top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

မိုးနှောင်းပိုင်းလောက် အဖွဲ့လိုက်ခရီးထွက်ကြမလား

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Jul 30, 2017
  • 3 min read

Updated: May 29, 2020


ကျွန်တော်တို့ဆီမှာက ပွင့်လင်းရာသီကို အောက်တိုဘာလကနေ စပြီး သတ်မှတ်ကြတယ်။ အောက်တိုဘာထဲလည်း မိုးက တစ်ခါတလေ ရွာတတ်ပေမဲ့ မရွာသလောက် ကျဲနေပြီ။ သီတင်းကျွတ်လပြည့်နေ့ ဝန်းကျင်ဆို တစ်ခါလောက် မိုးကောင်းတတ်တယ်။ ပြီးရင်တော့ ဒီတစ်နှစ်အတွက် ကိုရွှေမိုးစက်တို့က တာ့တာ လုပ်ပြီး ထွက်သွားကြတယ်။ ဒါကြောင့် မိုးနှောင်းပိုင်းဆိုတာ ကျွန်တော့အတွက်တော့ စက်တင်ဘာလ နဲ့ အောက်တိုဘာလ အစပိုင်းတွေကို ရည်ညွှန်းချင်တာပေါ့ဗျာ။

စက်တင်ဘာလမှာ မိုးရွာနိုင်သေးတယ်။ မိုးနှောင်းမို့လို့ မုန်တိုင်းတွေများရှိရင် အဲ့ဒီရက်တွေမှာ မိုးကြီး ရေလျှံနိုင်ဖွယ် ရှိသေးတယ်လို့ ဆိုရမှာပေါ့နော်။ မြန်မာစကားပုံမှာကတော့ “တော်သလင်းနေ ပုစွန်သေ” လို့ ဆိုထားပြန်တော့… နေလည်း ပြင်းမဲ့သဘော တွက်ဆမိပြန်ပါတယ်။ ဒါပေမဲ့ သီတင်းကျွတ်မတိုင်ခင် ကာလတွေ အထူးသဖြင့် စက်တင်ဘာလ ဟာ ခရီးစဉ်အတော်များများအတွက် ပရိုမိုးရှင်း နောက်ဆုံးကာလတွေ ဖြစ်နေတတ်တော့ ဒီအခွင့်အရေးလေးကို ယူတတ်ဖို့လည်း လိုပြန်သေးတယ်။ ခရီးသွားမဲ့သူတွေလည်း မများသေးဘူး၊ သွားစရိတ်၊ စားစရိတ်၊ နေရိတ်တွေလည်း ချိုနေဦးမဲ့ အချိန်ဆိုတော့ အဖွဲ့လိုက် မိတ်ဆွေတွေနဲ့ ခရီးထွက်လို့ ကောင်းမဲ့ အချိန်တစ်ခုလို့ ကျွန်တော်ကတော့ မှတ်ယူမိပါတယ်။ ခုလောက်ကတည်းက ပြင်ဆင်ထားရင် အတော်ပဲ။

