Search
  • Thiha Lu Lin

ခရီးသွားတွေ မသိသေးတဲ့ ဘော်လခဲ

Updated: Sep 11


ဘော်လခဲ (တချို့ကလည်း ဘောလခဲ) ဆိုတဲ့ ကယားပြည်နယ်က အထင်ကရရုံးစိုက်ရာမြို့လေးကို ကျွန်တော်ရောက်ဖြစ်တော့ ဒီနယ်ဝန်းကျင်မှာလည်း ခရီးသွားတွေ စူးစမ်းထိုးဖောက် လေ့လာနိုင်မဲ့ ယဉ်ကျေးမှုရှေးဟောင်းအဆောက်အဦးတွေနဲ့ သမိုင်းကြောင်းတွေ ရှိနေတယ်ဆိုတာ မထင်မှတ်ဘဲ သိလိုက်ရတယ်။ သွားလာရခက်ခဲဝေးလံပေမဲ့ အဲ့ဒီနေရာတွေဆီကို အရောက်သွားဖြစ်ခဲ့တယ်။ တော်ရုံ စိတ်ရှည်မှုမျိုးနဲ့တော့ ဒီဘက် ခရီးသွားဖို့ သိပ်မဖြစ်နိုင်ဘူး။ ရှာဖွေစူးစမ်း ခရီးသွားရတာမျိုးကို ကြိုက်တဲ့သူတွေနဲ့ ပိုကိုက်တယ်လို့ ဆိုရပါမယ်။ ဒီ ဘော်လခဲ ခရီးစဉ်လေးမှာ ကျွန်တော်က ဘော်လခဲမြို့ပေါ်ထက် ဘော်လခဲနယ်ထဲက တခြားမြို့နဲ့ရွာတွေဆီကို ခရီးနှင်သမျှလေးတွေ ဝေမျှပေးချင်တာပါ။


ဘော်လခဲ ဆိုတာ

ကယားပြည်နယ် ထဲက တိတ်တိတ်ဆိတ်ဆိတ် ရှိလှတဲ့ ရုံးစိုက်မြို့လေးပါ။ ရုံးပေါင်းစုံ ရှိပေမဲ့ စည်စည်ကားကား ဆူဆူညံညံ မရှိဘဲ အမြဲ အေးချမ်းနေသလိုဖြစ်နေတဲ့ မြို့လေးလို့ ဆိုချင်ပါတယ်။ ဒီနယ်ဝန်းကျင်မှာ ကယားလူမျိုးတွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ ယင်းတလဲလူမျိုးတွေလည်း နေထိုင်ကြပါသေးတယ်။ သူတို့ရွာတွေဆီလည်း ခရီးနှင်သင့်တယ်လို့ ကျွန်တော် ယူဆမိတယ်။ တခြား ကယားပြည်နယ်ထဲက မြို့တွေထက် ဗုဒ္ဓဘာသာ နဲ့ နတ်ကိုးကွယ်သူတွေ ပိုများတယ်လို့ ထင်မြင်မိပါတယ်။ စော်ဘွားခေတ်ကို ဖြတ်သန်းခဲ့ရတာမို့ ဟော် လိုမျိုးတွေ ရှိခဲ့ပေမဲ့ ခုတော့ ပျက်စီးယိုယွင်းနေပါပြီ။ ပထမဆုံး စတင်တည်ထောင်သူဆိုရင်တော့ ပထမ ဖဘန့်မင်း (ဖိုးဘျား) စော်ဘွားကြီး လို့ မှတ်သားရပါတယ်။ အရင်က ရှိခဲ့တဲ့ မြို့က ချောင်းနှစ်ခု ဖြစ်ကြတဲ့ တဘောလျှာချောင်း (အမိချောင်း) နဲ့ တခဲလျှာချောင်း (အဘချောင်း) တို့ကို အစွဲပြုပြီး တဘောတခဲ လို့ မြို့ကိုခေါ်ရာကနေ နောက်တော့ ဘောတခဲ၊ ပြီးတော့ ဘောလခဲ လို့ ဖြစ်လာတယ် ဆိုပြန်ပါတယ်။ ယင်းတလဲစကားအရ ဆိုရင်တော့ မိဘမြို့ လို့ အဓိပ္ပါယ်ရတဲ့အကြောင်းကို ဖတ်မှတ်လေ့လာခဲ့ရပါတယ်။


