Search
  • Thiha Lu Lin

ယူအေအီးနိုင်ငံဆီက ဒူဘိုင်း ဆီ အလည်သွားမယ်

Updated: Sep 13

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်ဦးတုန်းက ကျွန်တော့်ရဲ့ Travel Blogger page သက်တမ်းလေး တစ်နှစ် မပြည့်ခင်လေးမှာ Emirates လေယာဉ် ရဲ့ ဖိတ်ကြားမှုနဲ့ UAE (United Arab Emirates) ပြည်ထောင်စုအာရပ်စော်ဘွားများနိုင်ငံ ထဲက ဒူဘိုင်း (Dubai) ကို လည်ပတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါနဲ့ပဲ တော်ရုံဆို ကျွန်တော် စီးဖူးဖို့သိပ်မဖြစ်နိုင်တဲ့ Business Class ရဲ့ အရသာကို ခံစားရင်း ဒူဘိုင်း ကို အလည်သွားဖြစ်ခဲ့တယ်ဆိုပါတော့။ ပျံသန်းချိန် ၆ နာရီလောက်ကို Business Class က ခုံရဲ့ ကုတင်လို ဆန့်နိုင်မှုကြောင့် ကောင်းကောင်းအိပ်သွားလို့ရခဲ့တယ်။ လက်ဆောင်ပေးတဲ့ တစ်ကိုယ်ရည်ရေချိုးခန်းသုံးပစ္စည်းတွေဟာလည်း တကယ့်နာမည်ကြီး Brand တွေချည်းဖြစ်နေတာကအစ သဘောကျစရာ ဖြစ်ခဲ့ရတယ်။ ဒါနဲ့ပဲ ကျွန်တော်ရဲ့ ဒူဘိုင်းခရီးစဉ်ဟာ အမှတ်တရ ခရီးစဉ်တွေထဲက တစ်ခု ဖြစ်ခဲ့တယ် ဆိုပါတော့။


ဒူဘိုင်းဆိုတာ

UAE နိုင်ငံတွေထဲက ဒူဘိုင်းဟာ သိပ်ကိုလွတ်လပ်လှပတဲ့မြို့လို့ ဆိုနိုင်ပါတယ်။ UAE လိုနိုင်ငံထဲမှာ လုပ်ချင်တဲ့ကိစ္စရပ်တွေ ကမ္ဘာနဲ့တန်းတူနီးပါး လုပ်ဆောင်နိုင်တဲ့မြို့တစ်မြို့လို့ ဆိုရပါမယ်။ သဘာဝထက် လူတွေ တည်ဆောက်ထားတာ ပိုများပေမဲ့လည်း လူတွေရဲ့ တည်ဆောက်ဖန်တီးမှုဟာ ဘယ်လောက် အံ့မခန်းသလဲဆိုတာ သိသာထင်ရှားစွာ မြင်ရတဲ့ မြို့ပါ။ ဗီဇာကတော့ လေယာဉ်လက်မှတ်ဝယ်ကတည်းက Emirates ကပဲ တစ်ခါတည်း စီစဉ်ပေးပါတယ်။ အဲဒီတုန်းကပေါ့။


ရာသီဥတု

ဒူဘိုင်းက အားလုံးသိပြီးသားအတိုင်း ရာသီဥတု ပူပါတယ်။ ဒါပေမဲ့ ဆောင်းတွင်းမှာတော့ နေလို့ကောင်းတဲ့အနေအထားပါ။ နွေနေပူပူရဲ့ နေ့လည်ခင်းကိုတော့ ကျွန်တော် မတွေးဝံ့ဘူး။ အရာအားလုံးဟာ လေအေးစက်တွေရဲ့ အောက်မှာ မပူချင်ယောင်ဆောင်ထားကြတယ်။ အများသုံး ဘတ်စ်ကား၊ ရထားတွေဟာလည်း လေအေးစက်တပ်ဆင်ထားကြသလို တစ်မူထူးတာက ဘတ်စ်ကားမှတ်တိုင်တွေဟာလည်း လေအေးစက်တပ်ထားတဲ့ အလုံခန်းလေးတွေနဲ့ ဖြစ်နေတာပါပဲ။ ဒါလေးတွေကတော့ အမှတ်ပေးချင်စရာပေါ့။


ဒူဘိုင်း တခွင်မှာ လည်ပတ်စရာ

ပုံမှန်ခရီးသွားလုပ်ငန်းအများစုကတော့ လည်ပတ်စရာနေရာတွေအဖြစ် ဒူဘိုင်းကို သွားမယ်ဆိုရင် ဒီနေရာလေးတွေ စီစဉ်ပေးတတ်ကြပါတယ်။ မဖြစ်မနေ လည်ပတ်စရာနေရာတွေလို့ပဲ ဆိုပါတော့။ အချိန်အားဖြင့်တော့ ၃ ရက်လောက် အချိန်ပေးနိုင်ရင် လုံလောက်တဲ့အနေအထား ရှိပါတယ်။ အချိန်ပိုရရင်တော့ ဒူဘိုင်းနဲ့ မနီးမဝေးမှာ ရှိတဲ့ မြို့တော် အဘူဒါဘီ (Abu Dhabi) ကိုလည်း လည်ပတ်သင့်ပါသေးတယ်။ ဒူဘိုင်းမှာက ဒူဘိုင်းမြို့ဟောင်းနဲ့ မြို့သစ်ဆိုပြီး ခွဲခြားထားတယ်။ မြို့ဟောင်းမှာတော့ အာရပ်တွေရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်ပုံစံတွေ ပိုပြီးစုံစုံလင်လင်တွေ့နိုင်တယ်။ မြို့သစ်မှာတော့ ခမ်းနားတဲ့ ဗိသုကာလက်ရာအဆောက်အဦးတွေနဲ့ ခေတ်မီမှုမျိုးစုံကို တွေ့နိုင်တယ်ပေါ့။

ကဲ လည်ပတ်ကြည့်ကြရအောင်…


Jumeirah Beach

Emirates လေကြောင်းလိုင်းနဲ့ ဒူဘိုင်းမြို့ကို အချိန် ၆ နာရီလောက်ပေးရုံနဲ့ သက်တောင့်သက်သာ ရောက်နိုင်နေတော့ ရောက်ရောက်ချင်းပဲ ကျွန်တော်တို့ Jumeirah ကမ်းခြေကို ထွက်လာခဲ့တယ်။ အဲ့ဒီကမ်းခြေဟာ မြို့ထဲမှာ ရှိတဲ့ လွယ်လွယ်ကူကူ သွားလာနိုင်တဲ့ ကမ်းခြေအဖြစ် သတ်မှတ်ထားကြတဲ့ ကမ်းခြေတစ်ခုပါ။ ရေကူးလို့ရတယ်။ Surfing ဘုတ်ပြားနဲ့ရေလွှာလျှောစီးနိုင်တယ်။ သဲသောင်ပြင်မှာ ဘောလီဘော ကစားလို့ကောင်းသလို၊ သဲရုပ်တုလေးတွေ ထုလုပ်ဆော့ကစားဖို့လည်းကောင်းတယ်။ ကျွန်တော်တို့အဖွဲ့ အဆင်ပြေသွားတာက ကျွန်တော်တို့သွားတဲ့ရက်က ကြားရက်ဖြစ်နေတော့ ကမ်းခြေမှာ နိုင်ငံခြားသားဧည့်သည်တွေ အနည်းအကျဉ်းသာ ရှိနေလို့ လွတ်လွတ်လပ်လပ် သွားလာလေ့လာ ပျော်ရွှင်နိုင်ခဲ့တယ်။ ရုံးပိတ်ရက်ဆိုရင်တော့ လူက ကျပ်ညပ်နေတတ်တယ်လို့ သိရတယ်။ အဲ့ဒီနေ့က ဖေ့စ်ဘွတ်ကနေ Live လွှင့်တော့ မိတ်ဆွေတွေကတောင် လှမ်းနောက်ကြသေးတယ်။ ရေကူးဝတ်စုံနဲ့ ကောင်မလေးတွေ မမြင်ရမဲ့ ကမ်းခြေတစ်ခုတဲ့။ တကယ်က မဟုတ်ပါဘူးဗျာ။ Two Piece လေးတွေနဲ့ အမျိုးသမီးတွေ အများကြီးတွေ့ပါ့။ ဒါပေမဲ့ပေါ့ သူတို့မြို့သူ နိုင်ငံသူ ဟုတ်ကောင်းမှ ဟုတ်မယ်ပေါ့ဗျာ။


သဲလေးတွေက နူးညံ့ပြီး ဖြူဖွေးနေတာပဲ။ ငပလီ တို့၊ မြိတ်ကျွန်းစုတွေဆီက ကျွန်းကမ်းခြေတွေမှာ တွေ့ရတတ်တဲ့ သဲမျိုးလေးတွေ။ ခရုလေးတွေလည်း အများကြီးတွေ့တယ်။ ခရုကောက်တဲ့သူ ရှိ၊ မရှိတော့ သတိမထားခဲ့မိဘူး။ သဲသောင်ပြင်က ကျယ်ကျယ်နဲ့ ရေပြင်က ပြာလွင်နေတယ်။ ကောင်းကင်ပြာကြီးနဲ့ ပင်လယ်က တစ်သားတည်း လှပနေတာ။ နေကလည်း ခေါင်းပေါ်သာရောက်တော့မယ် လူက ပင်လယ်ထဲ ခြေဆင်းချင်နေတုန်း။ လည်ပတ်တဲ့အစီအစဉ်မှာ ရေကူးဖို့ မပါတော့၊ ကိုယ်လုပ်နိုင်တာလေးတော့ ရအောင်လုပ်ခဲ့တယ်လေ။ ဘောင်းဘီကို ဒူးခေါင်းလောက်ခေါက်တင်၊ ဝတ်ထားတဲ့ ဘွတ်ဖိနပ်ကို သဲပေါ်ချန်ခဲ့ပြီး ဒူဘိုင်းပင်လယ်ပြာပြာထဲ ခြေထောက်နှစ်ဘက်စုံဆင်းလို့ ပင်လယ်ရဲ့အရသာကို ခြေထောက်ကနေ ခံစားပစ်လိုက်တယ်။ အပေါ်မှာသာ နေက တည့်တည့်ပူနေပေမဲ့ ဆောင်းတွင်းမို့လားမသိ ရေကတော့ အေးမြနေတယ်။


ကမ်းခြေကို လာတဲ့သူတွေ အန္တရာယ်ကင်းရှင်းရေး သတိပေးဆိုင်းဘုတ်လေးတွေ နေရာတကာ ချထားတယ်။ သန့်ရှင်းတာများတော့ ဈေးဆိုင်တွေ မရှိလို့ ဖြစ်မယ် တွေးမိတယ်။ Surfing လုပ်မဲ့နေရာကို ရေကူးခွင့်ပိတ်ထားသလို၊ ရေကူးတဲ့နေရာကိုလည်း သီးသန့်ဖြစ်အောင် ဖော့ကြိုးလေးတွေနဲ့ ကာရံထားပေးတယ်။ ရေကူးတာနဲ့ပတ်သက်ပြီး လိုက်နာရမဲ့၊ လုပ်ဆောင်ရမဲ့ စည်းကမ်းတွေကိုလည်း ဘုတ်ကြီးတွေနဲ့ စိုက်ထူရေးသားပြထားတယ်။ အတော်လေး ကောင်းမွန်အတုယူစရာပါပဲ။


ဒီကမ်းခြေမှာတင် အေးဆေး တစ်နေကုန်နေလို့ရရင် သိပ်ကောင်းမှာပဲ တွေးမိပေမဲ့ လည်စရာများလို့ အချိန်မရတာကြောင့် စိတ်လျှော့လိုက်ရတယ်လေ။ Jumeirah ကမ်းခြေကနေ ဒူဘိုင်းရဲ့ ယခင်က အမြင့်ဆုံးလို့ပြောကြတဲ့ Burj Al Arab (Arab Tower) ဟိုတယ် နဲ့ Jumeirah Beach ဟိုတယ်တွေကို လှမ်းမြင်ရတယ်။ ဒါကိုက ခရီးသွားတွေကို ဆွဲဆောင်မှုတစ်မျိုး ပေးနေတာပဲလေ။ အဲ့ဒီ Burj Al Arab တာဝါဟိုတယ်က လူလုပ်ကျွန်းအတုပေါ်မှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံးဇိမ်ခံဟိုတယ်လို့ တင်စားကြပြန်တယ်။ အဲ့ဒီ တာဝါနဲ့ အဓိကလမ်းမကြီးကို ကိုယ်ပိုင်သီးသန့်တံတားနဲ့ ချိတ်ဆက်ထားတယ်။ ညနေဘက် ကောင်းကင်အရောင်ပြောင်းတဲ့အချိန်ဆိုရင် ဒီနေရာဟာ အရမ်းအံ့မခန်းကို ကြည့်ကောင်းတဲ့နေရာတစ်ခု ဖြစ်သွားတတ်တယ်။ အပြာရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်တိမ်တိုက်တွေနဲ့ ဒူဘိုင်းရဲ့ ကောင်းကင်ကို ခံစားကြသူတွေလည်း အများသားပါ။ ကမ်းခြေရဲ့အပြင်ဘက် လမ်းကလေးမှာတော့ ကားလေးတွေနဲ့ ရေခဲမုန့်၊ ရေခဲချောင်း၊ ဖျော်ရည်နဲ့ အဆာပြေတွေရောင်းတဲ့ ရွေ့လျားဆိုင်လေးတွေ တွေ့တယ်။ ဒါကလည်း ကမ်းခြေနဲ့ မြို့ကို သန့်ရှင်းသပ်ရပ်စေတဲ့ အဓိကအချက်တွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ချစ်ဖို့ကောင်းလို့ ကားနဲ့ရောင်းတဲ့ဆိုင်လေးကို ဓါတ်ပုံရိုက်ယူလာခဲ့တယ်။ ဒူဘိုင်းမြို့ကို အလည်ရောက်ခဲ့ရင် မြို့နဲ့အနီးဆုံးကမ်းခြေ (မြို့ထဲမှာရှိတဲ့ကမ်းခြေ) အဖြစ် လူသိများတဲ့ Jumeirah ကမ်းခြေနဲ့ ကမ်းခြေလမ်းကိုလည်း လည်သင့်ပါကြောင်း လက်တို့ပါတယ်။


Dubai Miracle Garden

ကျွန်တော့အတွက် ဒူဘိုင်းက ထူးခြားဆန်းပြား ပန်းဥယျာဉ်ကြီးက ရယ်စရာ ဖြစ်နေလိမ့်မယ်လို့ မသွားခင်က စဉ်းစားမိနေတယ်။ ရာသီဥတု၊ ရေ မြေ အနေအထားအရ ကျွန်တော်တို့ ပြင်ဦးလွင်က ပန်းပွဲတော်လောက် သူတို့က ဘယ်လိုယှဉ်နိုင်ပါ့မလဲလို့ ကိုယ့်ဘက်ကို အထင်ကြီးခဲ့သမျှ ပန်းခြံကို ရောက်သွားတဲ့အချိန် ပါးစပ်မပိတ်နိုင်အောင် ကင်မရာခလုတ် မရပ်နိုင်အောင် အံ့အားတသင့် မှတ်တမ်းတွေတင်ခဲ့ရတာ ခုထိ ဘယ်မေ့မလဲ။ ကျွန်တော်တို့ရဲ့ ပန်းပွဲတော်ချိန်မှ လှတပတ ပြင်ဆင်မှုမျိုးကို သူတို့က အချိန်တိုင်း ထိန်းသိမ်းလုပ်ဆောင်ထားတယ်။ အပူချိန်ပြင်းတဲ့ဒေသမှာ ခုလို ပန်းရောင်စုံ လှလှပပ ပွင့်နေအောင် ခက်ခက်ခဲခဲ ရေပိုက်တွေ အချိန်ပြည့်ချပြီး လုပ်ဆောင်ပြထားတာ တကယ်ချီးကျူးမိတယ်။ ကျွန်တော်တို့ မြန်မာတွေ အားကုန်ကြိုးစားဖို့ အမီလိုက်ဖို့ လိုနေတယ်ဆိုတာ ခေါင်းထဲ တန်းဝင်လာတယ်။ ကိုယ့်မှာရှိနေတဲ့ ကောင်းမွန်တဲ့ ရေမြေရာသီဥတု အနေအထားကို ကျွန်တော်တို့ အလေးမထားတတ်ကြဘူး။ သူတို့လို ဒေသမျိုးမှာတောင် ဒါမျိုး ရောင်းစား၊ ပြစား နိုင်ရင် ကျွန်တော်တို့ဆီမှာ ပိုပြီး လုပ်ဆောင်နိုင်မယ် မဟုတ်ဘူးလားဗျာ။ အသည်းက တဆစ်ဆစ် ယားလာတယ်။ ကိုယ့်ကိုကိုယ်လည်း အားမရမှုတွေ ဖြစ်လာတယ်။ တကယ်ပါ။


ပန်းခြံကို ဝင်ဖို့ ဝင်ကြေးအနေနဲ့ လူကြီး - 40 AED နဲ့ ၃ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေး - 30 AED ပေးရပါတယ်။ မသန်မစွမ်းများနဲ့ ၂ နှစ်အောက် ကလေးငယ်များအတွက်ကိုတော့ အခမဲ့ ပါ။ ကောင်းလိုက်တဲ့ ဝန်ဆောင်မှု။ ဖွင့်ချိန်ကတော့ ကြားရက်တွေဆိုရင် မနက် ၉ - ည ၉ နဲ့ သောကြာ၊ စနေ နဲ့ ရုံးပိတ်ရက်တွေမှာတော့ မနက် ၉ - ည ၁၁ အထိ ပါ။ ဥယျာဉ်ကို ထိန်းသိမ်းတဲ့နေရာမှာလည်း အရမ်း ကောင်းပါတယ်။ နေရာတိုင်းနီးပါး လုံခြုံရေးဝန်ထမ်းတွေ ရှိနေတတ်ပြီး ပန်းတွေကို အတင်းကိုင်တာ၊ နှုတ်တာ၊ ခူးတာ၊ နင်းတာ လုံးဝ မရပါဘူး။ ဝီစီသံနဲ့အတူ ချက်ချင်း ရောက်လာပြီး သတိပေးတတ်ပါတယ်။ ဓါတ်ပုံရိုက်တဲ့သူတွေ အတော် သတိထားပြီး ရိုက်ကြရပါတယ်။ ထူးခြားတာတစ်ခု သတိပြုမိတာက ဥယျာဉ်ထဲက ပန်းပုပုံတွေ၊ ကားတွန်းတွေမှာ ပန်းသုံးဖို့ လိုအပ်မယ်ဆိုရင် ပန်းအစစ်တွေ၊ အပင်အစစ်တွေကိုပဲ အသုံးပြု ဖန်တီးထားတာပါ။


ဒီပန်းခြံလေးကို ဝင်လိုက်တာနဲ့ နိုင်ငံခြားသားအတော်များများကို သတိပြုမိတယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေ၊ သူတို့နိုင်ငံသားတွေလည်း လာကြတာတွေ့ပေမဲ့ ကျွန်တော်ရောက်တဲ အချိန်မှာတော့ နည်းပါသေးတယ်။ ပန်းခြံထဲမှာ ပန်းရောင်စုံကို သူတို့မြို့ရဲ့ အထိမ်းအမှတ်၊ Landmark အမျိုးမျိုးနဲ့ ရောယှက်ပုံဖော်ထားတာ တွေ့ရတယ်။ လက်ရှိ သူတို့မြို့ရဲ့ အမြင့်ဆုံးအဆောက်အဦ အပါအဝင် ဒေါင်းပုံလေးတွေ၊ သူတို့မြို့ရဲ့ ဂုဏ်ဆောင် လေယာဉ်ကြီး Emirates ၊ ချစ်စရာ ဒစ်စနေးကာတွန်းကာရိုက်တာလေးတွေ၊ ငှက်ကုလားအုပ် စတဲ့ ချစ်စဖွယ်တိရစ္ဆာန်ပုံလေးတွေကို ပန်းပုအနုလက်ရာနဲ့ ပန်းပင် ပန်းပွင့် အစစ်တွေနဲ့ ဥယျာဉ်တစ်ခုလုံးကို အလှဆင်ထားတယ်။ အရောင်စုံဆိုတာမျိုးဖြစ်နေအောင် တစ်ချို့နေရာလေးတွေ (ဆိုပါတော့ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တန်းတွေ ရှိတဲ့နေရာတွေမှာ ထီးရောင်စုံကို အပေါ်မှာ တန်းလေးတွေဆွဲပြီး ချိတ်ထားတာမျိုးပေါ့)။


ပန်းပွင့်လေးတွေက အနံ့တော့ မမွှေးရှာဘူး။ ဒါက ကျွန်တော်ခံစားရတဲ့အတိုင်းအမှန်ပဲ။ ရောင်စုံပန်းတွေပွင့်ပြီး နေရာတိုင်းအမြင်အားဖြင့်လှနေပေမဲ့ အနံ့မှာတော့ မွှေးရနံ့တစ်ခုခုပေးပြီး လူကို မဆွဲဆောင်နိုင်ဘူး။ ဒါပေမဲ့ presentation ပိုင်းမှာ ကျွန်တော်တို့နိုင်ငံက ပန်းဥယျာဉ်တွေထက် သာပါတယ်။ ဒီပန်းခြံကို သွားရင် ဘောလုံးတို့၊ scooter နဲ့ စက်ဘီး၊ ပြီးတော့ အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်သွားလို့တော့ မရပါဘူး။ အမှိုက်ပစ်တာကအစ အရမ်းသတိထားပြီး အမှိုက်ပုံးထဲ ထည့်ရပါတယ်။ လုံခြုံရေးဝန်ထမ်းတွေရဲ့ တားမြစ်ချက်တွေကိုလည်း လိုက်နာရပါတယ်။ ပျက်စီးမှု တစ်စုံတရာဖြစ်ခဲ့ရင်လည်း အရေးယူဆောင်ရွက်မှုကို ကြည်ကြည်ဖြူဖြူလက်ခံရပါတယ်။ ဒါတွေကိုတော့ မသွားခင် သေချာပြင်ဆင် သတိချပ်သင့်တယ်။ သူတို့ဆီမှာ ဒီလောက် ဂရုပြုနေတယ်။ ကျွန်တော်တို့ဆီမှာလည်း ထပ်တူ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိတယ်။ စည်းကမ်းပေါ့။


ပန်းခြံက သူ့ဇုန်လေးတွေနဲ့ သူရှိပါတယ်။ အဲ့ဒီ ဇုန်တွေအတွက် သီးသန့်ဝင်ကြေးလေးတွေလည်း ရှိနေတတ်တယ်။ လိပ်ပြာဥယျာဉ်ကလည်း အနားမှာ ကပ်လျက်ပဲ။ သွားရောက်လေ့လာသင့်တယ်။ ခုဆို Season 5 ဆိုတဲ့ ဇုန်အသစ်တစ်ခုကို ဖွင့်ထားပြီ။ ဒီဇုန်ကို လည်ဖို့က 40 AED ပေးရပါမယ်။ ကျွန်တော်တို့က ပန်းချစ်တဲ့လူမျိုးမို့ ခုလို အနုအရွ အလှအပ ရောင်စုံပန်းပွင့်တွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြင်ဆင်ပြသထားတာကို မြင်တာနဲ့ ဒီမှာပေးရတဲ့ ဝင်ကြေးတွေရဲ့ တန်ဖိုးဟာ ဘာမှဟုတ်တော့မှ မဟုတ်ဘူးလို့ ခံစားမိပါလိမ့်မယ်။ ခုလို ကန္တာရကြီးမှာတောင် ပန်းခြံအလှဆုံးဖန်တီးပြထားပေးတဲ့ သူတို့ရဲ့ လုပ်ဆောင်မှုအတွက် ဒီဝင်ကြေးဟာ တန်တယ်လို့ ကျွန်တော်တော့ မြင်မိတယ်။


Dubai Museum

ဒူဘိုင်းမြို့ဟာ ကျွန်တော့အတွက်တော့ နေပြည်တော်မှာ လည်နေသလို နေ့လည်ခင်း လူရော၊ ကားရော ရှင်းရှင်းမှာ တစ်နေရာနဲ့ တစ်နေရာရောက်ဖို့ လမ်းကောင်းကောင်းနဲ့ လမ်းအကျယ်ကြီးတွေပေါ် ဝေးဝေးလံလံ သွားနေရတယ်လို့ ခံစားမိလာတယ်။ Dubai Museum ကတော့ မြို့ထဲနေရာလောက်မှာ ရှိပုံပါပဲ။ ဘေးပတ်ဝန်းကျင်မှာ အဆောက်အဦးတွေ ခပ်စိပ်စိပ်တွေ့ရတယ်။ ဈေးဆိုင်တွေ ရှိတယ်။ လူသွားလူလာ နဲ့ ကားသွားကားလာ များတယ်။ လမ်းလေးတွေက ကျဉ်းသွားတယ်။


Dubai Museum ရဲ့ အဆောက်အဦးပုံစံက ထူးခြားတယ်။ အပြင်ပတ်လည်ကို ကျုံးတစ်ခုလို ကာရံထားပြိး ကျယ်ကျယ်ဝန်းဝန်းရှိပုံမပေါ်ပါဘူး။ စမြင်ခါစကတော့ အထဲမှာ ဘာမှ ရှိမဲ့ပုံမပေါ်ဘူးပဲ တွေးမိလိုက်တယ်။ ဝင်ပေါက်ရောက်တာနဲ့ ထူးခြားတဲ့ ဟိုးအရင်ခေတ်က မြို့ဝင်တံခါးပုံစံတွေနဲ့တင် လာရောက်လည်ပတ်သူတွေကို ဆွဲခေါ်သွားတော့တယ်။ ပြတိုက်ကို ဘယ်သူတွေက စတင် အကောင်အထည်ဖော်ဆောင်ရွက်တယ်။ ဘယ်သူတွေက ပြန်လည်ပြုပြင်တယ် စတာတွေကို ကမ္ဗည်းထိုးလို့ အဝင်ပေါက်ရှေ့က နံရံမှာ ချိတ်ဆွဲထားတယ်။ ညာဘက်ခြမ်းမှာ ဓါတ်ပုံတွေ ပြသချိတ်ဆွဲထားပြီး ဘယ်ဘက်ခြမ်းမှာတော့ လက်မှတ်အရောင်းဌာနရှိပါတယ်။


အထဲ စဝင်လိုက်တာနဲ့ သတိထားမိမှာက ကျုံးနံရံတွေအောက်က သဲတွေပေါ်မှာ ဒီအတိုင်း ပြသထားတယ် အရင်ခေတ်က အသုံးပြုခဲ့တဲ့ လှေမျိုးစုံပါ။ ရေလုပ်ငန်းကို အဓိက လုပ်ဆောင်ခဲ့တာကြောင့် လှေတွေကနေ ပြောင်းလဲလာတဲ့ ခေတ်အဆင့်ဆင့်ကို သုံးသပ်ကြည့်နိုင်တယ်။ လှေတွေကို အဝင်ရဲ့ ဘယ်ဘက်ခြမ်းမှာ ပြသထားတယ်။ ညာဘက်ခြမ်းမှာတော့ ရှေးခေတ် လူနေအိမ်ပုံစံကို ပြထားတယ်။ အာရပ်အမျိုးသမီးတွေ ကိုယ်တိုင် လူလုံးပြပြီး ဇာတ်ကောင်စရိုက်ကို ဖော်ပြနေကြတယ်။ ဒီလိုမျိုး အိမ်ရှေ့မှာ ထိုင်တယ်။ ဒီလိုမျိုး ဟင်းချက်ဆောင်၊ နားနေဆောင်နဲ့ နွေရာသီအိပ်တဲ့နေရာတွေ ရှိတယ်ဆိုတာမျိုး ပြသထားတယ်။ ဓါတ်ပုံကင်မရာနဲ့ ရိုက်ကူးတာကို တားမြစ်ထားပေမဲ့ တရုတ်အဖွဲ့တစ်ဖွဲ့က နားမလည်သလိုလို အတင်းရိုက်နေတော့တာပါပဲ။ ဒါနဲ့ ကျွန်တော်လည်း လွတ်မယ်ထင်တာလေးတွေ မှတ်တမ်း အမြန်တင်လိုက်တယ်။ အာရပ်အမျိုးသမီးကြီးတွေကတော့ သူတို့ကို တည့်တည့်ဓါတ်ပုံချိန်ရိုက်ရင် လက်ကာပြပြီး အတင်းမရိုက်ဖို့ပြောတတ်တယ်။ ခပ်ဝေးဝေးက ရိုက်ရင်တော့ သူတို့ ဘာမှ မပြောကြပါဘူး။


အဲ့ဒီကနေ ညာဘက်အတိုင်းဆက်သွားရင် ကျုံးနံရံထဲ ဝင်တဲ့အပေါက်တွေ့မယ်။ ဝင်ကြည့်လိုက်ရင် အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခု ရှိမယ်။ အဲ့ဒီကနေမှ ဆက်လာရင် ရှေးခေတ်လက်နက်တွေကို စုစည်းပြသထားတဲ့ မှန်ဗီဒိုကြီးတွေ တွေ့ရတယ်။ ဒါက ညာဘက်ခြမ်းမှာ ရှိတာ။ ဘယ်ဘက်ခြမ်းက လှေတွေရှိတဲ့ဘက် အပေါက်ထဲဝင်ရင်တော့ ထူးခြားစွာပဲ မြေအောက်ကို ဆင်းတဲ့ လှေကားတစ်ခု ရှိနေတယ်။ အဲ့ဒီကနေမှ မြေအောက်ကို ဆင်းသွားရပြီး သူတို့ရဲ့ ကောင်းမွန်တဲ့ အနုပညာလက်ရာတွေကို မြင်ရတော့တာပါပဲ။ အောက်ထပ်မှာ အလင်းနည်းနည်းပဲ ပေးထားတယ်။ သူ့ပြကွက်နဲ့သူ အခန်းငယ်လေးတွေနဲ့ ကိုယ်တကယ် ရောက်သွားသလို ခံစားရအောင် အလင်းအမှောင်၊ နည်းပညာ၊ အနုပညာတွေနဲ့ လူကို ဖမ်းစားထားတယ်။ ကောင်းလိုက်တဲ့ ပြတိုက်ကြီးပါလားလို့ အဲ့အခါကျမှ ကျွန်တော်တွေးမိတယ်။


ပြကွက်တစ်ကွက်ချင်းဆီက သူတို့နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အခြေအနေကို ထင်ဟပ်ပြသနေတယ်။ ဆိုပါတော့ ဒန်အိုးလုပ်ငန်းတစ်ခုဆိုရင် ကိုယ်ကိုယ်တိုင် အဲ့ဒီ ဒန်အိုးလုပ်နေတဲ့ ရောင်းနေတဲ့ ဆိုင်ကို ရောက်သွားတယ်ခံစားရအောင် အိုးတွေကို ဈေးမှာခင်းသလို ခင်းပြထားတယ်။ နောက်မှာ ဗီဒီယိုပြနေတယ်။ ဗီဒီယိုထဲမှာ လူတစ်ယောက်က ဒန်အိုးလုပ်ဖို့ ထုရိုက်ပုံသွင်းနေတယ်။ တကယ့်လူက လုပ်နေတာလား၊ ဗီဒီယိုလားဆိုတာ အတော်ပြန်ကြည့်ယူရတယ်။ ဘာသာရေးကျောင်းတက်နေတဲ့ ကလေးငယ်တွေ အခန်းဆိုလည်း အဲ့လိုပဲ။ ကလေးတွေ စာအံနေတယ်။ သီချင်းဆိုနေတယ်။ အဲ့ဒီအသံတွေကို လွှင့်ပေးထားတယ်။ မသိရင် တကယ် ဆိုနေ အံနေသလိုပဲ။ တစ်ယောက်တည်းသာ အဲ့ဒီထဲ လျှောက်သွားရရင် ကျွန်တော် လိပ်ပြာလွင့်သွားမလားဘဲ။ ဖယောင်းရုပ်တုတွေက အသက်ဝင်လွန်းနေတယ်။ တိရစ္ဆာန်လေးတွေကအစ အသက်ဝင်နေတာ။ ပညာပေးပုံလေးတွေလည်း ကောင်းတယ်။ ပြကွက်တစ်ခုချင်းဆီက ပျင်းစရာ မကောင်းဘဲ စိတ်ဝင်စားစရာကောင်းနေအောင် နည်းပညာပိုင်းနဲ့ကို ခေတ်မီမီ ပံ့ပိုးပေးထားတယ်။ ပြတိုက်တစ်ခုလုံးကို သေချာကြည့်မယ်ဆိုရင်တော့ အချိန် တစ်နာရီထက် ပိုမကုန်ပါဘူး။ မြေအောက်ထဲက ထူးခြားတဲ့ ဒူဘိုင်းပြတိုက်ကတော့ ကျွန်တော့ကို အတော်လေး စိတ်လှုပ်ရှားစေတယ်။ သူတို့နိုင်ငံအကြောင်း အကြမ်းဖျဉ်းကို မှတ်မိနေလောက်အောင် ပြကွက်တွေကို နည်းပညာအကူအညီနဲ့ စွဲဆောင်ဖန်တီးထားချက်က လေးစားလောက်တယ်။


Desert Safari ဆာဖာရီသဲကန္တာရ

ဒူဘိုင်းမြို့ကိုရောက်ရင် မဖြစ်မနေသွားလည်သင့်တဲ့နေရာတွေထဲမှာ Desert Safari Dubai

(ဆာဖာရီသဲကန္တာရ) လည်း ပါဝင်ပါတယ်။ မြို့ရဲ့မြင်လေရာရာမှာ သဲတွေ တွေ့နေရတာတောင် ငါတို့က ဘာလို့ သဲကန္တာရကို သွားကြည့်ရဦးမလဲလို့ တွေးကောင်းတွေးမိမယ်။ ဒါပေမဲ့ ဆာဖာရီသဲကန္တာရထဲမှာက သဲပေါ်ကားစီးရတဲ့ အရသာထူးကို ပေးစွမ်းနိုင်တယ်လေ။ ကိုယ်တိုင်ကားမောင်းစွန့်စားချင်သူတွေအတွက်လည်း လုပ်ဆောင်ပေးကြပါသေးတယ်။ ကျွန်တော်ကတော့ မောင်းနေကျလူတွေမောင်းတဲ့ ကားပေါ်မှာပဲ လိုက်စီးလိုက်ပါတယ်။ ဆာဖာရီသဲကန္တာရပေါ်မှာ ခရီးသွားဧည့်သည်တွေကို လည်ပတ်ပို့ဆောင်ခွင့်ရထားတဲ့ အေဂျင်စီ နှစ်ခုလောက်ပဲ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီထဲက Arabian Adventures

အဖွဲ့က နာမည်ပိုကြီးနေတယ်လို့ သိရလို့ သူတို့နဲ့ ကန္တာရခရီးစဉ်ကို သွားခွင့်ရခဲ့တယ်။ ကားက 4 Wheels Drive Land Cruiser ကားတွေပါ။ ဒါမှလည်း အတော်ခရီးပေါက်တယ်လို့ တကယ်စီးကြည့်တော့ သိရပါတယ်။ ပုံမှန်အားဖြင့် မွန်းလွဲပိုင်းလောက်မှာမှ ခရီးစဉ် စတင်ပါတယ်။


ဒီခရီးစဉ်ထဲမှာ ဒီအစီအစဉ်တွေပါဝင်ပါတယ်။

  • သဲကန္တာရထဲမှာ နေထိုင်ကျက်စားကြတဲ့ တိရစ္ဆာန်လေးတွေ ကြည့်ရမယ်။

  • လေ့ကျင့်ထားတဲ့ သိမ်းငှက်လေးတွေရဲ့ ပြကွက်တွေ ကြည့်ရမယ်။

  • သဲလမ်းပေါ် ရင်သိမ့်တုန် ကားစီးနိုင်မယ်။

  • သဲကန္တာရထဲက နေဝင်ချိန်ကို ခံစားကြည့်ရှုနိုင်မယ်။

  • ကုလားအုတ် စီးနိုင်မယ်။

  • သဲကန္တာရထဲမှာ ဒေသစာ ဘူဖေးညစာစားမယ်။

  • ရိုးရာ Belly အကကြည့်ရမယ်။

  • သဲပေါ်မှာ Skiing လုပ်ကြည့်နိုင်မယ်။

  • ရိုးရာဝတ်စုံတွေ ဝတ်ပြီး ဓါတ်ပုံရိုက်နိုင်မယ်။

  • ဟနားနဲ့ ယာယီတက်တူးထိုးနိုင်မယ်။

  • Shisha သုံးဆောင်နိုင်မယ်။


သဲကန္တာရခရီးစဉ်အတွက် ဘာတွေ ကြိုတင်ပြင်ဆင်မလဲ? ဆိုရင်

  • ခရီးကြမ်းဖြစ်လို့ ကားပေါ်မှာစီးနင်းချိန်တိုင်း ခါးပတ်ကို သေသေချာချာ ပတ်ဖို့လိုတယ်။ ကားမောင်းသူကလည်း အမြဲသတိပေးပါလိမ့်မယ်။

  • နားနေချိန်တွေမှာဆိုလည်း မောင်းလာနေတဲ့ ကားတွေနဲ့ ဝေးဝေးနေဖို့လိုပါတယ်။

  • တချို့ကားတွေက အမိုးမပါတဲ့ကားမျိုးဖြစ်လို့၊ ဒီလိုကားမျိုး ရွေးချယ်စီးနင်းတယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အထူးသဖြင့် လက်၊ ခြေ၊ ခေါင်းတို့ ကားအတွင်းမှာပဲ ရှိနေရပါမယ်။

  • ဘယ် တိရစ္ဆာန်နဲ့ အပင်တွေကိုမှ Tour Guide ရဲ့ ခွင့်ပြုချက်မရဘဲ မကိုင်တွယ်ရပါဘူး။ တိရစ္ဆာန်တွေက ရန်ပြုလာနိုင်သလို၊ အပင်တချို့ကလည်း အဆိပ်ရှိနေတတ်လို့ပါ။

  • တကယ်လို့ ကိုယ်လိုက်ပါစီးနင်းတဲ့ကား သဲကျွံတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် လမ်းညွှန်ရဲ့ ပြောကြားချက်ကို လိုက်နာပြီး နေထိုင်ပြုမူဖို့ လိုအပ်ပါတယ်။

  • တခါတလေ လေပြင်းနဲ့ ကြုံတွေ့နိုင်လို့ ဆင်ခြေလျောနေရာမျိုးတွေမှာ ကားရပ်ရင် ကားတံခါးကို သတိထားပြီး ဖွင့်/ပိတ်ဖို့ လိုပါတယ်။

  • ဆာဖာရီတွင်း သွားလာတဲ့ လမ်းကြောင်းက သတ်မှတ်ထားပြီး ဖြစ်လို့ ပြန်လည်ပြင်ဆင် မောင်းနှင်ပေးမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။

  • Campsite တွေမှာ နားနေတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့နေရာရဲ့ ပြင်ပကို ကျော်လွန် သွားလာလည်ပတ်တာမျိုး မလုပ်ရပါဘူး။

  • ဆာဖာရီတွင်းလိုက်ပါမဲ့ ဧည့်လမ်းညွှန်တွေကို ရှေးဦးသူနာပြုစုနည်းတွေ သင်တန်းပေးအပ်ထားပြီးဖြစ်တဲ့အပြင် အရေးပေါ်ဆေးသေတ္တာကိုလည်း ကားထဲမှာ ထည့်ပေးထားပြီး ဖြစ်ပါတယ်။

  • တကယ်လို့ သဲကန္တာရထဲ သွားလာနေတုန်း နေထိုင်မကောင်းဖြစ်တာမျိုး (ဆိုလိုတာက အတော်လေး မအီမသာဖြစ်တာမျိုး) ဖြစ်လာရင် ဧည့်လမ်းညွှန်ကို ချက်ချင်း အကြောင်းကြားပေးပါ။

  • ကုလားအုတ်စီးတဲ့အခါမှာလည်း လက်ကိုင်တန်းကို သေချာကိုင်စီးပြီး စီးနင်းနေစဉ်မှာ အစားအသောက်တွေ စားသောက်နေတာမျိုး မလုပ်ပါနဲ့။

  • သဲကန္တာရထဲမှာ တံတွေးထွေးတာ၊ ကွမ်းသွေးထွေးတာ စတဲ့ကိစ္စရပ်တွေကိုတော့ (ဒါက တစ်မြို့လုံးနီးပါးထုတ်ထားတဲ့စည်းကမ်းပါပဲ) လိုက်နာဖို့ အထူးလိုအပ်ပါတယ်။ ဒါဏ်ကြေးလည်း အရမ်းကြီးပါတယ်။

  • ပုဝါပါးလေးတွေ ယူသွားတာလည်း ကောင်းပါတယ်။ ဖုန်နဲ့ နေပူဒါဏ်ကို အထိုက်အလျောက်ကာကွယ်ပါတယ်။ အမျိုးသားတွေအတွက် ဦးထုပ်ပေါ့။ နေကာမျက်မှန်လည်း ယူလာဦးနော်။

  • ကားထဲမှာ အရက်ဘီယာသောက်တာကိုလည်း အတင်းအကျပ် ကန့်ကွက်ထားလို့ သတိထားကြပါ။

  • ရေကို ဝဝလင်လင် သောက်ထားပါ။ အသားအရေအတွက် Sun Cream တွေ Sun Block တွေ လိမ်းသင့်ပါတယ်။

  • အမှိုက်ကို လက်လွတ်စပယ် ပစ်လို့မရပါဘူး။ ကားပေါ်ကို အမှိုက်အိတ်ယူသွားရသလို၊ သတ်မှတ်ထားတဲ့နေရာမှာပဲ ပစ်ခွင့်ရှိပါတယ်။

  • ဓါတ်ပုံရိုက်တာကို ခွင့်ပြုပေမဲ့ သတိပြုရမှာက စစ်တပ်နဲ့ဆက်နွယ်နေတာတွေ၊ စစ်သား၊ လုံခြုံရေးကင်းတွေ နဲ့ ဒေသခံအမျိုးသမီးတွေကို ဓါတ်ပုံရိုက်ကူးတာကို လုံးဝ ရှောင်ကြဉ်ကြဖို့လိုပါတယ်။


Dubai Desert ဖြစ်တဲ့ ဆာဖာရီသဲကန္တာရထဲကို အတော်လေး မောင်းနှင်ပြီး သွားရပါတယ်။ ခန့်မှန်းခြေ နှစ်နာရီလောက် မောင်းပြီးသွားရသလိုပါပဲ။ ဆာဖာရီသဲကန္တာရထဲ မဝင်ခင် 4 Wheels Drive ကားတွေအားလုံးဟာ သတ်မှတ်ထားတဲ့နေရာတစ်ခုမှ ကားဘီးတွေအားလုံးကို လေလျှော့ရပါတယ်။ ပြားအောင်ထိ လျှော့တာမဟုတ်ဘဲ၊ သဲထဲမှာ ရုန်းကန်ဖို့လုံလောက်တဲ့ပမာဏအထိ လျှော့ချရတာဖြစ်ပါတယ်။ အားလုံးပြီးတော့ ခရီးစထွက်ပါတယ်။ ခန့်မှန်းခြေ ၄၅ မိနစ်လောက် ခရီးစဉ်ရှည်လျားပါတယ်။ ကျွန်တော်ကတော့ ကလေးတစ်ယောက် မြင်မြင်ရာက အထူးအဆန်းပေါ့။ သစ်ပင်သစ်တောပေါများစိမ်းစိုတဲ့နိုင်ငံတစ်ခုက လာသူဖြစ်လို့ ခုလို လွင်တီးခေါင် သဲဝါဝါနဲ့ ကောင်းကင်ပြာပဲ မြင်ရတာ ကျွန်တော့အတွက် ဆန်းပါတယ်။ လမ်းမှာ သဲကန္တာရထဲ ကျက်စားလေ့ရှိတဲ့ ဦးချိုရှည်နဲ့ ဆိတ်လိုလို အကောင်တွေ တွေ့ပါတယ်။ မွေးထားပုံရတယ်။ အစာခွက်တွေတွေ့လို့လေ။ ဒီအထိ သဲထဲမှာ ကားမောင်းတာကလွဲရင် ဘာမှ မထူးခြားသေးဘူး။


ခဏကြာတော့ သဲကန္တာရထဲက အိုအေစစ်လို့ ဆိုနိုင်တဲ့ အပင်ပုလေးတွေနဲ့ စိမ်းစိုစို အရိပ်များများနေရာလေးတစ်ခုကို ရောက်တယ်။ ကျွန်တော်တို့ ကားပေါ်မှာက ကားမောင်းတဲ့ ဧည့်လမ်းညွှန်မပါဘဲ လူ ၅ ယောက် ပါတယ်။ အဲ့လိုပဲ တခြားသော ကားတွေမှာလည်း သူ့အဖွဲ့နဲ့သူ လာကြတယ်။ ကားတွေအားလုံး ဒီနေရာမှာ ခဏရပ်တော့ ကျွန်တော်တို့လည်း အူလည်လည်နဲ့ ဆင်းကြည့်ကြပါတယ်။ အဆက်မပြတ် လော်ကြီးကိုင်ပြီး ကြေညာနေတာတော့ သဲ့သဲ့ကြားရတယ်။ သိပ်မလှမ်းမကမ်းမှာ ကုလားအုတ်နှစ်ကောင်ကို ပါးစပ်ကို ပိတ်စည်းထားပြီး ထိုင်ချခိုင်းထားတာတွေ့ရတယ်။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ဝင်ခိုင်းပြီး ဓါတ်ပုံတွေ ရိုက် ခိုင်းတယ်။ ဒီတော့ ဒီလူက သိလိုက်ပြီလေ။ ပြီးရင် ဓါတ်ပုံထုတ်မလားဆိုပြီး ပိုက်ဆံယူတော့မှာကိုး။ ဒါပေမဲ့လည်း ရောက်တုန်းရောက်ခိုက် အမှတ်တရလေဆိုပြီး ရိုက်ဖို့ ဓါတ်ပုံယူဖို့ နောက်ဆုံးတော့ စဉ်းစားရတာပါပဲ။ ဒီကနေ ပြန်ထွက်ရင် နားစရာနေရာ မရှိတော့လို့ ဒီနေရာမှာပဲ အိမ်သာ သွားကြဖို့ တိုက်တွန်းတယ်။ ဒါနဲ့ ကျွန်တော်လည်း အပေါ့လေး ဘာလေး သွားထားရအောင်ဆိုပြီး သူတို့ အိမ်သာဆီသို့လို့ ညွှန်ထားတဲ့နေရာကို သဲထဲမှာ အတော်လေး ရုန်းရင်း သွားလိုက်ရတယ်။ ရောက်တော့ အိမ်သာက ချစ်ဖို့ကောင်းနေတာ။ ထရံလိုလိုဟာလေးတွေနဲ့ ကာထားတယ်။ ယောကျ်ားလေး မိန်းကလေး အိမ်သာနှစ်ခြမ်းခွဲထားပေမဲ့ အသံတွေက ကြားနေရတယ်။ ဘေးက ရည်းစားနှစ်ယောက်ဆို ဟိုဘက် ဒီဘက်ကို စနောက်ပြီး ခေါ်ပြော ရယ်နေကြတော့ ကျွန်တော်ပါ အလိုလို ပျော်လာတယ်။ ထရံလိုမျိုးအိမ်သာပေမဲ့နော် အတွင်းမှာက အသေအချာလုပ်ထားတာဗျား။ ဘိုထိုင်နဲ့ မက်တပ်ခွက်တွေနဲ့ အဆင်ကိုပြေလို့။ လက်ဆေးကန်တွေ၊ ဆပ်ပြာတွေလည်း စုံစုံရှိတာ။


အိမ်သာကအထွက် ဟိုနားဒီနား သဲကမူပေါ်တွေ တက်ကြည့်တယ်။ ဓါတ်ပုံလျှောက်ရိုက်တယ်။ ခဏကြာတော့ ထိုင်ခုံလေးတွေကို ကွေးကွေးကျယ်ကျယ်လေး စီစဉ်ပေးထားတဲ့နေရာကနေ ပွဲစတော့မယ်လို့ ကြေညာတာကြားလိုက်ရတယ်။ ဘာများပြမလဲ အပြေးအလွှားသွားထိုင်ကြည့်တော့ လေ့ကျင့်ပေးထားတဲ့ သိမ်းငှက်လိမ္မာလေးတစ်ကောင်ကို ဟိုခိုင်း ဒီခိုင်း လုပ်ပြနေတာ။ ဟာသပုံစံလေးဖြစ်အောင် တင်ဆက်သူက လုပ်ပြသွားတယ်။ သိမ်းငှက်လေးက အဝေးကြီးပျံပြ၊ ချက်ချင်းလာပြ၊ ပစ္စည်းလေးတွေယူပြ နဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။ ပူတော့ပူတယ်။ ဒါပေမဲ့ လေတိုက်နေလို့ နည်းနည်းနေလို့အဆင်ပြေတယ်။ ပွဲလေးက ၁၀ မိနစ်တောင် မကြာဘူး ပြီးသွားတယ်။ ပြီးသွားတော့ သိမ်းငှက်နဲ့ ဓါတ်ပုံရိုက်ချင်သူတွေ ရိုက်လို့ရအောင် စီစဉ်ပေးတယ်။ ထုံးစံအတိုင်း ပိုက်ဆံလည်း ကောက်တယ်ပေါ့နော်။ ကျွန်တော်က ခုထိ ငှက်ဆိုရင် စာကလေးကိုတောင် ကြောက်လို့ (ဘာဖြစ်မှန်းမသိဘူး ငယ်ငယ်ကတည်းကပဲ) သွားမရိုက်ဖြစ်ပါဘူး။


ပွဲလေးပြီးတာနဲ့ ကိုယ့်ကားပေါ်ကိုယ်အမြန်တက်ပြီး... ကဲ ဒီမှာတင် ဇာတ်ကြမ်းကား စရိုက်ရပါတော့တယ်။ တကယ်ကို ကျွန်တော်လေ ဆာဖာရီထဲသွားတာ အဲ့လိုကားတွေမောင်းတယ်လို့ ခေါင်းထဲ ကြိုမတွေးမိထားတာ။ ကားရဲ့ ပထမတန်းမှာ ကားမောင်းသူနဲ့ ဘေးမှာ ကျွန်တော်တို့အဖွဲ့က မောင်အောင်ဇော် ထိုင်တယ်။ အလယ်တန်းမှာက ထင်ထင် နဲ့ သီရိ တို့ထိုင်ကြတယ်။ ကိုဟံသာ နဲ့ ကျွန်တော်တို့က နောက်ဆုံးတန်းထိုင်ရတော့ ရှေ့ကို ကျွန်တော်က သိပ်မကြည့်မိဘူး။ သဲကန္တာရထဲ ဘာမြင်ရမလဲဆိုပြီး ဘေးကိုပဲ ကြည့်နေမိတော့ ရုတ်တရက်ကြီး ကားက ခြောက်ကမ်းပါးကနေ တည့်တည့်ထိုးဆင်းကျသွားတဲ့ ခံစားမှုမျိုး ရလိုက်တော့ လူက လန့်အော်မိတာ အကျယ်ကြီးပဲ။ ကစားကွင်းတွေမှာ ရိုလာကိုစတာ မစီးရဲလို့ စီးလေ့မရှိတဲ့ကျွန်တော်က ခုတော့ သဲကန္တာရထဲမှာ စီးနေရပြီ။ သဲကန္တာရထဲက သဲတောင်ကြီးတွေပေါ် ချက်ချင်းတက် ချက်ချင်းဆင်းနဲ့ တစ်ချိန်လုံး စိတ်တွေလှုပ်ရှား ထိတ်လန့်ရတဲ့ အရသာမျိုးကို ပေးနေတယ်။ မျက်စိထဲမှာ သဲပြင်ကြီး ရုတ်တရက်ပျောက်သွားလိုက်၊ ကားကြီး တည့်တည့်ထိုးဆင်းသွားတာကို မြင်ပြီး ဖြစ်ပါ့မလားဆိုတဲ့ ကြောက်ရွံ့စိတ်တွေက ၁၀ မိနစ်လောက် ဆက်တိုက်ခံစားရတယ်။ ၁၀ မိနစ်လည်းကျော်ရော ဒီကိစ္စကြီးက ရိုးအီလာပြီး ခေါင်းတွေမူးနောက် အန်ထွက်ချင်စိတ်တွေပေါ်လာလို့ မနည်းစိတ်ထိန်းထားရတယ်။ ခါးပတ်တွေများ မပတ်ထားမိရင် ကားထဲမယ် ဇီးသီးလှိမ့်သလို ဖြစ်နေတော့မယ်။ ကားဆရာကို မနည်းတောင်းပန်ရတယ်။ တခြားလမ်းရှိရင်သွားပါလား ငါတို့ မူးလာလို့ပါဆိုတော့။ အားတက်စရာပြန်ပြောတယ်။ ဒီလမ်းကပဲ သွားကြရတယ်တဲ့။


ဒီဒုက္ခကို အချိန်အတော်ကြာလေး သည်းခံလိုက်တဲ့နောက်မှာ ကားခဏနားတဲ့နေရာကို ရောက်လာပါတယ်။ ရောက်ပြီလားလို့ ပြာပြာသလဲ ကျွန်တော်ကမေးတော့... မရောက်သေးဘူး ခဏနားတာဆိုပဲ။ ကျွန်တော်လည်း အီလည်လည်နဲ့ အမူးအမောပြေအောင် ဓါတ်ပုံတွေထွက်ရိုက်ရတယ်။ ကျွန်တော်တို့ကားရဲ့ ရှေ့က ထွက်သွားတဲ့ ကားတွေ၊ နောက်ကလာတဲ့ကားတွောအားလုံးလည်း ဒီသဲဆင်ခြေလျှောလေးမှာ ခဏနားကြတယ်။ ဓါတ်ပုံရိုက်ကြတယ်။ အချိန်ခဏဖြုန်းပါတယ်။ စိတ်ထဲမှာ ထင်တာက ဒီနေရာမှာ တစ်ခါတည်း နေဝင်ချိန်ကို ကြည့်မလားပေါ့။ ခဏနေတော့ အားလုံး ကားပေါ်ပြန်တက်ခိုင်းပြီး ခရီးဆက်မယ်ပြောတယ်။ အဲဒီချိန်မှာ ကားတစ်စီးက သဲကျွံနေလို့ အတော်လေး ရုန်းကန်ပြန်တက်နေတာကို တွေ့လိုက်ရတယ်။ အဲ့ဒီချိန်ကျမှ ဒီလိုမျိုး သဲကျွံတာတွေလည်း ဖြစ်တတ်ပါလားလို့ သိသွားပြီး နည်းနည်းလန့်သွားတယ်။ သဲကျွံနေတဲ့ကားက ကားဘီးလေးခုစလုံးကို စတီရင်တိုင်အဆုံးကွေ့ချပြီး ရုန်းတက်နိုင်ဖို့ ကြိုးစားနေတယ်။ နောက်ထပ် ကားတစ်စီးကလည်း ကူညီပေးဖို့ အသင့်စောင့်နေတယ်။ ခရီးသွားဧည့်သည်တွေကတော့ ဘေးနားလေးမှာ ငေးကြည့်ရင်း သူတို့ကားပြန်တက်လာဖို့ ရင်မောစွာ စောင့်နေကြလေရဲ့။


ကားမောင်းတဲ့ လမ်းညွှန်ပြောတာကတော့ သူတို့က သွားနေကျလမ်းက ခွဲထွက်ရင် သဲကန္တာရထဲ မျက်စိလည်သွားနိုင်တယ်တဲ့။ ဖြစ်နိုင်တယ်။ ခုလည်း သူတို့က နောက်တစ်နေရာမှာ နေဝင်ချိန် ကြည့်မယ်ဆိုပြီး မောင်းနေတာ ကျွန်တော့အတွက်တော့ ဒီနေရာတွေချည်း ပြန်သွားနေသလိုပဲ။ သဲတောင်ကြီးတွေပေါ် တက်တယ်။ ဇောက်ထိုးကြီးတွေ ပြန်ဆင်းတယ်။ ပြန်တက်တယ်။ ကားကို ဘယ်ကွေ့ ညာကွေ့မောင်းတယ်။ မြင်နေရတဲ့ မြင်ကွင်းတွေက ဆင်တူတွေချည်းပဲ။ ခဏကြာတော့ သဲကုန်းတန်းလေး နှစ်ခု ရှေ့ဆင့်နောက်ဆင့် ရှိနေတဲ့ နေရာတစ်ခုမှာ ကားတွေအားလုံး ခေါင်းထိုးကြတယ်။ ကျွန်တော်တို့လည်း ဆင်းပြီး သဲကုန်းတွေပေါ်တက်လို့ နေဝင်ချိန်ကို စောင့်ကြည့်ကြတယ်။ တချို့တွေကျတော့ ရှေ့ဘက်က သဲကုန်းတစ်ခုကို ထပ်သွားကြည့်တယ်။ ကျွန်တော်တို့လည်း လိုက်ကြည့်မိတယ်။ ဒီခရီးစဉ်ကိုလာတာ ဒေသခံတွေထက် ဧည့်သည်တွေပဲများလို့ ဘေးမှာ တရုတ်၊ ကိုးရီးယား၊ ဂျပန်၊ ပြီးတော့ လူဖြူတွေ၊ မြန်မာကတော့ ခပ်ရှားရှားပဲထင်တယ်။ ကျွန်တော့ဘေးမှာ ထိုင်နေတဲ့ လူဖြူစုံတွဲကတော့ နေဝင်ချိန်ကို ရိုမန်တစ် ဆန်ဆန် ကြည့်ကြည်နူးနေကြတာ ကိုယ်တောင် ဘယ်သူ့လွမ်းမှန်းမသိလွမ်းလာတယ်။ နေကလည်း ၆ နာရီခွဲလောက်ထိ မဝင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့ဘဝမှာ သဲကန္တာရထဲက နေဝင်ချိန်ကို မြင်ဖူးသွားခဲ့တဲ့ အမှတ်တရတစ်ခု တိုးသွားပြီပေါ့လေ။


သဲကန္တာရထဲမှာ နေဝင်တာ၊ အလင်းနည်းသွားတာ အတော်နောက်ကျတာပဲ။ ကျွန်တော်တို့ ညစာစားဖို့နားမဲ့ Campsite ကိုရောက်တော့ ၇ နာရီလောက် ရှိနေပေမဲ့ အလင်းလေးက ကျန်သေးတယ်။ Campsite ရဲ့ အဝင်မှာ ကုလားအုတ်တွေ ၁၅ ကောင်လောက်ရှိမယ် တန်းစီထိုင်နေကြတယ်။ ကျွန်တော်တို့ ခရီးသွားကားတွေလည်း ဘေးဘက်က ကားပါကင်မှာ အသီးသီးထိုးပြီးတာနဲ့ စောစောက ကုလားအုတ်တွေကို စီးဖို့အတွက် လူတွေအပြေးအလွှားသွားတန်းစီကြတာတွေ့ရတယ်။ ဒီနေရာမှာ ချစ်စရာကောင်းတာက သဲကန္တာရကြီးပေါ်မှာ ဘာတန်းထိုးထားတာမှ မရှိဘဲ။ ခရီးသွားဧည့်သည်တွေက စနစ်တကျ ကျော်မတက်ဘဲ တန်းစီနေကြတာကိုပါ။ ခရီးစဉ်အစတုန်းကတော့ ကုလားအုတ်ကို အကြာကြီးစီးရမယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းစီးရတော့ ဒီအဝန်းအဝိုင်းလေး တစ်ခုမှာ ပတ်ပေးနေတာပါ။ ၁ မိနစ်လောက်ပဲ ကြာမယ်ထင်ပါတယ်။ ကုလားအုတ်စီးတဲ့အခါ သူ့ထိုင်နေတုန်းကျောပေါ်တက်တော့ အတော်လေး ရင်ခုန်မိတယ်။ တစ်ကောင်မှာ နှစ်ယောက် စီးကြတာ များတယ်။ နှစ်ယောက်ထိုင်ပြီးတာနဲ့ ကုလားအုတ်ကို ထခိုင်းတော့မှ ကျွန်တော့မှာ ကြောက်လိုက်တာ။ အတော်မြင့်သား။ ရှေ့ခြေထောက်အရင်ထတော့ ကျွန်တော့မှာ ပက်လက်ကြီး နောက်ကို လန်ကျတော့မလိုဖြစ်သွားသေးတယ်။ ကျွန်တော်က ကုလားအုတ်ဖင်နေရာမှာ စီးရတော့ သူဖင်လှုပ်လျှောက်တာ ကိုယ်လျှောက်နေသလိုပဲ လှုပ်စိလှုပ်စိနဲ့ ရယ်ရတယ်။ တစ်ပတ်ပြည့်လို့ ရောက်လည်းရောက်ရော ကုလားအုတ်ကို ဒူးပြန်ကွေးခိုင်းတယ်။ တိရစ္ဆာန်ဆိုတော့ တခါတလေလည်း ပေကပ်ကပ်နဲ့လေ။ မထောက်ချင်ထောက်ချင်နဲ့ထောက်တယ်။ ရှေ့ခြောက်ထောက်အရင်ထောင်တော့ လူက ရှေ့ကို ငိုက်ကျပြီး ပစ်ကျသွားသလဲ မှတ်ရတယ်။ ပြီးတော့မှာ နောက်ခြေထောက်ချတယ်။ ကဲ ဒါလည်း အမှတ်တရပဲလေနော်။


ဒါပြီးတော့မှ Campsite ထဲဝင်ကြည့်တယ်။ Campsite ထဲမှာ ထုံးစံအတိုင်း အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေ၊ သိမ်းငှက်နဲ့ ဓါတ်ပုံတွဲရိုက်ချင်သူတွေအတွက် လုပ်ထားတဲ့နေရာတွေ၊ ရိုးရာဝတ်စုံဝတ်ပြီး ဓါတ်ပုံရိုက်နိုင်တဲ့ စတူဒီယိုတွေ ရှိနေတယ်။ ဓါတ်ပုံတော့ ရိုက်ကောင်းတိုင်း မရိုက်လိုက်နဲ့နော်။ ကျွန်တော့မှာ အမှတ်တရဖြစ်ချင်လို့ဆိုပြီး သူတို့အဝတ်အစားနဲ့ ဓါတ်ပုံစတူဒီယိုထဲ သွားရိုက်မိလိုက်တာ မြန်မာငွေ ၂ သိန်းကျော်ပေးလိုက်ရတယ်။ ဓါတ်ပုံ ၁၀ ပုံလောက် နဲ့ Stick တစ်ချောင်းပေးတယ်။ ခရီးစဉ်ရဲ့ Package ထဲမှာ ဒီဟာတွေက မပါဘူးလေ။


ကျွန်တော်တို့အဖွဲ့လည်း ကိုယ့်စားပွဲလေးကိုယ်ယူပြီး ဟိုဟိုဒီဒီ လူတွေကို ငေးကြည့်ကြ၊ ဓါတ်ပုံရိုက်ကြလုပ်တယ်။ အဲ့ဒီချိန်မှာ ဘီယာ၊ ဝိုင်၊ အအေးတွေ စပြီး တိုက်နေပြီ။ ဒါလေးတစ်ခုတော့ကောင်းတယ်။ ဒီမှာ Free Flow သောက်လို့ရတော့ အားပါးတရ အလုအယက်ကို သောက်ကြတာပေါ့။ ဒူဘိုင်းလိုနေရာမှာ ဒါက ရွှေလေ။ အဆာပြေ Snack လေးတွေ (တကယ်က အမြည်းပေါ့) စ ကျွေးပြီ။ Campsite ရဲ့ တစ်ဘက်မှာ Hanna (ဟနား) မြန်မာလိုဆို ဒါန်းဆိုးတယ်ခေါ်သေးသလားလို့ အဲ့ဒါနဲ့ လက်တို့၊ လည်ပင်းတို့မှာ တက်တူးအတု ပုံဆွဲသူတွေကလည်း တန်းစီနေကြတယ်။ လုပ်ပေးရတဲ့သူများတော့ ဆွဲပေးရသူလည်း မနိုင်တော့ဘူး ထင်ရဲ့။ လက်ရာတွေက ကလေးပန်းချီသာသာတွေ ဖြစ်လာတယ်။ တစ်ဘက်ခြမ်းမှာတော့ သီးသန့်နေရာလေးတစ်ခုမှာ လူတွေ သူ့အဖွဲ့နဲ့သူ Shisha သုံးနေကြတယ်။ ကျွန်တော်တို့လည်း ပြန်ခါနီးလေးတော့ တစ်အိုး သွားရှူခဲ့ကြသေး။ Flavor ကတော့ ရွေးခွင့်မရှိ။ တစ်မျိုးတည်းပဲ။ ရောက်ပြီး သိပ်မကြာခင်ဘဲ ဖျော်ဖြေရေးအစီအစဉ်စတယ်။ ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကောင်မလေးတစ်ယောက် ခါးလေး၊ ဗိုက်ကလေး လှုပ်ပြီး ကပြသွားတယ်ပေါ့။ ပိုပြီးဖြစ်စေချင်တာက တီးတဲ့သူတွေနဲ့ မြေဝိုင်းအကလို မြိုင်စေချင်တာ။ ခုကျတော့ ကော်ဇောနီကြီးပေါ်မှာ ဘေးက မီးတိုင်လေးတွေကြား သူတစ်ယောက်တည်း စပီကာကလာတဲ့သီချင်းနဲ့ ဒွန့်နေတယ်လေ။ ဖျော်ဖြေရေးက ဆယ်မိနစ်လောက်ပဲ။ သူလေးလည်း ကပြီးရော ညစာဘူဖေးစားဖို့ ဆော်သြပါတယ်။ အပြေးလေး သွားယူကြတယ်။ ဒေသစာလေးတွေ စားရတာ အရမ်းကောင်းပါတယ်။ သိုးသားကင် က သူတို့လုပ်ပေးတာ မညှီပဲ စားလို့ကောင်းတယ်။ တကယ်လို့များ အဲ့ကို လည်ဖြစ်ခဲ့ရင် စားကောင်းတာလေးတွေ ဈေးကြီးတာလေးတွေ ရွေးစားလှည့်။ ပြီးရင် ဦးအောင် များများကြိုယူထား။ ဘူဖေးသာပြောတယ်။ ခဏနေတော့ ကုန်ပြီတဲ့။ ဒီဟင်းကတော့ ထပ်မဖြည့်တော့ပါဘူးဆိုပဲ။ စကားမစပ် အဲ့မှာ ဘီယာ၊ ဝိုင်သောက်ရင် မြန်မာလေးတွေက ညှက်တော့ အသက်အတည်ပြုချက် မေးပါလိမ့်မယ်နော်။ သူတို့က အဲ့ဒါ အရမ်းဂရုစိုက်ကြတယ်။


သိပ်အချိန်မဖြုန်းဘဲ ည ၈ နာရီခွဲလောက်လည်းကျ မီးစက်ငြိမ်းလိုက်တာမျိုးနဲ့ Campsite ကနေ ယဉ်ယဉ်ကျေးကျေး နှင်ထုတ်ပါလိမ့်မယ်။ အဲ့ကျတော့ ကိုယ်တွေလည်း အထာသိပြီး ကားပေါ်ပြန်ပြေးတက်တယ်။ လူလည်း အတော်ကောင်းနေပြီ။ ကားပေါ်ရောက်တော့ သတိရသွားပြီး လာတဲ့လမ်းအတိုင်း ပြန်မောင်းမလား မေးမိတယ်။ တော်သေးရဲ့ အပြန်လမ်းက သက်သက်ပါတဲ့။ အပြန်လမ်းမှာတော့ လာတုန်းကလို တက်လိုက်ဆင်းလိုက်မဟုတ်တော့ဘူး။ လမ်းတဖြောင့်တည်း ငြိမ့်ငြိမ့်လေး သွားရတယ်။ အချိန်တစ်ခုတော့ ပေးပြီး ဆာဖာရီထဲကနေ ပြန်ထွက်ရပါတယ်။ ဒီတစ်ခုလုံးထဲကမထွက်ခင် အဝင်တုန်းက ခဏရပ်ပြီး ကားဘီးလေလျှော့ခဲ့တဲ့နေရာမှာ ကားပြန်ရပ်လို့ လေပြန်ထိုးရပါတယ်။ ပြီးမှ မြို့ထဲကို ပြန်ဝင်ကြရတယ်။ မြို့ထဲကိုလည်း တမေ့တမောပြန်လာရတာမို့ လူက လမ်းမှာ အတော် အိပ်ငိုက်တယ်။ သွားထားလာထား သောက်ထားစားထားတော့ ဇိမ်ရစ်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဈေးကြီးတဲ့ခရီးစဉ်တစ်ခုဖြစ်ပေမဲ့ တန်တယ်လို့ ကျွန်တော်တော့ ယူဆမိပါတယ်။


The Dubai Mall

အကြီးဆုံး Shopping Mall လို့ ညွှန်းဆိုကြပါတယ်။ အစုံဆုံးလို့လည်း သိရတယ်။ အဝတ်အထည်ကစပြီး လျှပ်စစ်ပစ္စည်း၊ ရွှေထည်ပစ္စည်းတွေအထိ ရနိုင်ပါတယ်။ Mall ထဲမှာလည်း Tour ဧည့်သည်တွေနဲ့ ပြည့်နေပါတယ်။ ဒေသခံ အမျိုးသမီး၊ အမျိုးသားတချို့လည်း ဈေးတွေဝယ်နေကြတယ်။ Mall ထဲကို စပြီး ဝင်လိုက်တာနဲ့ ကျယ်ဝန်းတဲ့ Public area ခေါ်မလား Promotion area ခေါ်မလား နေရာအကျယ်ကြီးကို ရောက်ပြီး Shopping Mall အထပ်အားလုံးကို လှမ်းမြင်နိုင်တယ်။ ရှေ့တည့်တည့်မှာ Information Counter ရှိပြီးတော့ ဆက်ဝင်သွားရင် Dubai Aquarium & Underwater Zoo ကိုတွေ့ရတယ်။ အပြင်ကနေ လှမ်းကြည့်ရင်လည်း မြင်နိုင်အောင် ပင်လယ်သတ္တဝါတွေကို Acrylic မှန်ကန် အမြင့်ကြီးမှာ ထည့်ပြထားတယ်။ အဲ့ဒီ Acrylic မှန်ကန်ကြီးထဲမှာ ရေလီတာပေါင်း ၁၀သန်း ရှိနေတယ်။ ထည့်မွေးထားတာတွေကလည်း တကယ့်ပင်လယ်ကောင်ကြီးကြီးမားမားတွေပါတယ်။ ငါးမန်းကြီးပဲတောင် အကောင် ၄၀၀ ရှိတယ်။ ဒီ Acrylic မှန်ကန်ကြီးက ဂရင်းနစ်စံချိန်ဝင်ထားတာနော်။ အထဲကို ဝင်မယ်ဆိုရင်တော့ ဝင်ကြေးပေးရတယ်။ ဝင်ကြေးတွေကလည်း အစားစားပဲ။ ကိုယ်က Underwater Zoo ပဲကြည့်မှာလား။ အပေါ်ထပ်က James Bond ဇာတ်ကားရိုက်တဲ့နေရာတွေ ကြည့်ဦးမှာလား၊ စသဖြင့် ကိုယ်သွားမဲ့နေရာလေးတွေအပေါ်မူတည်ပြီး ဈေးနှုန်း Package လေးတွေ ပြောင်းသွားတယ်။ Aquarium Tunnel ကိုဝင်မယ်ဆိုရင် ၄၈ မီတာ ရှည်တဲ့ ရေအောက်ကမ္ဘာလေးထဲ ခဏရောက်သွားသလို ခံစားရမယ်။ ကိုယ့်အပေါ်မှာ ဘေးမှာ ငါးမန်းနဲ့ ပင်လယ်သတ္တဝါတွေ ကူးလူးနေကြတာကို မှန်ထဲကနေတဆင့် တွေ့နိုင်မယ်။ ထပ်ပြီးထူးထူးခြားခြား အဲ့ဒီရေကန်ထဲကို သီးသန့် မှန်ဘောင်လေးနဲ့ ဆင်းဦးမလား၊ ရေငုတ်ချင်သေးလား။ ဒါတွေလည်း ရသေးတယ်ဗျား။ ကျွန်တော်ကတော့ ဈေးဝယ်ဖို့ ပိုစိတ်ဝင်စားနေလို့ ကိုယ်ဝယ်နိုင်တဲ့ ဈေးလျော့ထားတာလေးများ ရှိမလားဘဲ လိုက်ကြည့်မိနေတယ်။


အပေါ်တစ်ထပ်ကို တက်ကြည့်မိတော့ Dubai Ice Rink ကိုတွေ့တယ်။ ရေခဲပြင်ပေါ်ကျယ်ကျယ်ဖန်တီးပေးထားပြီး အဲ့ဒီရေခဲပြင်ပေါ်မှာ လူကြီး၊ လူငယ်၊ ကလေးတွေ အစုံ ရေခဲပြင်စကိတ်စီးနေကြတယ်။ စကိတ်သင်ချင်လည်း ရတယ်။ Ice hockey လည်း ကစားနိုင်တယ်လို့ ပြောတယ်။ ဒါလည်း သက်သက်ဝင်ကြေးပေးရတယ်။


ဈေးဝယ်ချင်စရာ နာမည်ကျော် Brand ပေါင်းစုံလွန်းလို့ ပိုက်ဆံများရှိရင်တော့ တစ်ရက်အချိန်ပေးတောင် လည်လို့ မဆုံးနိုင်တဲ့နေရာပါ။ ကျွန်တော်တို့နဲ့ပါတဲ့ Tour Guide ကို မေးဖူးတယ်။ ဒူဘိုင်းက အမျိုးသမီးတွေက တစ်ချိန်လုံး အမည်းပုဝါကြီးတွေပဲ ဝတ်နေကြတာကို ဘာလို့ သူတို့နိုင်ငံသားတွေက Branded ဖက်ရှင်တွေ အဝယ်ဆုံး ဖြစ်နေရတာလဲပေါ့။ သူ ရှင်းပြတာကတော့ သူတို့က အိမ်မှာနေတဲ့အချိန်၊ မိန်းကလေးသူငယ်ချင်းအိမ်တွေ သွားတဲ့အချိန်တွေ၊ အမျိုးသားတွေရဲ့ မြင်ကွင်းမှာမဟုတ်ရင်တော့ အမည်းဝတ်ရုံကြီးတွေ ချွတ်ပစ်တတ်ကြတယ်တဲ့။ အထဲမှာ သူတို့ဝတ်ထားတာက တခြားနိုင်ငံသူတွေဝတ်စားသလိုပါပဲတဲ့လေ။ ဒါကြောင့် Branded ဖက်ရှင်တွေလည်း ရောင်းရပါတယ်တဲ့။ တစ်အိမ်ထဲမှာ ဧည့်သည်လာလို့ အမျိုးသား၊ အမျိုးသမီးတွေ စုနေကြရင် တစ်နေရာဆီခွဲပြီး နေကြရတယ်ပြောတယ်။ လင်မယားတောင်မှ ထိုင်မယ်ဆိုရင် သက်သက်စီ ထိုင်ကြရတယ်ပြောပါတယ်။ ကျွန်တော်က တကယ်လို့ ယောကျာ်းက မိန်းမကို မေးမယ်။ မိန်းမက ယောကျာ်းကို တစ်ခုခု မေးမယ်ဆို ဘယ်လိုလုပ်သလဲဆိုတော့ ဒီအတိုင်းပဲ အော်ပြောကြရတယ်တဲ့။ စဉ်းစားမိသေးတာက မျက်နှာတွေဖုံး၊ တကိုယ်လုံးဖုံးထားတော့ ကိုယ့်မိန်းမကိုယ်တောင် အဝေးကဆို မှတ်မိပါ့မလားပေါ့။ ဈေးဝယ်ထွက်ရင်း နေ့လည်ခင်း ဗိုက်ဆာတော့ ကျွန်တော်တို့ အောက်ထပ်မှာ ရှိတဲ့ စားသောက်တန်းကို လာခဲ့ကြတယ်။ စားသောက်တဲ့နေရာအကျယ်ကြီးမှာ ဒေသစာ စားမလား။ နိုင်ငံတကာက အစားအသောက်တွေ စားမလား။ အာရှစာ စားမလား အစုံရှိနေတယ်။ ကျွန်တော်တို့ကတော့ ရောက်တုန်းရောက်ခိုက် ဒီဘက်ဒေသက အစားအစာလေးတွေ ရွေးစားကြည့်တယ်။ ဒန်ပေါက်တို့ ဘာတို့ အတော်စားကောင်းတယ်ဗျ။ ကျွန်တော်တို့ဆီကနဲ့ မတူဘူး။ ဆီမပါသလောက်ဖြစ်နေပေမဲ့ အရသာရှိနေတယ်။


ကမ္ဘာအမြင့်ဆုံး Burj Khalifa

ဒီ Burj Khalifa အဆောက်အဦးက ဆောက်ထားတာ မကြာသေးဘူး။ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ တည်ဆောက်ချိန်ကာလ ၅ နှစ်အတွင်း ကျွမ်းကျင်အင်ဂျင်နီယာ ၃၈၀ ဦးနဲ့ အထပ်ပေါင်း ၁၆၀ မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကို တည်ဆောက်ပြလိုက်တာပါ။ ကမ္ဘာ့အမြင့်ဆုံး ဓါတ်လှေကားထည့်သွင်းထားနိုင်တာကလည်း ထူးခြားမှုပါပဲ။ နေ့စဉ် ခရီးသွားဧည့်သည်တွေနဲ့ ဒေသခံတွေ ဒီ Burj Khalifa အဆောက်အဦးကို လာရောက်တန်းစီနေကြတဲ့ အဓိက အကြောင်းရင်းက ၁၂၄ ထပ်မှာ ရှိတဲ့ At the Top, Burj Khalifa နေရာကို သွားချင်ကြလို့ပါ။ ဒီနေရာကို သွားဖို့ လက်မှတ်တွေ ကြိုတင် Booking ယူထားရပါတယ်။ ညနေချိန်မှာ နေဝင်ချိန်ကို ကြည့်နိုင်ဖို့ အများစုက ဒီနေရာကိုလာကြပါတယ်။ ဒီနေရာကို သွားဖို့ Dubai Mall ရဲ့ စားသောက်တန်းကနေ သွားရပါတယ်။ ထုံးစံအတိုင်း တန်းစီရတာ ရှည်တယ်။ လူတွေများတယ်။ အမှတ်တရပစ္စည်းတွေ ရောင်းချင်တော့ တစ်ဖွဲ့ချင်းစီ ဓါတ်ပုံတွေ အတင်းရိုက်ခိုင်းတယ်။ ဒါလေးတွေတော့ သည်းခံရတယ်ပေါ့နော်။ အထုတ်အပိုးတွေ၊ ဈေးဝယ်ထားတာတွေနဲ့ ပေးမတက်ပါဘူး။ ဓါတ်ပုံသမားတွေဆိုရင်တော့ ယူသွားလို့ရတယ်။ တစ်ကိုယ်ရေ ကျောပိုးအိတ်လောက်တော့ ပေးသယ်ပါတယ်။ လုံခြုံရေးအရတော့ စစ်ဆေးပါတယ်။


အဲ့ဒီ "At the Top, Burj Khalifa" ကို ရောက်ဖို့အတွက် ဓါတ်လှေကားစီကိုတောင် အတော်လေး သွားကြရပါတယ်။ လမ်းမှာ စိတ်ဝင်စားစရာလေးတွေ ဖန်တီးပေးထားလို့ မပြင်းရဘူး။ တီဗီလေးတွေကနေ အဆောက်အဦးနဲ့ ပတ်သက်တာတွေ အချက်အလက်စုစည်းပြောပြပေးနေတယ်။ Lightbox တွေ X-Banner တွေနဲ့ ပြပေးတယ်။ ဒီလိုသွားနေရင်းနဲ့ပဲ ၁၂၄ ထပ်ကို တက်မဲ့ ဓါတ်လှေကားဆီ ရောက်လာတယ်။ လူတွေများချက်။ တန်းစီနေကြရတယ်။ ဓါတ်လှေကား ၃ စီးလောက်တွေ့တယ်။ တစ်ခါတက်သွားလိုက် တစ်ခါဆင်းလာလိုက်နဲ့ လူတွေမှ အများကြီး။ ခုစာဖတ်ရင်းနဲ့ စဉ်းစားနေပြီမို့လား ၁၂၄ ထပ်ကို ဘယ်လောက် အချိန်ကြာမလဲ ဆိုတာ။ ဒါကြောင့်လူတွေ အရမ်းတန်းစီနေရတာဖြစ်မယ်လို့ တွေးကောင်းတွေးနေမယ်။ တကယ်က အဲ့ဒီ ၁၂၄ ထပ်အမြင့်ကြီးကို တက်ဖို့ အချိန် ၁ မိနစ် (စက္ကန့် ၆၀) ပဲကြာတယ်ဆိုတာပြောရင် မင်းယုံနိုင်ပါ့မလားဘဲ။


ဓါတ်လှေကားစီးဖို့ တန်းစီနေတဲ့ အောက်မှာ ဓါတ်လှေကားတံခါးပေါ်မှာ ဓါတ်လှေကားရောက်နေတဲ့အထပ် Countdown လေးကို လေဆာမီးလေးနဲ့ အလှဆင်ပြပေးနေတယ်။ အဲ့ဒီနံပါတ်ကို ကြည့်တာနဲ့ အပေါ်ရောက်သွားပြီ။ အောက်ဆင်းလာနေပြီ ဆိုတာ သိသာတယ်။ Countdown က ၁ ကနေ ၁၂၄ ထိပဲ။ ကျွန်တော်တို့အလှည့်ရောက်လို့ ဓါတ်လှေကားထဲဝင်တော့ နည်းနည်းတော့ လန့်သလိုလိုရှိမိသား။ တံခါးပိတ်လိုက်တာနဲ့ မှောင်သွားတယ်။ စထွက်ခါနီးတာနဲ့ လေးဘက်လေးလံက နံရံတွေကနေ ရောင်စုံမီးလေးတွေက သီချင်းသံစဉ်လေးနဲ့ ကစားပြသွားတာ၊ ဓါတ်လှေကားထဲ ရောက်နေလား၊ ကလပ်ထဲရောက်သွားသလား တွေးရင်း ပျော်လာတယ်။ စက္ကန့် ၆၀ ဆိုတာ ဘယ်လိုကုန်သွားမှန်းလဲ မသိ။ မူးတာ၊ ရင်တုန်တာလဲ မရှိဘဲ ၁၂၄ ထပ်ကို ရောက်သွားတယ်။ ၁၂၄ ထပ်မှာ ရှုခင်းကြီးက "Wow" လို့ အော်ရလောက်အောင် လှတာ။ ကမ္ဘာကို အပေါ်စီးကနေ ကြည့်နိုင်တဲ့ အဆောက်အဦးတစ်ခုပါပဲ။ နေဝင်ချိန်ကို ခံစားရတာ အရမ်းလှတယ်။ ရှေ့မှာရှိနေတဲ့ သမုဒ္ဒရာကြီး၊ လူလုပ်ထားတဲ့ ကျွန်းပေါ်က ခေတ်မီတိုးတက်လွန်းတဲ့ မြို့ပြ တိုက်တာ။ အရာအားလုံးဟာ အံ့သြမှင်သက်စရာတွေချည်းပါပဲ။ အပြင်ကို ထိုးဖောက်မြင်နိုင်ပေမဲ့ အရမ်းလုံခြုံတဲ့ မှန်ထူထူကြီးတွေက အသည်းတယားယားနဲ့ ကြည့်ရှုသူကို ခံစားမှုပေးတယ်။ ၃၆၀ ဒီဂရီ အပြည့် မြို့အနှံ့ကို ကြည့်နိုင်တဲ့နေရာပါ။ ညဘက်ဆို ဒီ အဆောက်အဦးက မီးပျောက်လေးတွေ ဟိုတစ်ပွင့် ဒီတစ်ပွင့် နဲ့ တကယ့်ကြယ်စုံတဲ့ညတစ်ခုကို ခံစားရသလို အဝေးကနေကြည့်ရင် ခံစားမြင်တွေ့နိုင်ပါတယ်။ At the Top ကိုလာကြတဲ့ အဓိကအကြောင်းရင်းကတော့ အပေါ်စီးကနေ ဒူဘိုင်းမြို့ရဲ့ အလှအပကို ခံစားဖို့၊ နေဝင်ချိန်နဲ့ နေထွက်ချိန်ကို ခံစားကြဖို့ အဓိကပါ။ တခြားအနေနဲ့ စိတ်ဝင်စားစရာကောင်းအောင် နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ဒူဘိုင်းမြင်ကွင်းတွေ ကြည့်နိုင်မဲ့ တီဗီတွေရှိတယ်။ နားနေခန်း ကို တစ်ခုနဲ့တစ်ခု ပုံစံမတူအောင် ဖန်တီးထားတာတွေ ရှိတယ်။ ဒီနေရာရောက်ကြောင်း အမှတ်တရ ဓါတ်ပုံရိုက်နိုင်တဲ့ Photo Booth လေးတွေရှိတယ်။ အဲ့မှာ ရိုက်ဖို့က အတော်တန်းစီရပြီး ပိုက်ဆံလည်း ပေးရပါတယ်။ အချိန်ခဏလေးတွင်းမှာ ပုံထုတ်ပေးနိုင်လို့ အပေါ်ကနေ အောက်ဆင်းသွားရင် ကိုယ့်ပုံလေးက ဘောင်သွင်းပြီးသားလေး တန်းယူရုံပဲ။ အမှတ်တရပစ္စည်းဆိုင်လေးတွေ ရှိတယ်။ ဒီအဆောက်အဦးကိုပဲ ကော်ရုပ်၊ သစ်သားရုပ်၊ စတီးရုပ် စသဖြင့် အရွယ်အစား အမျိုးမျိုးပုံဖော်ထားတာတွေ ရောင်းတယ်။ ပန်းချီကား၊ ဓါတ်ပုံ၊ ပို့စကတ်နဲ့ သော့ချိတ်လေးတွေ လုပ်ရောင်းတယ်။ စုံစိနေတာပဲ။ ဈေးတော့ အတော်ကြီးပါတယ်။ ဒါနေရာလေးတွေကို မဖြစ်မနေ ဖြတ်သွားရအောင် အဆောက်အဦးပုံစံထွင်ထားတယ်ပြောရမလားဘဲ။ အဲ့ဒီကနေစပြီး ဓါတ်လှေကားစီးပြီးအောက်ဆင်းဖို့ကို အတော်လေး တန်းစီကြရပြန်တယ်။ လူတွေများလို့ အတန်းက အရှည်ကြီးဖြစ်နေတာ။ အဲ့ဒါကြောင့်လည်း အပေါ်မှာ ရိုက်တဲ့ပုံက အောက်မှာ ယူလို့ရတဲ့အထိ ဖြစ်နေတာနေမယ်။ ကျွန်တော်ကတော့ ဒီ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးရဲ့ ၁၂၄ ထပ်ကနေ ကမ္ဘာကြီးကို မြင်ကြည့်ရတဲ့အရသာကို မေ့ပစ်လိုက်ဖို့ အတော်ခက်ဦးမယ်။


The Dubai Fountain

အဲ့ဒီအဆောက်အဦးနဲ့ Dubai Mall နဲ့ဟာ ဆက်လျက် ရှိနေပြီးတော့ အဲ့ဒီကနေ အပြင်ကို လမ်းနည်းနည်းထွက်လျှောက်လိုက်တာနဲ့ Shopping Mall လေးတစ်ခုကို ထပ်တွေ့ပါမယ်။ သူ့ဆီသွားနေတဲ့လမ်းမှာ တံတားလှလှလေးတစ်ခုကို ဖြတ်ရတယ်။ တံတားပေါ်ကနေ Burj Khalifa အဆောက်အဦးကြီးရဲ့ အလှကို ထိပ်ဆုံး အောက်ဆုံး အဝေးကနေ လှမ်းမြင်နိုင်လို့ ဒီနေရာလေးကို လာကြတဲ့သူလည်း မနည်းဘူး။ ဓါတ်ပုံရိုက်လို့ ကောင်းတယ်လေ။ အဲ့ဒီနေရာရဲ့ တစ်ဖက်ကို ထွက်လိုက်တာနဲ့ Serifina ဆိုတဲ့ စားသောက်ဆိုင်လေးရှိတယ်။ Fine Dinning ဆိုင်လေးမို့လို့ အရမ်းတော့ ဈေးကြီးတယ်။ ဒါပေမဲ့ စားကောင်းပြီး နေရာ Booking ကြိုယူထားရင် ရေပန်းကတာကို အနီးဆုံးမြင်ရမဲ့ အပြင်ဘက်စားပွဲလေး ရနိုင်တယ်။ အဲ့ဒီကနေ ညစာစားရင်း The Dubai Fountain ကို အားပေးနိုင်တာပေါ့။ ညစာမစားဘဲ အခမဲ့ ကြည့်လို့လည်း ရပါတယ်။ အဲ့ဒီနားမှာ လမ်းလျှောက်ဖို့နေရာလှလှလေးတွေရှိတယ်။ ခုံတန်းလေးတွေရှိတယ်။ နိုင်ငံခြားသားအများစု ဒီလိုပဲ လာပြီး ကြည့်ကြ ပျော်ကြပါတယ်။ လမ်းမှာ ဘီယာ အရက် ဆေးလိပ်သောက်တာ တားမြစ်ထားတာမို့ အေးအေးချမ်းချမ်းလေး ပျော်နိုင်တယ်။


Sheikh Zayed Grand Mosque

ရာသီဥတု သာယာနေတဲ့တစ်နေ့တော့ ကျွန်တော်တို့လည်း နာမည်ကျော် Sheikh Zayed Grand Mosque Center ဘက်ကို ထွက်ခဲ့ကြတယ်။ SZGMC လို့ အတိုကောက်ခေါ်ကြတဲ့ ဒီ စင်တာကြီးကို ၂၀၀၈ ခုနှစ်လောက်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသည်တွေ လာရောက်ကြည့်ရှုလေ့လာခွင့်ရတဲ့ တစ်ခုတည်းသော ဘာသာရေးအဆောက်အအုံကြီးလည်း ဖြစ်ပါတယ်။ လှပခမ်းနားတဲ့ ဗိသုကာလက်ရာတွေနဲ့ ဖန်တီးထားပြီး ဘာသာရေးအပြင် သုတေသနလုပ်ငန်းစဉ်များနဲ့ ပညာရေးနဲ့ ပတ်သက်တာ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေကိုပါ လေ့လာနိုင်တဲ့ နေရာတစ်ခုပါ။ ဘာသာရေးနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းတစ်ခုလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်က အတွင်းကို ဝင်လေ့လာဖို့ အချိန်ကျော်သွားတာမို့ ဝင်ခွင့်မရခဲ့ပါဘူး။ အတွင်းပိုင်း ဗိသုကာလက်ရာတွေဟာ တကယ်ကို ခမ်းနားလှပတယ်လို့ သိရတာကြောင့် နှမြောနေမိပါတယ်။ ဒါနဲ့ စကားမစပ် ဘာသာရေးနဲ့ ပတ်သက်ပြီး ဥပုသ်လတွေမှာ ဒူဘိုင်းကို အလည်ရောက်ခဲ့ရင် သတိပြုစရာတွေ ရှိပါမယ်။ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေ နေ့ပိုင်းမှာ မဖွင့်တာမျိုး ကြုံရတတ်သလို၊ အများနဲ့ဆိုင်တဲ့နေရာတွေမှာ အစားစာသောက်နေတာတွေကိုလည်း တားမြစ်ထားပါတယ်။


Bastakiya

ဒူဘိုင်းမှာ ချောင်းလေးထဲ လှေစီးဖြတ်ကူးရင်း ဒူဘိုင်းမြို့သစ် နဲ့ ဒူဘိုင်းမြို့ဟောင်း ကူးတဲ့နေရာလေး ရှိတယ်။ အဲဒီကိုလည်း ဒူဘိုင်းကို လာလည်တဲ့ ဧည့်သည်တွေ သွားလည်တတ်ကြပါတယ်။ အဲ့ဒီနားမှာပဲ ရှိတဲ့ Bastakiya ဆိုတဲ့မြို့နယ်ခေါ်မလား၊ အဲ့ဒီနေရာမှာ ဧည့်သည်တွေ ဒူဘိုင်းရဲ့ ယဉ်ကျေးမှုဓလေ့ကို လေ့လာနိုင်ဖို့ ဖန်တီးပေးထားတယ်။ ရှေးခေတ်က ဆောက်လုပ်ခဲ့တဲ့ လေအဝင်အထွက်တာဝါတွေပါရှိတဲ့ အဆောက်အဦးတွေ၊ ပန်းချီနဲ့ ဓါတ်ပုံပြခန်းတွေ၊ ပုံစံတူတည်ဆောက်ပြထားတဲ့ သဲကန္တာရထဲက အိမ်ငယ်တွေ၊ စားသောက်ဆိုင်တွေ ရှိနေတယ်။ ကျွန်တော်တို့လည်း တဲအိမ်ငယ်ထဲ ဝင်လေ့လာခဲ့တယ်။ ဒီဘက်ဒေသကလူတွေရဲ့ အရင်က နေထိုင်ပုံကို လူတွေနဲ့ပါ ပုံဖော်ပြထားသလို၊ သိမ်းငှက်နဲ့ ဓါတ်ပုံရိုက်တာမျိုး လုပ်နိုင်တယ်။ သူတို့ဆီလာလည်ရင် စွန်ပလွန်သီးခြောက်နဲ့ လက်ဖက်ရည်တွေ တည်ခင်းဧည့်ခံတတ်တယ်။ တဲအတွင်းဘက်မှာ ရတဲ့ အနံ့ကတော့ တစ်မျိုးကြီးပဲ။ ဆေးနံလိုလို တစ်မျိုးလေး ရနေတယ်။


Dubai Creek

အဲ့ဒီဘက်လေ့လာပြီးတာနဲ့ လှေဆိပ်ကို ဆင်းကြတယ်။ လှေဆိပ်မှာ လှေစီးဖို့အတွက် လက်မှတ်ရောင်းတဲ့ နေရာရှိတယ်။ အဲ့ဒီမှာ လက်မှတ်ဝယ်ပြီး လှေပေါ်တက်ကြတယ်။ လှေဝမ်းအလယ်မှာ စားပွဲလိုမျိုးကြီးထားပြီး လူတွေက အဲ့ဒီပေါ်မှာ ထိုင်ကြရတယ်။ တခြားဒေသတွေကလို လှေဘောင်ဘက်တွေမှာ ထိုင်ခုံမထားဘဲ လှေဝမ်းပိုင်းမှာ ထိုင်ခုံထားတာမို့လို့ အပြင်ကို မြင်နေရတာကလည်း တစ်မျိုး သဘောကျစရာပါ။ စင်ရော်ငှက်လေးတွေက အစာတောင်းရင်း လှေလေးတွေဘေးမှာ ပျံဝဲနေကြတယ်။ ချောင်းလေးက တကယ်တော့ သေးသေးရယ်။ လူလုပ်ချောင်းလေးဖြစ်မယ်။ ဟိုဘက်ခြမ်းမှာ အရင်ခေတ်က ဒူဘိုင်းရဲ့ အိမ်ပုံစံတွေ၊ ဒီဘက်ခြမ်းမှာ ခုခေတ်ရဲ့ အပြင်အဆင်တွေ ဒါတွေကို ဟိုဘက်ဒီဘက် မြင်တွေ့ရတာကလည်း စိတ်ဝင်စားစရာပါပဲ။ လှေက ၁၀ မိနစ်သာသာလောက်လေး စီးလိုက်ရတယ်။ ဟိုဘက် ဒူဘိုင်းမြို့ဟောင်းနေရာကို ရောက်တယ်။


လှေဆိပ်ကနေ တက်လိုက်တာနဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ စတွေ့ရတယ်။ ပြီးတော့ လူကူးမြင်းကျားလေးကနေ တစ်ဖက်မှာ ရှိနေတဲ့ ဈေးကို ကူးကြတယ်။ ဈေးထဲမှာတော့ ဒေသထွက် ကုလားအုတ်နို့ဆပ်ပြာတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေ အများဆုံးတွေ့ရပါတယ်။ ဖက်ရှင်ဆိုင်တွေလည်းတွေ့ရပေမဲ့ အများစုက ရိုးရာအဝတ်အထည်တွေ ရောင်းတာပါ။


Dubai City of Gold

အဲဒီဈေးလေးကို ဖြတ်ပြီး ၅ မိနစ်လောက် ဆက်လျှောက်ရင် နာမည်ကျော် ရွှေဈေးကြီး Dubai City of Gold ကို ရောက်ပါတယ်။ Old Baladiya လမ်းပေါ်မှာပါ။ ရွှေဆိုင်တွေချည်း ရှိတဲ့နေရာဖြစ်ပါတယ်။ ဒူဘိုင်းဟာ ရွှေထွက်တဲ့ ဒေသ မဟုတ်ပေမဲ့ ရွှေတွေကို ခုလိုရောင်းပေးတာကလည်း စိတ်ဝင်စားစရာပါ။ တရုတ်လူမျိုးတွေ အများစု လာဝယ်ကြတယ်လို့ သိရတယ်။ ကိုယ်တွေလို နိုင်ငံတွေမှာတောင် မတွေ့ရတဲ့ ရွှေအတုံးလိုက် အတစ်လိုက်တွေ၊ ဖက်ရှင်ထွင်ထားတာတွေ အမျိုးမျိုးကို ဒီမှာ တွေ့ရပါတယ်။ ဈေးကို ဝင်ဝင်ချင်း ထိပ်ဆုံးက ဆိုင်မှာတင် Guinness (ဂရင်းနစ်) စံချိန်ဝင်ထားတဲ့ ကမ္ဘာ့အလေးဆုံး ရွှေလက်စွပ်ကြီးကိုလည်း Guinness ကပေးတဲ့ ဆုတံဆိပ်နဲ့အတူ ပြသထားပါတယ်။


အခြားသွားသင့်တဲ့နေရာများ

ဒူဘိုင်းမှာ ခု ကျွန်တော်ပြောခဲ့တဲ့ နေရာလေးတွေအပြင် (ရှေ့က ရေးခဲ့ပြီးသားနေရာတွေပါ အပါအဝင်ပေါ့နော်) ထပ်ပြီး သွားလည်သင့်တဲ့ နေရာလေးတွေက

  • Dubai Gold Souk (ရွှေတွေ အတုံးလိုက် အတစ်လိုက် မမြင်ဘူးသမျှတွေ အံ့သြတကြီး မြင်ရမဲ့ ရွှေဈေးကြီးပေါ့။)

  • Dubai Dolphinarium (လင်းပိုင်လေးတွေရဲ့ ချစ်စရာပြကွက်လေးတွေကို မြင်ကြရမဲ့နေရာပါ။)

  • Wild Wadi Waterpark (စွန့်စားခန်းလေးတွေနဲ့ ရေဥယျာဉ်)

  • Ski Dubai (အပူပိုင်းဒေသမှာ နှင်းတွေနဲ့ Skiing လုပ်ချင်သူများအတွက် တကယ်ကို ရေခဲတောင်ပေါ်ရောက်သွားသလို ဖြစ်သွားမဲ့နေရာပေါ့။)

  • Burj Al Arab & Atlantis the Palm

  • Jumeirah Mosque

  • Mercato Themed Shopping Mall


ဒူဘိုင်း ခရီးစဉ်ဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို မေ့မရတဲ့ အတွေ့အကြုံကောင်းတွေ ပေးပါတယ်။ စာတော့ အရမ်းရှည်နေမယ်။ ဒါပေမဲ့ တကယ်ခရီးသွားရင် အထောက်အကူအများကြီး ရမယ်လို့ ယုံကြည်ပါတယ်။ UAE နိုင်ငံတွေထဲက ဒူဘိုင်း ဟာ ခရီးသွားဖို့ အတော်လေး ကောင်းတဲ့ ဒေသတစ်ခုအဖြစ် အမြဲတော့ အမှတ်ရနေဦးမှာပါ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Aung Zaw, Thiri, Thiha Lu Lin

Camera :: Samsung Galaxy Note 5, Yi Action Cam, Canon Digital Camera

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter