Search
  • Thiha Lu Lin

ကျိုင်းတုံက အာခါတွေနေတဲ့ ဟိုကျင်းရွာတွေဆီ...

Updated: Sep 11

ငယ်ငယ်ကတည်းက ထိပ်ကဆံပင်မညှပ်ဘဲ ကျစ်ဆံမြီးကျစ်ထားကြတဲ့ အာခါအမျိုးသားတွေ၊

နိုင်ငံတကာသုံးငွေအကြွေစေ့အမျိုးမျိုးနဲ့ အလှဆင်ထားတဲ့ဦးထုပ်ဆောင်း အာခါအမျိုးသမီးတွေ၊

သူတို့နေထိုင်ကြတဲ့ ဟိုကျင်းရွာလေးတွေကို သွားမလည်ချင်ဘူးလား...



ကျွန်တော့်ရဲ့ ရှမ်းပြည်အရှေ့ပိုင်းခရီးစဉ်မှာ ဒီတစ်ခါတော့ အာခါရွာတွေကို အလည်သွားဖို့ စဉ်းစားထားခဲ့တဲ့အတိုင်း မရောက်ရောက်အောင် ကြိုးစားသွားလာခဲ့ပါတယ်။ အာခါရွာတွေထဲမှာမှ ထူးခြားတဲ့ ဟိုကျင်းရွာတွေဘက်ကို ရွေးချယ်ဖြစ်ခဲ့တယ်။ အကြောင်းကတော့ ကျိုင်းတုံမြို့ကနေ သွားရင် သိပ်မဝေးတဲ့နေရာမှာ ရှိတဲ့အပြင် လမ်းလျှောက်ရမှာ အပျင်းတစ်နေတဲ့ ကျွန်တော့်အတွက် ဆိုင်ကယ်ခရီးစဉ်လေး စီစဉ်နိုင်ခဲ့တာလည်း ပါပါတယ်။ မြို့နဲ့သိပ်မဝေးလို့ တကယ့်အာခါ လူနေထိုင်မှုအစစ်ကို တွေ့ရပါတော့မလား ထင်ထားခဲ့ပေမဲ့…. တကယ်တမ်းရောက်သွားချိန်မှာ အတော်လေး စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။


အာခါ တို့နေတဲ့ ရွာလေးတွေ

အာခါ လို့ စာလုံးပေါင်းပေမဲ့ အသံထွက်အားဖြင့်တော့ “အခါ” လို့ပဲ ထွက်ကြတဲ့ ဒီလူမျိုးတွေဟာ ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု ကိုးကွယ်ယုံကြည်မှုတွေနဲ့ ရပ်တည်နေကြတဲ့ လူမျိုး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မှာ အများဆုံးတွေ့ကြရပြီး ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဗောဒီးယားနိုင်ငံ နဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း တွေ့ကြရတယ်လို့ မှတ်သားဖူးပါတယ်။ အရင်ကထက် ခုနောက်ပိုင်း မြန်မာမှာ အာခါလူမျိုးတွေအကြောင်း ပိုသတိထားမိလာရတဲ့ အကြောင်းကတော့ သူတို့ရဲ့ ရိုးရာဖက်ရှင်တွေကြောင့်ပဲ ဖြစ်ပါတယ်။


ဟိုကျင်းရွာတွေဆီ ခရီးနှင်မယ်

အာခါရွာတွေ ကျိုင်းတုံ နဲ့ တာချီလိတ်တဝိုက်မှာ အတော်များပါတယ်။ ကျိုင်းတုံနားဝန်းကျင်က ရွာတွေထဲမှာမှ ဟိုကျင်းရွာ ၁ ကနေ ၄ အထိ လေးရွာဆီ ခရီးနှင်ဖြစ်တော့ အချိန်အားဖြင့် နေ့တစ်ပိုင်း ပေးရပါတယ်။ ကျိုင်းတုံ - မိုင်းဖြတ်လမ်းအတိုင်း ထွက်လာပြီး ပန်ကွဲရွာက ဗုဒ္ဓဥယျာဉ်ဆီကို တောင်တက်လို့ ဖြတ်ရပါတယ်။ အဲ့ဒီကနေ ကျောက်ချောတစ်လှည့်၊ ကျောက်ကြမ်းတစ်လှည့်၊ မြေနီတစ်လှည့် တောင်ပတ်လမ်းတွေ အတိုင်း အသည်းတယားယား သွားကြရပါတယ်။ ကားလမ်းဖြစ်ပေမဲ့ လမ်းက အခုမှ ပြင်ဆင်လုပ်ဆောင်နေဆဲမို့ ဆိုင်ကယ်နဲ့က ပိုအဆင်ပြေနေပါတယ်။ မိုးတွင်းလည်းဖြစ်တော့ မြေနီလမ်းတွေက တခါတရံ ချော်ထွက်သွားတတ်လို့ ဘေးက ချောက်ထဲ မကျအောင် သတိပြုမောင်းနှင်ရပါတယ်။ ဦးဆုံးရောက်မဲ့ ဟိုကျင်းရွာ (၄) အထိရောက်ဖို့ ကျိုင်းတုံကနေ ဆိုင်ကယ်နဲ့လာရင် ၁ နာရီလောက် ကြာပါတယ်။


ရွာကို ရောက်တဲ့အခါ ရိုးရာဆန်ဆန်ဆောက်လုပ်ထားတဲ့ အိမ်ကြီးအိမ်ငယ်မျိုးစုံကို သတိပြုမိကြပါမယ်။ ရွာ (၄) နဲ့ ရွာ (၃) က ကျယ်ကျယ်ဝန်းဝန်းရှိကြတာ သတိပြုမိတယ်။ ရွာ (၄) ကတော့ ထူးခြားစွာပဲ ရပ်ကွက် (၃) ကွက် ရှိနေသလိုမျိုး ဘာသာပေါင်းစုံ နေထိုင်ရာ ရွာကြီး ဖြစ်လို့နေပါတယ်။ ရွာ (၄) ရွာပေါင်းပြီး အစိုးရကျောင်းတစ်ခု ရှိသလို ကျန်းမာရေးစင်တာတစ်ခု ရှိတာ သတိပြုမိပါတယ်။


ဟိုကျင်းရွာကို သွားလည်သင့်တဲ့ အကြောင်းတွေ

(၁) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်ကြတာ ဟိုကျင်းရွာ (၄) ရဲ့ ထူးခြားချက်ပါ။

ရိုးရာ ယုံကြည်မှု အစီအရင်ပါ။ မကောင်းဆိုးဝါးတွေကို ကာကွယ်နိုင်တဲ့အစီအရင်ဖြစ်လို့ ရွာအဝင်မှာ ထားလေ့ရှိပါတယ်။

ရပ်ကွက် (၃) ခုလိုမျိုး ရွာထိပ်ဘက်မှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ အာခါလူမျိုးတွေ ရှိတယ်။ သူ့ ဘုန်းကြီးကျောင်းနဲ့ သူ။ ရွာလယ်မှာ မိရိုးဖလာ အာခါဇန်းဘာသာ ကိုးကွယ်တဲ့ အာခါလူမျိုးတွေ နေကြတယ်။ ဇန်း ဆိုတာ အာခါလို ဘာသာတရားပါပဲ။ ပြောရလွယ်အောင် အာခါဇန်းဘာသာ လို့ ရေးလိုက်ပါတယ်။ ရွာအောက်ပိုင်းမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ အာခါလူမျိုးတွေလည်း ဘုရားကျောင်းကြီးနဲ့အတူ နေထိုင်ကြပြန်တယ်။ ကဲ ဘယ်လောက် ငြိမ်းချမ်းချစ်စရာကောင်းလိုက်သလဲ။


ရွာထိပ်လောက်မှာ ရိုးရာယုံကြည်မှုအစီအရင်တွေ တိုင်မှာ ထားလေ့ရှိပါတယ်။ မကောင်းဆိုးဝါးတွေကို ကာကွယ်နိုင်တဲ့အစီအရင်လို့ ယုံကြည်ကြပါတယ်။ ရွာတချို့မှာတော့ အဖိုတိုင် အမတိုင်တွေနဲ့ နတ်ရုပ်တွေ ရှိတတ်ကြပြီး ဒီအဆောင်အယောင်တွေကို ဧည့်သည်တွေ ထိကိုင်တာမျိုးကို မကြိုက်ကြဘူးလို့လည်း မှတ်သားရပါတယ်။ ဒေသခံလမ်းညွှန်တွေ နဲ့ ရွာလူကြီးတွေ ပါရင်တော့ မထိမကိုင်ဖို့ သတိပေးကြလေ့ရှိပါတယ်။


(၂) ခေါင်းထိပ်က ဆံပင်စုတစ်ခုကို အသက်ကြီးတဲ့အထိ မညှပ်ဘဲ အရှည်ထားတဲ့ အာခါ အမျိုးသားတွေကို မြင်ရမယ်။

မိရိုးဖလာ အာခါဇန်းဘာသာကိုးကွယ်တဲ့ အာခါ လူမျိုးတွေမှာ အမျိုးသားတွေဟာ ထုံးတမ်းစဉ်လာတွေအတိုင်း လုပ်ဆောင်နိုင်ဖို့အတွက် ခေါင်းထိပ် ဗွေဘေးက ဆံပင်စု ကို မွေးကတည်းကနေ မရိတ်မသင်ဘဲ အသက်အရွယ်ရလာလို့ သူ့အလိုလို ပြတ်ကျသွားတဲ့အထိ ထားကြရတယ်။ ရှည်လာတော့ ကျစ်ဆံမြီးလေး ကျစ်ထားလိုက်တာ အရမ်းမိုက်နေရောပဲ။ ဒီလိုထားရတဲ့ အကြောင်းက သူတို့ရဲ့ ကိုယ်စောင့်နတ်သဘောမျိုး ဖြစ်နေပြီး သူတို့ကို စောင့်ရှောက်တယ်လို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။ နောက်ပိုင်း မျိုးဆက်တွေမှာတော့ သိပ်မထားကြတော့ဘူးလို့ သိရတယ်။ ကလေးတွေနဲ့ သက်ကြွယ်သူတွေမှာ ပိုပြီးတွေ့ကြရတယ်။ ဒါတွေကို လေ့လာခွင့်ရကြပါတယ်။


(၃) စပါးအရက်နဲ့ ဧည့်ခံကြတယ်။

လာတဲ့ ဧည့်သည်တွေကို ဒေါင်းလန်းကြီးထဲ အဖန်ရည်၊ မြေပဲဆံ၊ ငှက်ပျောသီး စတဲ့ ဒေသစာတွေနဲ့ ဧည့်ခံတတ်သလို၊ စပါးကနေ လုပ်ထားတဲ့ အရက်ဖြူ အပြင်းစားတစ်မျိုးနဲ့လည်း ဧည့်ခံတတ်ပါတယ်။ သောက်တတ်တဲ့သူတွေကို အရက်ဖြူ လက်ဆစ်တစ်ဝက်စာလောက် တက်ကီလာ ခွက်လေးထဲ ထည့်တိုက်ပါတယ်။ အရက်က အတော်ပြင်းရှပြီး ဂျပန်က ဆာကေးအရက်ပုံစံနဲ့ စပါးနံ့လေး မွှေးနေပါတယ်။ အတော် ပူ ပါတယ်။ တချို့အိမ်တွေမှာဆို ပတူကောင် စိမ်တဲ့အရက်၊ အကောင်ပလောင်အစုံ စိမ်ထားတဲ့ အရက်တွေနဲ့ ဧည့်ခံတတ်ပါသေးတယ်။