ရာသီဥတု

ကျွန်တော်က လွိုင်ကော်ကနေ လာလည်ဖြစ်တော့ ဟိုဘက်မှာ အေးသလောက် ဘော်လခဲလည်း ရောက်ရော ပူတယ်လို့ ခံစားရတယ်။ ရာသီဥတုက ပူတဲ့ဘက် ပိုရောက်တယ်လို့ ပြောရမယ်။ မိုးတွင်းမှာလည်း မိုးကောင်းမဲ့သဘော ရှိပါတယ်။ ကျွန်တော်တို့ သွားလည်တဲ့ ဘက်တွေဆို မိုးတွင်း ကားသွားရ ခက်တဲ့ မြေလမ်းတွေ ဖြစ်နေတာမို့ အတော်တော့ သတိထား မောင်းနှင်ရပါလိမ့်မယ်။ ချော်နိုင်ပါတယ်။


ကယားပြည်နယ်ရဲ့ မျိုးချစ်ခေါင်းဆောင် စောလဖော်

ဘော်လခဲ အကြောင်း ပြောရရင် စောလဖော် အကြောင်းလည်း ထည့်တော့ ပြောရပါမယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ ဘော်လခဲမှာ လည်ပတ်ခဲ့တဲ့ နေရာတွေဟာ စောလဖော်နဲ့ ဆက်စပ်နေတာတွေ ရှိနေလို့ပါ။ မြန်မာနိုင်ငံကို ဗြိတိသျှတွေ သိမ်းတဲ့အချိန်မှာ ကယားအမျိုးသား စော်ဘွားကြီး စောလဖော်လည်း နယ်ချဲ့ဆန့်ကျင်တော်လှန်တဲ့အထဲ ပါဝင်ခဲ့ပါတယ်။ သူ့ ဌာနချုပ်က စောလုံမြို့ မှာ ပါ။ ၁၈၈၈ ခုနှစ်မှာတော့ အင်္ဂလိပ်စစ်တပ်ရဲ့ အင်အားကြီးကို မယှဉ်သာတော့တဲ့အတွက် စောလုံဌာနချုပ်ကို အသိမ်းခံလိုက်ရပါတယ်။ စော်ဘွားကြီး စောလဖော် ဟာ နယ်ချဲ့လက်အောက် မနေလိုလို့ စောလုံရွာသစ်ကို စောလုံအရှေ့ဘက်မှာ ထပ်တည်ပြီး နေခဲ့ပါတယ်။ ခုတော့ စောလုံရွာသစ်ဟာ ရွာသစ်မြို့အဖြစ် ပြောင်းလဲတိုးတက်လာခဲ့ပါပြီ။


ဘော်လခဲဝန်းကျင် လည်ပတ်မယ်

သဘာဝဝန်းကျင်ရဲ့ လှပမှုရယ်၊ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံတွေရယ် ကြောင့် ဒီခရီးစဉ်က ပိုပြီးစိတ်ဝင်စားစရာ ဖြစ်စေပါတယ်။ အပျော်ကြိုက်တဲ့ လူငယ်တွေအတွက်ကတော့ ရေပြာချောင်းနဲ့ ရေတံခွန်တွေမှာ ရေဆော့ရင်း အပန်းဖြေနိုင်သေးတယ်။ ဓာတ်ပုံသမားတွေအတွက်လည်း သဘာဝကျတဲ့ ရွာဓလေ့နေထိုင်မှုပုံစံတွေနဲ့ သဘာဝအလှတွေကို ရိုက်ယူနိုင်ဦးမယ်။ ကဲ ဘယ်တွေ လည်ကြမလဲ…


စောလုံရွာ

ကျွန်တော် သွားတုန်းကတော့ အရင်ဆုံး စောလုံရွာဆီ သွားပါတယ်။ စောလုံရွာဆိုတာ မြန်မာသက္ကရာဇ် ၁၂၄၆ ခုနှစ်အစောပိုင်းက စည်ပင်ခဲ့တဲ့ မြို့လို့ သိရပါတယ်။ ဘော်လခဲကနေ ရွာသစ်နဲ့ စောလုံ ဆီ လမ်းခွဲလေးကတဆင့် သွားရတာပါ။ စောလုံရွာ လမ်းက ကားလမ်းတစ်လမ်းစာလေးပဲ ရှိပါတယ်။ နှစ်စီးရှောင်ဖို့ အတော်ခက်တဲ့ လမ်းလို့ ပြောရမယ်။ မြေသားလမ်းလေး ဖြစ်ပြီး ကျောက်လုံးလေးတွေလည်း ရှိတတ်လို့ ကားမောင်း မကျွမ်းကျင်ရင် နယ်မြေမကျွမ်းကျင်ရင် လမ်းချော်နိုင်ပါတယ်။ သတိထားမောင်းနှင်ဖို့ လိုအပ်ပါတယ်။ လမ်းကလည်း အတက်အဆင်းကြမ်းတဲ့ နေရာလေးတွေ ရှိပါတယ်။ လမ်းကတော့ အတော်လေး သာယာလှပပါတယ်။ လမ်းတလျှောက် တစ်ဘက်က တောင်တွေ၊ တစ်ဘက်က ချောင်းလေးနဲ့ စိတ်ကြည်နူးစွာ ခရီးသွားရတယ်လို့ဆိုနိုင်ပါတယ်။ စောလုံရွာဆီကို ဘော်လခဲကနေ နာရီဝက်လောက် ကားမောင်းနှင်ရပါတယ်။ စောလုံရွာလေးရဲ့ ရွာထိပ်မှာတော့ စာသင်ကျောင်းလေးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိပါတယ်။ လူခြေတိတ်တဲ့ ရွာလေးတစ်ရွာပါ။ ရွာအဝင်အကျော်က သစ်ပင်လေးမှာ ရွာရဲ့ မြေပုံချိတ်ထားပေးလို့ လည်ပတ်ရမဲ့ လမ်းကြောင်းကို သိနိုင်ပါတယ်။ ဆရာတော်ကြီးအပါအဝင် ရွာသားတချို့ကတော့ မြန်မာစကား ကောင်းကောင်း မပြောပြနိုင်တာမျိုးလည်း ကြုံရပါတယ်။ လောလောဆယ်တော့ အိမ်ခြေ ၂၀ ခန့်လောက်ပဲ တွေ့မိသလိုပဲ။ ကြားရသလောက် ဖျက်ဆီးခံလိုက်ရတယ်လို့ သိရတယ်။ အရင်က ဟော်နန်းဆောင်တွေ မီးရှို့ခံခဲ့ရတယ်ဆိုပါတယ်။ စောလုံကို ကယားပြည်နယ်ရဲ့ ပုဂံ လို့ တင်စားခဲ့ကြပါတယ်။


စောလုံရွာ နားက စစ်စခန်းဟောင်း

ရွာကနေ လမ်းခွဲသေးလေးကနေ ဖြစ်ဖြစ်၊ ရွာရှောင်လမ်းကနေ ဖြစ်ဖြစ် စစ်စခန်းဟောင်းကို လေ့လာဖို့ သွားရောက်နိုင်ပါတယ်။ ကျွန်တော်တော့ မရောက်ဖြစ်ခဲ့ပါဘူး။ အဲ့ဒီအနီးဝန်းကျင်မှာ မိုင်းကွဲပြီး စက်နဲ့လူထိခဲ့ဖူးတဲ့နေရာကိုလည်း ရွာမြေပုံမှာ ကြယ်ပွင့်ပြ ဖော်ပြပေးထားပါတယ်။


စောလုံရွာ ရေထွက်

စောလုံရွာကနေ အရှေ့ဘက်ကို ဆက်ထွက်ရင် ကျွန်တော်တို့ အလာတုန်းက လမ်းတလျှောက် မြင်ခဲ့ရတဲ့ ချောင်းကြီးထဲ စီးဝင်မဲ့ ချောင်းလေးတစ်ခုရဲ့ ရေထွက်နေရာကို ရောက်ပါတယ်။


စောလုံရွာ က စော်ဘွားကြီးစောလဖော်မိသားစုဝင်တွေရဲ့ ဂူဗိမ္ဗာန်စေတီများ

ဒီစောလုံမှာ လေ့လာစရာ ဖြစ်စေတာတော့ သူရဲကောင်း စောလဖော် မိသားစုဝင်တွေရဲ့ ဂူဗိမ္ဗာန်စေတီတွေပါပဲ။ ရှေးဟောင်းစေတီပုံစံမျိုး ရုတ်တရက် ထင်စရာ ရှိပါတယ်။ တကယ်တော့ အုတ်ဂူတွေပါ။ ရွာအဝင်ထိပ် လူသွားလမ်းအရာလေးက သွားကြရပါတယ်။ ရွာခံလူတွေကို မေးရင် အဲ့ဒီနေရာကို မသိတာ များပါတယ်။ ရွာမြေပုံထဲမှာတော့ မုတ် လို့ ရေးထားတာ မြင်ကြရပါတယ်။ မုတ် လို့ မေးရင်တော့ သူတို့ သိနိုင်ပါတယ်။ ဂူတွေက ထိန်းသိမ်းမှု ကင်းမဲ့နေပြီး အဖောက်ခံထားရ၊ အဖြိုခံထားရတာတွေ အကုန်နီးပါးပါပဲ။ ဌာပနာတွေ ရှိမယ်အထင်နဲ့ ဖောက်ကြပုံရပါတယ်။ ရှိကောင်းလည်း ရှိနိုင်ပါတယ်။ ခုတော့ အပြိုအပျက်တွေကြားမှာ ဝမ်းနည်းစရာလေး ဖြစ်နေတော့တာပါပဲ။ အဲ့ဒီရောက်တဲ့အချိန် စိတ်ထဲ ဆွေးသလိုလို၊ ဝမ်းနည်းသလိုလို ခံစားခဲ့ရတယ်။ ညနေခင်းပိုင်း ရောက်တာဆိုတော့ ခံစားမှုက ပိုတာလည်း ဖြစ်နိုင်ပါတယ်။


ရေပြာချောင်းလေးမှာ ရေဆော့မယ်

ရေပြာချောင်းလေးက ကျွန်တော် သွားတဲ့ ဖေဖော်ဝါရီလထဲတော့ ကြည်လင်ပြာလဲ့နေတာပဲ။ ကျွန်တော် အမှတ်မှားဘူးဆိုရင် အဲ့ဒီ ချောင်းလေးဟာ နမ့်ပွန်ချောင်း ဖြစ်ပါလိမ့်မယ်။ ရေတံခွန်လို ဖြစ်နေတဲ့ နေရာလေးတွေလည်း ရှိသလို ရေတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေတဲ့ နေရာတွေလည်း ရှိပါတယ်။ ရေနက်တဲ့နေရာတွေလည်း ရှိတော့ ထင်သလိုတော့ ရေဆော့လို့ မဖြစ်ပါဘူး။ ဒေသခံတွေ ရေချိုး၊ အဝတ်လျှော်တဲ့နေရာတွေအနီးမှာတော့ ပိုပြီး စိတ်ချရပါတယ်။


ရွာသစ်မြို့

ဘော်လခဲကနေ ရွာသစ်ဘက်ကို နောက်တစ်နေ့မှာ ထပ်လည်ဖြစ်တယ်။ စောလုံ နဲ့ ရွာသစ်ကို ဆိုင်းဘုတ်သေးလေး စိုက်ပေးထားတော့ အဆင်ပြေပြေ သွားလည်နိုင်တယ်။ ရွာသစ်မြို့က စော်ဘွားကြီး စောလဖော် ရဲ့ အသစ်တည်တဲ့ ရွာ လို့ ဆိုပါတယ်။ နယ်ချဲ့တွေ စောလုံကို သိမ်းတော့ စော်ဘွားကြီးက ရွာသစ်တည်ပြီးနေခဲ့တယ်။ ရွာသစ်ကို ၁၉၇၆ ခုနှစ်လောက်က ကရင်နီသောင်းကျန်းသူတွေ ဝင်ပြီး ဖျက်ဆီးခဲ့သေးတယ်။ နောက်တော့ ရွာသစ်ကျေးရွာ အဆင့်ကနေ မြို့နယ်ခွဲ၊ အဲ့ဒီကနေမှ ၂၀၁၄ ခုနှစ်မှာ ရွာသစ်မြို့ လို့ ဖြစ်လာရကြောင်း မှတ်သားရပါတယ်။ အနီးဝန်းကျင်မှာတော့ ကျွန်းပင်နဲ့ သစ်မာပင်တွေ အင်မတန်ပေါတဲ့ အရပ်ပါ။ ရွာထဲမှာတော့ ထူးခြားစွာပဲ အုန်းပင်များစွာ ပေါက်နေပါတယ်။ အုန်းပင်တော လိုမျိုးတွေ များလွန်းတော့ ပင်လယ်ကမ်းခြေမြို့လေးနဲ့တောင် သွားတူနေပါသေးတယ်။ ရွာသစ်ကို လာတော့ တောင်ပတ်လမ်းတွေ မူးနောက်နေအောင် ဖြတ်လာရတယ်။ ချင်းတောင်လိုလိုပါပဲ။ အကွေ့ကြမ်းတယ်။ အဆင်း အတက် ကို အသွားရော အပြန်ရော လုပ်ဆောင်ကြရတယ်။ အကွေ့လည်း အတော်များတယ်။ ရာသီဥတုအစုံလည်း ခံစားရတယ်။ တောင်ပေါ်ရာသီဥတုရော၊ ချိုင့်ဝှမ်းရာသီဥတုရော အစုံပါပဲ။ လိမ္မော်ပင်လေးတွေလည်း မြင်ရလို့ သဘောကျမိသေးတယ်။ တစ်ခုရှိတာက ဒီဘက်ကို လာမယ်ဆိုရင် စစ်ဆေးရေးဂိတ်တွေ ဖြတ်သန်းရတာမို့ နောက်အရမ်းမကျဖို့ လိုအပ်သလို၊ ဖြစ်နိုင်ရင် ဒေသခံကားဆရာတွေ၊ ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်သွားတာ ပိုအဆင်ပြေပါတယ်။ ဂိတ်တွေအနေနဲ့ တပ်မတော်ဂိတ်တွေ၊ အဖွဲ့အစည်းဂိတ်တွေ ၃ ခုလောက် ဖြတ်ရပါမယ်။ စစ်ဆေးမေးမြန်းလာခဲ့ရင် လေးလေးစားစား ပြန်ဖြေပေးတာဆို လုံလောက်ပါပြီ။ အပြန်တော့ သိပ်မိုးမချုပ်စေပါနဲ့။


ရွာသစ်ရေတံခွန်

ခရီးသွားတွေ သွားတာ အတော်နည်းနေသေးတဲ့ ရွာသစ်ရေတံခွန်ဆိုတာ ရှိပါတယ်။ ကျွန်တော်တော့ မရောက်ဖြစ်ခဲ့ပါဘူး။ ရွာသစ်ရေတံခွန်က သံလွင်မြစ်ထဲ စက်လှေစီးပြီး သွားရင် နာရီဝက်လောက် စီးသွားရပါတယ်။ ကားလမ်းရှိပေမဲ့ ရေတံခွန်ထိမရောက်နိုင်လို့ လမ်းအတော် ပြန်လျှောက်ရတယ် ဆိုပါတယ်။


ရွာသစ်က သီရိမင်္ဂလာရွှေကျောင်း

နှစ်သက်တမ်းပေါင်း ၁၅၀ ကျော်ခန့်ရှိပြီဖြစ်တဲ့ ဒီ သီရိမင်္ဂလာရွှေကျောင်းတော်ကြီးကိုတော့ ရွာသစ်မြို့ထဲမှာ မြင်တွေ့နိုင်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၃၀ က တည်ဆောက်ခဲ့တယ်လို့ အခု ကျောင်းက ဆရာတော်တစ်ပါးက မိန့်ပါတယ်။ ဒီမှာ ကျောင်းကြီးပေါင်း ၅ ကျောင်း တည်ဆောက်ခဲ့ပြီး ခု တစ်ကျောင်းသာ ကျန်ရစ်တော့တာပါ။ ကျောင်းကြီးပေါ်မှာ ရွှေရည်သုတ်ထားတဲ့ တိုင်လုံးကြီးတွေနဲ့အတူ ရှေးဟောင်းပုလ္လင်တွေနဲ့ ဘုရားဆင်းတုတော်တွေ ကို ဖူးကြရပါတယ်။ တိုင်လုံးကြီးတွေပေါ်မှာ ထုဆစ်ထားတဲ့ သစ်သားပန်းပုတွေကလည်း ရှေးဟောင်းလက်ရာများ ဖြစ်ပြီး ထူးခြားပါတယ်။ ရှေးဟောင်းကျွန်းသေတ္တာတွေ၊ အသုံးအဆောင်တွေကိုလည်း တွေ့ရပြီး နိုင်ငံခြားသား တချို့လည်း လာလည်ရင်း ခိုးယူမှုတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။ ကျောင်းက အတော်ကျယ်ဝန်းပြီး ပွဲလမ်းတချို့ကိုလည်း ကျောင်းကြီးရှေ့က မြေပြင်မှာ ပြုလုပ်လေ့ရှိကြပါတယ်။ ကျောင်းထိုင်ဆရာတော်တွေကလည်း မြန်မာလို သိပ်မပြောတတ်ပေမဲ့ ပြောတတ်သလောက်နဲ့ သေချာ ရှင်းပြကြပါတယ်။


ရွာသစ်က ဆင်စွယ်ကျောင်း (ညောင်ခမ်းကျောင်း)

နောက်ထပ် ဘုန်းကြီးကျောင်းတစ်ခု ဖြစ်တဲ့ ဆင်စွယ်ကျောင်း ကိုတော့ မြို့ တစ်ဘက်ထိပ်မှာ တွေ့ရပါတယ်။ ကျွန်တော်တို့ လည်တဲ့နေ့ကတော့ တစ်နိုင်ငံလုံးမှာ ၃ ပါးပဲ အောင်မြင်တဲ့ ဘွဲ့တစ်ခုအတွက် ဂုဏ်ပြုပွဲ လုပ်နေတာပါ။ ဒီကျောင်းက ဆရာတော် တစ်ပါး ပါဝင်တယ်လို့ သိရပါတယ်။ ကျောင်းကြီးရဲ့ ဖွဲ့စည်းထားပုံက သစ်သားတွေနဲ့ချည်း ရိုးရှင်းခန့်ညားလှပါတယ်။ ရှေးလက်ရာကျောင်းတော်ကြီးပါ။ အတွင်းမှာလည်း တိုင်လုံးတွေ သေချာပြန်ပြီး သံကြိုးတွေနဲ့ ထိန်းထားရတာကို သတိပြုမိပါတယ်။ အလယ်မှာ ရှိနေတဲ့ ဘုရားခန်းကြီးက နှစ်ပေါင်း ၁၅၀ ခန့်ရှိပြီဖြစ်လို့ အတော်လေး ရှေးကျတဲ့အတွက် ပြိုလဲမသွားအောင် တတ်စွမ်းသမျှနဲ့ ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဒီကျောင်းကြီးမှာ အထူးခြားဆုံးကတော့ ရှေးဟောင်းဆင်စွယ်ကြီး နှစ်ချောင်းပါ။ အဲ့ဒါကြောင့်လည်း ဆင်စွယ်ကျောင်းလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ဘုရားဆင်းတုတော်တွေ ထုဆစ်ထားတာ အံ့မခန်းတွေ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၂၅၀ ခုနှစ်မှာ ထုဆစ်ခဲ့တာမို့ အခုဆို နှစ်ပေါင်း ၁၃၀ ခန့် ရှိပြီ ဆိုနိုင်ပါတယ်။ ဆင်စွယ်မှာ ထိုးထားတဲ့ ကိုရွှေသိုင်း လက်ရာ ဆိုတဲ့ စာအရတော့ လက်မှုပညာရှင်ဟာ ကိုရွှေသိုင်း ဖြစ်ပုံရပါတယ်။ ဒီဆင်စွယ်ကိုတော့ ဆရာတော်တွေ သေချာ ထိန်းသိမ်းထားပြီး လျှောက်မှပဲ ပြသလေ့ရှိပါတယ်။ အခြားသော ရှေးဟောင်းနာရီလိုမျိုးတွေ နဲ့ အသုံးအဆောင်အချို့လည်း ဒီကျောင်းမှာ တွေ့ရပါသေးတယ်။


ရှေးဟောင်း စေတီနဲ့ အဆောက်အအုံများ

ရွာသစ်မြို့ မတိုင်ခင် မြို့ဦးစေတီ ပုံစံ တောင်ကုန်းလေးပေါ်မှာ တည်ထားတဲ့ ရှေးစေတီ တစ်ဆူကို မြို့မဝင်ခင် အရင်ဆုံး ဖူးမြှော်ကြရပါတယ်။ မရောက်ဖူးခင်ကတော့ ရွာသစ် ဆိုတာ ရွာကြီးလို့ပဲ ထင်မိထားချိန် ရွာသစ်မြို့ ဆိုတဲ့ ကြိုဆိုရေးအုတ်မှတ်တိုင် အခိုင်အခံ့ကြောင့် နည်းနည်းတော့ ဖြုံသွားတယ်။ ဟော မြို့ထဲလည်း ရောက်ရော အတော် တိုးတက်ခေတ်မီနေတာလေး သတိထားမိသွားတယ်။ တိုက်အိမ်လေးတွေ၊ ဈေးဆိုင်၊ ရုံးဌာနနဲ့ ဆေးရုံတွေ သေချာလေး ရှိနေပါတယ်။ ရှေးဟောင်းစေတီနဲ့ ဘုန်းကြီးကျောင်းတွေကတော့ မြို့ထဲကနေ နည်းနည်းဆက်သွားရတဲ့ မြို့စွန်အရပ်တွေမှာ ရှိနေတာပါ။ ရွာလေးတွေလို့လည်း ပြောကြတယ်။ ရွာနာမည်တွေ သေချာ မမှတ်ထားမိခဲ့ဘူး။ ဆင်စွယ်ကျောင်း မရောက်ခင် လမ်းကွေ့လေး တစ်ခုကနေ မြေလမ်းကျဉ်းလေးအတိုင်း အတွင်းကို ဝင်သွားရင် ရှေးဟောင်းစေတီ တစ်ဆူကို ဝန်းကျယ်ကျယ်နဲ့ တွေ့ရပါသေးတယ်။ မွေတော်စေတီလို့ သိရပါတယ်။ အဲ့ဒီကို ကျောက်ခင်းလမ်း ဖောက်ဖို့ လုပ်နေပေမဲ့ ကျွန်တော်ရောက်တဲ့အချိန် မခင်းရသေးဘဲ ကျောက်တုံးလေးတွေစီထားတာသာ တွေ့ခဲ့ရသေးတယ်။ အဲ့ဒီစေတီရဲ့ ဘေးလေးကနေ ဆက်သွားရင် တော်တော်လေး ဟောင်းနွမ်းပျက်စီးနေပြီ ဖြစ်တဲ့ ရှေးစေတီတွေလား၊ အုတ်ဂူတွေလား မသဲကွဲတဲ့ အဆောက်အအုံတွေကိုလည်း တွေ့ကြရတယ်။ အထဲက ဌာပနာရှိနိုး ဖောက်ထုတ်ထားတာတွေလည်း သတိပြုမိတယ်။ အပင်ကြီးတွေက အုပ်မြိုထားတာလည်း တွေ့ရပါသေးတယ်။ အဲ့ဒီရှေ့မှာတော့ ညောင်ထောက်ထားတဲ့ဝါးလုံးတွေ အများအပြားနဲ့ ဦးအောင်ဇေယျ အောင်မြေ ကို တွေ့ရပါတယ်။ ဒီအောင်မြေဟာ ပထမဆုံး အောင်မြေလို့လည်း သိရတယ်။ ဒီအရပ်မှာ စီရင်ပြီးမှ တစ်ဘက်ရန်သူတွေဆီ သွားတိုက် အောင်မြင်ခဲ့တယ်လို့ မှတ်ရပြန်ပါတယ်။ ရောက်ရင် အောင်မြေနင်းခဲ့ဦးပေါ့လေ။

ဒီဆင်စွယ်ကျောင်းဆီသွားတဲ့လမ်းပေါ်မှာပဲ စောလဖော်နတ်နန်းကိုလည်း တွေ့ကြရပါဦးမယ်။


ရွာသစ်အုန်းဆီ

ဒီရောက်ရင် အုန်းဆီ အားပေးကြတယ်တဲ့။ တစ်မြို့လုံး ထူးထူးခြားခြား အုန်းပင်တွေ တောထနေတဲ့ အရပ်က အုန်းဆီ ကို အိမ်ပြန်လက်ဆောင် သယ်ကြတယ်လို့ သိရပါတယ်။


ဘယ်လိုသွားမလဲ

ဒါတွေကို ဘယ်လိုသွားရမလဲ စဉ်းစားနေလောက်ပြီ။ တကယ်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားဖို့ နည်းနည်းခက်ပါတယ်။ နယ်မြေမကျွမ်းကျင်ရင် ကားမောင်းရ ဒုက္ခများနိုင်သလို၊ နယ်မြေအထာကို မသိတာမို့ ဆက်ဆံရေးပိုင်းကအစ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် နယ်ခံ ခရီးသွားလုပ်ငန်းနဲ့ ကားတွေ၊ လမ်းညွှန်တွေကို အားကိုးသင့်ပါတယ်။ ဒီလို သမာရိုးကျမဟုတ်တဲ့ ကယားပြည်နယ် ခရီးစဉ်သွားဖို့ စိတ်ဝင်စားရင် Treasure Host ဖုန်း ၀၉ ၉၇၀၄၇၈၂၈၂ ကို ဆက်သွယ် စုံစမ်းကြည့်နိုင်ပါတယ်။


လည်ပတ်လေ့လာစရာတွေကတော့ ဒီလို လေ့လာမှတ်သားစရာတွေ များပါတယ်။ သဘာဝအလှတွေကို ခံစားရမှာ ဖြစ်ပြီး အပျော်အနေနဲ့ဆိုရင်တော့ ရေပြာပြီးကြည်လဲ့နေတဲ့ ချောင်းတွေမှာ ရေဆော့နိုင်ပါမယ်။ ကယားပြည်နယ်ဟာလည်း စိတ်ဝင်စားစရာသမိုင်းကြောင်းနဲ့အတူ ဖော်ထုတ်ဖို့ လိုအပ်နေတဲ့ သဘာဝအလှအပတွေ တည်ရှိနေတဲ့ နေရာတွေ အများအပြား ပိုင်ဆိုင်ထားပါတယ်။ ဘော်လခဲနယ် တစ်ဝိုက်ဟာလည်း သူ့မှာ ပိုင်ဆိုင်ထားတဲ့ လည်ပတ်စရာ အလှအပတွေနဲ့ ခရီးသွားတွေကို မျှော်နေတဲ့ အရပ်တစ်ခုလို့ သတင်းကောင်းလေး ပေးချင်ပါတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Tun Lin Maung, Ah Khaw

Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note10+

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter