သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၁၀) | ခရစ်တော် ၏ နောက်ဆုံးညစာ နဲ့ ဒါဝိဒ်မင်းကြီးဂူဗိမာန် ရှိရာဆီ
- Thiha Lu Lin

- Oct 6, 2021
- 2 min read
သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း အကြောင်းအရာတွေကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်လာခဲ့တာ အပိုင်း (၁၀) ရောက်လာခဲ့ပါပြီ။ အပတ်တိုင်း စိတ်ရှည်စွာ အားပေးဖတ်ရှုကြတဲ့သူများ အားလုံး အထူးသဖြင့် ယုံကြည်သူညီအစ်ကိုမောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဒီနေ့တော့ ကျွန်တော်တို့ ဇိအုန်တောင် လို့ ကျမ်းစာထဲမှာ ဘာသာပြန်ရေးသားထားတဲ့ Mount Zion (ဇီးအွန်တောင်) ဆီကို ခြေရာကောက်ကြည့်ကြရအောင်ပါ။
“တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရှုရုလင်မြို့မှ၎င်း၊ ပေါ်ထွက်လိမ့်မည်။” (ဟေရှာယ ၂:၃)

ဇိအုန်တောင် သို့
ကျွန်တော်တို့ အဲ့ဒီဘက်ကို သွားတဲ့နေ့က နေရာတော်တော်များများ သွားခဲ့ရတာမို့ လူက အတော်ပင်ပန်းနေချိန်ပါ။ ကျွန်တော့်မျက်နှာဆို အဆီတွေပြန်၊ ချွေးတွေထွက်ပြီး ရုပ်ရှင်ထဲက မကောင်းကြံတော့မဲ့ဇာတ်ရုပ်ပေါက်နေပြီ။ ဇိအုန်တောင်ကို ကို ပင်ပင်ပန်းပန်းတော့ မတက်လိုက်ရဘူးလို့ ပြန်တွေးကြည့်မိပါတယ်။ ဇိအုန်ဂိတ်အဝင်မှာတော့ သတိတရ မှတ်တမ်းတင်ဓာတ်ပုံရိုက်လိုက်သေးတာ။ ဒီနေရာမှာ မြို့ဟောင်းတံတိုင်းကြီးကိုလည်း မြင်တွေ့လေ့လာကြရပါတယ်။ ၄ ရာစုလောက်က မြေမျက်နှာသွင်ပြင် တွက်ချက်ဖော်ထုတ်မှု အမှားအယွင်းကြောင့် ဇိအုန်တောင်နေရာကို အနောက်ဘက်တောင်ကုန်းပေါ်က အခုနေရာကို သတ်မှတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဓမ္မဟောင်းကျမ်းစာထဲမှာတော့ ဇိအုန်တောင် ဟာ အရှေ့ဘက်တောင်ကုန်းမှာ ရှိတဲ့ ဒါဝိဒ်မြို့ (The City of David) မှာ လို့ ဆိုထားပြန်ပါတယ်။ “သို့ရာတွင် ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက် ကို တိုက်ယူလေ၏။” (၂ရာ ၅:၇)
ဇိအုန်တောင်ပေါ်ရောက်တော့ အရင်ဆုံးသွားကြည့်ခဲ့ကြတာ ဒါဝိဒ်မင်းကြီး ရဲ့ ဂူဗိမာန် ဆီပါပဲ။
ဇိအုန်ဂိတ် ဂိတ်တံခါးရှေ့က ကဗ္ဗည်းပြား အနီးကပ် မြင်ရပုံ
ဒါဝိဒ်မင်းကြီး ရဲ့ ဂူဗိမာန် King David’s Tomb
နည်းနည်းတော့ ရှုပ်သွားမယ်ထင်တယ်။ ဒါဝိဒ်မင်းကြီး ကွယ်လွန်တဲ့အခါ ဂူဗိမာန်က ဘာလို့ ဒီရောက်နေရပြန်တာလဲပေါ့။ အထိမ်းအမှတ်ဂူဗိမာန်ကို လွန်ပြီးနှစ်ပေါင်း တစ်ထောင်ကျော်အကြာ ခရစ်တော်ကာလမှာ ဒီဘက်ကို ပြောင်းရွှေ့ယူခဲ့ကြတယ်လို့ သိရပြန်ပါတယ်။ အေဒီ ၁၃၃ လောက်မှာ ဂူဗိမာန်ပျက်စီးသွားခဲ့ပါသေးတယ်။ နောက် ၁၁၅၈ ခုနှစ်ရောက်မှ မထင်မှတ်ဘဲ ပြန်တူးဖော်တွေ့ရှိခဲ့ကြတာပါ။ အခုလက်ရှိမှာတော့ ဂျူးတွေ၊ ခရစ်ယာန် နဲ့ အစ္စလာမ်တွေ ရဲ့ အလေးအမြတ်ထားရာနေရာတစ်ခု ဖြစ်လို့နေပါပြီ။ ကျွန်တော်တို့ သွားတဲ့အချိန်က ဝင်ကြည့်ဖို့ကို အမျိုးသား အမျိုးသမီးခွဲခြမ်းဝင်ခဲ့ရတယ်လို့ ထင်ပါတယ်။ ရုတ်တရက် မမှတ်မိတော့ဘူး။ သေချာတာတော့ ကျွန်တော်နဲ့အတူ အဖွဲ့ထဲက ဘယ်အမျိုးသမီးမှ အုတ်ဂူရှိရာဆီ ပါမလာခဲ့ကြဘူး။ စာဖတ်သူ အစ်မတစ်ယောက်ပြောမှ သတိထားမိပါတယ်။ အမျိုးသားတွေက ခေါင်းရင်းဘက်၊ အမျိုးသမီးတွေက ခြေရင်းဘက်ကို ဝင်ကြရတာပါ။ ကျွန်တော်တို့အမျိုးသားတွေဟာ ခေါင်းမှာ ဖြူဖြူခေါင်းစောင်းတစ်ခုကို စွပ်ကြရသေးတယ်။ အထဲမှာတော့ ဂျူးဘာသာဝင်အများစုကို မြင်တွေ့ရကြပါတယ်။
ခရစ်တော် ရဲ့ နောက်ဆုံးညစာ အခန်း (The Coenaculum/The Cenacle)
“ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်ခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် သွား၍ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။” (လုကာ ၂၂:၁၂-၁၃)
ယေရှုခရစ်တော်ကို ကားစင်တင်ဖို့ အပ်နှံမယ့်နေ့ဟာ ပသခါပွဲနေ့ဖြစ်တာမို့ တပည့်တော်တွေနဲ့ ပသခါပွဲစားဖို့ ခရစ်တော်ဟာ တပည့်တော် ပေတရု နဲ့ ယောဟန် တို့ကို ပြင်ဆင်စေခဲ့တယ်။ အခန်းကအစ ဘယ်လိုအခန်းဆိုတာမျိုးကို တောင်းတာနဲ့ ချက်ချင်းရနိုင်ခဲ့တဲ့ နိမိတ်လည်း ပြခဲ့ပြီး စေခိုင်းခဲ့တာပါ။ အဲ့ဒီညစာစားပွဲအခန်းမှာပဲ မုန့်နဲ့ စပျစ်ရည် ကို သူ့ရဲ့ ကိုယ်နဲ့ အသွေးအဖြစ် ပုံတင်စားလို့ ပွဲတော်ပေးခြင်းအမှုကို စတင်ပြုလုပ်ခဲ့ပြီး ယနေ့တိုင်အောင် ခရစ်ယာန်ဘာသာဝင်တွေဟာ ဒီအမှုအရာကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။

ကျွန်တော်တော့ ရောက်ခွင့်မကြုံခဲ့ပါဘူး။ ဒီအခန်းဟာ အနည်းငယ်သာ ပြန်လည်ပြုပြင်မွမ်းမံထားပြီး မူလအတိုင်းနီးပါး ရှိတယ်လို့လည်း ဆိုကြပါတယ်။ ၄ ရာစုက ပြန်လည်ပြင်ဆင်တဲ့အခါမှာတော့ ဂေါ့သ်သစ်စတိုင် ပြတင်းပေါက်တွေရယ်၊ ခရူးဆိတ်ဒါတွေ ဖန်တီးနေကျ အခုံးပုံစံမုခ်ဦးတွေရယ်ကို ဖြည့်ဆွတ်ထားပါတယ်။ အခုတော့ ဒီနေရာဟာ အစ္စလာမ်ဘုရားရှိခိုးရာ ဗလီ ဖြစ်သွားပါပြီ။ အရင် The Church of Zion ဟာလည်း အခု Mosque ဖြစ်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီ နောက်ဆုံးညစာစားပွဲအခန်းရဲ့အောက်ထပ်က အခန်းတစ်ခုဟာ ခြေဆေးရာဟောခန်း ဖြစ်ပါတယ်။ ယေရှုခရစ်တော်ဟာ တပည့်တော်တွေရဲ့ခြေထောက်ကို ရေနဲ့ဆေးပေးခဲ့ရာနေရာပါ။ အခုတိုင်လည်း နှစ်တိုင်းလိုလို အီစတာနေ့မတိုင်ခင်မှာ ခြေဆေးပွဲ အခမ်းအနားတွေကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

The Church of Hagia Maria Zion (The Dormition Abbey)
ဒီဘုရားကျောင်းရှိရာနေရာဟာ ယေရှုခရစ်တော် ရဲ့ မယ်တော် အိပ်နေစဉ် ကွယ်လွန်ခဲ့ပြီး ကောင်းကင်သို့ ချီဆောင်ခံရတဲ့နေရာ လို့ ယုံကြည်ကြပါတယ်။ ရှေ့မှာ Virgin Mary’s Tomb ဘုရားကျောင်းတစ်ခုကိုလည်း ပြောခဲ့ပြီးဖြစ်လို့ ဘာကွာခြားသလဲ မေးစရာရှိပါတယ်။ ကျွန်တော်လည်း သေသေချာချာတော့ မရှင်းပြတတ်ပါဘူး။ ရှာဖွေစုဆောင်းတွေ့ရသလောက်ကလည်း ဒီမျှသာပါပဲ။ ဟိုဘက်က ဂူဗိမာန်ဟာ အထိမ်းအမှတ် ဂူဗိမာန် ဖြစ်ပြီး ဒီနေရာမှာတော့ မယ်တော်ဟာ အိပ်ရင်း ခေါ်တော်မူခြင်းခံရတာ ဖြစ်မယ်လို့တော့ ယူဆရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရပ်ဟာ ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် မယ်တော် နေထိုင်ခဲ့ရာလို့လည်း ဆိုကြတာကြောင့်ပါ။ ဒီဘုရားကျောင်းထဲမှာ မယ်တော် အိပ်ပျော်နေဟန် လူအရွယ်အစား ရုပ်တုကြီးကို ချယ်ရီပင်သား နဲ့ ဆင်စွယ်တွေကို သုံးပြီး ခမ်းခမ်းနားနား ဖန်တီးထားပါတယ်။ ဘုရားကျောင်းကို ၆၁၄ ခုနှစ် က ပါရှန်းတွေရဲ့ ဖျက်ဆီးခြင်း ခံခဲ့ရပြီး ခရူးဆိတ်ဒါတွေ က ပြန်တည်ဆောက်ခဲ့ကြတယ်။ တစ်ခါ ၁၂၁၉ မှာ ပြန်အဖျက်ဆီးခံရပြီး ဘုရားကျောင်း ကနေ ဗလီ ဖြစ်ခဲ့ပြန်တယ်။ အခုလက်ရှိမြင်နေရတဲ့ ဘုရားကျောင်းကိုတော့ ၂၀ ရာစု အစမှာ ဂျာမန်တွေက ပြန်လည်တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။
The Church of Hagia Maria Zion လူအရွယ်အစား ရုပ်တုကြီး ဘုရားကျောင်း အတွင်းပိုင်း
ဇိအုန်တောင်ဘက် ခရီးဆက်ရတာဟာလည်း အတော် စိတ်ဝင်စားစရာဖြစ်တယ်လို့ ကျွန်တော် မြင်မိပါတယ်။ အကယ်လို့ နောက်ဆုံးညစာစားပွဲ အခန်းလေး သေချာမြင်ခဲ့ရမယ်ဆိုရင် ပိုကျေနပ်စရာ ဖြစ်မယ်လို့ ယူဆမိပါတယ်။ ဒီအပတ်တော့ ဒီလောက်နဲ့ကျေနပ်ပြီး နောက်အပတ်တနင်္ဂနွေမှ ထပ်ပြီး သမ္မာကျမ်းစာထဲ ခရီးဆက်ထွက်ကြတာပေါ့ဗျာ။
အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ အစဉ်ကင်းဝေးကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin
Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+
Photos are modified in Lightroom by Thiha Lu Lin.
-03.png)





Comments