ဒူဘိုင်းမြို့ကိုရောက်ရင် မဖြစ်မနေသွားလည်သင့်တဲ့နေရာတွေထဲမှာ Desert Safari (ဆာဖာရီသဲကန္တာရ) လည်း ပါဝင်ပါတယ်။ မြို့ရဲ့မြင်လေရာရာမှာ သဲတွေ တွေ့နေရတာတောင် ငါတို့က ဘာလို့ သဲကန္တာရကို သွားကြည့်ရဦးမလဲလို့ တွေးကောင်းတွေးမိမယ်။ ဒါပေမဲ့ ဆာဖာရီသဲကန္တာရထဲမှာက သဲပေါ်ကားစီးရတဲ့ အရသာထူးကို ပေးစွမ်းနိုင်တယ်လေ။ ကိုယ်တိုင်ကားမောင်းစွန့်စားချင်သူတွေအတွက်လည်း လုပ်ဆောင်ပေးကြပါသေးတယ်။ ကျွန်တော်ကတော့ မောင်းနေကျလူတွေမောင်းတဲ့ ကားပေါ်မှာပဲ လိုက်စီးလိုက်ပါတယ်။ ဆာဖာရီသဲကန္တာရပေါ်မှာ ခရီးသွားဧည့်သည်တွေကို လည်ပတ်ပို့ဆောင်ခွင့်ရထားတဲ့ အေဂျင်စီ နှစ်ခုလောက်ပဲ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီထဲက Arabian Adventures အဖွဲ့က နာမည်ပိုကြီးနေတယ်လို့ သိရလို့ သူတို့နဲ့ ကန္တာရခရီးစဉ်ကို သွားခွင့်ရခဲ့တယ်။ ကားက 4 Wheels Drive Land Cruiser ကားတွေပါ။ ဒါမှလည်း အတော်ခရီးပေါက်တယ်လို့ တကယ်စီးကြည့်တော့ သိရပါတယ်။ ပုံမှန်အားဖြင့် မွန်းလွဲပိုင်းလောက်မှာမှ ခရီးစဉ် စတင်ပါတယ်။
သဲကန္တာရခရီးစဉ်ဆိုတာ သဲတွေကိုပဲ သွားကြည့်တာလား?
ဒီခရီးစဉ်ထဲမှာ ဒီအစီအစဉ်တွေပါဝင်ပါတယ်။
သဲကန္တာရထဲမှာ နေထိုင်ကျက်စားကြတဲ့ တိရစ္ဆာန်လေးတွေ ကြည့်ရမယ်။
လေ့ကျင့်ထားတဲ့ သိမ်းငှက်လေးတွေရဲ့ ပြကွက်တွေ ကြည့်ရမယ်။
သဲလမ်းပေါ် ရင်သိမ့်တုန် ကားစီးနိုင်မယ်။
သဲကန္တာရထဲက နေဝင်ချိန်ကို ခံစားကြည့်ရှုနိုင်မယ်။
ကုလားအုတ် စီးနိုင်မယ်။
သဲကန္တာရထဲမှာ ဒေသစာ ဘူဖေးညစာစားမယ်။
ရိုးရာ Belly အကကြည့်ရမယ်။
သဲပေါ်မှာ Skiing လုပ်ကြည့်နိုင်မယ်။
ရိုးရာဝတ်စုံတွေ ဝတ်ပြီး ဓါတ်ပုံရိုက်နိုင်မယ်။
ဟနားနဲ့ ယာယီတက်တူးထိုးနိုင်မယ်။
Shisha သုံးဆောင်နိုင်မယ်။
သဲကန္တာရခရီးစဉ်အတွက် ဘာတွေ ကြိုတင်ပြင်ဆင်မလဲ?
ခရီးကြမ်းဖြစ်လို့ ကားပေါ်မှာစီးနင်းချိန်တိုင်း ခါးပတ်ကို သေသေချာချာ ပတ်ဖို့လိုတယ်။ ကားမောင်းသူကလည်း အမြဲသတိပေးပါလိမ့်မယ်။
နားနေချိန်တွေမှာဆိုလည်း မောင်းလာနေတဲ့ ကားတွေနဲ့ ဝေးဝေးနေဖို့လိုပါတယ်။
တချို့ကားတွေက အမိုးမပါတဲ့ကားမျိုးဖြစ်လို့၊ ဒီလိုကားမျိုး ရွေးချယ်စီးနင်းတယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အထူးသဖြင့် လက်၊ ခြေ၊ ခေါင်းတို့ ကားအတွင်းမှာပဲ ရှိနေရပါမယ်။
ဘယ် တိရစ္ဆာန်နဲ့ အပင်တွေကိုမှ Tour Guide ရဲ့ ခွင့်ပြုချက်မရဘဲ မကိုင်တွယ်ရပါဘူး။ တိရစ္ဆာန်တွေက ရန်ပြုလာနိုင်သလို၊ အပင်တချို့ကလည်း အဆိပ်ရှိနေတတ်လို့ပါ။
တကယ်လို့ ကိုယ်လိုက်ပါစီးနင်းတဲ့ကား သဲကျွံတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် လမ်းညွှန်ရဲ့ ပြောကြားချက်ကို လိုက်နာပြီး နေထိုင်ပြုမူဖို့ လိုအပ်ပါတယ်။
တခါတလေ လေပြင်းနဲ့ ကြုံတွေ့နိုင်လို့ ဆင်ခြေလျောနေရာမျိုးတွေမှာ ကားရပ်ရင် ကားတံခါးကို သတိထားပြီး ဖွင့်/ပိတ်ဖို့ လိုပါတယ်။
ဆာဖာရီတွင်း သွားလာတဲ့ လမ်းကြောင်းက သတ်မှတ်ထားပြီး ဖြစ်လို့ ပြန်လည်ပြင်ဆင် မောင်းနှင်ပေးမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။
Campsite တွေမှာ နားနေတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့နေရာရဲ့ ပြင်ပကို ကျော်လွန်သွားလာလည်ပတ်တာမျိုး မလုပ်ရပါဘူး။
ဆာဖာရီတွင်းလိုက်ပါမဲ့ ဧည့်လမ်းညွှန်တွေကို ရှေးဦးသူနာပြုစုနည်းတွေ သင်တန်းပေးအပ်ထားပြီးဖြစ်တဲ့အပြင် အရေးပေါ်ဆေးသေတ္တာကိုလည်း ကားထဲမှာ ထည့်ပေးထားပြီး ဖြစ်ပါတယ်။
တကယ်လို့ သဲကန္တာရထဲ သွားလာနေတုန်း နေထိုင်မကောင်းဖြစ်တာမျိုး (ဆိုလိုတာက အတော်လေး မအီမသာဖြစ်တာမျိုး) ဖြစ်လာရင် ဧည့်လမ်းညွှန်ကို ချက်ချင်း အကြောင်းကြားပေးပါ။
ကုလားအုတ်စီးတဲ့အခါမှာလည်း လက်ကိုင်တန်းကို သေချာကိုင်စီးပြီး စီးနင်းနေစဉ်မှာ အစားအသောက်တွေ စားသောက်နေတာမျိုး မလုပ်ပါနဲ့။
သဲကန္တာရထဲမှာ တံတွေးထွေးတာ၊ ကွမ်းသွေးထွေးတာ စတဲ့ကိစ္စရပ်တွေကိုတော့ (ဒါက တစ်မြို့လုံးနီးပါးထုတ်ထားတဲ့စည်းကမ်းပါပဲ) လိုက်နာဖို့ အထူးလိုအပ်ပါတယ်။ ဒါဏ်ကြေးလည်း အရမ်းကြီးပါတယ်။
ပုဝါပါးလေးတွေ ယူသွားတာလည်း ကောင်းပါတယ်။ ဖုန်နဲ့ နေပူဒါဏ်ကို အထိုက်အလျောက်ကာကွယ်ပါတယ်။ အမျိုးသားတွေအတွက် ဦးထုပ်ပေါ့။ နေကာမျက်မှန်လည်း ယူလာဦးနော်။
ကားထဲမှာ အရက်ဘီယာသောက်တာကိုလည်း အတင်းအကျပ် ကန့်ကွက်ထားလို့ သတိထားကြပါ။
ရေကို ဝဝလင်လင် သောက်ထားပါ။ အသားအရေအတွက် Sun Cream တွေ Sun Block တွေ လိမ်းသင့်ပါတယ်။
အမှိုက်ကို လက်လွတ်စပယ် ပစ်လို့မရပါဘူး။ ကားပေါ်ကို အမှိုက်အိတ်ယူသွားရသလို၊ သတ်မှတ်ထားတဲ့နေရာမှာပဲ ပစ်ခွင့်ရှိပါတယ်။
ဓါတ်ပုံရိုက်တာကို ခွင့်ပြုပေမဲ့ သတိပြုရမှာက စစ်တပ်နဲ့ဆက်နွယ်နေတာတွေ၊ စစ်သား၊ လုံခြုံရေးကင်းတွေ နဲ့ ဒေသခံအမျိုးသမီးတွေကို ဓါတ်ပုံရိုက်ကူးတာကို လုံးဝ ရှောင်ကြဉ်ကြဖို့လိုပါတယ်။
ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ သဲကန္တာရခရီးစဉ် အမှတ်တရ
Dubai Desert ဖြစ်တဲ့ ဆာဖာရီသဲကန္တာရထဲကို အတော်လေး မောင်းနှင်ပြီး သွားရပါတယ်။ ခန့်မှန်းခြေ နှစ်နာရီလောက် မောင်းပြီးသွားရသလိုပါပဲ။ ဆာဖာရီသဲကန္တာရထဲ မဝင်ခင် 4 Wheels Drive ကားတွေအားလုံးဟာ သတ်မှတ်ထားတဲ့နေရာတစ်ခုမှ ကားဘီးတွေအားလုံးကို လေလျှော့ရပါတယ်။ ပြားအောင်ထိ လျှော့တာမဟုတ်ဘဲ၊ သဲထဲမှာ ရုန်းကန်ဖို့လုံလောက်တဲ့ပမာဏအထိ လျှော့ချရတာဖြစ်ပါတယ်။ အားလုံးပြီးတော့ ခရီးစထွက်ပါတယ်။ ခန့်မှန်းခြေ ၄၅ မိနစ်လောက် ခရီးစဉ်ရှည်လျားပါတယ်။
ကျွန်တော်ကတော့ ကလေးတစ်ယောက် မြင်မြင်ရာက အထူးအဆန်းပေါ့။ သစ်ပင်သစ်တောပေါများစိမ်းစိုတဲ့နိုင်ငံတစ်ခုက လာသူဖြစ်လို့ ခုလို လွင်တီးခေါင် သဲဝါဝါနဲ့ ကောင်းကင်ပြာပဲ မြင်ရတာ ကျွန်တော့အတွက် ဆန်းပါတယ်။ လမ်းမှာ သဲကန္တာရထဲ ကျက်စားလေ့ရှိတဲ့ ဦးချိုရှည်နဲ့ ဆိတ်လိုလို အကောင်တွေ တွေ့ပါတယ်။ မွေးထားပုံရတယ်။ အစာခွက်တွေတွေ့လို့လေ။ ဒီအထိ သဲထဲမှာ ကားမောင်းတာကလွဲရင် ဘာမှ မထူးခြားသေးဘူး။
ခဏကြာတော့ သဲကန္တာရထဲက အိုအေစစ်လို့ ဆိုနိုင်တဲ့ အပင်ပုလေးတွေနဲ့ စိမ်းစိုစို အရိပ်များများနေရာလေးတစ်ခုကို ရောက်တယ်။ ကျွန်တော်တို့ ကားပေါ်မှာက ကားမောင်းတဲ့ ဧည့်လမ်းညွှန်မပါဘဲ လူ ၅ ယောက် ပါတယ်။ အဲ့လိုပဲ တခြားသော ကားတွေမှာလည်း သူ့အဖွဲ့နဲ့သူ လာကြတယ်။ ကားတွေအားလုံး ဒီနေရာမှာ ခဏရပ်တော့ ကျွန်တော်တို့လည်း အူလည်လည်နဲ့ ဆင်းကြည့်ကြပါတယ်။ အဆက်မပြတ် လော်ကြီးကိုင်ပြီး ကြေညာနေတာတော့ သဲ့သဲ့ကြားရတယ်။ သိပ်မလှမ်းမကမ်းမှာ ကုလားအုတ်နှစ်ကောင်ကို ပါးစပ်ကို ပိတ်စည်းထားပြီး ထိုင်ချခိုင်းထားတာတွေ့ရတယ်။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ဝင်ခိုင်းပြီး ဓါတ်ပုံတွေ ရိုက်ခိုင်းတယ်။ ဒီတော့ ဒီလူက သိလိုက်ပြီလေ။ ပြီးရင် ဓါတ်ပုံထုတ်မလားဆိုပြီး ပိုက်ဆံယူတော့မှာကိုး။ ဒါပေမဲ့လည်း ရောက်တုန်းရောက်ခိုက် အမှတ်တရလေဆိုပြီး ရိုက်ဖို့ ဓါတ်ပုံယူဖို့ နောက်ဆုံးတော့ စဉ်းစားရတာပါပဲ။ ဒီကနေ ပြန်ထွက်ရင် နားစရာနေရာ မရှိတော့လို့ ဒီနေရာမှာပဲ အိမ်သာ သွားကြဖို့ တိုက်တွန်းတယ်။ ဒါနဲ့ ကျွန်တော်လည်း အပေါ့လေး ဘာလေး သွားထားရအောင်ဆိုပြီး သူတို့ အိမ်သာဆီသို့လို့ ညွှန်ထားတဲ့နေရာကို သဲထဲမှာ အတော်လေး ရုန်းရင်း သွားလိုက်ရတယ်။ ရောက်တော့ အိမ်သာက ချစ်ဖို့ကောင်းနေတာ။ ထရံလိုလိုဟာလေးတွေနဲ့ ကာထားတယ်။ ယောကျ်ားလေး မိန်းကလေး အိမ်သာနှစ်ခြမ်းခွဲထားပေမဲ့ အသံတွေက ကြားနေရတယ်။ ဘေးက ရည်းစားနှစ်ယောက်ဆို ဟိုဘက် ဒီဘက်ကို စနောက်ပြီး ခေါ်ပြော ရယ်နေကြတော့ ကျွန်တော်ပါ အလိုလို ပျော်လာတယ်။ ထရံလိုမျိုးအိမ်သာပေမဲ့နော် အတွင်းမှာက အသေအချာလုပ်ထားတာဗျား။ ဘိုထိုင်နဲ့ မက်တပ်ခွက်တွေနဲ့ အဆင်ကိုပြေလို့။ လက်ဆေးကန်တွေ၊ ဆပ်ပြာတွေလည်း စုံစုံရှိတာ။
အိမ်သာကအထွက် ဟိုနားဒီနား သဲကမူပေါ်တွေ တက်ကြည့်တယ်။ ဓါတ်ပုံလျှောက်ရိုက်တယ်။ ခဏကြာတော့ ထိုင်ခုံလေးတွေကို ကွေးကွေးကျယ်ကျယ်လေး စီစဉ်ပေးထားတဲ့နေရာကနေ ပွဲစတော့မယ်လို့ ကြေညာတာကြားလိုက်ရတယ်။ ဘာများပြမလဲ အပြေးအလွှားသွားထိုင်ကြည့်တော့ လေ့ကျင့်ပေးထားတဲ့ သိမ်းငှက်လိမ္မာလေးတစ်ကောင်ကို ဟိုခိုင်း ဒီခိုင်း လုပ်ပြနေတာ။ ဟာသပုံစံလေးဖြစ်အောင် တင်ဆက်သူက လုပ်ပြသွားတယ်။ သိမ်းငှက်လေးက အဝေးကြီးပျံပြ၊ ချက်ချင်းလာပြ၊ ပစ္စည်းလေးတွေယူပြ နဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။ ပူတော့ပူတယ်။ ဒါပေမဲ့ လေတိုက်နေလို့ နည်းနည်းနေလို့အဆင်ပြေတယ်။ ပွဲလေးက ၁၀ မိနစ်တောင် မကြာဘူး ပြီးသွားတယ်။ ပြီးသွားတော့ သိမ်းငှက်နဲ့ ဓါတ်ပုံရိုက်ချင်သူတွေ ရိုက်လို့ရအောင် စီစဉ်ပေးတယ်။ ထုံးစံအတိုင်း ပိုက်ဆံလည်း ကောက်တယ်ပေါ့နော်။ ကျွန်တော်က ခုထိ ငှက်ဆိုရင် စာကလေးကိုတောင် ကြောက်လို့ (ဘာဖြစ်မှန်းမသိဘူး ငယ်ငယ်ကတည်းကပဲ) သွားမရိုက်ဖြစ်ပါဘူး။
ပွဲလေးပြီးတာနဲ့ ကိုယ့်ကားပေါ်ကိုယ်အမြန်တက်ပြီး... ကဲ ဒီမှာတင် ဇာတ်ကြမ်းကား စရိုက်ရပါတော့တယ်။
တကယ်ကို ကျွန်တော်လေ ဆာဖာရီထဲသွားတာ အဲ့လိုကားတွေမောင်းတယ်လို့ ခေါင်းထဲ ကြိုမတွေးမိထားတာ။ ကားရဲ့ ပထမတန်းမှာ ကားမောင်းသူနဲ့ ဘေးမှာ ကျွန်တော်တို့အဖွဲ့က မောင်အောင်ဇော် ထိုင်တယ်။ အလယ်တန်းမှာက ထင်ထင် နဲ့ သီရိ တို့ထိုင်ကြတယ်။ ကိုဟံသာ နဲ့ ကျွန်တော်တို့က နောက်ဆုံးတန်းထိုင်ရတော့ ရှေ့ကို ကျွန်တော်က သိပ်မကြည့်မိဘူး။ သဲကန္တာရထဲ ဘာမြင်ရမလဲဆိုပြီး ဘေးကိုပဲ ကြည့်နေမိတော့ ရုတ်တရက်ကြီး ကားက ခြောက်ကမ်းပါးကနေ တည့်တည့်ထိုးဆင်းကျသွားတဲ့ ခံစားမှုမျိုး ရလိုက်တော့ လူက လန့်အော်မိတာ အကျယ်ကြီးပဲ။ ကစားကွင်းတွေမှာ ရိုလာကိုစတာ မစီးရဲလို့ စီးလေ့မရှိတဲ့ကျွန်တော်က ခုတော့ သဲကန္တာရထဲမှာ စီးနေရပြီ။ သဲကန္တာရထဲက သဲတောင်ကြီးတွေပေါ် ချက်ချင်းတက် ချက်ချင်းဆင်းနဲ့ တစ်ချိန်လုံး စိတ်တွေလှုပ်ရှား ထိတ်လန့်ရတဲ့ အရသာမျိုးကို ပေးနေတယ်။ မျက်စိထဲမှာ သဲပြင်ကြီး ရုတ်တရက်ပျောက်သွားလိုက်၊ ကားကြီး တည့်တည့်ထိုးဆင်းသွားတာကို မြင်ပြီး ဖြစ်ပါ့မလားဆိုတဲ့ ကြောက်ရွံ့စိတ်တွေက ၁၀ မိနစ်လောက် ဆက်တိုက်ခံစားရတယ်။ ၁၀ မိနစ်လည်းကျော်ရော ဒီကိစ္စကြီးက ရိုးအီလာပြီး ခေါင်းတွေမူးနောက် အန်ထွက်ချင်စိတ်တွေပေါ်လာလို့ မနည်းစိတ်ထိန်းထားရတယ်။ ခါးပတ်တွေများ မပတ်ထားမိရင် ကားထဲမယ် ဇီးသီးလှိမ့်သလို ဖြစ်နေတော့မယ်။ ကားဆရာကို မနည်းတောင်းပန်ရတယ်။ တခြားလမ်းရှိရင်သွားပါလား ငါတို့ မူးလာလို့ပါဆိုတော့။ အားတက်စရာပြန်ပြောတယ်။ ဒီလမ်းကပဲ သွားကြရတယ်တဲ့။
ဒီဒုက္ခကို အချိန်အတော်ကြာလေး သည်းခံလိုက်တဲ့နောက်မှာ ကားခဏနားတဲ့နေရာကို ရောက်လာပါတယ်။ ရောက်ပြီလားလို့ ပြာပြာသလဲ ကျွန်တော်ကမေးတော့... မရောက်သေးဘူး ခဏနားတာဆိုပဲ။ ကျွန်တော်လည်း အီလည်လည်နဲ့ အမူးအမောပြေအောင် ဓါတ်ပုံတွေထွက်ရိုက်ရတယ်။ ကျွန်တော်တို့ကားရဲ့ ရှေ့က ထွက်သွားတဲ့ ကားတွေ၊ နောက်ကလာတဲ့ကားတွောအားလုံးလည်း ဒီသဲဆင်ခြေလျှောလေးမှာ ခဏနားကြတယ်။ ဓါတ်ပုံရိုက်ကြတယ်။ အချိန်ခဏဖြုန်းပါတယ်။ စိတ်ထဲမှာ ထင်တာက ဒီနေရာမှာ တစ်ခါတည်း နေဝင်ချိန်ကို ကြည့်မလားပေါ့။ ခဏနေတော့ အားလုံး ကားပေါ်ပြန်တက်ခိုင်းပြီး ခရီးဆက်မယ်ပြောတယ်။ အဲဒီချိန်မှာ ကားတစ်စီးက သဲကျွံနေလို့ အတော်လေး ရုန်းကန်ပြန်တက်နေတာကို တွေ့လိုက်ရတယ်။ အဲ့ဒီချိန်ကျမှ ဒီလိုမျိုး သဲကျွံတာတွေလည်း ဖြစ်တတ်ပါလားလို့ သိသွားပြီး နည်းနည်းလန့်သွားတယ်။ သဲကျွံနေတဲ့ကားက ကားဘီးလေးခုစလုံးကို စတီရင်တိုင်အဆုံးကွေ့ချပြီး ရုန်းတက်နိုင်ဖို့ ကြိုးစားနေတယ်။ နောက်ထပ် ကားတစ်စီးကလည်း ကူညီပေးဖို့ အသင့်စောင့်နေတယ်။ ခရီးသွားဧည့်သည်တွေကတော့ ဘေးနားလေးမှာ ငေးကြည့်ရင်း သူတို့ကားပြန်တက်လာဖို့ ရင်မောစွာ စောင့်နေကြလေရဲ့။
ကားမောင်းတဲ့ လမ်းညွှန်ပြောတာကတော့ သူတို့က သွားနေကျလမ်းက ခွဲထွက်ရင် သဲကန္တာရထဲ မျက်စိလည်သွားနိုင်တယ်တဲ့။ ဖြစ်နိုင်တယ်။ ခုလည်း သူတို့က နောက်တစ်နေရာမှာ နေဝင်ချိန် ကြည့်မယ်ဆိုပြီး မောင်းနေတာ ကျွန်တော့အတွက်တော့ ဒီနေရာတွေချည်း ပြန်သွားနေသလိုပဲ။ သဲတောင်ကြီးတွေပေါ် တက်တယ်။ ဇောက်ထိုးကြီးတွေ ပြန်ဆင်းတယ်။ ပြန်တက်တယ်။ ကားကို ဘယ်ကွေ့ ညာကွေ့မောင်းတယ်။ မြင်နေရတဲ့ မြင်ကွင်းတွေက ဆင်တူတွေချည်းပဲ။ ခဏကြာတော့ သဲကုန်းတန်းလေး နှစ်ခု ရှေ့ဆင့်နောက်ဆင့် ရှိနေတဲ့ နေရာတစ်ခုမှာ ကားတွေအားလုံး ခေါင်းထိုးကြတယ်။ ကျွန်တော်တို့လည်း ဆင်းပြီး သဲကုန်းတွေပေါ်တက်လို့ နေဝင်ချိန်ကို စောင့်ကြည့်ကြတယ်။ တချို့တွေကျတော့ ရှေ့ဘက်က သဲကုန်းတစ်ခုကို ထပ်သွားကြည့်တယ်။ ကျွန်တော်တို့လည်း လိုက်ကြည့်မိတယ်။ ဒီခရီးစဉ်ကိုလာတာ ဒေသခံတွေထက် ဧည့်သည်တွေပဲများလို့ ဘေးမှာ တရုတ်၊ ကိုးရီးယား၊ ဂျပန်၊ ပြီးတော့ လူဖြူတွေ၊ မြန်မာကတော့ ခပ်ရှားရှားပဲထင်တယ်။ ကျွန်တော့ဘေးမှာ ထိုင်နေတဲ့ လူဖြူစုံတွဲကတော့ နေဝင်ချိန်ကို ရိုမန်တစ် ဆန်ဆန် ကြည့်ကြည်နူးနေကြတာ ကိုယ်တော် ဘယ်သူ့လွမ်းမှန်းမသိလွမ်းလာတယ်။ နေကလည်း ၆ နာရီခွဲလောက်ထိ မဝင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့ဘဝမှာ သဲကန္တာရထဲက နေဝင်ချိန်ကို မြင်ဖူးသွားခဲ့တဲ့ အမှတ်တရတစ်ခု တိုးသွားပြီပေါ့လေ။
သဲကန္တာရထဲမှာ နေဝင်တာ၊ အလင်းနည်းသွားတာ အတော်နောက်ကျတာပဲ။ ကျွန်တော်တို့ ညစာစားဖို့နားမဲ့ Campsite ကိုရောက်တော့ ၇ နာရီလောက် ရှိနေပေမဲ့ အလင်းလေးက ကျန်သေးတယ်။ Campsite ရဲ့ အဝင်မှာ ကုလားအုတ်တွေ ၁၅ ကောင်လောက်ရှိမယ် တန်းစီထိုင်နေကြတယ်။ ကျွန်တော်တို့ ခရီးသွားကားတွေလည်း ဘေးဘက်က ကားပါကင်မှာ အသီးသီးထိုးပြီးတာနဲ့ စောစောက ကုလားအုတ်တွေကို စီးဖို့အတွက် လူတွေအပြေးအလွှားသွားတန်းစီကြတာတွေ့ရတယ်။ ဒီနေရာမှာ ချစ်စရာကောင်းတာက သဲကန္တာရကြီးပေါ်မှာ ဘာတန်းထိုးထားတာမှ မရှိဘဲ။ ခရီးသွားဧည့်သည်တွေက စနစ်တကျ ကျော်မတက်ဘဲ တန်းစီနေကြတာကိုပါ။ ခရီးစဉ်အစတုန်းကတော့ ကုလားအုတ်ကို အကြာကြီးစီးရမယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းစီးရတော့ ဒီအဝန်းအဝိုင်းလေး တစ်ခုမှာ ပတ်ပေးနေတာပါ။ ၁ မိနစ်လောက်ပဲ ကြာမယ်ထင်ပါတယ်။ ကုလားအုတ်စီးတဲ့အခါ သူ့ထိုင်နေတုန်းကျောပေါ်တက်တော့ အတော်လေး ရင်ခုန်မိတယ်။ တစ်ကောင်မှာ နှစ်ယောက် စီးကြတာ များတယ်။ နှစ်ယောက်ထိုင်ပြီးတာနဲ့ ကုလားအုတ်ကို ထခိုင်းတော့မှ ကျွန်တော့မှာ ကြောက်လိုက်တာ။ အတော်မြင့်သား။ ရှေ့ခြေထောက်အရင်ထတော့ ကျွန်တော့မှာ ပက်လက်ကြီး နောက်ကို လန်ကျတော့မလိုဖြစ်သွားသေးတယ်။ ကျွန်တော်က ကုလားအုတ်ဖင်နေရာမှာ စီးရတော့ သူဖင်လှုပ်လျှောက်တာ ကိုယ်လျှောက်နေသလိုပဲ လှုပ်စိလှုပ်စိနဲ့ ရယ်ရတယ်။ တစ်ပတ်ပြည့်လို့ ရောက်လည်းရောက်ရော ကုလားအုတ်ကို ဒူးပြန်ကွေးခိုင်းတယ်။ တိရစ္ဆာန်ဆိုတော့ တခါတလေလည်း ပေကပ်ကပ်နဲ့လေ။ မထောက်ချင်ထောက်ချင်နဲ့ထောက်တယ်။ ရှေ့ခြောက်ထောက်အရင်ထောင်တော့ လူက ရှေ့ကို ငိုက်ကျပြီး ပစ်ကျသွားသလဲ မှတ်ရတယ်။ ပြီးတော့မှာ နောက်ခြေထောက်ချတယ်။ ကဲ ဒါလည်း အမှတ်တရပဲလေနော်။
ဒါပြီးတော့မှ Campsite ထဲဝင်ကြည့်တယ်။ Campsite ထဲမှာ ထုံးစံအတိုင်း အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေ၊ သိမ်းငှက်နဲ့ ဓါတ်ပုံတွဲရိုက်ချင်သူတွေအတွက် လုပ်ထားတဲ့နေရာတွေ၊ ရိုးရာဝတ်စုံဝတ်ပြီး ဓါတ်ပုံရိုက်နိုင်တဲ့ စတူဒီယိုတွေ ရှိနေတယ်။ ဓါတ်ပုံတော့ ရိုက်ကောင်းတိုင်း မရိုက်လိုက်နဲ့နော်။ ကျွန်တော့မှာ အမှတ်တရဖြစ်ချင်လို့ဆိုပြီး သူတို့အဝတ်အစားနဲ့ ဓါတ်ပုံစတူဒီယိုထဲ သွားရိုက်မိလိုက်တာ မြန်မာငွေ ၂ သိန်းကျော်ပေးလိုက်ရတယ်။ ဓါတ်ပုံ ၁၀ ပုံလောက် နဲ့ Stick တစ်ချောင်းပေးတယ်။ ခရီးစဉ်ရဲ့ Package ထဲမှာ ဒီဟာတွေက မပါဘူးလေ။ ကျွန်တော်တို့အဖွဲ့လည်း ကိုယ့်စားပွဲလေးကိုယ်ယူပြီး ဟိုဟိုဒီဒီ လူတွေကို ငေးကြည့်ကြ၊ ဓါတ်ပုံရိုက်ကြလုပ်တယ်။ အဲ့ဒီချိန်မှာ ဘီယာ၊ ဝိုင်၊ အအေးတွေ စပြီး တိုက်နေပြီ။ ဒါလေးတစ်ခုတော့ကောင်းတယ်။ ဒီမှာ Free Flow သောက်လို့ရတော့ အားပါးတရ အလုအယက်ကို သောက်ကြတာပေါ့။ ဒူဘိုင်းလိုနေရာမှာ ဒါက ရွှေလေ။ အဆာပြေ Snack လေးတွေ (တကယ်က အမြည်းပေါ့) စ ကျွေးပြီ။ Campsite ရဲ့ တစ်ဘက်မှာ Hanna (ဟနား) နဲ့ လက်တို့၊ လည်ပင်းတို့မှာ တက်တူးအတု ပုံဆွဲသူတွေကလည်း တန်းစီနေကြတယ်။ လုပ်ပေးရတဲ့သူများတော့ ဆွဲပေးရသူလည်း မနိုင်တော့ဘူး ထင်ရဲ့။ လက်ရာတွေက ကလေးပန်းချီသာသာတွေ ဖြစ်လာတယ်။ တစ်ဘက်ခြမ်းမှာတော့ သီးသန့်နေရာလေးတစ်ခုမှာ လူတွေ သူ့အဖွဲ့နဲ့သူ Shisha သုံးနေကြတယ်။ ကျွန်တော်တို့လည်း ပြန်ခါနီးလေးတော့ တစ်အိုး သွားရှူခဲ့ကြသေး။ Flavor ကတော့ ရွေးခွင့်မရှိ။ တစ်မျိုးတည်းပဲ။ ရောက်ပြီး သိပ်မကြာခင်ဘဲ ဖျော်ဖြေရေးအစီအစဉ်စတယ်။ ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကောင်မလေးတစ်ယောက် ခါးလေး၊ ဗိုက်ကလေး လှုပ်ပြီး ကပြသွားတယ်ပေါ့။ ပိုပြီးဖြစ်စေချင်တာက တီးတဲ့သူတွေနဲ့ မြေဝိုင်းအကလို မြိုင်စေချင်တာ။ ခုကျတော့ ကော်ဇောနီကြီးပေါ်မှာ ဘေးက မီးတိုင်လေးတွေကြား သူတစ်ယောက်တည်း စပီကာကလာတဲ့သီချင်းနဲ့ ဒွန့်နေတယ်လေ။ ဖျော်ဖြေရေးက ဆယ်မိနစ်လောက်ပဲ။ သူလေးလည်း ကပြီးရော ညစာဘူဖေးစားဖို့ ဆော်သြပါတယ်။ အပြေးလေး သွားယူကြတယ်။ ဒေသစာလေးတွေ စားရတာ အရမ်းကောင်းပါတယ်။ သိုးသားကင် က သူတို့လုပ်ပေးတာ မညှီပဲ စားလို့ကောင်းတယ်။ တကယ်လို့များ အဲ့ကို လည်ဖြစ်ခဲ့ရင် စားကောင်းတာလေးတွေ ဈေးကြီးတာလေးတွေ ရွေးစားလှည့်။ ပြီးရင် ဦးအောင် များများကြိုယူထား။ ဘူဖေးသာပြောတယ်။ ခဏနေတော့ ကုန်ပြီတဲ့။ ဒီဟင်းကတော့ ထပ်မဖြည့်တော့ပါဘူးဆိုပဲ။ စကားမစပ် အဲ့မှာ ဘီယာ၊ ဝိုင်သောက်ရင် မြန်မာလေးတွေက ညှက်တော့ အသက်အတည်ပြုချက် မေးပါလိမ့်မယ်နော်။ သူတို့က အဲ့ဒါ အရမ်းဂရုစိုက်ကြတယ်။
သိပ်အချိန်မဖြုန်းဘဲ ည ၈ နာရီခွဲလောက်လည်းကျ မီးစက်ငြိမ်းလိုက်တာမျိုးနဲ့ Campsite ကနေ ယဉ်ယဉ်ကျေးကျေး နှင်ထုတ်ပါလိမ့်မယ်။ အဲ့ကျတော့ ကိုယ်တွေလည်း အထာသိပြီး ကားပေါ်ပြန်ပြေးတက်တယ်။ လူလည်း အတော်ကောင်းနေပြီ။ ကားပေါ်ရောက်တော့ သတိရသွားပြီး လာတဲ့လမ်းအတိုင်း ပြန်မောင်းမလား မေးမိတယ်။ တော်သေးရဲ့ အပြန်လမ်းက သက်သက်ပါတဲ့။ အပြန်လမ်းမှာတော့ လာတုန်းကလို တက်လိုက်ဆင်းလိုက်မဟုတ်တော့ဘူး။ လမ်းတဖြောင့်တည်း ငြိမ့်ငြိမ့်လေး သွားရတယ်။ အချိန်တစ်ခုတော့ ပေးပြီး ဆာဖာရီထဲကနေ ပြန်ထွက်ရပါတယ်။ ဒီတစ်ခုလုံးထဲကမထွက်ခင် အဝင်တုန်းက ခဏရပ်ပြီး ကားဘီးလေလျှော့ခဲ့တဲ့နေရာမှာ ကားပြန်ရပ်လို့ လေပြန်ထိုးရပါတယ်။ ပြီးမှ မြို့ထဲကို ပြန်ဝင်ကြရတယ်။ မြို့ထဲကိုလည်း တမေ့တမောပြန်လာရတာမို့ လူက လမ်းမှာ အတော် အိပ်ငိုက်တယ်။ သွားထားလာထား သောက်ထားစားထားတော့ ဇိမ်ရစ်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဈေးကြီးတဲ့ခရီးစဉ်တစ်ခုဖြစ်ပေမဲ့ တန်တယ်လို့ ကျွန်တော်တော့ ယူဆမိပါတယ်။
ဒူဘိုင်းရောက်ရင် ဒီ Desert Safari ကိုလည်း မဖြစ်မနေ အရောက်သွားလှည့်ဖို့ တိုက်တွန်းပါရစေ။ ဒူဘိုင်းကို သွားမယ်ဆိုရင်လည်း Emirates လေကြောင်းလိုင်းနဲ့ဆို အတော်လေး အဆင်ပြေချောမွေ့ပါတယ်။ ပေးရတဲ့ဈေးနဲ့ လေယာဉ်ပေါ်မှာ ပြန်ရတဲ့ ဝန်ဆောင်မှုက ကိုက်ညီပါတယ်လို့။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
Comments