Search
  • Thiha Lu Lin

သွားဖြူရင် ရှက်စရာ သွားမည်းမှ အလှတရား ဆိုတဲ့ အဲန်လူမျိုးတို့ ရွာဆီ

အဲန်လူမျိုးတွေအကြောင်းကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ကျွန်တော် ဖတ်ခဲ့ရဖူးတယ်။ တစ်သက်လုံး ရေမချိုးဘူး ဆိုပြီး ရေးသားခဲ့တာမျိုးမို့ အံ့သြပြီး ဖတ်မိခဲ့တာ။ ရှမ်းပြည်နယ် အရှေ့ပိုင်းကို အလည်ရောက်တော့ အဲန်လူမျိုးတွေရှိရာ ရွာတွေကို သွားလည်လို့ ရတယ်ဆိုတာနဲ့ ကျွန်တော်လည်း ကိုရဲမြင့်အောင် အကူအညီကြောင့် ကျိုင်းတုံမြို့ကနေ ဆိုင်ကယ်နဲ့ တစ်နာရီကျော်ကျော်လောက် တောင်တက်သွားလာရတဲ့ ပန်လေ အဲန်ရွာဆီကို ခြေဆန့်ဖြစ်ခဲ့ပါတယ်။ ကျိုင်းတုံနယ်တစ်ဝိုက်မှာ အဲန်လူမျိုးတွေ နေထိုင်ရာ ရွာ (၈) ရွာခန့်ရှိပါတယ်။ တောင်ပေါ်ဒေသတွေမှာသာ နေထိုင်ကြပြီး အခြားသော လူမျိုးစု ရွာများနဲ့ မနီးမဝေးမှာလည်း နေထိုင်ကြပါတယ်။ ကျွန်တော် ရောက်သွားခဲ့တဲ့ အဲန်ရွာကတော့ အလွယ်ဆုံး သွားလာနိုင်တဲ့နေရာပါ။ ဒီ့ထက်ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကြောင်းတွေကနေ ပင်တောက်၊ ဝမ်နောင်၊ တင်ထပ်၊ ဝမ်ခါမ်း စတဲ့ ရွာတွေလည်း သွားလာလည်ပတ်ကြည့်နိုင်ပါသေးတယ်။


အဲန်လူမျိုး ဆိုတာ

ရှမ်းလူမျိုး အနွယ်ဝင် အုပ်စုတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅ မျိုးစာရင်းဝင် ဖြစ်ပါတယ်။ ရှမ်းလူမျိုးစုတစ်ခု ဖြစ်ပေမဲ့ ကိုယ်ပိုင်ဘာသာစကား ရှိတာကလည်း အဲန်လူမျိုးတွေရဲ့ ထူးခြားချက်ပါ။ သူတို့ကို ရှမ်းလို၊ ဗမာလို မေးမြန်းပြောဆိုလို့ မသိကြတာ များပါတယ်။ အာခါရွာတွေ ထက် စကားအဆက်အဆံ ပြောဆိုရ ပိုခက်တာကို ကြုံခဲ့ရပါတယ်။ တရုတ်အနွယ်၊ ဝ အနွယ် (လဝ အနွယ်) တွေက ဆင်းသက်လာတယ်လို့လည်း ပြောဆိုကြပါတယ်။ သမိုင်းကို ပြန်ကြည့်တော့ စော်ဘွားတွေ အုပ်စိုးစဉ်ကာလက ဆင်ထိန်း၊ မြင်းထိန်း တွေအဖြစ် လုပ်ဆောင်ခဲ့ကြသူများလို့ ကြားသိရပြန်ပါတယ်။ အဲန် ဆိုတာ ရှမ်းဘာသာအားဖြင့် ပြေးလွှားတယ် လို့ ဆိုလိုတာ ဖြစ်လို့ လျင်မြန်ဖြတ်လက်ကြသူများလို့ အဓိပ္ပါယ်ရပြန်တာကြောင့် ဆင်ထိန်းတော်၊ မြင်းထိန်းတော် အနွယ်တွေကနေ ဆင်းသက်လာတယ်ဆိုတာ ဖြစ်နိုင်ကောင်းရဲ့လို့ တွေးမိရပါတယ်။ ထူးခြားတာတစ်ခုက မြို့နဲ့လည်း မဝေးတဲ့ အရပ်မှာ နေထိုင်ကြပေမဲ့ ရိုးရာအစဉ်အလာတွေကို ယနေ့တိုင် လိုက်နာနေပြီး အများကြီး ပြောင်းလဲသွားတာမျိုး မရှိတာပါပဲ။


ဘယ်လိုသွားလဲ

ကျိုင်းတုံကနေ တဆင့် သွားရမှာပါ။ ဒေသခံလမ်းညွှန် မပါရင် အဆင်မပြေနိုင်ပါ။ မိမိတည်းခိုတဲ့ ဟိုတယ် တည်းခိုခန်း ကနေ ဆက်သွယ်ခိုင်းပါ။ ဆိုင်ကယ်ခရီး တစ်နာရီကျော် မောင်းရပါတယ်။ လမ်းကြမ်းတယ်။ တောင်တက်ရတယ်။ ချော်နိုင်တယ်။ သွားနေကျသူနဲ့ သွားသင့်ပါတယ်။


အဲန်တွေက ချမ်းသာကြတယ်… သို့သော်

သူတို့က ရုပ်ဝတ္ထုတွေကို မမက်မောကြတာလား တွေးစရာ ရှိတယ်။ သူတို့ရွာတွေကို ကြည့်လိုက်ရင် အတော်လေး သနားစရာ စုတ်ပြတ်နေသလိုလို ထင်ရပေမဲ့ သူတို့မှာ ဆိုင်ကယ်၊ လယ်၊ တိရစ္ဆာန် နဲ့ စပါးချွေလှေ့စက်တွေ ရှိနေကြပြန်တော့ ကျွန်တော့်အမြင်တော့ သူတို့ဟာ ချမ်းသာကြသူများလို့ ကောက်ချက်ချမိပြန်တယ်။ ဒါပေမဲ့ သူတို့ဟာ ရိုးရှင်းတဲ့ ဘဝနေထိုင်မှု ပုံစံနဲ့ နေထိုင်ကြတယ်။ ရုပ်ဝတ္ထုချမ်းသာတာထက်၊ စိတ်ချမ်းသာတဲ့သူမျိုးတွေများလား တွေးမိတယ်။ ကျွန်တော်တို့ သွားတော့ သူတို့ မြို့ထဲ တစ်ခါတလေ ရောက်တဲ့တိုင် ဝယ်လေ့ မရှိကြတဲ့ ကလေးငယ်တွေအတွက် မုန့်တွေနဲ့ လူကြီးတွေအတွက် ပါရာစီတမော လို ဆေးကတ်လေးတွေ လက်ဆောင်ယူသွားပေးလိုက်တယ်။


ဘာသာတရား ကြောက်ရွံ့ကိုင်းရှိုင်းကြသူ အဲန်လူမျိုးများ

အဲန်လူမျိုးတွေဟာ ဖီမွန် ဆိုတဲ့ တောစောင့်နတ်၊ တောင်စောင့်နတ် နဲ့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဘိုးဘွားဘီဘင် နတ်များကို ကိုးကွယ်ကြသူများလို့ ဆိုပါတယ်။ ရွာတစ်ရွာမှာ နတ်ဆရာ ဟာ အခရာ ဖြစ်ပြီး နတ်ဆရာပြောသမျှကို လေးစားလိုက်နာယုံကြည်သက်ဝင်ကြသူများပါ။ နတ်ကွန်းတွေကိုလည်း ရွာတွေမှာ သပ်သပ်ရပ်ရပ် ကျယ်ကျယ်ဝန်းဝန်း ဆောက်လုပ်ပေးထားတတ်ပါတယ်။ ဒီနေရာမှာပဲ အခန်းအနားတွေလည်း ကျင်းပတာဖြစ်လို့ ကျယ်ဝန်းစွာ ဆောက်လုပ်ထားကြတာပါ။ နတ်ကွန်းချည်းပဲ သက်သက် ရှိပါသေးတယ်။ ဒီမှာရှိတဲ့ နတ်ရုပ်တွေက ပုံစံအားဖြင့် ထူးခြားမနေပါဘူး။ ဆိုလိုတာက ကျွန်တော်တို့ ဗမာတွေရဲ့ နတ်ရုပ်တွေက လူရုပ်ပုံမျိုးတွေရှိတတ်ပေမဲ့ သူတို့ကတော့ သစ်သားတိုင်ပုံစံလောက်ပါပဲ။ ဒါကိုတော့ အထိမခံပါဘူး။ ထိလိုက်မိရင် နတ်ကို ပင့်လိုက်သလို ဖြစ်တတ်လို့ ကန်တော့ပွဲတွေ အကြီးအကျယ် လုပ်ကြရတော့တာပါပဲတဲ့။ မဟုတ်ရင် ရွာခိုက်တတ်တယ်လို့လည်း အယူရှိကြပြန်တယ်။ အရင်ကတော့ ကလေးတွေရဲ့ ပညာရေးကို အားမပေးခဲ့ကြဘူးလို့ သိရတယ်။ ခုတော့ စာသင်ကျောင်းတွေလည်း ဖွင့်လာနိုင်ခဲ့လို့ တိုင်းရင်းသားတွေလည်း စာပေလေ့လာခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

ရိုးရာနတ်ပွဲအခမ်းအနားတွေ လုပ်တဲ့နေရာနဲ့ နတ်ကွန်း
နတ်ကွန်း

ရေတကယ်မချိုးကြဘူးတဲ့လား

အဲန်ရွာတွေက အတော်လေး တောင်ပေါ်ဖြစ်နေတဲ့ အရပ်တွေမှာ ရှိနေတာမို့ ရေကတော့ အတော်ရှားပါတယ်။ ကျွန်တော်ရောက်သွားခဲ့တဲ့ ပန်လေရွာမှာတော့ မိုးတွင်းကာလမို့ တောင်ကျရေတွေနဲ့ တစ်ရွာလုံး ရေဖောဖောသီသီ ရနေခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒါဟာလည်း မိုးတွင်းကာလလောက်ပဲလို့ သိရပါတယ်။ များသောအားဖြင့် ရေမရတတ်ပါဘူး။ ဒါကြောင့် ရေရှားတဲ့အချိန်မျိုးမှာတော့ သူတို့ဟာ သောက်ရေကိုပဲ ဦးစားပေးကြရမှာ အသေအချာပါ။ တောင်ယာမှာပဲ တစ်လကိုးသီတင်း အချိန်ကုန်တော့ ရေချိုးခြင်း မချိုးခြင်းကလည်း သူတို့အတွက် ထူးမနေတတ်ဘူး။ ကလေးငယ်တွေကလည်း များသောအားဖြင့် ကလေးချင်းထိန်းနေကြရသူများမို့ ရေချိုးတဲ့အလေ့ မရှိကြတော့သလို၊ ချောင်းနားမြစ်နား မဟုတ်လို့ ရေစိမ်ကစားရတာမျိုးလည်း မရှိတဲ့ ဘဝတွေပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ အသိပညာလည်း နည်းပါးပေမဲ့ နဂိုကတည်းက သန်စွမ်းဖျတ်လတ်သူများဖြစ်လို့ ကျန်းမာရေးလည်း ကောင်းကြတဲ့အတွက် ရေချိုးတယ်ဆိုတာ သူတို့အတွက် နေ့စဉ်မဖြစ်မနေ လုပ်ဆောင်ရမဲ့ ကိစ္စရပ်တစ်ခုလို မတွေးမိတတ်ကြလို့လည်း ဖြစ်ပါတယ်။


သွားမည်းရင်လှ သွားဖြူရင်ရှက်စရာ တဲ့

အဲန်လူမျိုးတွေနဲ့ သိကျွမ်းရတဲ့အချိန်မှာ လူတစ်ဦးနဲ့တစ်ဦး တစ်စုနဲ့တစ်စု အလှတရားကို ခံယူပုံချင်း ကွာပါလားလို့ ပိုပြီး သိနားလည်လိုက်ရတယ်။ ကျွန်တော်တို့က အသားဖြူချင်လို့ အသားဖြူဆေးတွေ စားနေ ထိုးနေ ကြတဲ့အချိန် အနောက်နိုင်ငံက အဖြူတွေက အသားညိုအောင် နေလှန်းနေကြရတယ်၊ ဆေးလိမ်းနေကြရတယ်။ ဒီလိုပဲ ကျွန်တော်တို့က သွားဆိုရင် ဖြူဖွေးဝင်းလက်နေမှ ဆိုတဲ့အချိန် အဲန်လူမျိုးတွေကတော့ သွားမည်းအောင် ဖန်တီးယူနေကြတယ်လေ။ သွားမည်းမှ လှတယ်လို့ ခံယူထားကြတဲ့ အဲန်လူမျိုးတွေဟာ မိုက်ကော်ပင် အခေါက်က ရတဲ့ သစ်ခေါက်ကို မှိုင်းတိုက်လို့ မှိုင်းဆီဖန်တီးယူပြီ သွားမှာ လိမ်းကျံကြတယ်။ လူပျိုဖော် အပျိုဖော် ဝင်စကတည်းက လုပ်ဆောင်လာကြပြီး အဓိကက ခံတွင်းနံ့ မနံရလေအောင် နဲ့ သွားကိုက် သွားနာ မဖြစ်ရအောင်ပါတယ်။ ကျွန်တော် အလည်ရောက်သွားချိန်မှာလည်း သူတို့သုံးတဲ့ သွားမည်းမှိုင်းဆီခံယူပုံကို ပြပါသေးတယ်။


ရိုးရာဝတ်စုံကိုပဲ တမြတ်တနိုး ဝတ်ဆင်ကြသူများ

တကယ်ကို လေးစားလောက်ပါတယ်။ မြို့ပြနဲ့နီးနေတဲ့ ရွာတချို့ ရှိတာတောင် သူတို့ရဲ့ရိုးရာ အင်္ကျီမည်းမည်းကြီးကိုပဲ တမြတ်တနိုးဝတ်ဆင်ရင်း တူညီစိတ်ထားလေးကို ပြကြတယ်။ ချမ်းသာသူရော ဆင်းရဲသူရော ဒီဝတ်စုံတွေနဲ့ပဲမို့ ကြည့်ရတာ စိတ်ထားညီတယ်လို့ ခန့်မှန်းရနိုင်တယ်။ ကိုယ်တိုင်ရက်လုပ်ဖန်တီးကြတယ်လို့လည်း သိရပါတယ်။


ပန်လေ အဲန်ရွာဆီ ခရီးနှင်

ဆိုင်ကယ်နဲ့မှ ပိုခရီးတွင်တဲ့ ဒီ ရွာခရီးစဉ်ကို လာတော့ ကျွန်တော့် အံ့သြမိတာက ရှေ့မှာလည်း ရွာကြီးတွေ ရှိတယ်။ ဆက်သွားရင်လည်း ရွာကြီးတွေ ရှိသေးတဲ့ လမ်းအလယ်က အဲန်ရွာဟာ ခေတ်မီအသွင်အပြင်တွေနဲ့ အတော်ကင်းကွာနေတာကိုပါ။ ဆိုင်ကယ်၊ စပါးကြိတ်စက် တို့လိုမျိုးတော့ ရွာထဲမှာ တွေ့ရပေမဲ့ ကျန်တဲ့ ခေတ်ပေါ် အသုံးအဆောင်ပစ္စည်း စက်ကိရိယာတွေ မတွေ့ရပြန်ဘူး။ ရွာထဲမှာ တသွင်သွင် ကျနေတဲ့ တောင်ကျရေကို ခပ်ယူသူတွေ၊ အဝတ်လျှော်ဖွပ်သူတွေ ရှိနေတယ်။ အရင်ကတော့ ဝါးတွေနဲ့ ချိတ်ဆက်ယူကြပြီး ခုတော့လည်း ခေတ်မီစွာ ပိုက်တွေနဲ့ ဖြစ်ကုန်တယ်။ မုန့်ဆိုင်လိုမျိုးတွေလည်း မတွေ့ရပြန်ဘူး။ အထည်ရက်၊ ခြင်းရက်လုပ်တာတွေတော့ တစ်နိုင်တစ်ပိုင် လုပ်ဆောင်ကြတာ တွေ့ရတယ်။

စာသင်ကျောင်းလေး ရှိလာတော့ သူတို့တွေ ပျော်ကြတယ်တဲ့

ရွာထဲ ဝင်လာပြီဆိုတာနဲ့ ကလေးတသိုက်က ဆူဆူညံညံနဲ့ နှုတ်ဆက်ရင်း ကိုယ်တွေနဲ့ တကောက်ကောက် လိုက်တော့တယ်။ သူတို့ပြောတဲ့ စကားလည်း နားမလည်ဘူး။ ရှမ်းအသံလည်း မဟုတ်သလို၊ မြန်မာလိုပြောလဲ ပြုံးနေတယ်။ ရှမ်းလိုနှုတ်ဆက်လည်း ပြုံးနေတယ်။ ဒါပဲ သူတို့လုပ်ကြတယ်။ ရွာကအိမ်လေးတွေက တောင်စောင်းလေးတွေမှာ ခြေတံရှည်ဆောက်ထားတော့ ချင်းပြည်နယ်ဘက် က အိမ်တွေကိုတော့ သတိရသွားတယ်။ သူတို့က လေသာဆောင်လိုမျိုး နေရာကျယ်ကျယ်တစ်ခုကို အိမ်တိုင်းမှာ တွေ့ရတယ်။ မွေးထားတဲ့ တိရစ္ဆာန်လေးတွေက ရွာလမ်းထဲ လျှောက်သွားနေကြတယ်။ ကြက်တွေ၊ ခွေးတွေ နဲ့ ဝက်တွေ ကို တွေ့ရတယ်။


နတ်ပွဲအခမ်းအနားတွေ လုပ်တဲ့ အဆောက်အဦးအဝန်းအဝိုင်းကျယ်ကျယ်တစ်ခုကို တွေ့ရတော့ ဓါတ်ပုံမြန်မြန်ရိုက်မိတယ်။ ကြားမိတာက အဲန်လူမျိုးတွေ သိပ်မကြိုက်ကြဘူးဆိုလို့လေ။ နတ်ကွန်းပုံတွေ မြန်မြန်ရိုက်တယ်။ လူမထိမိရလေအောင် သေချာ ဝန်းခြံလေး ခတ်ထားပေးတယ်။


မြေနီလမ်းလေးကို တောင်စောင်းလေးတွေ တက်ရလွယ်အောင် လှေကားထစ်လေးတွေ ဖန်တီးပေးထားပေမဲ့ မိုးရွာတဲ့အခါ ခြေက ချော်ချင်ချင်။ သူတို့ကတော့ ခြေဗလာနဲ့ ပေါ့ပေါ့ပါးပါး ကူးချည်သန်းချည်။ ကိုယ်တွေမှာသာ သူဌေးသား ရွာရောက် စတိုင်ပေါက်ပြီး ကိုယ့်ဟာကိုယ် စိတ်ညစ်စရာဖြစ်လို့။


ရွာထဲက သူကြီးအိမ်မှာ သူကြီးမရှိတော့ အခြားအိမ်တစ်ခုကို အလည်သွားကြတယ်။ ဒေါင်းလန်းလို စားပွဲလေး ခင်းပြီး ရေနွေးကြမ်း (အဖန်ရေ) ရယ်၊ နေကြာစေ့ရယ်၊ သင်္ဘောသီးရယ် နဲ့ ဧည့်ခံတယ်။ သင်္ဘောသီးဆိုလည်း ခွဲပေးမနေဘူး အလုံးလိုက်ချတယ်။ ဓါးမကြီးတစ်ချောင်းချပေးတယ်။ ခွဲစား တဲ့။ သူတို့ကို သိချင်တာလေးတွေ မေး၊ ဓါတ်ပုံရိုက် နဲ့လုပ်ရင်း အိမ်မှာ တဖြေးဖြေး ရွာထဲက ကလေး လူကြီးတွေ စုပြုံရောက်လာကြတယ်။


သူတို့စားတဲ့ ကွမ်းယာ လိုမျိုးကလည်း ထူးဆန်းတယ်။ ကွမ်းရွက်တော့ မဟုတ်ဘူး။ အရွက်တစ်မျိုးပဲ၊ သူတို့ ခြံထောင့်မှာ စိုက်ထားတဲ့အပင်က ခူးတာ။ နာမည်ပြောပြပေမဲ့ သူတို့အသံကို လိုက်မကျက်မိဘူး ဖြစ်သွားတယ်။ အဲ့ဒီအရွက်ထဲကို ဆေးပေါင်း (ဆေးရွက်ကြီး) ဗူးထဲကဟာတွေ ထည့်ပြီး ဝါးတာ။ သွားတွေမည်းအောင် ထားတဲ့အကြောင်းလည်း ပေါ့ပေါ့ပါးပါး ရှင်းပြသလို၊ သူတို့ သွားမည်းအောင် လုပ်တဲ့ မှိုင်းဆီခံတဲ့ ဂေါ်ပြားလိုဟာကြီးလည်း လာပြပေးတယ်။


ရွာထဲက စုပြီးရောက်လာတဲ့ ကလေးခပ်ကြီးကြီးနဲ့ လူကြီးတွေမှာ ကိုယ်တွေကို ရောင်းဖို့ အဲန်ရိုးရာလက်ပတ်တွေ၊ ဆွဲကြိုးတွေ၊ လက်ကောက် နဲ့ ဦးထုပ်တွေ ပါလာတယ်။ ကျွန်တော်လည်း သဒ္ဓါပေါက်လာလို့ ဟိုလူဒီလူဆီက နည်းနည်းဆီ အားပေးဖြစ်ခဲ့တယ်။


အဲန်ရွာကိုရောက်ချိန် မိုးကျတာနဲ့ ကွက်တိဖြစ်ပြီး အပြန်ခရီးမှာတော့ နေပွင့်လာတယ်။ ကျွန်တော့်ရဲ့ အတွေးထဲမှာလည်း လူ့ဘဝမှာ ဘယ်ဟာ တန်ဖိုးထားအပ်ပြီး ဘဝကို အပျော်ရွှင်ဆုံးနေထိုင်ကြသူတွေဟာ ဘယ်သူတွေဖြစ်မလဲ စဉ်းစားနေမိတယ်။ လူ့သက်တမ်း နှစ် ၈၀ ပဲ ထားပါတော့ ကျွန်တော်တို့တွေဟာ ရုပ်ဝတ္ထုတွေနောက်ကို လိုက်ရင်းနဲ့ပဲ ပျော်စရာဆိုတာ တခါတရံမှ ရတဲ့ ဘုရားပေးတဲ့လက်ဆောင်လို့ ထင်မှတ်လာကြတယ်။ ဟော ခု အဲန်လူမျိုးတွေ ကြည့်တော့လည်း ဘာမှ မရှိတဲ့အရပ်မှာ ပျော်ပျော်ကြီး သားမြေးတီကျွတ်တွေ ဖောဖောသီသီနဲ့ နေထိုင်ရင်း နေ့ရက်တိုင်းဟာ ပျော်စရာ ဖြစ်နေလားလို့ တွေးမိလိုက်တော့….


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Travller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Ye Myit Aung

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter