဆင်ပြေပြေ အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်ပါတယ်ခင်ဗျ။ လုပ်ရင်းကိုင်ရင်း အခက်ကြုံခဲ့လို့ မေးစရာ ပေါ်လာခဲ့ရင်လည်း အချိန်မရွေး ကျွန်တော့်ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ ကိုယ်သိထားတာလေးနဲ့ အဆင်အပြေဆုံးဖြစ်အောင် ကူညီပေးသွားပါ့မယ်။ အောင်မြင်မှုများစွာနဲ့ ထိပ်ဆုံးမှာ တွေ့ကြရအောင်ပါဗျာ။


ချစ်မေတ္တာများစွာဖြင့်

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

728 views0 comments
bottom of page