(၄) ကိုယ်ဝတ်ဖို့ ကိုယ်တိုင်ရက်လုပ်တဲ့ ဓလေ့ကို မြင်တွေ့ကြရတယ်။

ဂျပ်ခုတ်ပြီး ကိုယ်နဲ့ ကိုယ့်မိသားစုဝတ်ဖို့ အာခါရိုးရာ အင်္ကျီ ဘောင်းဘီ တွေ ဖန်တီးကြတာ အခုထိပါပဲ။ ဗိုင်းငင်ကြတယ်။ ဂျပ်ခုတ်လုပ်ကြတယ်။ ရလာတဲ့ ပိတ်စတွေက ၈ လက်မ အရွယ်အနံပဲ ရှိတယ်။ အဲ့ဒါကို အင်္ကျီဘောင်းဘီဖြစ်အောင် ပေါင်းစပ်ချုပ်လုပ်ကြတယ်။ အိမ်ရှေ့မှာ အိမ်အောက်မှာ ဂျပ်ခုတ်နေတဲ့ အာခါအမျိုးသမီးကြီးတွေ၊ အဆင်အကွက်ကို အပ်ပေါက်ရာကြီးကြီးထိုးလို့ လက်နဲ့ ကိုယ်တိုင်ချုပ်လုပ်ဖန်တီးနေတဲ့ အမျိုးသမီးကြီးတွေကို တွေ့မြင်လေ့လာကြရပါတယ်။ သူတို့ရွာတွေသွားရင် သူတို့ ရက်လုပ်ထားတဲ့ အထည်တွေ၊ လက်ပတ်တွေ၊ ခေါင်းဆောင်းတွေ၊ လွယ်အိတ်တွေကို ရောင်းချတတ်ပါသေးတယ်။ ဈေးတော့ကြီးတယ်နော်။ ရောင်းတန်းအပြင်ဆိုင်တွေထက် သက်သာတဲ့တိုင်အောင် တကယ့်လက်လုပ်တွေမို့ ဈေးတော့ မြင့်နေဆဲပါပဲ။

အာခါ အထည်တွေက တကယ့် လက်လုပ်အထည်တွေဖြစ်လို့ ဈေးကြီးပါတယ်။ သူ့အဆင်တန်ဆာတွေကလည်း ငွေထည်လိုမျိုး ရှားပါး အဆင်တန်ဆာတွေမို့ ဈေးကြီးပါတယ်။ ဈေးထဲမှာဆို လွယ်အိတ်တောင် လှလှဆို ငါးသောင်း၊ ခုနစ်သောင်း ပေးရတတ်တာမျိုးပါ။


(၄) ငွေထည်တွေနဲ့ ရိုးရာခေါင်းဆောင်းတွေကို လေ့လာရမယ်။

အာခါအမျိုးသမီးတွေ ဆောင်းတဲ့ ဦးထုပ်တွေဟာ ငွေထည်တွေနဲ့ ဖန်တီးထားတာ ဖြစ်လို့ အတော်လေးလံပြီး ဈေးအားဖြင့်လည်း ကြီးမြင့်ပါတယ်။ သိန်းချီအထိတောင် ရှိတတ်ပြီး တချို့ ငွေနိုင်တဲ့ အာခါအမျိုးသမီးတွေက ငွေအစား ရွှေထည်တွေနဲ့တောင် လုပ်ဆောင်လာကြပါတယ်။ ရွာထဲမှာတော့ ငွေကို အဓိက တွေ့ကြရပါမယ်။ ထိုင်း၊ အိန္ဒိယ၊ မြန်မာ ငွေအကြွေစေ့တွေနဲ့ ဖန်တီးထားကြသလို၊ တချို့ကတော့ ပလတ်စတစ်နဲ့လည်း ဖန်တီးထားပါတယ်။ ရွာကလူတွေ နောက်ပိုင်း ပလတ်စတစ်တွေ ပြောင်းသုံးလာကြတဲ့အကြောင်းကတော့ လေးလံမှုနည်းသွားသလို၊ မူးယစ်ဆေးဝါးသားကောင်တွေရဲ့ အန္တရာယ်ကို ရှောင်ပြီးသား ဖြစ်သွားအောင်လို့လည်း ပါပါတယ်။ ဒါတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။


(၅) ရိုးရာအိမ်ဆောက်နည်းတွေကို လေ့လာကြမယ်။

နောက်ပိုင်းတော့ အိမ်တွေက ခေတ်မီတဲ့ အသွင် ဖြစ်လာကြပါတယ်။ ဒါပေမဲ့လည်း လက်ကျန်အာခါရိုးရာ အိမ်စစ်စစ်တွေ ရှိပါသေးတယ်။ ကောက်ရိုးထုံး အမိုးနဲ့ ဆောက်ထားတဲ့ အိမ်လေးတွေလည်း ရှိသေးသလို၊ ခေတ်ပြောင်းတဲ့နောက်ပိုင်းဆောက်ထားတဲ့ အုတ်ကြွပ်မိုးနဲ့ အိမ်တွေလည်း လေ့လာစရာ ကျန်ရှိနေပါသေးတယ်။ ရိုးရာအာခါဇန်းကိုးကွယ်မှုရှိတဲ့ အိမ်တွေရဲ့ အိမ်ခေါင်ထိပ်ပိုင်းက ကြက်ခြေခတ်ပုံ ကံကောင်းခြင်းအဆောင်တွေအကြောင်းလည်း လေ့လာကြရမှာ ဖြစ်သလို၊ မကောင်းဆိုးဝါးတွေ နှင်တဲ့ ကြပ်ပုံစံ အဆောင်တွေကို အိမ်ရှေ့လှေကားရင်းမှာ ထားထားတာမျိုး၊ ရွာအဝင်မှာ ထားထားတာမျိုးလည်း တွေ့ကြရဦးမှာပါ။


အာခါ လူမျိုးတို့ရဲ့ အစဉ်အလာအရ အမျိုးသမီးနဲ့ အမျိုးသားဟာ အခန်း ခွဲ အိပ်ကြရပါတယ်။

အမျိုးသမီးအခန်းကို ဧည့်သည်တွေ ဝင်လည်ခွင့် မရှိပါဘူး။ ဒီမှာဆို ဟိုဘက် ခြင်ထောင်နဲ့ အခန်းပေါ့

သားသမီးတွေဟာ အိမ်ထောင်ပြုတဲ့အခါ မိဘ အိမ်မှာ မအိပ်ရပါဘူး

အကြောင်းက သားသမီးတွေ မိဘအိမ်မှာ ဘာညာ ဘာညာ လုပ်ခွင့် မရှိလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုပြီဆို ဟန်နီးမွန်းအိမ်လို့ ခေါ်တဲ့ တဲသေးလေးတစ်လုံး အိမ်ဘေးမှာ ထိုးပြီး နေကြရပါသတဲ့။



တစ်ခါ ကလေးမွေးပြန်ရင်လည်း အမြွာဆို မကြိုက်ကြပါဘူး။ လူဆိုတာ တစ်ယောက်တည်းပဲ မွေးရတယ်။ တိရစ္ဆာန်မှသာ အများကြီး မွေးတာလို့ ယူဆခဲ့ကြပါတယ်။ ရှေးတုန်းက အာခါဇန်းဘာသာကိုးကွယ်တဲ့ အာခါလူမျိုးတွေမှာ ယုံကြည်ယူဆခဲ့ကြတာမျိုးပါ။


အာခါ ရိုးရာအိမ်တွေမှာ ရှေ့လှေကား နဲ့ နောက်လှေကား နှစ်ခု တွေ့ရတတ်တယ်။

ရှေ့လှေကားက ဧည့်သည်တွေအတွက်ဖြစ်ပြီး အိမ်သားတွေက နောက်လှေကားကို အသုံးပြုလေ့ရှိတယ်။ ဧည့်သည်တွေက နောက်လှေကားကို အသုံးပြုခွင့် မရှိပါဘူး။ နောက်လှေကားက အမျိုးသမီးအခန်းကို တိုက်ရိုက် ရောက်နိုင်လို့လည်း ဖြစ်ပါတယ်။ လူသေရင်တော့ အလယ်မှာ ထားရိုး မရှိဘူး။ အိမ်ထောင့်မှာ ထားရပါတယ်တဲ့။


ခန့်မှန်းကုန်ကျငွေ

ကျိုင်းတုံဘက်က သွားရတဲ့ ခရီးဖြစ်လို့ လေယာဉ်နဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။