သင်္ကြန်ပိတ်ရက် ၁၀ ရက်၊ ၅ ရက် ပြဿနာကြောင့် ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက် ပိုပြီးလည်း ပိတ်ရက်များသလို၊ စနေ၊ တနင်္ဂနွေနဲ့ကပ်လျက် သုံးရက်တွဲ ပိတ်တဲ့အပတ်တွေလည်း များတာ သတိထားမိတယ်။ ဒီလိုဆိုရင် သူငယ်ချင်းတွေ ခရီးထွက်ဖို့ ဘယ်လောက်ကောင်းမလဲ တွေးကြည့်ရင်းနဲ့တောင် ပျော်တယ်။ ဒါပေမဲ့ အဖွဲ့လိုက် ခရီးသွားတာလောက် လူစုရခက်တာ၊ ညှိနှိုင်းရခက်တာ မရှိဘူး။ အဲ့ဒါကြောင့်လည်း ကာတွန်းတွေ၊ Memes တွေမှာ အဖွဲ့လိုက်ခရီးသွားဖို့ စီစဉ်တာနဲ့ ပတ်သက်တဲ့ သရော်ဟန်တွေက အများကြီး တွေ့ရတယ်။ စ စီစဉ်တုန်းကတော့ လူ ၂၀ - ၃၀ လောက် ပါမဲ့ပုံ၊ ခရီးသွားဖို့ နီးလာတာနဲ့အမျှ လူတွေက ပျောက်ကုန်တယ်။ တကယ်ခရီးသွားတော့ ကိုယ်တစ်ယောက်တည်း ဖြစ်သွားရော ဆိုတာမျိုး ကျွန်တော်လည်း ကြုံဖူးခဲ့ပါတယ်။ စီစဉ်သူကလည်း အတော်လေးကို စိတ်ရှည်သည်းခံပြီး ဦးဆောင်စီစဉ်ရတယ်။ မသိရင် ကိုယ်ကပဲ သိပ်ကဲ ချင်နေသလိုမျိုးအထာတောင် ဖြစ်လို့။ ဒါပေမဲ့လည်း သူငယ်ချင်းစုံစုံနဲ့ သွားချင်တော့လည်း အငြိုငြင်ခံပြီး အတင်း ပိုက်ဆံတွေ ကြိုသိမ်း၊ ကြိုကောက်ထားတာမျိုးက အစ လုပ်ရတာပေါ့နော်။

တကယ်တမ်း ခရီးတစ်ခုကို အဖွဲ့လိုက်သွားမယ်ဆိုရင် လူ ၅ ဦးလောက်က အသင့်လျော်ဆုံးအနေအထားပါ။ ညှိနှိုင်းရတာ၊ မဲခွဲဆုံးဖြတ်ရတာမှာ အဆင်ပြေတဲ့ အနေအထားပေါ့။ လူများလာတာနဲ့အမျှ ပြဿနာပိုများလာတတ်တော့ အဖွဲ့လိုက်ခရီးစဉ် စီစဉ်တော့မယ်ဆိုရင် အချက်တချို့ကို သတိထားပြင်ဆင်သင့်ပါတယ်။

၁။ လူစာရင်း၊ သွားမဲ့နေရာ၊ အိပ်မဲ့ညအရေအတွက်တွေကို အရင်ဆုံးဖြတ်သင့်ပါတယ်။

လိုက်မဲ့လူအရေအတွက်ကို သေချာစာရင်းလုပ်ပြီး ကြိုတင်ငွေကောက်၊ မလိုက်ဖြစ်ရင် အဆုံး ဆိုပြီး လူစုထားမှ ကောက်ထားတဲ့ လူစာရင်းနဲ့ မကွာတဲ့ အရေအတွက်က ခရီးစဉ်ကို လိုက်ဖြစ်ကြမှာပါ။ မဟုတ်ရင် အဲ့ဒီခရီးကို ကိုယ်တစ်ယောက်တည်း သွားလိုက်ရနိုင်တယ်နော်။ လူစာရင်း နဲ့အတူ ဘယ်နှစ်ညအိပ်မယ်၊ ဘယ်ကိုခရီးထွက်မယ် ဆိုတာကလည်း အရင်ဆုံးဖြတ်ရမဲ့အထဲမှာ ပါပါတယ်။ သွားမဲ့ရက်ကို ကြိုတင်သတ်မှတ်ထားမှလည်း ခရီးအတွက်လိုအပ်တဲ့ သွား၊ တည်း၊ စား ကိစ္စရပ်တွေကို ကြိုတင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဘယ်သူ ဘာတာဝန်ယူမလဲ ဆိုတာ တစ်ခါတည်း ကြိုခွဲပြီး လုပ်ဆောင်သင့်ပါတယ်။

ခရီးစဉ်ကို ဦးဆောင်စီစဉ်သူကတော့ အဖွဲ့ထဲမှာ ပေါ်လာမှာပါ။ အတက်ကြွဆုံးနဲ့ လူရည်အလည်ဆုံး တစ်ယောက် ဖြစ်မယ်ပေါ့။ ဒါပေမဲ့ သူချည်းပဲ စီစဉ်မယ်ဆိုရင် သူ အားလျော့လာတာနဲ့အမျှ ခရီးစဉ်ကြီးက မှုန်ဝါး သွားလိမ့်မယ်။ သူကလည်း ငါချည်း လုပ်နေရတယ်လို့ အတွေးဝင်သွားရင် ခရီးစဉ်ကြီးက သွားဖြစ်ရင်တော့ မချောမွေ့တော့ဘူး၊ ခရီးလမ်းမှာ တစ်ခုခု ဖြစ်ခဲ့ရင်တောင် အားလုံးကို “ဘယ်လို စီစဉ်တာလဲ။” “သူ စီစဉ်တာချည်းကလဲ။” အဲ့လိုတွေ အပြစ်တင် စကားသံထွက်လာရင် မိတ်ဆွေကနေ ရန်သူဖြစ်သွားနိုင်လောက်တယ်နော်။ ငွေကြေးနဲ့ ပတ်သက်ပြီးလည်း သံသယပွားစရာ ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် ဦးဆောင်သူလည်း ရှိ၊ ဦးဆောင်သူကို ပံ့ပိုးပေးသူတွေလည်း ရှိပြီး တာဝန်အသီးသီး ခွဲဝေလို့ ခရီးစဉ်မှာ သူငယ်ချင်းစိတ်ဓါတ်အပြည့်နဲ့ ကူညီလုပ်ဆောင်ရင် ခရီးစဉ် အစကနေ အဆုံး ပျော်စရာကြီးပဲ ဖြစ်နေမှာပါ။ တစ်ယောက်က ငွေကိုင်မယ်၊ စာရင်းလုပ်မယ်။ နောက်တစ်ယောက်က ကားငှားမယ်။ နောက်တစ်ယောက်က ဟိုတယ် Booking ယူမယ်။ နောက်တစ်ယောက်က လည်မဲ့နေရာ စားမဲ့နေရာတွေ ရှာပြီး အကြံပြုမယ်။ ဒါမျိုး တက်ညီလက်ညီဆို အရမ်းပျော်ဖို့ ကောင်းပါတယ်။

၃။ တစ်ယောက် ဘယ်လောက်ကုန်ကျမယ်ဆိုတဲ့ ခရီးအသုံးစားရိတ်ကို ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။

တချို့တွေက ပိုက်ဆံဘယ်လောက်သုံးရ သုံးရ၊ ကောင်းကောင်းတည်း ကောင်းကောင်းစားမှ အပန်းပြေတယ်လို့ ယူဆတယ်။ တချို့ကျတော့လည်း ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးထွက်ရမှ ဘဝအဓိပ္ပါယ်ပြည့်ဝတယ်လို့ ထင်တယ်။ အများစုကတော့ ငွေကြေးသက်သက်သာသာနဲ့ ကောင်းကောင်းတည်း၊ စား၊ သွား လို့ရဖို့ကို မျှော်မှန်းကြတယ်။ ဒီတော့ ကိုယ့်အဖွဲ့ရဲ့ ဆန္ဒအလျောက် တစ်ဦးကို ဘယ်ရွေ့ဘယ်မျှကုန်မယ်ဆိုတာကို တွက်ချက်သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ တစ်ဦးရဲ့ ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက်တဲ့အခါမှာ -

(က) လေယာဉ်/ကား/ရထား/သင်္ဘော/လှေခတွေ (ခရီးစဉ်တလျှောက်မှာ ဘယ်ယာဉ်တွေ စီးရမလဲ ကြိုတင်တွက်ဆပြီး ပေါင်းထည့်ရမှာပါ။)

(ခ) တည်းခိုခန်းခ (ညနဲ့ တွက်ယူတာမို့ ဘယ်နှညအိပ်မှာလည်းဆိုတာ တွက်ချက်ရပါမယ်။ မနက်စောစောဝင်ရတာမျိုး၊ ညနေ နောက်ကျမှ ထွက်ရမှာမျိုး ရှိရင် တည်းတဲ့ဟိုတယ်က အပိုဆောင်းငွေ ထပ်မယူဘဲ ဝန်ဆောင်ပေးသလား မေးသင့်ပါတယ်။ ထပ်ယူမယ်ဆိုရင် ဒီအပိုဆောင်းပေးရတဲ့ငွေကိုလည်း ထည့်တွက်ရပါမယ်။)

(ဂ) ဝင်ကြေးများ (သွားမဲ့ခရီးစဉ်မှာ တိုးဂိတ်ကြေးပေးရတာ၊ ပန်းခြံဝင်ကြေးပေးရတာမျိုး စတဲ့ ဝင်ကြေးအမျိုးမျိုး ရှိမယ်ဆိုရင် ထည့်တွက်ရပါဦးမယ်)

(ဃ) စားသောက်စရိတ် (သွားမဲ့ ရက်အရေအတွက်ပေါ်မူတည်ပြီး သုံးနပ် ဒါမှမဟုတ် နှစ်နပ်နဲ့ တွက်ချက်ရပါမယ်။ တည်းမဲ့နေရာမှာ မနက်စာ ပါတတ်ရင် နှစ်နပ်နဲ့ တွက်ချက်ရမှာပါ။ လမ်းမှာ အသွား၊ အပြန် ညလယ်စာမျိုး ရှိလာရင်လည်း ချွင်းချက်စဉ်းစားရပါမယ်။ အရက်၊ ဘီယာ သောက်ကြမယ်ဆိုရင်လည်း ကြိုတင် ဝယ်သွားမှာလား၊ ဟိုကျမှ ဝယ်မှာလား စဉ်းစားပြီး ဒီအတွက်ပါ ပိုက်ဆံ ဖယ်ထားရပါတယ်။ အရက်၊ ဘီယာကို စဉ်းစားတဲ့အခါ သူနဲ့တွဲဖက်မဲ့ အတွဲအစပ်တွေရဲ့ ကုန်ကျစရိတ်ကိုလည်း စဉ်းစားရပါတယ်။ အမြည်းတွေ၊ စပ်မဲ့ အချိုရည်ဗူး စတာတွေကိုပါ စဉ်းစားမှ ကုန်ကျငွေ နီးနီးစပ်စပ် ထွက်မှာပါ။)

ဒီအချက်တွေကို အဓိကထား တွက်ချက်ပြီး ထွက်လာတဲ့ စုစုပေါင်းငွေကို သွားမဲ့လူအရေအတွက်နဲ့ စားလိုက်တဲ့အခါ တစ်ဦးရဲ့ ပျမ်းမျှကုန်ကျငွေ ထွက်လာနိုင်ပါတယ်။ ဒါကို ငွေကိုင်မဲ့သူက ကြိုကောက်ပြီး သိမ်းဆည်းထားမယ်။ ခရီးသွားတဲ့အခါမှာ ဒီဘုံငွေထဲကနေ ထုတ်နုတ်သုံးစွဲသွားမယ်။ မထင်မှတ်ဘဲ လိုအပ်လာခဲ့တဲ့ ငွေကြေးတွေကိုလည်း ထပ်မံ စုပေါင်းကောက်ခံနိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားရမှာပေါ့နော်။ ဆိုပါတော့ Guide ကြေးတို့၊ ဟိုတယ်ဝန်ထမ်းတွေအတွက် ဘောက်ဆူးတို့၊ စားပွဲထိုးဝန်ဆောင်သူတွေအတွက် Tip တို့ပေးစရာ ကြုံလာမယ်ဆိုရင် ဘယ်လိုသုံးစွဲမလဲဆိုတဲ့ သဘောတူချက်မျိုး ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်။

၄။ ခရီးစဉ် အမျိုးအစားကို ဆုံးဖြတ်သင့်ပါတယ်။

ကိုယ်က အပျော်သွားချင်တာလား။ စွန့်စားခရီးသွားချင်တာမျိုးလားဆိုတာ သေချာဆုံးဖြတ်ပြီးတော့ ခရီးစဉ်ကို သတ်မှတ် ဆုံးဖြတ်ကြရမှာပါ။ ကနဦးသဘောတူထားတဲ့ ခရီးစဉ်ထဲမှာမှ လိုက်မဲ့သူတွေ အားလုံး စိတ်ကျေနပ်စေမဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်မဲ့ ခရီးစဉ်မျိုးဖြစ်မှလည်း ခရီးက ပျော်စရာကောင်းမှာကိုး။

၅။ သွားမဲ့ဒေသကို ကြိုတင်လေ့လာသင့်ပါတယ်။

ပြည်တွင်းခရီး၊ ပြည်ပခရီး ဘယ်ကိုပဲ သွားမယ်စဉ်းစား စဉ်းစား၊ ကိုယ်သွားလည်မဲ့ ဒေသနဲ့ပတ်သက်ပြီး လေ့လာထားသင့်ပါတယ်။ အရင်ကဆို ခက်ခဲသေးတယ်။ ဟိုရောက်မှ မေးရ စမ်းရ လုပ်ရတယ်။ ခုဆို ခရီးသွားစာအုပ်တွေလည်း လက်လှမ်းမီတဲ့အနေအထားနဲ့ ဝယ်နိုင်ပြီ။ မြန်မာလိုရေးထားတာတွေလည်း ရှိနေပြီ။ ပြည်တွင်းခရီးစဉ်ရဲ့ အညွှန်းတွေအတွက်လည်း ဖေ့စ်ဘွတ်ပေါ်က ခရီးသွားစာညွှန်းရေးသူတွေ ဆီ လှည့်ပတ်ဖတ်ကြည့်လို့ရနေတယ်။ ပြည်ပခရီးစဉ်တွေဆိုလည်း ဆောင်ရန်ရှောင်ရန်ကအစ အသေးစိတ် သိနိုင်အောင် ကူညီပေးမဲ့ စာရေးသူတွေ ရှိနေပြီဆိုတော့ အတော်လေး အဆင်ပြေပြေ ကြိုတင်လေ့လာလို့ရပြီ။ ဒါဆို ဟိုမှာ လည်ပတ်ဖို့ အချိန်ပိုထွက်လာနိုင်တဲ့သဘော ရှိပါတယ်။ ကိုယ်သွားလည်မဲ့ နေရာလေးတွေ ကြိုတင်ဆုံးဖြတ်ထားပြီး လမ်းညွှန်အတိုင်း သွားလာလိုက်ရင် ဟိုရောက်မှ ဟိုလူ့မေး ဒီလူ့မေး၊ နေရာလွဲသွားလို့ အချိန်အလဟဿဖြစ်တာမျိုး မဖြစ်နိုင်တော့ဘူးပေါ့။

၆။ ကြိုတင် ဘွတ်ကင်ယူသင့်ပါတယ်။

စားတဲ့ဆိုင်တွေက ပြဿနာသိပ်မရှိတတ်ပေမဲ့၊ တည်းမဲ့နေရာက ကြိုတင်မယူထားရင် တစ်ခါတလေ အခက်အခဲတွေ့နိုင်ပါတယ်။ လူပါးတဲ့အချိန်သွားတယ်ဆိုဦးတော့ မထင်မှတ်ဘဲ လူပြည့်နေတတ်တာမျိုး၊ ကိုယ်သိပ်တည်းချင်တဲ့ ဟိုတယ် လှလှလေးက ကိုယ်တည်းမဲ့ရက်ကျမှ ကုမ္ပဏီတစ်ခုခု၊ အဖွဲ့အစည်းတစ်ခုခုရဲ့ အဖွဲ့လိုက်ခရီး ရှိနေတာမျိုး ဖြစ်တတ်တာမို့ ကြိုတင်မေးမြန်း အခန်းယူထားတာ စိတ်ချရပါတယ်။ နိုင်ငံခြားခရီးစဉ်မျိုးတွေဆိုလည်း အင်တာနက်ကနေ ဟိုတယ်ဘွတ်ကင်လုပ်တဲ့ ဝက်ဘ်ဆိုက်တွေ၊ စမတ်ဖုန်းရဲ့ ဟိုတယ်ဘွတ်ကင်လုပ်တဲ့ အက်ပလီကေးရှင်းတွေကနေ ကြိုတင်ဘွတ်ကင်ယူထားသင့်တယ်။ တစ်ခါတရံ ကိုယ့်အတွက် ဈေးချိုချိုနဲ့အခန်းတွေရဖို့တောင် ဖြစ်နိုင်ပါသေးတယ်။ ပြည်ပခရီးစဉ်တွေမှာဆိုရင်တော့ ကိုယ်လည်ပတ်မယ်လို့ စဉ်းစားထားတဲ့ ပန်းခြံတို့ ကစားကွင်းတို့လိုမျိုးရဲ့ ဝင်ကြေးတွေကို အွန်လိုင်းကနေ ကြိုတင်ဝယ်ယူနိုင်မဲ့နေရာတွေ ရှိနေတတ်ပါတယ်။ အဲ့ဒီကနေဝယ်ရင် ပိုပြီး သက်သာနေတတ်တာမျိုး ရှိတတ်လို့ ဒါတွေကိုလည်း ကြိုတင်လေ့လာပြီး ကြိုတင် ဘွတ်ကင်ယူသင့်ပါတယ်။

၇။ အဖွဲ့သားတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ဂရုစိုက်သင့်ပါတယ်။

ကိုယ်သွားမဲ့ခရီးစဉ်မှာ ရင်သိမ့်တုန် ကစားရမဲ့ ကစားနည်းတွေ ပါဝင်မှာလား။ လမ်းတွေ တစ်နေကုန်လျှောက်ရမဲ့ Trekking နဲ့ Hiking အစီအစဉ်တွေ ပါဝင်လား။ ပင်လယ်စာတွေကို အဓိက စားရမှာလား။ စတဲ့ အချက်တွေကို စဉ်းစားပြီး ခရီးလိုက်မဲ့သူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီလား ဆိုတာ သေချာစဉ်းစား အကြံပြုပြီး ခရီးစဉ်ကို သွားသင့်ပါတယ်။ အစားအသောက်နဲ့ ရေကအစ အရေးကြီးတတ်ပါတယ်။ ပင်လယ်စာ၊ မြေပဲ တို့နဲ့ မတည့်သူ၊ အယ်လ်ကိုဟော မတည့်သူ၊ ရေစိမ်းထိရင် အဖုအပိန့်တွေထွက်လာသူ စတဲ့ ကိစ္စရပ်တွေကို ကြိုတင်စဉ်းစားပြီး လိုအပ်မဲ့ ဆေးဝါးကအစ ပြင်ဆင်လာဖို့ တိုင်ပင်သင့်ပါတယ်။

၈။ နေ့စဉ်သွားရောက်မဲ့ ခရီးစဉ်အသေးစိတ်ကို ကြိုတင်ပြင်ဆင်သင့်ပါတယ်။

နေ့အလိုက် ဘယ်အချိန်၊ ဘယ်နေရာမှာ လူစုမယ်။ ဘယ်ကနေ ဘယ်လို ထွက်ကြမယ်၊ ဘယ်နှနေရာ လည်ပတ်ပြီး ဘယ်နေရာမှာ စားမယ်။ စသဖြင့် လည်ပတ်မဲ့နေရာ၊ စားမဲ့ တည်းမဲ့နေရာ စတာတွေကို ကြိုတင်စီစဉ်ထားရင် အဖွဲ့လိုက်ခရီးစဉ်ဟာ အတော်လေး သွက်လက်နေပါလိမ့်မယ်။ မဟုတ်ရင် တစ်ယောက်စောင့် တစ်ယောက်စောင့်နဲ့ ခရီးမတွင် ဖြစ်နိုင်ချေများပါတယ်။ ကိုယ်မရောက်ဖူးတဲ့ ခရီးစဉ်မို့ ဒါတွေ ဘယ်လို ဆွဲရမလဲ ဆိုပြီး စိတ်မပူပါနဲ့။ စောစောက ပြောသလို ရှေ့က သွားခဲ့တဲ့သူတွေရဲ့ ခရီးအညွှန်းလေးတွေ၊ ပြီးတော့ ခရီးသွားလုပ်ငန်းတွေရဲ့ ကြော်ငြာတွေကနေ အိုင်ဒီယာရနိုင်ပါတယ်။ အကြမ်းဖျဉ်း ပြင်ဆင်ရေးဆွဲသွားနိုင်ပါတယ်။

ဒါတွေအားလုံးပြီးရင်တော့ သွားဖို့ပဲ ကျန်ပါတော့တယ်။ ကိုယ်တစ်ယောက်တည်းတောင် စိတ်က ခဏနေ တစ်မျိုး ဖြစ်နေတတ်တော့ လူများစွာနဲ့သွားရင် ပိုပြီး စိတ်ညီဖို့ ခက်တတ်လို့ ဒါကို ကြိုတင်သိမှတ်ပြီး အချင်းချင်း သည်းခံချစ်ခင်စွာနဲ့ သွားရင် ပျော်စရာအရမ်းကောင်းတဲ့ ဘဝမှာ အမှတ်တရအဖြစ်ဆုံး အဖွဲ့လိုက်ခရီးစဉ်လေး ဖြစ်နေမှာပါ။

ဘယ်နေရာတွေသွားလို့ရမလဲ

၃ ညအိပ် ၄ ရက်ခရီးစဉ်ဆိုပါစို့။ ကျွန်တော် အကြံပေးကြည့်ချင်တာက -

ပြည်တွင်းဆိုရင်…

  • မန္တလေး - ပြင်ဦးလွင် - မိုးကုတ်

  • မြိတ် - မြိတ်ဒေသအနီးတဝိုက်က ကျွန်းများ (လေယာဉ်ခရီး)

  • ကလော - အင်းလေး - တောင်ကြီး

  • အင်းလေး - တောင်ကြီး - လွိုင်ကော်

  • ကလော - ပင်းတယ - ရွာငံ

  • မန္တလေး - ပုဂံ - ပုပ္ပါး

  • လားရှိုး - မူဆယ်

  • မြဝတီ - မဲဆောက်

  • မန္တလေး - စစ်ကိုင်း - မုံရွာ - ရွှေဘို

  • မော်လမြိုင် - ဘားအံ

  • ပြည် - မကွေး

  • ငွေဆောင် - ချောင်းသာ

ဒီခရီးစဉ်လေးတွေ စဉ်းစားနိုင်တယ်။

ပြည်ပဆိုရင်လည်း ဗီယက်နမ် ခရီးစဉ်တွေ၊ ထိုင်း ခရီးစဉ်၊ သီရိလင်္ကာ ခရီးစဉ်၊ အိန္ဒိယ ခရီးစဉ်၊ ဖိလစ်ပိုင် ခရီးစဉ်၊ စင်ကာပူ ခရီးစဉ်၊ လာအို ခရီးစဉ်၊ မလေးရှား ခရီးစဉ်၊ အင်ဒိုနီးရှား ခရီးစဉ်၊ ကမ္ဘောဒီးယား ခရီးစဉ်၊ ဟောင်ကောင် ခရီးစဉ်တွေက ရတဲ့အချိန်နဲ့ အဆင်ပြေတဲ့ သဘော ရှိပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

မြန်မာ့အလှအပတွေကို ရေရှည်ခံစား သွားလာလည်ပတ်နိုင်ဖို့ ခရီးသွားသူ ကျွန်တော်တို့အားလုံး -

  • ကိုယ့်အမှိုက် ကိုယ်တာဝန်ယူပြီး အမှိုက်ပုံးမှာ စနစ်တကျ စွန့်ပစ်ကြပါစို့

  • ပွင့်တဲ့ပန်းနဲ့ ရှင်သန်ဆဲသစ်ပင်တွေကို မခူး၊ မချိုးဖဲ့ဘဲ သူတို့ရှိတဲ့ သဘာဝအလှကို တန်ဖိုးထားကြပါစို့

  • ယဉ်ကျေးမှုအမွေအနှစ်နဲ့ အဖိုးတန်သမိုင်းဝင် အဆောက်အဦးများကို မိမိရဲ့ ပုဂ္ဂိလိက တဒင်္ဂသာယာမှုအတွက် ရေးခြစ်မဖျက်ဆီးဘဲ တန်ဖိုးထား ဂရုစိုက်ထိန်းသိမ်းကြပါစို့

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page