Search
  • Thiha Lu Lin

ဆောင်းဦးရွက်ကြွေတို့နဲ့ သိပ်လှတဲ့ ဂင်ကိုရွာလေး

ယူနန် ဆိုရင် ကျွန်တော်တို့ မြန်မာတွေနဲ့ မစိမ်းဘူး။ အစားအသောက်မှာ စပြီး သိသလို၊ သူတို့ရဲ့ ယဉ်ကျေးမှုပုံစံကလည်း ကိုယ်တွေဆီက တိုင်းရင်းသားတွေရဲ့ ဓလေ့တွေနဲ့ မကွာတာမျိုးပါ။ ရေခံမြေခံနဲ့ စိုက်ပျိုးသီးနှံကအစပေါ့လေ။ ယူနန်ပြည်ကို ကျွန်တော် အလည်ရောက်ဖြစ်တော့ ဆောင်းဦးဆို ရွက်ဝါတွေ တစ်ရွာလုံးဝါထိန်နေအောင် ဝေလိုက် ကြွေလိုက်နဲ့ လှလွန်းတဲ့ ရွာလေးကို လည်ဖြစ်ခဲ့တယ်။ ဂင်ကို (Jiangding Gingko) ရွာ လေးကို အရင်က ရွက်ဝါရွာ ဆိုပြီး အလွယ်တင်စားပြောဆိုတာ ကြားခဲ့ဖူးတယ်။ မြန်မာနိုင်ငံကနေဆို မြစ်ကြီးနားကနေတဆင့် အချိန် ၃ နာရီလောက် ကားစီးရုံနဲ့ ရောက်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့်လည်း ဒီရွာလေးဆီကို ကျွန်တော်တို့ဆီက တချို့ခရီးသွားတွေကတော့ အောက်လမ်းကနေ နယ်စပ်ဖြတ်ကျော်ပြီး ရောက်ဖူးကြတယ်။ ကျွန်တော်ကတော့ လေယာဉ်ခရီးနဲ့ ဗီဇာကြီးဝင်ပြီး သွားလည်ဖြစ်ခဲ့တာပါ။ ဒီရွာကို တရုတ်လိုတော့ 腾冲江东银杏村 လို့ ခေါ်ပါတယ်။ ထိန်ချုန်းနယ်မှာ ရှိတဲ့ ရိုးရာအစဉ်အလာ ထိန်းသိမ်းထားဆဲရွာလေးပေါ့ခင်ဗျာ။ သူ့ဆီသွားလည်လို့ ကောင်းတဲ့အချိန်က ၃ လ လောက်ပဲမို့ ဒီအချိန်လောက်မှာပဲ သူတို့ ပြည်တွင်းက ခရီးသွားတွေရော၊ ကျွန်တော်တို့လို အိမ်နီးချင်းနိုင်ငံက ခရီးသွားတွေရော၊ ကမ္ဘာအရပ်ရပ်က ခရီးသွားတွေပါ ပြုံတိုးပြီး လည်ပတ်ကြရတယ် ဆိုပါတော့။


Jiangding Gingko ဂင်ကိုရွာဆိုတာ

ယူနန်ပြည်နယ် အနောက်ပိုင်းမှာ တည်ရှိပြီး ထိန်ချုန်းနယ်ထဲက မီးတောင်သဘာဝဥယျာဉ်နားမှာ ကပ်လျက်တည်ရှိတဲ့ ရွာလေးပါ။ ဘာလို့ ဂင်ကိုရွာလို့ ခေါ်လဲဆိုရင် ဂင်ကို (Gingko) ပင်တွေ တစ်ရွာလုံးအပြည့်ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဂင်ကိုပင်ဆိုတာ ကျွန်တော်တို့ ဒီမှာတော့ နှစ်တစ်ရာသီး ဆိုတဲ့ အဝါရောင်အလုံးလေးတွေလေ၊ ကင်စားကြတယ်လေ၊ အဲ့ဒီအသီးရဲ့ အပင် ဖြစ်ပါတယ်။ နှစ်တစ်ရာသီး အပင်ကြီးပေါင်း ၃၃၀၀၀ ခန့် ရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်တဲ့အပြင် သစ်ပင်ကြီးတွေရဲ့ သက်တမ်းဟာ အနည်းဆုံး နှစ် ၂၀၀ ရှိတာကလည်း ထူးခြားချက် ဖြစ်ပါတယ်။ ရွာထဲမှာတင် အပင်ပေါင်း ၃၀၀၀ လောက်ရှိနိုင်ပါတယ်။ အဲ့ဒီထဲမှာ နှစ် ၅၀၀ ကျော်တာက အပင် ၅၀ ခန့်၊ နှစ် ၄၀၀ ကျော်တာက အပင် ၇၀ ခန့် ရှိနေတယ်လို့ ဆိုကြပါတယ်။ ရွာမှာ အိမ်ခြေ ၈၂၀ ခန့်ရှိပြီး ရွာသူရွာသား ၃၈၀၀ ခန့် နေထိုင်ကြတယ်လို့ သိရပါတယ်။ ဒီရွာလေးမှာ နာမည်ကြီးတရုတ်ရုပ်ရှင် “Swordsman” (武侠) ကို ရိုက်ကူးဖူးပါတယ်။


ရာသီဥတု

သိပ်နေလို့ကောင်းပါတယ်။ ခရီးသွားရာသီမှာတော့ အေးမြတဲ့အချိန်ဖြစ်လို့ အနွေးထည်လေးတော့ လိုပါလိမ့်မယ်။ နေ့ခင်းပိုင်းတော့ သာမန်ဝတ်စုံနဲ့ ရပေမဲ့ ညနေပိုင်းကနေစပြီး အေးစက်စက် ဖြစ်လာပါတယ်။


ခရီးသွားလို့အကောင်းဆုံးအချိန်

ဒီရွာကို အမြဲလာလည်ဖို့ အဆင်မပြေပါဘူး။ ခရီးသွားချိန်သီးသန့်လေး ရှိပါတယ်။ သူတို့ဆီကလည်း အဲ့ဒီ ခရီးသွားရာသီရောက်မှာ သေချာလုပ်ဆောင်ပေးတတ်တာမျိုးပါ။ ရွက်ဝါတွေ ရှိတဲ့အချိန်က အလှဆုံးဖြစ်လို့ အဲ့ဒီအချိန်ပဲ လူလာများပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာ နဲ့ ဒီဇင်ဘာလ တွေသာ သွားလို့ အကောင်းဆုံး ဖြစ်ပါတယ်။


ဝင်ကြေး

ရွာထဲကို ဝင်ကြေး ရှိပါတယ်။ ယွမ် ၄၀ ကောက်ခံပါတယ်။ ရွာနဲ့ အတော်လှမ်းလှမ်းမှာ ကားကြီးတွေ ရပ်နားတဲ့ ကွင်းကနေ စပြီး ခရီးသွားတွေက ခြေလျင်၊ ဘက်ဂီကား ဒါမှမဟုတ် စက်ဘီး တစ်ခုခု ကို ရွေးချယ်ပြီး ရွာကို သွားရပါတယ်။ ဘက်ဂီကားကတော့ အဆင်ပြေဆုံးပါ။ လွန်းပျံယာဉ်လိုပဲ လူပြည့်တာနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို ပို့ပေးပါတယ်။ အသွားအပြန်ကို ၁၀ ယွမ် ပေးရပါတယ်။ ခြေလျင်ကတော့ သိပ်မဖြစ်နိုင်ပါဘူးနော်။ အတော်ဝေးလို့ပါ။ အဲ့ဒီအပြင် ကုန်းတက် ကုန်းဆင်းလည်း မတ်ပါတယ်။ စက်ဘီးတွေကိုတော့ စီးချင့်စဖွယ်ဖြစ်အောင် နှစ်ယောက်စီး စက်ဘီး၊ လေးယောက်စီး စက်ဘီးတွေ ငှားပေးပါတယ်။ ငှားခ သီးသန့် ပေးရတယ်။ တစ်နာရီကို ယွမ် ၂၀ လား ပေးရပါတယ်။ မတန်လှပါဘူး။ အသွားမှာ ကုန်းဆင်းမို့ အဆင်ပြေပေမဲ့ အပြန်မှာ ကုန်းတက်ဖြစ်လို့ တော်ရုံနဲ့ မတက်နိုင်ကြတာကြောင့် ဘက်ဂီပဲ စီးကြရပါတယ်။ ဖြစ်နိုင်ရင် လက်မှတ်ရုံနားက စက်ဘီးတွေ မစီးဘဲ၊ ဘက်ဂီနဲ့သွား၊ ဘက်ဂီဂိတ်ကနေ ရွာကို ထပ်လမ်းလျှောက်ရသေးတာမို့ အဲ့ဒီကျမှ စက်ဘီးငှားစီးတာ ပိုအဆင်ပြေပါတယ်။ ဓါတ်ပုံရိုက်ရင်လည်း လှတာပေါ့လေ။ တစ်ခုကောင်းတာက စက်ဘီးတွေကို ငှားလာပြီး ကြိုက်တဲ့နေရာ ထိုးရပ်လိုက်လို့ရတာ အဆင်ပြေတယ်။ သိပ်ဂရုစိုက်ပြီး ငှားတဲ့နေရာ ပြန်အပ်ရမယ်ဆိုတာမျိုး မရှိဘူး။


ကျွန်တော် သဘောကျမိတဲ့ ဂင်ကိုရွာလေး

ဆိုတော့ ကျွန်တော့်အတွေ့အကြုံလေး ပြောပါရစေ။ ရွေးချယ်မှု မှန်သွားတဲ့ ဒီကိုယ်တော်ဟာ ဘက်ဂီလေး စီးပြီး ပွဲဈေးတန်းလို ဆိုင်တန်းအရှည်ကြီးရှိတဲ့အထိ ရောက်လာတယ်။ အဲ့ကနေ ရွာထိပ်ကို လမ်းလျှောက်ရတယ်။ အချိန်အားဖြင့် ၅ မိနစ်လောက်ကြာတယ်။ ဆိုင်တန်းလေးတွေဆိုတော့ ဓါတ်ပုံရိုက်လိုက်၊ အစားအသောက်တွေ ငမ်းလိုက်၊ ကျောက်စိမ်းလက်ဝတ်ရတနာနဲ့ တခြားဒေသထွက် လက်မှုပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေကို လေ့လာလိုက်နဲ့ ရွာထိပ်ကို သိပ်မသိသာဘဲ ရောက်သွားတယ်။


ဟိုး ကားကြီးကွင်းထဲကနေ နှစ်တစ်ရာသီးပင်တွေကို မြင်လာရတာ ခု ရွာထဲကျတော့ အုပ်အုပ်ဆိုင်းဆိုင်းလေးနဲ့ ပိုလှနေရော။ တရုတ်ရှေးဟောင်းအိမ်ပုံစံလေးတွေနဲ့ အပင်ဝါလေးတွေနဲ့ တကယ်ကို တရုတ်သိုင်းကားထဲ ရောက်သွားရတဲ့ ခံစားချက်မျိုး ရတယ်။ ဒီရွာမှာ အစည်ဆုံးအချိန်က နိုဝင်ဘာတဲ့။ ကျွန်တော်ကတော့ အောက်တိုဘာထဲ ရောက်သွားလို့လားမသိ လူသိပ်မများသေးတာကြောင့် ဓါတ်ပုံလေးတွေ စိတ်ကြိုက်ရိုက်လို့ရတဲ့ အနေအထား ဖြစ်သွားတယ်။ လူမရှင်းရင်တောင်မှ သိပ်စောင့်စရာ မလိုလိုက်ဘူးပေါ့လေ။ ရွာအဝင်မှာ စွန်းဝူခုန်း၊ ပါကျဲ့ စတဲ့ ဇာတ်ကောင်တွေလို ဝတ်ဆင်ပြီး စောင့်စားနေသူတွေ ရှိပါတယ်။ ဓါတ်ပုံတွဲရိုက်မယ်ဆို ပိုက်ဆံပေးရမှာပါ။ ဆိုင်လေးတွေက မုန့်ဆိုင်လေးတွေနဲ့ လက်ဝတ်ရတနာ၊ အမှတ်တရပစ္စည်းရောင်းဆိုင်တွေ များတယ်။ Homestay နေလို့ရတဲ့ အိမ်လေးတွေ များတော့ ဒီမှာ တစ်ည၊ နှစ်ည လာတည်းခိုလည်ပတ်ကြသူလည်း များတယ်။ မြန်မာပြည်က လာတဲ့ Tour အစီအစဉ်တွေမှာတော့ ဒီမှာ တစ်ညအိပ်တာ ပါတတ်တယ်။ စားသောက်ဆိုင်နဲ့ တည်းခိုခန်း တွဲလျက်များတယ်။ တရုတ်ဟင်းလျာရွာချက်လေးတွေ စားကောင်းတယ်။ အရက်သောက်တတ်ရင်တော့ ဆန်အရက်က အဆင်ပြေဆုံးဖြစ်မယ်။ တရုတ်ဘီယာတွေက အရမ်းပျော့ပြီး အယ်လ်ကိုဟော ပါဝင်မှု%လည်း နည်းတယ်။ ဆန်အရက်ကျပြန်တော့လည်း ၄၂% ထိ ပါတော့ များပြန်ရော။


ဒီရွာထဲမှာတင် နှစ် ၅၀၀၊ နှစ် ၁၀၀၀ စတဲ့ အပင်ကြီးတွေကို လေ့လာလို့ရသေးတယ်။ ရွာကလည်း ကျယ်တော့ အတော်လျှောက်လည်ကြည့်ရတာ။ ရွာအပြင်ထွက်ပြီး တောင်ထိပ်က ဘုံကျောင်းလေးဆီ သွားမလား၊ တောင်အောက်ဆင်းပြီး ရေပြာအိုင်ရေတံခွန်လေး သွားကြည့်မလား လုပ်လို့ရသေးတယ်။ ဆိုတော့ အချိန်ကတော့ အနည်းလေး တစ်ရက်နီးပါး ပေးရတာပါပဲ။ ဒါကို ခပ်သုတ်သုတ် သွားရ လာရတာပေါ့။ တစ်ညအိပ်ကတော့ အဆင်အပြေဆုံး ဖြစ်မှာပါ။


နှစ်တစ်ရာသီး အစိမ်းရောင်

နှစ်တစ်ရာသီးကို ကျွန်တော်တို့ မြင်ဖူးတာက အဝါရောင်လေနော်။ ဒါပေမဲ့ ဒီအရပ်မှာတော့ အစိမ်းရောင်တွေကိုပဲ တွေ့ရမှာ။ လှော်စားကြတယ်။ လာရင် အမြည်းကျွေးတယ်။ ဝယ်စားရင် တစ်ပန်းကန်ဆို မနည်းဘူး၊ လူ ၆ ယောက်လောက် ဝိုင်းစားရတယ်။ ၁၅ ယွမ်လား ပေးရတယ်။ ဒီဘက်မှာ အဝါရောင် နှစ်တစ်ရာသီး ကို ရောင်းခွင့်မရှိဘူးတဲ့၊ သူတို့ဒေသထွက်က အစိမ်းရောင်ပဲမို့ အစိမ်းရောင်အစစ်အမှန်တွေပဲ ရောင်းချခွင့်ရှိတယ်လို့လည်း ထူးထူးခြားခြား မှတ်သားမိပါတယ်။


ဘာသာစကားအခက်အခဲ

တရုတ်လိုပဲ ပြောကြတော့ ခက်ခဲပါတယ်။ အင်္ဂလိပ်လို တတ်သူ အတော်နည်းပါတယ်။ ရှားရှားပါးပါး မြန်မာလို တတ်တဲ့သူတချို့လည်း တွေ့ရပါတယ်။ တရုတ်လိုပြောတတ်သူနဲ့ သွားတာက အကောင်းဆုံးပါ။


ဂင်ကိုရွာဝန်းကျင်က အခြားလည်ပတ်စရာများ

ရှေ့မှာပြောခဲ့သလို ရွာနောက်ဘက် အပြင်ထွက်လိုက်ရင် တောင်ပေါ်မှာ တည်ထားတဲ့ ဘုံကျောင်းဆီ သွားလည်ကြတာများတယ်။ ဘုံကျောင်းဆီ မသွားဘဲ တောင်အောက်ကို ဆင်းသွားရင် ရေတံခွန်လေးနဲ့ ရေပြာအိုင်လည်း ရှိပါသေးတယ်။ အဲ့ဒီဘက်ကိုတော့ လူသွားလူလာ နည်းတယ်။ အသွားအများဆုံးက ရွာဘက်က ဘက်ဂီဂိတ်နားမှာ ရှိတဲ့ မှန်ကြမ်းပြင်ကိုပါ။ မှန်ကြမ်းပြင် အပြင် ဒန်းစီးလို့ရသေးတယ်။ ကြိုးနဲ့ အခိုင်အမာ လုံလုံခြုံခြုံဖြစ်အောင် စီစဉ်ပေးထားပါတယ်။ ပိုက်ဆံတော့ ပေးရပါတယ်။ သူက အောက်ဘက်မှာ ချောက်ကြီးနဲ့ ချောင်းလေး ရှိတဲ့အပြင် နောက်ဘက်မှာ တောင်တန်းတွေနဲ့ လှနေတာမို့ အသည်းတအေးအေး ဒန်းစီးချင်သူတွေ၊ ဓါတ်ပုံရိုက်ချင်သူတွေအတွက် အဆင်ပြေပါတယ်။ မှန်ကြမ်းပြင် ကိုတော့ သူတို့ဆီက ခြေစွပ် ဝယ်ပြီး ဝင်ရပါတယ်။ ပလတ်စတစ်အိတ်လို တစ်ခါသုံးတွေပါ။ ၅ ယွမ် ပေးရပါတယ်။ သူကတော့ ကြောက်စရာ မကောင်းလှပေမဲ့လည်း ဓါတ်ပုံရိုက် ဝင်ကြည့်ကြသူတွေ များပါတယ်။


ဂင်ကိုရွာလေး ကို ရောက်တော့ ငြိမ်းချမ်းလိုက်တာလို့ ခံစားရတယ်။ နှစ်ရာပေါင်းများစွာ ရှည်တဲ့ သစ်ပင်ကြီးတွေကြားမှာ သက်ရှည်ကျန်းမာစွာနေနေကြတဲ့ ရွာသူရွာသားတွေကို မြင်တွေ့ရသလို ခံစားရတယ်။ နှစ်တစ်ရာသီးရဲ့ အရသာကိုလည်း ပိုကြိုက်တတ်လာတယ်။ ဒီရွာကို ရောက်တော့ အရင်ဆုံးသတိရမိတာ ကျွန်တော် သွားခဲ့ဖူးတဲ့ ကျိုင်းတုံနားက နောင်ငင်းရွာ ကိုပါ။ ဒီလိုမျိုး ခရီးသွားတွေကို ဆွဲဆောင်နိုင်ရဲ့သားနဲ့ ဖော်ထုတ်လုပ်ဆောင်ပေးမှု အားနည်းနေသေးတယ်လို့ ခံစားလိုက်ရတယ်။ ဒီမှာ သူတို့ရဲ့ အိမ်တွေကအစ ရှေးမူမပျက်ဘဲ ပြင်ပြီး ရွာရဲ့ စီးပွားရေးတစ်ခုလုံးဟာ ခရီးသွားလုပ်ငန်းကနေ သဲ့ယူနေကြတယ်။ Homestay တွေကိုလည်း သေသေချာချာ လုပ်ဆောင်နိုင်ကြသလို၊ အပင်တွေကိုလည်း တန်ဖိုးထားချစ်ခင်ကြတယ်။ ဒီကနေ ဝင်ငွေရတာကိုးလေနော်။ ကျွန်တော်တို့မှာ လက်တွေ့လုပ်ဆောင်နိုင်လျက်နဲ့ လုပ်ဖို့ အလှမ်းဝေးနေဆဲ ဒီလိုရွာလေးတွေကို တွေးမိပြီး စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ ဂင်ကိုရွာ လေး ဆီကို အလည်သွားမဲ့ သူတိုင်းလည်း ကျွန်တော်ခံစားရသလို လှပပျော်ရွှင်မှုတွေ ယူနန်ပြည်လေးမှာ ခံစားရမယ်ဆိုတာ ထပ်တူ ယုံကြည်နေပါတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


Photo :: Thiha Lu Lin, Naw Htike, Kyaw Lay, Elena

Camera :: SONY Alpha 7II with 16 - 35mm Lens, SAMSUNG Galaxy Note10+

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter