Search
  • Thiha Lu Lin

အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ် (ရန်ကုန်) ဆီ

Updated: Sep 11

အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ အောက်မေ့ဖွယ်ရာနေ့ ဒါမှမဟုတ် အာဇာနည်နေ့ ဆိုရင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နေအိမ် ပြတိုက်နဲ့ အတွင်းဝင်များရုံး ပြတိုက်တွေဆီ သတိတရအလည်သွားရောက် လေ့လာတတ်ကြပါတယ်။ တကယ်က ဇူလိုင်လ (၁၉) ရက်နေ့ (အာဇာနည်နေ့) မှ ဖွင့်တာမဟုတ်ပေမဲ့ ဒီရက်မှာတော့ မနက်စောစောကတည်းက စိတ်အားထက်သန်စွာ သွားရောက်လေ့လာ ဂုဏ်ပြုတတ်ကြတယ်ဆိုပါတော့။



ရန်ကုန်မြို့မှာနေပြီး ရန်ကုန်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို မရောက်သေးတဲ့သူ တော်တော်များများ ရှိပါတယ်။ အဓိကက လေ့လာလို့ရတယ်ဆိုတာကို သတင်းအချက်အလက် အလွယ်မရလို့လည်း ပါပါတယ်။ နှစ်စဉ်တိုင်း အာဇာနည်နေ့ အထူးအစီအစဉ်ရှိမှ အဲ့ဒီ ပြတိုက်ကို ခြေဦးလှည့်တတ်ကြပေမဲ့၊ အဲ့ဒီရက်တွေမှာ လူများတတ်လို့ အေးဆေးလေ့လာဖို့ဆိုရင် အာဇာနည်နေ့မတိုင်ခင်ကတည်းက စောစောစီးစီး သွားရောက်သင့်ပါတယ်။ ခါတိုင်းနှစ်တွေကလည်း အာဇာနည်နေ့ဆို လူပေါင်းသောင်းနဲ့ချီ တစ်နေ့တည်းလာရောက်ခဲ့လို့ အိမ်ရဲ့ ကြံ့ခိုင်ရေးအပေါ် စိုးရိမ်စိတ်ရှိတဲ့အတွက် ၂၀၁၈ ခုနှစ်မှာတုန်းကဆို အပေါ်ထပ်ကို တက်ရောက်ခွင့် မပြုခဲ့ပါဘူး။ ဒီလို အခြေအနေတွေ ရှိတတ်လို့ လာရောက်လည်ပတ်သူ နည်းပါးနေတုန်းအချိန်လေးမှာ သွားတာ ပိုကောင်းပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ အိမ်အပေါ်ထပ်လှေကားကို ကြံ့ခိုင်အောင် ပြုပြင်ထားပြီးဖြစ်လို့ အပေါ်တက်ကြည့်ခွင့် ရခဲ့ပါတယ်။ တစ်ခါတက်ရင် လူ ၅၀ စီ တက်ခွင့်ပေးခဲ့တယ်။ ဒါ့အပြင် အထူးအစီအစဉ်တွေကတော့ အဝင်ဂိတ်ကနေ အိမ်မကြီးဆီ သွားတဲ့ လျှောက်လမ်းတလျှောက်မှာ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံ နဲ့ တံဆိပ်ခေါင်းတွေကို ပြသခဲ့ပြီး အိမ်အောက်ထပ် ဧည့်ခန်းကိုလည်း အဲ့ဒီခေတ် ၁၉၄၇ ခုနှစ်က အတိုင်း ပြန်လည်ပြင်ဆင်ထားပြီး ဗိုလ်ချုပ်ဝတ်ဆင်အသုံးပြုခဲ့တဲ့ အဝတ်အစားတွေကို ပြသသွားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ ကိုဗစ်ကပ်ရောဂါကာလမှာတော့ အများပြည်သူ ကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ Online Exhibition အနေနဲ့သာ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်) နဲ့ (နတ်မောက်) တို့ကို တစ်ထိုင်တည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ https://www.nationalmuseumyangon.gov.mm နဲ့ https://www.facebook.com/nationalmuseumyangon တို့မှာ လေ့လာနိုင်ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဘယ်မှာရှိလဲ

ရန်ကုန်၊ ဗဟန်းမြို့နယ်က ဗိုလ်ချုပ်အောင်းဆန်းပြတိုက်လမ်း (အရင် တာဝါလိန်း Tower Lane လမ်း) မှာ ဖြစ်ပါတယ်။ ဂျာမဏီသံရုံးနဲ့ သိပ်မနီးမဝေးမှာ ရှိနေတာပါ။


ဖွင့်ရက် ပိတ်ရက် နဲ့ ဖွင့်ချိန် ပိတ်ချိန်

ပုံမှန်ရက်တွေမှာဆိုရင် တစ်ပတ်ကို တနင်္လာနေ့တစ်ရက် ပိတ်ပါတယ်။ ကျန်တဲ့ရက်များမှာ မနက် (၉) နာရီခွဲ ကနေ ညနေ (၄) နာရီခွဲ အထိ ဖွင့်လှစ်ထားပါတယ်။ သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေမှာလည်း ပြတိုက် ပိတ်ပါတယ်။


အာဇာနည်နေ့ အထူး ဖွင့်ချိန် ပိတ်ချိန်

သာမန်နှစ်တွေမှာတော့ ဇူလိုင် ၁၉ - ၂၀ - ၂၁ သုံးရက်ကို မနက် ၆ နာရီ ကနေ ည ၆ နာရီ အထိ အထူး ဖွင့်လှစ်တတ်ပါတယ်။ ၂၀၂၀ ခုနှစ်ကတော့ ထူးခြားစွာပဲ ပြတိုက်ပိတ်ထားတဲ့နှစ်ဖြစ်ခဲ့ပြီး Online Exhibition အနေနဲ့သာ ကြည့်နိုင်ခဲ့တဲ့နှစ်အဖြစ် သမိုင်းတွင်ခဲ့ပါပြီ။


ဝင်ကြေး

ပြည်တွင်းဧည့်သည်တွေကတော့ ဝင်ကြေးပေးစရာမလိုပေမဲ့ မှတ်တမ်းရေးသွင်းရပါတယ်။ အမည်၊ နေရပ်လိပ်စာ နဲ့ ဖုန်းနံပါတ် ဖြည့်ပေးရပါတယ်။ နိုင်ငံခြားသားဆိုရင်တော့ ဝင်ကြေး ၅,၀၀၀ ကျပ် ယူပါတယ်။ အာဇာနည်နေ့မှာတော့ နိုင်ငံခြားသားများပါ ဝင်ကြေးအခမဲ့အဖြစ် ဝင်ရောက်ခွင့်ပြုထားပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက် ဖြစ်ပေါ်လာပုံ

ဒီအိမ်ကို မူလပိုင်ဆိုင်တာက တရုတ်လင်မယားနှစ်ဦးပါ။ ဗိုလ်ချုပ်တို့က ငှားနေကြတာ။ ဒီအိမ်မှာ ၁၉၄၅ ခုနှစ် မေလ ကနေ ၁၉၄၇ ခုနှစ် ဇူလိုင်လ အထိ နေခဲ့တယ်လို့သိရတယ်။ ဗိုလ်ချုပ်လုပ်ကြံခံရပြီး ၁၉၄၈ ခုနှစ် ဇူလိုင် (၈) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် ရန်ပုံငွေ ကျခံပြီး ရန်ပုံငွေကြီးကြပ်ထိန်းသိမ်းရေး အမှုဆောင်အဖွဲ့က မူလပိုင်ရှင်ဆီကနေ ငွေကျပ် ၃၀,၀၀၀ ကျပ် နဲ့ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ် ကွယ်လွန်သွားခဲ့တဲ့နောက်မှာ မိသားစုက ဆက်ပြီးနေထိုင်ခဲ့ပေမဲ့ ၁၉၅၃ ခုနှစ်မှာ ခြံဝင်းထဲက ရေကန်ထဲ သားလတ် အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့ပြီးနောက်တော့ ဆက်လက်မနေထိုင်တော့ဘဲ ၁၉၆၀ ခုနှစ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားပြတိုက်ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်ရှိခဲ့တယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ အထိမ်းအမှတ်ပြတိုက်အနေနဲ့ စပြီး ပြသခဲ့တယ်လို့ မှတ်သားရပါတယ်။


၂၀၁၈ ခုနှစ်က ကိုယ်တွေ့ ပြတိုက်အလည်ခရီး

ကျွန်တော် သွားလည်တော့ ခြံဝင်းထဲမှာ စည်ပင်ဝန်ထမ်းတွေ အပြည့်ပဲ အမိုးတွေ လုပ်နေကြတယ်။ အာဇာနည်နေ့ ပြပွဲအခင်းအကျင်းတွေအတွက်ပါ။ လုံခြုံရေး ရဲဝန်ထမ်းတွေကတော့ ခြံအဝင်ပေါက်ထဲကနေ အိမ်အဝင်လှေကားအတက်ထိ အပြည့်ပါပဲ။ ခြံဝင်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်း စီးခဲ့တဲ့ Wolseley ကားကို မှန်အိမ်နဲ့ သေချာထိန်းသိမ်းပြသထားပါတယ်။


ကားကို လေ့လာပြီး ခြံဝင်းထဲက လမ်းလေးအတိုင်းအိမ်ကို ပတ်ကြည့်မိတယ်။ အိမ်အတက် လှေကားမရောက်ခင် ခြံထဲမှာ မြင်ရတာက သားလတ် အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့တဲ့ ရေကန်လေး။ သိပ်မကြီးဘူး။ အဲ့ဒီကနေ လှေကားအတိုင်းတက်ပြီး အတွင်းကို ဝင်မယ်လုပ်တော့ တာဝန်ကျဝန်ထမ်းအစ်မ တစ်ဦးက စာရင်းသွင်းခိုင်းပါတယ်။ ဖိနပ်ကို လှေကားထိပ်မှာပဲ ချွတ်ထားခဲ့ခိုင်းတယ်။ စာရင်းသွင်းနေရာရဲ့ ညာဘက်မှာ နေအိမ်ပြတိုက်သမိုင်းကို မြန်မာနဲ့အင်္ဂလိပ်လိုတွေ ကြေးပြားထွင်း ချိတ်ဆွဲဖော်ပြထားပါတယ်။ ဘယ်ဘက်မှာတော့ နေအိမ်ရဲ့ မြေပုံကို အပေါ်ထပ် အောက်ထပ် ခွဲခြား ရှင်းလင်းချိတ်ဆွဲပြထားပါတယ်။


ဝင်တဲ့အခါ ဘယ်ဘက်အတိုင်း လှည့်ကြည့်ရမှာပါ။ ထမင်းစားခန်းကို အရင်ရောက်ပြီး သမိုင်းဝင် ဗိုလ်ချုပ်က သူ့မိန်းမဆီ ပို့တဲ့ လက်ရေးမူနဲ့ ပဲပြုတ် နံပြားတွေကို ခင်းကျင်းထားပါတယ်။ ဗိုလ်ချုပ်တို့မိသားစုရဲ့ ဓါတ်ပုံမျိုးစုံကို သေချာလေ့လာခွင့်ရပါတယ်။ ဧည့်ခန်းထဲမှာတော့ ကုလားထိုင်ပေါ်ထိုင် စာဖတ်နေတဲ့ ဗိုလ်ချုပ်ရဲ့ ဖယောင်းပုံတူ ရှိပြီး ဧည့်ခန်းအသုံးအဆောင်တွေကို ခင်းကျင်းပြထားပါတယ်။ ဗိုလ်ချုပ်ကြေးသွန်းရုပ်တုတစ်ခုကိုလည်း တွေ့ရပါတယ်။ ဒီနေရာကို လေ့လာပြီး အပေါ်ထပ်ကို ဆက်တက်ကြည့်တော့ ဗိုလ်ချုပ်တို့ အိပ်ခန်း၊ ကလေးတွေ အိပ်ခန်း၊ စာဖတ်ခန်း နဲ့ အထူးအစည်းအဝေးခန်းမတွေကို ကြည့်ခွင့်လေ့လာခွင့်ရခဲ့တယ်။

ထမင်းစားခန်း နဲ့ ဓါတ်ပုံမှတ်တမ်းများရှိရာ မြေညီထပ် ပြတိုက်အဝင်
ဗိုလ်ချုပ်တို့ ဇနီးမောင်နှံ ဓါတ်ပုံများ
ထမင်းစားခန်း နဲ့ ထိုင်နေကျ ထိုင်ခုံနေရာများပြကွက်
ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူ နဲ့ သမိုင်းဝင် စာ နံပြားနဲ့ ပဲပြုတ်ပုံတူ
ရှားပါးဓါတ်ပုံများ
ဧည့်ခန်းထောင့်တစ်ခုမှာ မြင်ရမဲ့ ဗိုလ်ချုပ်ရုပ်တု
ဗိုလ်ချုပ်အောင်ဆန်းပုံ ဖယောင်းရုပ်တု
၂၀၁၈ တုန်းက ဧည့်ခန်းတစ်ခုလုံးအပြင်အဆင်
အပေါ်ထပ်ဆီ...
အောက်ထပ် စာရင်းသွင်းရတဲ့ နေရာ၊ အပေါ်ထပ် ကို အခန်းတွေဆီကို တံခါးပေါက် ၄ ပေါက်ခွဲခြားထား
ဒါကတော့ သားသမီးတွေ အိပ်စက်ရာအခန်းပါ။
ရေနစ်သေဆုံးခဲ့တဲ့ သားလတ် အောင်ဆန်းလင်းရဲ့ လက်ရေးမူ ကို တွေ့ရပါတယ်။
မိသားစု အမှတ်တရ ဓါတ်ပုံများ
အထူးအစည်းအဝေးခန်း
အိပ်ခန်းတွင်းမှ မိသားစု ဓါတ်ပုံများ
ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကတော် တို့ရဲ့ အိပ်ခန်း
အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဖို့ လန်ဒန်အသွား အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူးက ပေးတဲ့ လက်ဆောင်
ဗိုလ်ချုပ်ရဲ့ စာဖတ်ခန်း
ဗိုလ်ချုပ်ရဲ့ စာဖတ်ခန်း
ဗိုလ်ချုပ်လက်ထပ်မင်္ဂလာတုန်းက ဓါတ်ပုံမှတ်တမ်း
သားလတ် အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့တဲ့ ရေကန်ကို လှေကားအတက်မှ မြင်ရပုံ
အိမ်အောက်ထပ် ပတ်လမ်းက နားနေဆောင်လိုမျိုးလေးမှာ

နှစ်စဉ်လိုလို အတွင်းခန်းတွေရဲ့ ခင်းကျင်းမှုပုံစံတွေကို ပြောင်းလဲတတ်လေ့ရှိတာမို့ တစ်ခေါက်နဲ့ တစ်ခေါက် အမြင်ဆန်းစေတဲ့ ခံစားမှုမျိုးကိုလည်း ပေးစွမ်းပါသေးတယ်။


တကယ်တော့ အများကြီး လှည့်ပတ်ကြည့်စရာမရှိဘူး၊ ဓါတ်ပုံရိုက်စရာနေရာ မများဘူး ဆိုပေမဲ့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ရဲ့ အကြောင်းကို မမေ့မလျော့အောင်။ လူငယ်တွေကို လက်ဆင့်ကမ်းနိုင်ပြီး သမိုင်းကို ထဲထဲဝင်ဝင်နားလည်နိုင်အောင် တစ်သက်တာမှာ အနည်းဆုံး တစ်ကြိမ်တော့ ဒီဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်ပြတိုက်ကို ရောက်ဖူးလည်ပတ်လေ့လာသင့်တယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။ Photo :: Thiha Lu Lin, Phoe Tar Camera :: SONY Alpha 7II with 85mm Lens Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter