မိုးသီးတွေ အများကြီးကြွေကျပြီး ရေခဲတုံးအပုံလိုက် မြင်ဖူးတာ ကျွန်တော့်ဘဝမှာ ဒါ ပထမဆုံးပါ။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ မနက်စောစော ၅ နာရီလောက်က ပြင်ဦးလွင်၊ မိုးကြိုးဘက်မှာ မိုးသီးတွေ မိုးနဲ့အတူ သည်းသည်းမည်းမည်း ကြွေကျပါတယ်။ ကျွန်တော်တို့ ခြံထဲက ပန်းပင် နဲ့ သီးပင်တွေ တော်တော်များများ ပျက်စီးကုန်ပြီး အရွက်တွေက အပေါက်တွေ ဖြစ်ကုန်သလို အပွင့်တွေက ကြွေကျ ကျိုးကျကုန်တဲ့အထိပါပဲ။
သင်္ကြန်ရက်ဝန်းကျင်မှာ သင်္ကြန်မိုးတွေရွာတတ်သလို မိုးတွေက အဲ့ဒီရက်ပိုင်း ဆက်တိုက်ကျတာ။ မိုးသီးကြွေတဲ့မနက်ကတော့ မိုးသည်းသည်း လေထန်ထန်မှာ ကြားနေကျ အသံမဟုတ်တဲ့ အသံတစ်မျိုး အိမ်အမိုးပေါ် ကျသံကြားလို့ အိမ်ကလူတွေ ထွက်ကြည့်ကြတော့မှ လက်သည်းခွံအရွယ် မိုးသီးတွေ ကြွေကျနေတာတွေ့လိုက်ရတယ်။ အရင်က မိုးသီးကျတာ ကြုံဖူးပေမဲ့ ခဏလေး ဖြုတ်ခနဲပဲ။ ခုလို အချိန်အကြာကြီး မိုးရွာသလို ကြွေကျနေပြီး ရေခဲတုံးတွေ နေရာအနှံ့အပုံလိုက်ဖြစ်သွားတဲ့အထိ ကြွေတာမျိုးတော့ ခုမှ တွေ့ဖူးတာပါ။ အိမ်ခြံဝန်းထဲတင် မနည်းဘူး ဖွေးဖွေးလှုပ်။ အဝေးကိုကြည့်လိုက်တော့ စိုက်ခင်းတွေမှာလည်း ရေခဲတုံးတွေပြည့်ပြီး ဖွေးနေရောပဲ။ နောက်မှ သိရတာ တောင်သူတွေလည်း အတော် အထိအခိုက်များတယ်တဲ့။ စတော်ဗယ်ရီခင်းတွေရော၊ ပန်းခင်းတွေရောပေါ့။ အစစ အရာရာ ခက်ခဲ အဆင်မပြေတဲ့အချိန်မှာ ခုလို ဖြစ်ရတော့ ပိုပြီးစိတ်ညစ်ကြမှာပဲလို့ တွေးမိသွားတယ်။
ပြင်ဦးလွင် ရဲ့ မိုးကြိုးရပ်ကွက်ဘက်မှာ ခါတိုင်းတော့ မိုးတွင်းမှာ မိုးသီးကျတတ်တယ်။ ၁၉၈၈ မတိုင်ခင်က နှစ်တိုင်းလိုလို ကျတာမျိုးတဲ့။ နောက်ပိုင်းတော့ တခါတလေမှပဲ ဖြစ်တတ်တော့တယ်။ ၁၉၈၆ ခုနှစ် ဇူလိုင်လမှာ မိုးကြိုးရပ်ကွက် (မိုးကြိုးပစ်ရွာလို့လည်း ခေါ်) မှာ ကျခဲ့တဲ့ မိုးသီးကတော့ မကြုံဖူးလောက်အောက် ကြောက်စရာ အကောင်းဆုံးပဲလို့ ဆရာ သက်နိုင် (ပြင်ဦးလွင်) ရဲ့ စာထဲမှာ ဖတ်ဖူးတယ်။ အခုတစ်ခေါက်ထက် ပိုဆိုးခဲ့ပုံပဲ။ အဲ့ဒီတုန်းကလည်း ၅ နာရီနီးပါး မိုးသီးကြွေလို့ ရွာတစ်ခုလုံး ရေခဲပြင်ကြီးလို ဖြစ်သွားတာပဲတဲ့လေ။ ပြီးတော့ အိမ်ရှေ့တံခါးတွေ ဖွင့်ရခက်အောင်အထိ ရေခဲတုံးထုက တစ်ပေကျော်လောက်ထိ ဖြစ်သွားတာတဲ့။ တော်သေးတယ် အခုတစ်ခါတော့ အဲ့လောက်မများသွားရှာဘူး။
ကျွန်တော်လည်း မိုးသီးရပ်တာနဲ့ အနီးအနားဝန်းကျင်ကို ကားနဲ့ပတ်ကြည့်မိတယ်။ မြေသားလမ်းတွေက မိုးရေရော ရေခဲရောနဲ့ အဆင်မပြေတာမို့ သိပ်ဝေးဝေးမသွားနိုင်လိုက်ဘူး။ မိုးသီးတော်တော်များများက နေ့လည် ၁၂ နာရီကျော်လောက်ထိ မပျော်ဘဲ ရှိနေတာတော့ သတိပြုမိလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကြုံဖူးသွားတာတော့ ပျော်လည်းပျော်ရ၊ စိတ်လည်းညစ်ရပါပဲ။ ခြံထဲက ပန်းပင်တွေ ပြန်ပြီး ကောင်းလာဖို့က အချိန် တစ်လလောက် အနည်းလေး လိုဦးတော့မယ်။ အမှိုက်တွေ ရှင်းရတာလည်း တစ်နေကုန်အောင်ပါပဲ။ တောင်သူတွေကိုယ်စားလည်း ကိုယ်ချင်းစာ ရင်မောမိတာပဲ။ ဘဝတကွေ့ အမှတ်တရတစ်ခုပဲ မှတ်ယူပါတယ်လေ။
အားလုံး အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin
Camera :: Samsung Galaxy Note 10+
Photos are modified in Lightroom by Thiha Lu Lin.
Commenti