ဘန်ကောက်က အိမ်မွေးတိရစ္ဆာန်တွေခေါ်သွားလို့ရတဲ့ ဘား အသစ်
- Thiha Lu Lin
- Nov 25, 2022
- 1 min read
ဘန်ကောက်မှာ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တချို့မှာ အိမ်မွေးတိရစ္ဆာန်တွေပါ ခေါ်လာလို့ရအောင် စီစဉ်ထားကြပြီး ဘား မှာပါ ခေါ်ဆောင်လို့ ကော့တေးလ်ကောင်းကောင်းသောက်ချင်သူတွေအတွက် ရှိလာပြီဖြစ်ပါတယ်။ ဘန်ကောက်ရဲ့ နာမည်ရ အမျိုးသမီး Bartender ဖြစ်သူ Suwincha Chacha Singsuwan က တည်ထောင်တာဖြစ်ပြီး Pop up Bar ပုံစံနဲ့ စီစဉ်ဖွင့်လှစ်တာ ဖြစ်ပါတယ်။

လူဦးရေ ၂၄ ဦး ဆန့်တဲ့ ဒီနေရာမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ ခေါ်ဆောင်လာလို့ ရပြီး အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ပိုင်ရှင်တွေက ကိုယ့်ကလေးရဲ့ အညစ်အကြေးတွေကို ကိုယ်တိုင် သန့်စင်ပြီး ပြန်ကြရမှာဖြစ်သလို၊ အသံအရမ်းဆူညံတာမျိုး လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ အိမ်မှာချစ်လို့မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်အများစုကို ခေါ်ဆောင်ခွင့်ပြုထားပြီး မြွေကိုတော့ လက်မခံဘူးလို့ သိရပါတယ်။ ဒီ ဘား က Rama 4 လမ်းမကြီးပေါ် 33/1 Spi Farmwattana မှာ တည်ရှိပါတယ်။

Pet Friendly Pop up Bar ကို ၂၀၂၂ နိုဝင်ဘာလ ၁၇ ရက်နေ့ ဒီနေရာလေးမှာ စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ဖေဖော်ဝါရီလ ထိ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဘားကို အင်္ဂါနေ့ ကနေ စနေနေ့ အထိ ညနေ ၆ နာရီကနေ ညနက်ပိုင်းအထိ ဖွင့်လှစ်နေပါတယ်။ ကော့တေးလ် မီနူးများကိုလည်း နှစ်ပတ်တစ်ခါ အသစ်ထည့်သွင်း ဖန်တီးပေးနေပြီး ဆိုင်ရဲ့လူကြိုက်များ တမူထူးလက်ရာ ကော့တေးလ် ၅ မျိုး ကိုတော့ တစ်ခွက် ဘတ် ၃၅၀ နဲ့ ရောင်းချပေးနေပြီး ပုံမှန်ကော့တေးလ်တွေကတော့ တစ်ခွက် ဘတ် ၁၅၀ - ၂၅၀ ဆိုပြီးရောင်းချပါတယ်။ ဆိုင်နာမည်ကို Suwincha Singsuwan လို့လည်းသိကြသလို Cha Cha's Bar ဆိုပြီးလည်း သိကြပါတယ်။ ဒီက ရောင်းချရတဲ့အမြတ်ငွေတချို့ကိုလည်း Soi Dog Foundation ဆိုတဲ့ ခွေးဂေဟာ တစ်ခုကိုလှူဒါန်းသွားမှာလို့ သိရပါတယ်။
Comentarii