လေယာဉ်ခ အသွားအပြန် :: ၂၃၀,၀၀၀ ကျပ်ခန့်

တည်းခိုခ (တစ်ရက်) :: ၂၅,၀၀၀ ကျပ်

ဒေသခံလမ်းညွှန် :: ၄၀,၀၀၀ ကျပ်

ဆိုင်ကယ်ငှားခ :: ၁၀,၀၀၀ ကျပ်

စားဖို့ နှင့် အထွေထွေ :: ၅၀,၀၀၀ ကျပ်

------------------------------------

စုစုပေါင်း ကုန်ကျနိုင်ငွေ :: ၃၅၅,၀၀၀ ကျပ် ဝန်းကျင်


ဂျိုးငှက်လေးတွေ မွေးထားကြတယ်

အာခါပြက္ခဒိန်

အာခါမှာ သီးသန့်ပြက္ခဒိန် ရှိတာကလည်း ထူးခြားမှုပါ။ တရုတ်နဲ့ တူသလိုလို ရှိပါတယ်။ သူလည်း အကောင်တွေနဲ့ သွားပါတယ်။ နှစ်ကောင် သုံးကောင်တော့ ကွာပါတယ်။ တရုတ်နဲ့ မတူတာက သူ့မှ လ မရှိဘဲ ၁၂ ရက် ၁၂ ကောင် ပုံစံနဲ့ သွားတာ ဖြစ်ပါတယ်။ ကျား ကျတဲ့ ရက်ကတော့ သူတို့ အလုပ်နားတဲ့ ရက် ဖြစ်ပါတယ်။ ကျား ရက်မှာ ဘယ်သူ့မှ အလုပ်လုပ်ခွင့် မရှိပါဘူး။ (မိရိုးဖလာ အာခါဇန်းဘာသာကိုးကွယ်သူများ အတွက် ဖြစ်ပါတယ်)။ သူတို့မှာ လ မရှိတဲ့အတွက် ဟိုးတုန်းက လူတွေဟာ အသက်ကို နှစ်နဲ့ပဲ မှတ်မိတတ်ကြပါတယ်။


စာနဲ့ ပြောပြရတာထက် အများကြီး စိတ်လှုပ်ရှားရမဲ့ သဘာဝလူမှုပုံစံတွေကို ဒီခရီးစဉ်မှာ တွေ့မြင်ခဲ့ရပါတယ်။ ဟိုကျင်းရွာ မှာ ခုတော့ လူကြီးပိုင်းသာ အများစု ဖြစ်နေပြီး လူငယ်ပိုင်းအတော်များများက အခြားအရပ်တွေမှာ အလုပ်လုပ်နေကြသူများလို့ သတိပြုမိပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်ကလည်း လယ်လုပ်ချိန်ဖြစ်လို့ ရွာမှာ ကျန်ခဲ့တဲ့ လူငယ်လူရွယ် တွေကလည်း စိုက်ပျိုးရေးလုပ်ငန်းဝင်ချိန်ဖြစ်နေသလို၊ ကလေးငယ်တွေ ကျောင်းတက်ချိန်လည်း ဖြစ်နေတဲ့အတွက် လူခပ်များများတော့ မမြင်ခဲ့ကြရပါဘူး။ လူကြီးပိုင်းတွေသာ ရိုးရာဝတ်စုံတွေနဲ့ နေထိုင်ကြတာများတဲ့အတွက်တော့ တကယ့် အာခါရွာလေးတစ်ခုအသွင် ဖြစ်နေတာတော့ အမှန်ပါ။ ဒီခရီးစဉ်လေးကနေ အပြန်မှာ အတွေးစလေးတွေ အများကြီး ကျွန်တော့်ကို ပေးခဲ့တဲ့ ခရီးစဉ်လို့ပဲ ဆိုပါရစေ။ ဒီခရီးစဉ်ကို လိုက်ပြီး ပို့ဆောင်ပေးတဲ့ ဒေသခံလမ်းညွှန် ကိုစိုင်း ကိုလည်း ကျေးဇူးတင်သလို၊ ဒီခရီးစဉ်အတွက် အစစ အရာရာ ကူညီပံ့ပိုးပေးခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း က ကိုရဲမြင့်အောင် ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Nay Myo

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter