ဒူဘိုင်းက Dubai Miracle Garden ဥယျာဉ်
- Thiha Lu Lin

- Feb 19, 2017
- 2 min read
Updated: Mar 31, 2021
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကျွန်တော် ဒူဘိုင်းကို Emirates လေကြောင်းနဲ့ အလည်ရောက်ခဲ့ပါတယ်။ Emirates လေယာဉ်ရဲ့ ထူးခြားကောင်းမွန်တဲ့ Business Class ခုံတွေအကြောင်းလည်း ရေးဖြစ်ခဲ့တယ်။ ဒူဘိုင်းရဲ့ လည်ပတ်စရာတွေအကြောင်း ဆက်ရေးမယ်ဆိုပြီး အလုပ်တွေဆက်နေတာနဲ့ စာရေးတဲ့ဘက်ဆီ ခြေဦးမလှည့်နိုင်လို့ ပုံပြောသလိုတွေ ဖြစ်နေတယ်။ ခုတော့ ဒူဘိုင်းမြို့ကို လည်ပတ်ခဲ့တုန်းက စိတ်ထဲ မှတ်မှတ်ရရ ရှိနေတဲ့ Dubai Miracle Garden ပန်းဥယျာဉ်အကြောင်းလေး ရေးချင်လာတယ်။

ဒီ့မတိုင်ခင်က ပြင်ဦးလွင် ပန်းပွဲတော်ကို ရောက်ခဲ့တဲ့ ကျွန်တော့အတွက် ဒူဘိုင်းက ထူးခြားဆန်းပြား ပန်းဥယျာဉ်ကြီးက ရယ်စရာ ဖြစ်နေလိမ့်မယ်လို့ မသွားခင်က စဉ်းစားမိနေတယ်။ ရာသီဥတု၊ ရေ မြေ အနေအထားအရ ကျွန်တော်တို့ ပြင်ဦးလွင်က ပန်းပွဲတော်လောက် သူတို့က ဘယ်လိုယှဉ်နိုင်ပါ့မလဲလို့ ကိုယ့်ဘက်ကို အထင်ကြီးခဲ့သမျှ ပန်းခြံကို ရောက်သွားတဲ့အချိန် ပါးစပ်မပိတ်နိုင်အောင် ကင်မရာခလုတ် မရပ်နိုင်အောင် အံ့အားတသင့် မှတ်တမ်းတွေ တင်ခဲ့ရတာ ခုထိ ဘယ်မေ့မလဲ။ ကျွန်တော်တို့ရဲ့ ပန်းပွဲတော်ချိန်မှ လှတပတ ပြင်ဆင်မှုမျိုးကို သူတို့က အချိန်တိုင်း ထိန်းသိမ်းလုပ်ဆောင်ထားတယ်။ အပူချိန်ပြင်းတဲ့ဒေသမှာ ခုလို ပန်းရောင်စုံ လှလှပပ ပွင့်နေအောင် ခက်ခက်ခဲခဲ ရေပိုက်တွေ အချိန်ပြည့်ချပြီး လုပ်ဆောင်ပြထားတာ တကယ်ချီးကျူးမိတယ်။ ကျွန်တော်တို့ မြန်မာတွေ အားကုန်ကြိုးစားဖို့ အမီလိုက်ဖို့ လိုနေတယ်ဆိုတာ ခေါင်းထဲ တန်းဝင်လာတယ်။ ကိုယ့်မှာရှိနေတဲ့ ကောင်းမွန်တဲ့ ရေမြေရာသီဥတု အနေအထားကို ကျွန်တော်တို့ အလေးမထားတတ်ကြဘူး။ သူတို့လို ဒေသမျိုးမှာတောင် ဒါမျိုး ရောင်းစား၊ ပြစား နိုင်ရင် ကျွန်တော်တို့ဆီမှာ ပိုပြီး လုပ်ဆောင်နိုင်မယ် မဟုတ်ဘူးလားဗျာ။ အသည်းက တဆစ်ဆစ် ယားလာတယ်။ ကိုယ့်ကိုကိုယ်လည်း အားမရမှုတွေ ဖြစ်လာတယ်။ တကယ်ပါ။
