ရန်ကုန်မြို့ပြကြီးကလည်း တိုက်တာအဆောက်အဦးတွေ တိုးလာတော့ သစ်ပင်ကြီးတွေ နေရာပျောက်ခဲ့ရတာ ကြာပြီ။ အရင်ကဆို တစ်မြို့လုံး စိမ်းစိုနေတဲ့ ရန်ကုန်မြို့ကြီးက ခုတော့ လျှပ်စစ်လေအေးပေးစက်တွေ အချိန်ပြည့်ပေးဖို့ လိုလာတယ်။ အချိန်ပြည့်လေပူမှုတ်ထုတ်နေရတော့ လေထုက ညစ်ညမ်းလာပြီး ရာသီဥတုက ပိုပြီး မမှန်ချင်တော့။ ဒီတော့ ထပ်ပြီး လေအေးပေးစက်တွေနဲ့ ကူရပြန်ခြင်းတွေနဲ့ သံသရာလည်နေတော့တယ်။
တစ်နေ့တစ်နေ့ ကားပိတ်တဲ့ဒုက္ခကို ကိုယ်ပိုင်ကားစီးနိုင်သူရော၊ ဘတ်စ်နဲ့ တက္ကစီ စီးနေသူတွေပါ မျှခံနေရကြတယ်။ တရားရဲ့လားတောင် မတွေးအားဘဲ အလုပ်ရဲ့ ဖိစီးမှုဒါဏ်တွေက ခဏဝေးဝေးနေဖို့ အားလပ်ချိန်လေးရရင် ခရီးလေး အပြေးထွက်ပြီး အသက်ဝဝ ရှူနေကြရတယ်။
အချိန်ကလည်း များများစားစား မပေးနိုင်၊ မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ တခဏလောက် ဝေးလွင့်မေ့ထားချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့နဲ့ အနီးဆုံးတောအုပ်လေး ရှိရာဆီ ကျွန်တော်တို့တွေ လာတတ်ကြပါတယ်။ အဲ့ဒီတောအုပ်လေးဟာ လူတွေနဲ့ ယဉ်ပါးနိုင်တဲ့ သတ္တဝါလေးတွေရဲ့ ခိုလှုံရာ၊ အစိမ်းရောင်သစ်ပင်ကြီးငယ်တွေရဲ့ နိဗ္ဗာန်၊ ပြီးတော့ တချို့သော ချစ်တတ်တဲ့လူသားများရဲ့ တဒင်္ဂပျော်မွေ့ရာ နေရာကြီးပါပဲ။ လှော်ကားသဘာဝဥယျာဉ် လို့ အများက ရင်းနှီးကြတဲ့ နေရာပါ။
၁၉၈၂ ခုနှစ်မတိုင်ခင်ကတည်းက လှော်ကားကန်ကြီးနဲ့အတူ စတင်ထူထောင်လာခဲ့တာ ၁၉၈၂ ခုနှစ်မှ UNDP နဲ့ အစိုးရပူးပေါင်းပြီး ပန်းခြံအဖြစ် စတင် သက်ဝင်စေခဲ့ပါတယ်။ သစ်တောထိန်းသိမ်းဖို့ အဓိက ရည်ရွယ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ရှားပါးမျိုးသုန်းတော့မဲ့ တိရစ္ဆာန်လေးများကို ထိန်းသိမ်းထားတဲ့ ဥယျာဉ်တစ်ခုပါ ဖြစ်လာခဲ့ပါတယ်။ လှော်ကားသဘာဝဥယျဉ် ကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံအကျော် ပြည်မြို့ဘက်သွားတဲ့ လမ်းပိုင်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီးတော့ စုစုပေါင်း ၁၅၄၀ ဧက ကျယ်ဝန်းပါတယ်။ ဒီဧကထဲမှာ ၈၁၈ ဧက ကိုတော့ ဘေးမဲ့တော၊ ၆၂ ဧက ကို တိရစ္ဆာန်ရုံငယ် နဲ့ ၆၆၀ ဧက ကို သစ်တောဇုန်အဖြစ် ထိန်းသိမ်းဖန်တီးထားပါတယ်။
ဘေးမဲ့တော ၈၁၈ ဧကအတွင်းမှာ သမင်၊ ဒရယ်၊ ဆတ်၊ မျောက်၊ ဆင်၊ မြွေ၊ ဖွတ် စတဲ့ တိရစ္ဆာန်တွေကို ဘေးမဲ့ မွေးမြူထားတယ်လို့ သိရပါတယ်။ အရင်ကတော့ လှော်ကားဥယျာဉ်ထဲက စပါးကြီးမြွေတွေက ဒရယ်တွေကို မြိုတဲ့အကြောင်း သတင်းစာတွေမှာ ဖတ်ဖူးခဲ့တယ်။ ခုတော့ အဲ့ဒီမြွေကြီးတွေ မရှိလောက်တော့ဘူး ထင်ပါတယ်။ ငှက်မျိုးစုံ ရှိတယ်။ ငှက်ကြည့်တဲ့သူတွေအတွက်လည်း ဝန်ဆောင်မှုတွေ ပေးနေတယ်လို့ သိလိုက်ရပါတယ်။ တိရစ္ဆာန်ရုံငယ်ထဲမှာတော့ ကျား၊ ကျားသစ် နဲ့ ဝက်ဝံတို့လို လူကို အန္တရာယ်ပြုနိုင်တဲ့ တိရစ္ဆာန်တွေကို ထိန်းသိမ်းပြသထားပါတယ်။
ငယ်ငယ်ကတော့ ဒီကိုလာလည်ရင် သူတို့သတ်မှတ်ထားတဲ့ ဘတ်စ်ကားကြီးတွေ စီးပြီး အမျိုးသမီးတစ်ဦးက မိုက်နဲ့ တောက်လျှောက် ရှင်းပြပေးတယ်။ ခုတော့ ကိုယ့်ကားနဲ့ကိုယ်ဝင်လို့ ရသွားပြီ။ မျောက်တွေရဲ့ တိုးပွားနှုန်းကလည်း များလာတော့ မျောက်တွေဆိုတာ ဥယျာဉ်တစ်ခုလုံး နေရာအနှံ့ကို ပြန့်ကျဲလို့နေတယ်။ ဟိုးတစ်နှစ်က ဖေ့စ်ဘွတ်ပေါ် တစ်ယောက်က လှော်ကားဥယျာဉ်ထဲက မျောက်လေးတွေ၊ တိရစ္ဆာန်လေးတွေကို အစာကျွေးမဲ့သူမရှိလို့ သူတို့လာတဲ့အချိန်မှာ အငမ်းမရ စားကြတဲ့အကြောင်းတင်လိုက်တာ သိလိုက်ရတယ်။ နောက်တော့ သွားလည်ပြီး ကျွေးတဲ့သူတွေ များလွန်းသွားလို့ တိရစ္ဆာန်တွေတောင် အစာကို လှည့်မကြည့်ချင်တော့တာမျိုး ဖြစ်ခဲ့တယ်ဆိုလား သတိရမိတယ်။ ခုတစ်ခေါက် ကျွန်တော်တို့ ရောက်တော့လည်း အံ့အားသင့်စရာ ဥယျာဉ်ထဲက တိရစ္ဆာန်လေးတွေ အစာကျွေးမဲ့သူကို မျှော်နေကြတာ တွေ့လိုက်ရပြန်တယ်။ ဥယျာဉ်ကို လာတဲ့လူတွေက ကိုယ့်အပျော်ကိစ္စနဲ့ ကိုယ်လာကြတာ များလို့ အစာကျွေးဖို့လည်း စိတ်မဝင်စားကြပါဘူး။ ချစ်သူနဲ့ စကားပြောမှာလား၊ ဘာလား၊ ညာလားတွေက တစ်ဘက်၊ အရက်ပုလင်းလေး၊ ဘီယာပုလင်းလေးနဲ့ ဂစ်တာတီးပြီး ပျော်နေကြသူတွေက တစ်ဘက်နဲ့ ဥယျာဉ်ထဲက တိရစ္ဆာန်လေးတွေကတော့ အစာကျွေးမဲ့သူ မျှော်နေကြရဆဲပါပဲ။
လှော်ကားဥယျာဉ်ကို စနေ၊ တနင်္ဂနွေ နဲ့ အစိုးရရုံးပိတ်ရက်တွေ မိသားစုလိုက် တောတွင်းခရီးထွက်ရတဲ့ ခံစားမှုမျိုးရဖို့ သွားသင့်တဲ့နေရာတစ်ခုလို့တော့ ကျွန်တော် ခုထိ မြင်မိနေတုန်းပဲ။ ကျွန်တော် ကလေးဘဝကတည်းက သွားခဲ့တဲ့ ဒီဥယျာဉ်ဟာ ခု ကျွန်တော့် တူ၊ တူမလေးတွေနဲ့ သွားရပြန်တော့လည်း သူတို့လေးတွေကို သဘာဝနဲ့ပတ်သက်ပြီး သင်ပြလမ်းညွှန်နိုင်ဖို့ အထောက်အကူပြုနေတုန်းပါပဲ။ တိရစ္ဆာန်လေးတွေကို ချစ်တတ်လာအောင်လည်း သွန်သင်လမ်းပြနိုင်သေးတယ်။ အရင်ကတော့ ဖုန်ထူထူ လမ်းလေးပေါ်မှာ ကားလေးမောင်းသွားရာကနေ ခုတော့ ဥယျာဉ်ရဲ့ အစအဆုံးနီးပါး ကွန်ကရစ်လမ်း ဖြစ်နေပါပြီ။ ပြန်ထွက်ခါနီးအပိုင်းလေးမှာတော့ မြေနီလမ်းလေး ဖြစ်နေတုန်းပဲ။ ကျွန်တော်ကတော့ အဲ့လို မြေနီလမ်းလေးဖြစ်နေတာကိုလည်း သဘောကျမိတယ်။ တကယ့်တောထဲရောက်နေရသလို ခံစားရစေလို့ပါ။ မိသားစုတွေ အပန်းဖြေနိုင်ဖို့ ရည်ရွယ်လို့ စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေဆိုရင် ဥယျာဉ်အတွင်းမှာ ဆင်စီးနိုင်ဖို့လည်း စီစဉ်ပေးပါတယ်။ တခြားရက်တွေမှာတော့ တိရစ္ဆာန်ရုံငယ်လေးထဲမှာ ဆင်စီးနိုင်ပါတယ်။ ခုတော့ မိုးလေးလည်း ကျနေပြီမို့ လှော်ကားဥယျာဉ်ထဲမှာလည်း ဖုန်သိပ်ပြီး သစ်တောတစ်ခုလုံးက စိမ်းစိမ်းစိုနေကြပြီလေ။
လှော်ကားဥယျာဉ်ထဲဝင်ဖို့ လက်မှတ်ဈေးနှုန်းတွေက လူကြီးတစ်ဦး ၁၀၀၀ ကျပ် နဲ့ ကလေးတစ်ဦး ၅၀၀ ကျပ် ဖြစ်ပါတယ်။ နိုင်ငံခြားသားကတော့ ၅၀၀၀ ကျပ် နဲ့ ၃၀၀၀ ကျပ် ကျသင့်မှာပါ။ ဒါပေမဲ့ ဘက်ဂီကားစီးခွင့် ထည့်သွင်းပေးလိုက်ပါတယ်။ တိရစ္ဆာန်ရုံငယ်လေးကို ဝင်ဖို့ သက်သက် ဝင်ကြေးထပ်ပေးရပါသေးတယ်။ လူကြီး ၅၀၀ ကျပ် နဲ့ ကလေး ၂၀၀ ကျပ် ကောက်ခံပါတယ်။ ပြည်တွင်းဧည့်သည်တွေက ဘက်ဂီကား ငှားမယ်ဆို တစ်ဦးကို ၅၀၀ ကျပ် နဲ့ ငှားနိုင်သလို (၇) ယောက်စီးယာဉ် စင်းလုံးငှားခ ၁၀၀၀၀ ကျပ် နဲ့ ၂၅ ယောက်စီး စင်းလုံးငှားခက ၂၀၀၀၀ ကျပ် ကျသင့်သွားမှာပါ။ ဥယျာဉ်တစ်ပတ် ၄၅ မိနစ် မောင်းနှင် ပြသပေးသွားပါလိမ့်မယ်။ ကိုယ့်ကားနဲ့ကိုယ် ဝင်မယ်ဆိုရင်တော့ ကား အကြီးအသေးပေါ်မူတည်ပြီး ၁၀၀၀၊ ၂၀၀၀ နဲ့ ၃၀၀၀ ကျပ် အသီးသီး ကောက်ခံပါတယ်။ ကင်မရာတွေအတွက်လည်း သီးသန့် ထပ်ပေးရပါတယ်။ အရင်ကတော့ လှော်ကားဥယျာဉ်ထဲက ဘန်ဂလိုတွေမှာ တည်းတာ သိပ်ခေတ်စားခဲ့သေးတယ်။ ခုတော့ တည်းခိုတဲ့သူ မရှိတော့ဘူးလား မပြောတတ်။ ကျွန်တော်လည်း တည်းခိုကြည့်ဖို့ စိတ်မဝင်စားမိသေးပါဘူး။ ဘန်ဂလိုခတွေကတော့ အစားစားပါပဲ ၃၀၀၀ ကျပ်ကနေ ၂၅၀၀၀ ကျပ်ထိ ရှိပါတယ်။ ငှက်ကြည့်သူတွေကိုလည်း Guide နဲ့ Security တွေအထိ ဝန်ဆောင်မှုပေးနေတာကို သိလိုက်ရပါတယ်။
ကြွပ်ကြွပ်အိတ်ပြဿနာကလည်း မသေးလှပါဘူး။ လာလည်တဲ့ ဧည့်သည်တွေက ဥယျာဉ်ထဲကို စာစရာ သောက်စရာတွေ ယူလာတယ်။ တချို့လည်း အစာကျွေးဖို့ ဝယ်လာတယ်။ ခက်တာက ကိုယ်စားပြီး သုံးပြီး သွားရင် ပါလာတဲ့ ကြွပ်ကြွပ်အိတ်တွေကို စည်းကမ်းမဲ့ ပစ်ချခဲ့လို့ မျောက်စတဲ့ တိရစ္ဆာန်လေးတွေက ဟိုပို့ဒီသယ်လုပ်ရင်း ဥယျာဉ်ထဲမှာလည်း အမှိုက်တွေ ပွလာတယ်လို့ ကြားရပါတယ်။ ဒါကြောင့် ခုဆို သတိပေးစာတွေ နေရာတော်တော်များများ ကပ်ထားပြီး သတိပေးထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ သွားလည်တဲ့အခါမှာလည်း ဒီအချက်ကို အထူးသတိပြုကြရမှာပါ။
ပုံမှန်အားဖြင့် တိရစ္ဆာန်လေးတွေကို ကျွေးမဲ့အစာတွေ အပြင်ဘက်က ဝယ်သွားတာ ဈေးပိုချိုတတ်ကြပါတယ်။ များများစားစား ကျွေးစရာကလည်း မျောက်ပဲ ရှိတာမို့ မျောက်စာကို အဓိကထား စဉ်းစားရတယ်။ ပြီးမှ ကျန်တဲ့ တိရစ္ဆာန်လေးတွေ ကြိုက်တတ်တာမျိုးကို စဉ်းစားဝယ်ယူရတယ်ပေါ့ဗျာ။ ရှေ့ဆိုင်တွေမှာ တော်တော်စုံပါတယ်။ ငှက်ပျောသီး၊ ကန်စွန်းဥ၊ သခွားသီး၊ ပြောင်းဖူး၊ ကန်စွန်းရွက်၊ မြေပဲဆံ စုံစိနေအောင် ရှိလို့ ကြိုက်သလိုသာ အားပေးသွားနိုင်တယ်။ ဈေးတော့ နည်းနည်းဆစ်ရပါတယ်။ ဆင်တွေအတွက် ကြံကိုတော့ အတွင်းထဲက ဆင်တွေရှိတဲ့နားမှာ ရောင်းတဲ့ဆိုင်ကပဲ ဝယ်ဖို့ အဆင်ပြေပါတယ်။ တစ်ခြင်းကို ၁၀၀၀ ကျပ်နဲ့ ရောင်းပြီး ခြင်းထဲမှာ ၆ လက်မအရွယ်ဖြတ်ထားတဲ့ ကြံချောင်း ၇ ချောင်းလောက် ပါပါတယ်။
လှော်ကားဟာ ခုထိ ဓါတ်ပုံရိုက်လို့ မရိုးနိုင်တဲ့ စတူဒီယိုကြီးတစ်ခုလည်း ဖြစ်နေတုန်းပါ။ နည်းနည်းအကျည်းတန်စေတာက ပြုပြင်မှုလိုအပ်တဲ့နေရာတချို့ကို သေချာ မပြုပြင်ဘဲ ထားထားသေးတာပါပဲ။ ဥပမာ တံတားလေးတွေ၊ အပန်းဖြေစရာ ထိုင်စရာနေရာလေးတွေ စသဖြင့် ပြုပြင်စေချင်မိသေးတယ်။
ကားနဲ့ တစ်လမ်းမောင်းပုံစံ ဥယျာဉ်ကို စဝင်ကတည်းကနေ ပြန်ထွက်တဲ့အထိ ချောချောမွေ့မွေ့ရှိအောင် လုပ်ပေးထားတာကိုတော့ သဘောကျပါတယ်။ နောက်ကြောင်းပြန်လှည့်ချင်ရင် အထွက်ဂိတ်ဝထိ ထွက်ပြီးမှ အဝင်ဂိတ်ဝအစကနေ ပြန်ဝင်မှ ရပါတယ်။ ဒါကြောင့် ပါလာတဲ့ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့တာမျိုးဆို နည်းနည်းတော့ ဒုက္ခရောက်နိုင်ပါတယ်။
ကုသိုလ်လည်းရ အပန်းလည်းပြေစေတဲ့ လှော်ကားဥယျာဉ်မှာ တခါတလေ မဖွယ်မရာ စုံတွဲကားလေးတွေကို မြင်ရတာကလွဲရင် အတော်လေး စိတ်ကျေနပ်စရာ နေရာတစ်ခုပါ။ ဘီယာတွေ အရက်တွေ ဥယျာဉ်ထဲက ဆိုင်တွေမှာ ဝယ်လို့ရနိုင်တာကတော့ စိတ်မကောင်းစရာဘဲ။ အရင်ကလို အနားယူစရာ စခန်းတွေက ဆိုင်းဘုတ်ပဲ ရှိတော့တာမို့ လာလည်သူတွေအားလုံးက အပန်းဖြေစခန်း (၄) နားက ရေကန်ဘေး လင့်စင်ထိုးထားတဲ့ နေရာလေးတွေမှာ အလုအယက်ထိုင်ပြီး စားသောက်အပန်းဖြေရတာကိုလည်း ဒီထက် အဆင်ပြေအောင် လုပ်ဆောင်ပေးစေချင်မိသေးတယ်။ ဒါလေးတွေ ပြည့်စုံသွားရင်တော့ ကျွန်တော်တို့ ရန်ကုန်မြို့ပြပြည်သူတွေရဲ့ မွန်းကြပ်မှုအပေါင်းက တဒင်္ဂလွတ်မြောက်ရာ လှော်ကားသဘာဝဥယျာဉ်လေးက ပြည့်စုံတဲ့နေရာလေးတစ်ခုဖြစ်မှာ အသေအချာပါပဲဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Comments