သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၁၃) | ခရစ်တော် ငယ်ဘဝ မိဘတွေနဲ့ တိမ်းရှောင်ပုန်းအောင်းခဲ့ရာ အီဂျစ်ပြည်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၁၃) | ခရစ်တော် ငယ်ဘဝ မိဘတွေနဲ့ တိမ်းရှောင်ပုန်းအောင်းခဲ့ရာ အီဂျစ်ပြည်

ဒီတစ်ပတ်မှာတော့ အီဂျစ်ပြည်ထဲက ခရစ်ယာန်ဘာသာဝင်တို့အတွက် လေ့လာစရာ ဝတ်ပြုစရာ နေရာလေးတွေအကြောင်း တင်ဆက်ချင်ပါတယ်။ Holy Family လို့ တင်စားခေါ်ဝေါ်ကြတဲ့ ခရစ်တော် နဲ့ မိဘ နှစ်ပါး တို့ဟာ ခရစ်တော် မွေးစကာလတွေမှာ အီဂျစ်ပြည်ဘက်ကို ပုန်းရှောင်နေထိုင်ခဲ့ကြရဖူးတဲ့အပြင်၊ အီဂျစ်ပြည် ဟာ ဓမ္မဟောင်း ကာလကတည်းက ကြီးမားတိုးတက်တဲ့အရပ်ဖြစ်ခဲ့ပြီး ကျမ်းစာထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေလည်း အမြဲလိုလို ပါဝင်နေခဲ့ပါတယ်။


နိုင်းမြစ်ပေါ်က အီဂျစ်နိုင်ငံ ရဲ့ မြို့တော် ကိုင်ရို အလှ

ကျမ်းစာထဲက အဲဂုတ္တုပြည်

အီဂျစ်ပြည် ကို ကျမ်းစာထဲမှာတော့ အဲဂုတ္တုပြည် လို့ ဘာသာပြန်ဆိုပါတယ်။ အခု အီဂျစ်နိုင်ငံ ဟာ မူဆလင်ဘာသာကို ကိုးကွယ်သူဟာ ၉၀% ရှိတဲ့အတွက် အဓိက ဘာသာကြီး လို့တောင် ဆိုနိုင်ပါတယ်။ ကတ်သလစ်ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ၉% နဲ့ တခြား ခရစ်ယာန်ဘာသာဝင် ၁% ပဲ ရှိတာမို့ ခရစ်ယာန်ဘာသာဝင်တွေအတွက် လည်ပတ်စရာက ရှေ့အပိုင်းတွေကလိုတော့ များများစားစား မရှိလှပါဘူး။ သို့သော်လည်း ခရစ်တော် နဲ့ မိဘ နှစ်ပါး တို့ ခေတ္တပုန်းခိုနေထိုင်သွားလာဖူးတဲ့ အရပ်တွေကတော့ ခရစ်ယာန်ဘုရားဖူးတွေအတွက် အတော် စိတ်ဝင်စားစရာ ဖြစ်ကြရပါတယ်။ အီဂျစ်ကို သာမန်အလည်အပတ် ခရီးသွားသူတွေ ရောက်ဖို့ ခဲယဉ်းတဲ့နေရာတွေလည်း ဖြစ်ပါတယ်။


နောက်ခံသမိုင်းအဖြစ်အပျက်

ဒီနေရာ ကို ဘာလို့ ခရစ်ယာန်ဘုရားဖူးတွေ ရဲ့ ဘုရားဖူးခရီးစဉ်မှာ ထည့်သွင်းရသလဲ ဆိုရင် အစ္စရေး ဗက်သလင်ဟမ် (ဗက်လင်) မြို့မှာ ယေရှုခရစ်တော် ကို မွေးဖွားသန့်စင်ချိန်မှာ ဟေရုဒ်မင်းကြီး က စိုးစံအုပ်ချုပ်ချိန် ဖြစ်ပါတယ်။ ယေရှုခရစ်တော် မွေးဖွားတဲ့အတွက် ဖူးမြင်နိုင်ဖို့ အရှေ့ပြည်က မာဂုပညာရှိတွေဟာ ကောင်းကင်မှာ ကြယ်ကြီးပေါ်ထွန်း လမ်းပြတဲ့အတိုင်း ယေရုရှလင်မြို့ကို ရောက်ပြီး လာရှာကြတယ်။ နန်းတော်မှာ မွေးဖွားတာဖြစ်မယ်လို့ ယူဆပြီး ဘုရင့်ဆီကို ခွင့်တောင်းခဲ့ချိန်မှာ ဟေရုဒ်ဘုရင်မင်းကြီးက ဒီအကြောင်းကို သိသွားတော့တယ်။ သူ့အထင် က သူ့ကို နန်းလုမယ့်သူ ပေါ်လာတယ်လို့ ထင်တဲ့အတွက် မာဂုပညာရှိတွေကို ပရိယာယ်နဲ့ သွားရှာလို့တွေ့ခဲ့ရင် သူလည်း ဖူးချင်တာမို့ သူ့ကို အပြန်မှာ ဝင်ပြောဖို့ မှာလိုက်တယ်။ တကယ်တမ်း မာဂုပညာရှိတွေဟာ ဗက်သလင်ဟမ်မြို့ က နွားတင်းကုပ်မှာ မွေးဖွားခံခဲ့တဲ့ ယေရှုခရစ်တော်ကို ကြယ်ကြီးရဲ့လမ်းပြမှုနဲ့ ဖူးမြင်ခွင့်ရခဲ့ပေမဲ့ အိပ်မက်ထဲမှာ ဟေရုဒ်မင်းကြီးထံကို မပြန်ဖို့ ဗျာဒိတ် ရခဲ့တာကြောင့် တခြားလမ်းကနေပဲ ပြန်သွားခဲ့ကြတယ်။ အဲ့ဒီမှာ ဟေရုဒ်မင်းကြီး သိပြီး ခရစ်တော် ကို မြေလှန်ရှာတော့တာပါပဲ။ နောက်ဆုံး ၂ နှစ်အောက် ယောကျ်ားလေး ကလေးငယ်တွေကို အကုန်သတ်စေတဲ့အထိ ဖြစ်ခဲ့ရပါတယ်။


ဒီအချိန်မှာပဲ ယေရှုခရစ်တော် ရဲ့ ဖခင် ယောသပ် မှာလည်း အိပ်မက်မြင်ပြီး အဲဂုတ္တုပြည် မှာ ပြောင်းရွှေ့နေဖို့ ကောင်းကင်တမန်က ပြောလာပါတယ်။

“ထိုအခါ ယောသပ်သည် ထ၍ မယ်တော် နှင့် သူငယ်တော် ကို ညဉ့်အချိန်၌ဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ ထွက်သွား၍၊ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌ နေလေ၏။” (မဿဲ ၂:၁၄-၁၅)

ဟေရုဒ်မင်းကြီး အနိစ္စရောက်ပြီးမှ တစ်ခါ ကောင်းကင်တမန် ရဲ့ အိပ်မက်ပေးခြင်းအားဖြင့် ဂါလိလဲပြည် ကို သွားပြီး နာဇရက်မြို့ မှာ နေထိုင်ခဲ့ကြပါတယ်။


ဘုရားကျောင်းတွေများစွာနဲ့ Old Cairo

အီဂျစ်နိုင်ငံ ရဲ့ မြို့တော် ကိုင်ရို မှာ အထင်ကရ ပိရမစ်ကြီးတွေ ကို မြို့ထဲမှာတင် မျှော်လင့်မထားရဘဲ မြင်တွေ့လေ့လာနိုင်သလို ရှေးသမိုင်းဝင်အဆောက်အအုံတွေကိုလည်း ကိုင်ရိုမြို့ဟောင်း (Old Cairo) လို့ ယနေ့ ခေါ်ဝေါ်တဲ့ဘက်မှာ တစ်စုတစည်းတည်း သွားရောက်လေ့လာနိုင်ပါတယ်။ အထူးသဖြင့် ခရစ်ယာန်သမိုင်းဝင် အဆောက်အအုံတွေ၊ အပျက်အစီးထိန်းသိမ်းထားမှုတွေ၊ ဘုရားကျောင်းတွေကို အဲ့ဒီမှာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ လမ်းလျှောက်ပြီး လေ့လာလို့ကောင်းတဲ့ နေရာ ဖြစ်ပါတယ်။


Holy Family Church သို့မဟုတ် Cavern Church (Abu Serga Church)

ဒီ Holy Family Church လို့ အများခေါ်ကြတဲ့ ဘုရားကျောင်း ကို သွားရတာ သိပ်ချစ်စရာ ကောင်းပါတယ်။ လမ်းကျဉ်းကျဉ်းလေးတွေထဲ ဆင်းလျှောက်ကြရတယ်။ ဘေးမှာ ဝယ်ချင်စရာ ဒေသထွက် အမှတ်တရပစ္စည်း၊ ကော်ဇော တို့လို အိမ်အလှဆင်ပစ္စည်းရောင်းတဲ့ ဆိုင်တွေပြည့်နေပါတယ်။ လမ်းဘေးနံရံလေးကို စာအုပ်စင်လိုဖန်တီးပြီး စာအုပ်ရောင်းတဲ့နေရာလေးတွေကိုလည်း မြင်တွေ့ရတာ သဘောကျစရာ ဖြစ်ရပါတယ်။ ဒီ Holy Family ဘုရားကျောင်း မှာ ရှေ့က သမိုင်းကြောင်းလို ခရစ်တော် နဲ့ မိဘ နှစ်ပါး တို့ တိမ်းရှောင်ပုန်းအောင်နေခဲ့ဖူးတာ ပါ။ အဲ့ဒီတုန်းကတော့ ဘုရားကျောင်း မဟုတ်သေးပါဘူး။ သာမန် လိုဏ်ဂူ ပါပဲ။ ဒီနေရာမှာ သုံးလတာလောက် ခိုနားပြီး ဟေရုဒ်မင်းကြီး ရန်က လွတ်အောင် တိမ်းရှောင်ခဲ့ကြရတာပါ။ နောက်တော့ ကိုင်ရိုမြို့တောင်ဘက်မှာ ရှိတဲ့ Maadi ဆိုတဲ့ အရပ်ဘက်ကို ပြောင်းလဲ နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ကျမ်းညွှန်းတွေတော့ ကျွန်တော် မတွေ့မိပါဘူး။


ဘုရားကျောင်းထဲ ဝင်ဝင်လိုက်ချင်းမှာ သာမန် ဘုရားဝတ်ပြုဆောင်ကြီးပုံစံမျိုးအခင်းအကျင်း ရှိပြီး ဘေးဘက်တွေမှာ သူတော်စင်တွေရဲ့ ရုပ်ပုံတွေ၊ ဝိုင်ကြိတ်ဆုံ လို ရှေးခေတ်အသုံးအဆောင်တွေ၊ ပုပ်ရဟန်းမင်းကြီးတွေရဲ့ ဂူဗိမာန်တွေ စသဖြင့် တွေ့မြင်ကြရပါတယ်။ အတွင်းကို ဆက်ဝင်တဲ့အခါ သူတို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း သွားလိုက်ရင် လမ်းကျဉ်းလေးကတဆင့် ခရစ်တော်မိသားစု တို့ နေထိုင်ခဲ့ရာ နေရာတွေကို ရောက်ရှိလေ့လာနိုင်ပါတယ်။ လိုဏ်ဂူ ကိုပါ တွေ့ရှိနိုင်ပေမဲ့ ဂူအတွင်းမှာ မီးရောင်မှိန်မှိန်ပဲ ထွန်းထားပါတယ်။ ဓါတ်ပုံရိုက်တာနဲ့ ဖလက်ရှ်မီးသုံးတာတွေကို ကန့်သတ်တားမြစ်ထားပါတယ်။ ခရစ်တော်မိသားစုတို့ သောက်သုံးခဲ့ကြတဲ့ ရေတွင်းကိုလည်း ဘုရားကျောင်းထဲမှာ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ ရေတွင်းက ရေက အခု သောက်သုံးရေအဖြစ် မသုံးတော့ပေမဲ့ သမိုင်းဝင်အရာတစ်ခုအနေနဲ့ ထိန်းသိမ်းထားကြတာ ဖြစ်ပါတယ်။


လေပေါ်ဝဲ ဘုရားကျောင်း Hanging Church

ဒီဘုရားကျောင်း ကို ဝင်တော့ စစ်ဆေးရေး တင်းကျပ်တာ သတိပြုမိလိုက်တယ်။ အဝင်မှာ X-Ray စက်တွေ ဖြတ်ကြရသေးတာ။ ဒီဘုရားကျောင်းကတော့ ဘာသာရေးသမိုင်းနောက်ခံ ထက် သူ့ရဲ့ တည်ဆောက်ပုံထူးခြားမှုကြောင့် ပိုကျော်ကြားတာလို့ ဆိုရပါမယ်။ ဘုရားကျောင်း ရဲ့အပေါ်မှာ ရှိတဲ့ ခေါင်းလောင်းစင်တာဝါကြီး နှစ်ခု ဟာ နောဧ ရဲ့ လှေကြီးကို အသွင်ယူဖန်တီးထားတယ်လို့ ဆိုပါတယ်။ အီဂျစ်နိုင်ငံမှာ ပထမဆုံး တည်ဆောက်တဲ့ Basilica ဘုရားကျောင်း ဒီဇိုင်းပုံစံ ဘုရားကျောင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဘုရားကျောင်းဝန်းထဲကို ဝင်လိုက်တာနဲ့တင် လှပခမ်းနားတဲ့ ဘာသာရေးနောက်ခံ အနုပညာလက်ရာတွေကို မြင်တွေ့ခံစားကြရစေပါတယ်။ ဝင်ရောက်လေ့လာသူတွေအတွက်လည်း အဆင်ပြေပြေ လေ့လာနိုင်စေတဲ့ ဘုရားကျောင်းပါ။ Hanging Church ကာ ရိုမန်ကတ်သလစ်ကျောင်းဖြစ်ပြီး ရှေးဘုရားကျောင်းကြီးလည်း ဖြစ်ပါတယ်။ ထူးခြားတဲ့ တည်ဆောက်ပုံကတော့ လေထဲမှာ ရောက်နေတဲ့ လေပေါ်ဝဲဘုရားကျောင်း လို့ ထင်ရအောင်ပါပဲ။ အပြင်ကကြည့်ရင်တော့ မသိရပါဘူး။ အတွင်းမှာ ဘုရားကျောင်းရဲ့ ကြမ်းပြင်နေရာတချို့ကို မှန်တွေ ခင်းထားတာကို သတိပြုကြည့်လိုက်ရင် အောက်က မြေကြီးကို လှမ်းမမြင်ရလောက်အောင် ဖြစ်တာမို့ လေပေါ်မှာ တည်ဆောက်ထားသလို ခံစားရစေပါတယ်။ ဒါ့ကြောင့်ပဲ Hanging Church လို့ နာမည်ကျော်လာပြီး တခုတ်တရ လာကြည့်ကြ ဆုတောင်းဝတ်ပြုကြရတာ ဖြစ်ပါတယ်။


တစ်လက်စတည်း လမ်းလျှောက်လေ့လာနိုင်မယ့် ဘုရားကျောင်းများ

ဒီ ကိုင်ရိုမြို့ဟောင်း မှာ လမ်းလျှောက်ရင်း လှည့်ပတ်လေ့လာကြည့်ရှုနိုင်မယ့် ဘုရားကျောင်းတွေကတော့ Nunnery of Saint George, The Jewish Ben Ezra Synagogue, Saint Barbara Church, Saint George Church (Wedding Hall & Elgohary Tomb), Virgin Mary Church (Kasriet Elreehan), The Greek Orthodox Church of St. George နဲ့ Roman Wall ကြီးတွေနဲ့ Coptic Church တို့ ပဲ ဖြစ်ပါတယ်။ ဒီမှာ The Coptic Museum and the ramparts of the Fortress of Babylon ကိုလည်း တစ်လက်စတည်း သွားလေ့လာနိုင်ပါသေးတယ်။ ဘာသာရေးနဲ့တော့ သိပ်မဆက်နွယ်လှပါဘူး။ ခရစ်တော် ရဲ့ ကလေးဘဝ ‌ခြေတော်ရာ ရှိတဲ့ ကျောက် အကြောင်းလည်း ကြားခဲ့ရပေမဲ့ ရောက်ခွင့် မြင်ခွင့်တော့ မရခဲ့ပါဘူး။


အီဂျစ်ပြည်မှာတော့ ခရစ်ယာန်ဘုရားဖူးတွေအတွက် သိပ်ပြီး လေ့လာဘုရားဖူးစရာ မရှိပေမဲ့လည်း သမ္မာကျမ်းစာထဲမှာ အမြဲလိုလို ဖတ်ရှုကြရတဲ့ အဲဂုတ္တုပြည် ဆိုတာ ဘယ်လိုမျိုးလဲ သိခွင့်ရနိုင်စေပါတယ်။ အီဂျစ်ရောက်တာနဲ့ ဖာရောဘုရင်တွေ အကြောင်းက ခေါင်းထဲရောက်လာပြီး ဓမ္မဟောင်း ကာလကနေ ဓမ္မသစ် ကာလ တိုင် အဲဂုတ္တုပြည်နဲ့ ပတ်သက်တာတွေက ပိုပြီးဆင်ခြင်စဉ်းစားစရာ ဖြစ်စေပါတယ်။ ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါဦးခင်ဗျာ။


အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ အမြန်လွတ်မြောက်နိုင်ပါစေ။

May God bless you all!

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

bottom of page