ပန်းခြံကို ဝင်ဖို့ ဝင်ကြေးအနေနဲ့ လူကြီး - 40 AED နဲ့ ၃ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေး - 30 AED ပေးရပါတယ်။ မသန်မစွမ်းများနဲ့ ၂ နှစ်အောက် ကလေးငယ်များအတွက်ကိုတော့ အခမဲ့ ပါ။ ကောင်းလိုက်တဲ့ ဝန်ဆောင်မှု။ ဖွင့်ချိန်ကတော့ ကြားရက်တွေဆိုရင် မနက် ၉ - ည ၉ နဲ့ သောကြာ၊ စနေ နဲ့ ရုံးပိတ်ရက်တွေမှာတော့ မနက် ၉ - ည ၁၁ အထိ ပါ။ ဥယျာဉ်ကို ထိန်းသိမ်းတဲ့နေရာမှာလည်း အရမ်း ကောင်းပါတယ်။ နေရာတိုင်းနီးပါး လုံခြုံရေးဝန်ထမ်းတွေ ရှိနေတတ်ပြီး ပန်းတွေကို အတင်းကိုင်တာ၊ နှုတ်တာ၊ ခူးတာ၊ နင်းတာ လုံးဝ မရပါဘူး။ ဝီစီသံနဲ့အတူ ချက်ချင်း ရောက်လာပြီး သတိပေးတတ်ပါတယ်။ ဓါတ်ပုံရိုက်တဲ့သူတွေ အတော် သတိထားပြီး ရိုက်ကြရပါတယ်။ ထူးခြားတာတစ်ခု သတိပြုမိတာက ဥယျာဉ်ထဲက ပန်းပုပုံတွေ၊ ကားတွန်းတွေမှာ ပန်းသုံးဖို့ လိုအပ်မယ်ဆိုရင် ပန်းအစစ်တွေ၊ အပင်အစစ်တွေကိုပဲ အသုံးပြု ဖန်တီးထားတာပါ။ ဒါက ပြီးခဲ့တဲ့ ကျွန်တော်တို့ ပြင်ဦးလွင်ပန်းပွဲတော်နဲ့ အတော်လေး ကွာခြားသွားစေတယ်။ ကျွန်တော်တို့က အတော်များများမှာ ပန်းအတုတွေနဲ့ တန်ဆာဆင်ပစ်လိုက်တာ။ သူတို့က ပန်းအစစ်တွေကို အသုံးပြုလိုက်တာ။ ဒါလေးတွေ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်ထင်တယ်။
ဒီပန်းခြံလေးကို ဝင်လိုက်တာနဲ့ နိုင်ငံခြားသားအတော်များများကို သတိပြုမိတယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေ၊ သူတို့နိုင်ငံသားတွေလည်း လာကြတာတွေ့ပေမဲ့ ကျွန်တော်ရောက်တဲ့အချိန်မှာတော့ နည်းပါသေးတယ်။ ပန်းခြံထဲမှာ ပန်းရောင်စုံကို သူတို့မြို့ရဲ့ အထိမ်းအမှတ်၊ Landmark အမျိုးမျိုးနဲ့ ရောယှက်ပုံဖော်ထားတာ တွေ့ရတယ်။ လက်ရှိ သူတို့မြို့ရဲ့ အမြင့်ဆုံးအဆောက်အဦ အပါအဝင် ဒေါင်းပုံလေးတွေ၊ သူတို့မြို့ရဲ့ ဂုဏ်ဆောင် လေယာဉ်ကြီး Emirates ၊ ချစ်စရာ ဒစ်စနေးကာတွန်းကာရိုက်တာလေးတွေ၊ ငှက်ကုလားအုပ် စတဲ့ ချစ်စဖွယ်တိရစ္ဆာန်ပုံလေးတွေကို ပန်းပုအနုလက်ရာနဲ့ ပန်းပင် ပန်းပွင့် အစစ်တွေနဲ့ ဥယျာဉ်တစ်ခုလုံးကို အလှဆင်ထားတယ်။ အရောင်စုံဆိုတာမျိုးဖြစ်နေအောင် တစ်ချို့နေရာလေးတွေ (ဆိုပါတော့ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တန်းတွေ ရှိတဲ့နေရာတွေမှာ ထီးရောင်စုံကို အပေါ်မှာ တန်းလေးတွေဆွဲပြီး ချိတ်ထားတာမျိုးပေါ့)။
ပန်းပွင့်လေးတွေက အနံ့တော့ မမွှေးရှာဘူး။ ဒါက ကျွန်တော်ခံစားရတဲ့အတိုင်းအမှန်ပဲ။ ရောင်စုံပန်းတွေပွင့်ပြီး နေရာတိုင်းအမြင်အားဖြင့်လှနေပေမဲ့ အနံ့မှာတော့ မွှေးရနံ့တစ်ခုခုပေးပြီး လူကို မဆွဲဆောင်နိုင်ဘူး။ ဒါပေမဲ့ presentation ပိုင်းမှာ ကျွန်တော်တို့နိုင်ငံက ပန်းဥယျာဉ်တွေထက် သာပါတယ်။ ဒီပန်းခြံကို သွားရင် ဘောလုံးတို့၊ scooter နဲ့ စက်ဘီး၊ ပြီးတော့ အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်သွားလို့တော့ မရပါဘူး။ အမှိုက်ပစ်တာကအစ အရမ်းသတိထားပြီး အမှိုက်ပုံးထဲ ထည့်ရပါတယ်။ လုံခြုံရေးဝန်ထမ်းတွေရဲ့ တားမြစ်ချက်တွေကိုလည်း လိုက်နာရပါတယ်။ ပျက်စီးမှု တစ်စုံတရာဖြစ်ခဲ့ရင်လည်း အရေးယူဆောင်ရွက်မှုကို ကြည်ကြည်ဖြူဖြူလက်ခံရပါတယ်။ ဒါတွေကိုတော့ မသွားခင် သေချာပြင်ဆင် သတိချပ်သင့်တယ်။ သူတို့ဆီမှာ ဒီလောက် ဂရုပြုနေတယ်။ ကျွန်တော်တို့ဆီမှာလည်း ထပ်တူ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိတယ်။ စည်းကမ်းပေါ့လေ။ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်တယ်ဆိုတာ စကားပုံတစ်ခုအနေနဲ့ပဲ နားထောင်ခဲ့ပေမဲ့ လိုက်နာမှုနည်းပါးခဲ့လို့လား မသိ၊ ခုထိ သူများတွေကို အမီလိုက်နိုင်ဖို့ ရုန်းကန်နေရတဲ့ ကျွန်တော်တို့ဘဝပါ။
ပန်းခြံက သူ့ဇုန်လေးတွေနဲ့ သူရှိပါတယ်။ အဲ့ဒီ ဇုန်တွေအတွက် သီးသန့်ဝင်ကြေးလေးတွေလည်း ရှိနေတတ်တယ်။ လိပ်ပြာဥယျာဉ်ကလည်း အနားမှာ ကပ်လျက်ပဲ။ သွားရောက်လေ့လာသင့်တယ်။ ခုဆို Season 5 ဆိုတဲ့ ဇုန်အသစ်တစ်ခုကို ဖွင့်ထားပြီ။ ဒီဇုန်ကို လည်ဖို့က 40 AED ပေးရပါမယ်။ ကျွန်တော်တို့က ပန်းချစ်တဲ့လူမျိုးမို့ ခုလို အနုအရွ အလှအပ ရောင်စုံပန်းပွင့်တွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြင်ဆင်ပြသထားတာကို မြင်တာနဲ့ ဒီမှာပေးရတဲ့ ဝင်ကြေးတွေရဲ့ တန်ဖိုးဟာ ဘာမှဟုတ်တော့မှ မဟုတ်ဘူးလို့ ခံစားမိပါလိမ့်မယ်။ ခုလို ကန္တာရကြီးမှာတောင် ပန်းခြံအလှဆုံးဖန်တီးပြထားပေးတဲ့ သူတို့ရဲ့ လုပ်ဆောင်မှုအတွက် ဒီဝင်ကြေးဟာ တန်တယ်လို့ ကျွန်တော်တော့ မြင်မိတယ်။
ကျွန်တော် အသေအချာပြောရဲတယ်။ ဒူဘိုင်းကိုလာလို့ ဒီပန်းဥယျာဉ်လေးကိုရောက်ရင် ကိုယ့်ရဲ့ ဖေ့စ်ဘွတ်နဲ့ လူမှုကွန်ယက်တွေမှာ Like နဲ့ Share တွေ အများကြီးရမဲ့ ဓါတ်ပုံကောင်းတွေ တထောကြီးရိုက်တင်လို့ ဆုံးမှာမဟုတ်ဘူးဆိုတာပဲ။
Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden Dubai Miracle Garden
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
-03.png)





Comments