top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

နာမည်ကျန်ရစ်နေလေဦးမည်

Writer's picture: Thiha Lu LinThiha Lu Lin

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖေဖော်ဝါရီလ (၁၂) ရက် ပြည်ထောင်စုနေ့က ရုံးပိတ်ရက်မို့ အတော်များများ သတိရကြတယ်။ (၁၄) ရက်ကျပြန်တော့လည်း ချစ်သူများနေ့ ဆိုပြီး သတိတွေရကြပြန်ရော။ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကို မသိခဲ့ကြရာကနေ အခုနောက်ပိုင်းနှစ်တွေမှာ Social Media ပေါ်က သရော်စာတွေကနေ တဆင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဆိုတာကို သတိပြုမိလာကြတယ်။ ပြန်လည်ဖော်ပြမှုတွေ ရှိလာတာ ဝမ်းသာစရာပါပဲ။



ဒီတစ်နှစ် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့မှာတော့ သူ့ရဲ့အထုပ္ပတ္တိကို ကျွန်တော့်ရဲ့ Blog မှာ သိမ်းထားချင်လို့ ပြန်လည်စုစည်းရေးသားလိုက်ပါတယ်။ နောင်များ လူတချို့မေ့များသွားခဲ့ရင် ဒီစာလေးက ပြန်ပြီး သတိပေးဖို့ ဖြစ်စေချင်မိလို့ပါ။


နတ်မောက် က စနေသား

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ငယ်နာမည်က မောင်ထိန်လင်း ဖြစ်ပါတယ်။ တောင်တွင်းကြီးခရိုင် နတ်မောက်မြို့ ဇာတိဖြစ်ပြီး ရှေ့နေကြီး ဦးဖာ နဲ့ ဒေါ်စု တို့က မွေးဖွားတဲ့ သားအငယ်ဆုံးပါ။ အဘိုးလက်ထက်ကတည်းက နာမည်ကြီးမျိုးရိုးလို့ ဆိုနိုင်အောင် သူ့ရဲ့အဘိုးက ဗိုလ်မင်းရောင် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ကတော့ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက် စနေနေ့ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူရဲ့နာမည်က အောင်သန်း မို့ လိုက်ဖက်အောင် အောင်ဆန်း လို့လည်း ခေါ်ဆိုခဲ့ကြပါတယ်။


ဘုန်းကြီးကျောင်းသား မှ တက္ကသိုလ်ကျောင်းသား

သူ့အသက် (၇) နှစ်အရွယ်မှာတော့ နတ်မောက်မြို့ က ဆရာတော်ဦးသောဘိတကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပါတယ်။ အသက် (၁၃) နှစ်မှာ ရေနံချောင်းက အမျိုးသားအထက်တန်းကျောင်းကို ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ၁၉၃၂ ခုနှစ်မှာ အထက်တန်းအောင်မြင်လို့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသား ဖြစ်လာပါတယ်။


တက္ကသိုလ်တက်စဉ်မှာ ရန်ကုန်တက္ကသိုလ်သမဂ္ဂအမှုဆောင်အဖွဲ့ဝင်အနေနဲ့ရော၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာအနေနဲ့ရော ၁၉၃၅ ခုနှစ်မှ ၁၉၃၆ ခုနှစ်ထိ တစ်နှစ်ခန့် ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီချိန်မှာ Hell Houng of Large ဆိုတဲ့ ခွေးသရမ်းကြီးလွတ်နေသည် ဆောင်းပါး ကို အိုးဝေမဂ္ဂဇင်း မှာ ဖော်ပြပါရှိလာခဲ့ပြီး ရေးသားသူကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲနေခဲ့လို့ တက္ကသိုလ်ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။


၁၉၃၇ ခုနှစ်မှာ ဝိဇ္ဇာတန်း အောင်မြင်ခဲ့ပြီး ကျောင်းတက်နေစဉ်ကာလတလျှောက် တက္ကသိုလ် ပဲခူးဆောင်၊ သဟာယဆောင် နဲ့ စာဖတ်အသင်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သလို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။


သခင်အောင်ဆန်း

၁၉၃၉ ခုနှစ်မှာတော့ မော်လမြိုင်မြို့မှာ ပြုလုပ်တဲ့​ ဒို့ဗမာအစည်းအရုံးညီလာခံ မှာ စစ်ကာလအတွင်း ဗြိတိသျှတို့ကို မကူညီရေးအဆိုကို တင်သွင်းခဲ့ပါသေးတယ်။ ၁၉၄၉ မှာတော့ သခင်အောင်ဆန်းကို ဟင်္သာတခရိုင်ဝန် က ဆုတော်ငွေ ၅ ကျပ် နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ပြည်သူလူထုကလည်း လူထုခေါင်းဆောင်မို့ ဒီဝရမ်းအပေါ် ရှုတ်ချခဲ့ကြပါတယ်။ ဝရမ်းပြေးဘဝမို့ တက္ကသိုလ်ကောင်စီအကြီးအကဲနေရာမှ နုတ်ထွက်ပြီး ဗမာ့တပ်မတော် အတွက် နိုင်ငံခြားအကူအညီရဖို့ သခင်မြတို့နဲ့အတူ ပြည်သူ့အရေးတော်ပုံပါတီ ကို ဖွဲ့စည်းခဲ့ပါတယ်။ ပြည်ပတော်လှန်ရေးခေါင်းဆောင်အနေနဲ့ သခင်အောင်ဆန်းက တာဝန်ယူပြီး ပြည်တွင်းမှာတော့ သခင်မြ က တာဝန်ယူခဲ့ပါတယ်။ သြဂုတ်လ (၈) ရက်နေ့မှာတော့ ဟိုင်လီသင်္ဘောနဲ့ ဂျပန်ပြည်ကို လျှို့ဝှက်ထွက်ခွာသွားခဲ့ပါတယ်။


၁၉၄၁ ခုနှစ်မှာ ဗမာ့လွတ်လပ်ရေးအတွက် စီမံကိန်းကို ကိုယ်တိုင်ရေးဆွဲပြီး မတ်လ (၃) ရက်နေ့မှာ သွားအတုတပ်လို့ ရုပ်ဖျက်ပြီး ဂျပန်ပြည်ကနေ မြန်မာပြည်ကို ခဏပြန်လာခဲ့ပါတယ်။ ပြန်လာစဉ်ကာလမှာ မျိုးချစ်လူငယ်တွေကို စုစည်းပြီး ဂျပန်ကို ခေါ်လို့ စစ်ပညာသင်ပေးခဲ့ပါတယ်။ ဒီလူငယ်တွေဟာ ရဲဘော်သုံးကျိပ် ဖြစ်လာကြပါတယ်။ ဟိုင်နန်ကျွန်းမှာ စစ်ပညာကို ပင်ပန်းကြီးစွာသင်ယူခဲ့ကြရပါတယ်။


သခင်အောင်ဆန်း မှသည် ဗိုလ်တေဇ သို့

ဒီဇင်ဘာလ (၈) ရက်နေ့ အရှေ့အာရှမှာ စစ်ကြီးစတင်တဲ့နောက် ဒီဇင်ဘာ (၂၆) ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်လာခဲ့ကြပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ကို စတင်ဖွဲ့စည်းပါတော့တယ်။ ဗမာ့လွပ်လပ်ရေးတပ်မတော်ဖြစ်လာတဲ့အခါ သခင်အောင်ဆန်းကနေ ဗိုလ်တေဇ ဖြစ်လာပါတယ်။


၁၉၄၂ ခုနှစ်မှာ ဂျပန်တွေနဲ့ပူးပေါင်းပြီး ဗိုလ်တေဇ ဦးဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်သားတွေဟာ ရန်သူတွေကို စတင်ချေမှုန်းတိုက်ထုတ်ပါတယ်။ မတ်လ (၈) ရက်နေ့မှာတော့ ရန်ကုန်မြို့ကို သိမ်းပိုက်အောင်မြင်ခဲ့ပါတယ်။ ဇူလိုင်လ မှာ ဗိုလ်တေဇ ဟာ ဗိုလ်မှူးကြီးရာထူးခံယူပြီး စစ်သေနာပတိ ဖြစ်လာပါတယ်။


ကြင်ဖော်ကြင်ဖက်

၁၉၄၂ ခုနှစ် စက်တင်ဘာလမှာတော့ ဒေါ်ခင်ကြည် နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒေါ်ခင်ကြည်နဲ့ သားသမီး (၃) ယောက် ထွန်းကားခဲ့ပြီး သာကြီး အောင်ဆန်းဦး၊ သားလတ် အောင်ဆန်းလင်း နဲ့ သမီးငယ် အောင်ဆန်းစုကြည် တို့ ဖြစ်ပါတယ်။ သားလတ် အောင်ဆန်းလင်း ကတော့ ငယ်စဉ်ကလေးဘဝမှာပဲ အိမ်ရှေ့ရေကန်မှာ ရေနစ်သေဆုံးသွားခဲ့ရရှာပါတယ်။


လွတ်လပ်စေချင်သူ ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၃ ခုနှစ် မတ်လ (၁၇) ရက်မှာတော့ ဒေါက်တာဘမော်၊ ဒေါက်တာသိန်းမောင်၊ သခင်မြတို့နဲ့အတူ လွတ်လပ်ရေးအတွက် ဆွေးနွေးဖို့ ဂျပန်ကို ထွက်ခွာခဲ့ပြီး မတ်လ (၂၂) ရက်နေ့မှာ ဂျပန်ဘုရင် က ဆုတံဆိပ်ချီးမြှင့်ပေးခဲ့ပါတယ်။ သြဂုတ်လ (၁) ရက်နေ့မှာ ဒေါက်တာဘမော် အစိုးရအဖွဲ့ဖြစ်လာပြီး စစ်ဝန်ကြီးအနေနဲ့ ခန့်အပ်ခြင်းခံရပါတယ်။


၁၉၄၄ ခုနှစ် မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီးကို လျှို့ဝှက်ဖွဲ့စည်းခဲ့ကြပါတယ်။ စက်တင်ဘာလ (၄) ရက်နေ့မှာလည်း တဖန် ဂျပန်ဘုရင် က ချီးမြှင့်တဲ့ ဆုတံဆိပ်တစ်ခု ရန်ကုန်မှာပင် ရရှိပြန်ပါသေးတယ်။ ၁၉၄၅ ခုနှစ် မတ်လ (၁၇) ရက်နေ့မှာတော့ စစ်မြေပြင်ကို စတင်ထွက်ခွာခဲ့ပြီး မတ်လ (၂၇) ရက်နေ့မှာ ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်ခဲ့ကြပါတယ်။ ဒါကြောင့် တော်လှန်ရေးနေ့ဆိုပြီး ဖြစ်ပေါ်လာရတာပါ။


သြဂုတ်လ (၁၉) ရက်နေ့မှာ နေသူရိန်အစည်းအဝေးကြီးရဲ့ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗမာ့လွတ်လပ်ရေးအတွက် တောင်းဆိုလိုက်ပါတယ်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ မှာ ရွှေတိဂုံစေတီတော်ပစ္စယံ မှာ ကျင်းပတဲ့ ပြည်လုံးကျွတ် ဖဆပလညီလာခံ ကနေ အဖွဲ့ချုပ်ဉကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီမှာ ဒုတိယသဘာပတိ ဖြစ်လာပါတယ်။


စနေသား စနေမှာပြန်သွား

၁၉၄၇ ခုနှစ် ဇန်နဝါရီလ မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ကို ဦးဆောင်လို့ အင်္ဂလန်ပြည်၊ လန်ဒန်မြို့မှာ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီ (၁၂)​ ရက်နေ့မှာတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး ဒီနေ့ထိတိုင် ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ မေလ (၁၉) ရက်နေ့ ဂျူဗလီဟောမှာ ကျင်းပတဲ့ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံရဲ့ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဇွန်လ (၁၆) ရက်နေ့ ပထမတိုင်းပြုပြည်ပြုလွှတ်တော် မှာ အချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ဇူလိုင်လ (၁၃) ရက်နေ့မှာတော့ မြို့တော်ခန်းမမှာ အရေးကြီးတဲ့မိန့်ခွန်းကို ပြောဆိုနိုင်ခဲ့ပြီး ဒီမိန့်ခွန်းဟာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နောက်ဆုံးမိန့်ခွန်းအဖြစ် သမိုင်းတွင်ရစ်ခဲ့ပါတယ်။ ဇူလိုင်လ (၁၉) ရက် စနေနေ့ နံနက် (၁၀) နာရီ ၃၇ မိနစ်အချိန်မှာ လုပ်ကြံခံခဲ့ရလို့ ကွယ်လွန်ခဲ့ရပါတယ်။


မောင်ထိန်လင်း၊ ကိုအောင်ဆန်း၊ ဗိုလ်တေဇ၊ ဗိုလ်ချုပ်အောင်ဆန်း အမည်နာမတွေဟာ ဒီလူပုဂ္ဂိုလ်နဲ့တွဲပြီး အားလုံးကို ကမ္ဘာတည်သရွေ့အမှတ်ရစေတော့မှာပါ။ လူသေပေမဲ့ နာမည်မသေနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထုပ္ပတ္တိအကျဉ်းကို သူ့မွေးနေ့အမှတ်တရအဖြစ် ဖော်ပြလိုက်ပါတယ်။


အစဉ်လေးစားဂုဏ်ပြုလျက်...

သီဟလုလင် (Thiha, the Traveller)



157 views0 comments

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page