အောင်ပန်းမြို့လေးဆီ အလည်တစ်ခေါက်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

အောင်ပန်းမြို့လေးဆီ အလည်တစ်ခေါက်

ကျွန်တော်တို့တွေ ရှမ်းပြည်တောင်ပိုင်းသွားကြရင် ကလော ပြီးတာနဲ့ ညောင်ရွှေ၊ အင်းလေး၊ တောင်ကြီး ဆက်သွားလိုက်ကြတယ်။ အောင်ပန်းမြို့ ကို ခရီးတစ်ထောက်နား အာလူးကြော် ဝယ်စားရုံလောက်ထက် လည်ပတ်သွားလာဖို့ သိပ်မစဉ်းစားမိတတ်ကြဘူး။ တချို့လည်း ကလောမှာ နေပြီး အောင်ပန်းကို ခဏတစ်ဖြုတ်လာလည်၊ မြို့ကို ဖြတ်ပြီး ဟိုဒီရှုခင်းတွေ လာကြည့်၊ ရွာငံ၊ ပင်းတယသွားလောက်ပဲ ရှိတာ။ စီးပွားရေးမြို့တော်လိုဖြစ်နေတဲ့ အောင်ပန်း ဟာ တကယ်တော့ ကုန်စည်စီးဆင်းတဲ့မြို့တစ်ခုသာမကဘူး လည်ပတ်နေထိုင်လို့ကောင်းတဲ့ မြို့လေး ဆိုတာ ကျွန်တော် ခုတစ်ခါရောက်သွားတော့ သေချာသိလိုက်ရပါတယ်။


သာမိုင်းခမ်း မှ အစချီ အောင်ပန်းမြို့လေး ဆီ

အောင်ပန်းမြို့ ကို ၁၉၁၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကလောမြို့နယ် အတွင်းမှာပါဝင်နေပါတယ်။ တကယ်တော့ ကလောထက်စာရင် အောင်ပန်းမြို့ကို တည်ထောင်တာ တစ်နှစ်ခန့်စောပေမဲ့ ကလောမြို့ကတော့ ရုံးစိုက်မြို့လေး ဖြစ်ခဲ့တဲ့အတွက် မြို့နယ်အဆင့်ထိ ဖြစ်လာတယ် ဆိုရပါမယ်။ ဓနုတိုင်းရင်းသားတွေ အများဆုံးနေတဲ့အရပ်လည်း ဖြစ်ပါတယ်။


သာမိုင်းခမ်း အကြောင်း ရေးခဲ့တုန်းကလည်း ပြောခဲ့ဖူးသလို အောင်ပန်း နဲ့ ကလောတို့ရဲ့ အစ မိခင်ဟာ သာမိုင်းခမ်း ပါ။ သာယာရွှေပြည် လို့ အဓိပ္ပါယ် ဖွင့်ဆိုတဲ့ သာမိုင်းခမ်းက ခုတော့ ရွာလေးအနေနဲ့ ကျန်ရစ်ခဲ့ပါပြီ။ ငွေခွန်မှူး အုပ်ချုပ်ခဲ့တဲ့ သာမိုင်းခမ်းမြို့ဟောင်း ကနေ သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်လက်အောက်ရောက်ချိန်မှ အောင်ပန်းမြို့ရယ်လို့ ဖြစ်လာခဲ့ပါတယ်။ အောင်ပန်း ကို စတင်တည်ထောင်သူအနေနဲ့ဆိုရင် မင်းမောင်ဖိုး နဲ့ အမတ်ချုပ် ဦးခွန်ရုံး တို့ကို သတိတရရှိကြပါတယ်။ ပြောရရင် အောင်ပန်း ကိုက ဒီဘက်က တည်တာဖြစ်ပြီး ကလော ကိုက အင်္ဂလိပ်တွေ တည်တာလို့ ဆိုလို့ရပါမယ်။ အောင်ပန်း ဟာ ရထားလမ်းဆုံးမြို့အဖြစ်လည်း အချိန်အတော်ကြာ ဖြစ်ခဲ့ပါသေးတယ်။ နောက်မှ ရွှေညောင်အထိ ဖြစ်လာတယ်ဆိုပါတယ်။ သာမိုင်းခမ်းကနေ အောင်ပန်းမြို့သစ်တည်ရတဲ့ အဓိက အကြောင်းကလည်း ဒီ ရထားလမ်းကြောင့် ဆိုပါတော့။ အင်္ဂလိပ်တွေကတော့ အစကတည်းက ရထားလမ်းရောက်မဲ့ နေရာကောင်းလေးကို ရွေးပြီး ကလောမြို့တည်ဖို့ ကြံစည်ထားကြပြီးသား လို့ ဆိုပါတယ်။


အောင်ပန်းမြို့ လို့ အမည်မပေးခင်က ပြင်သာဆရာတော် နဲ့ ရပ်ရွာလူကြီးတွေ မြို့နာမည်ကို ပြင်သာမြို့၊ ရွှေပြင်သာမြို့ ဆိုပြီး ရွေးကြ စဉ်းစားကြသေးတာ။ အဆုံးမှာတော့ အများသဘောနဲ့ အောင်ပန်းမြို့ ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ အောင်ပန်းရွာ ဟာလည်း အဲ့ဒီ မြို့တည်ရာရဲ့ နှစ်မိုင်အကွာမှာ တကယ်တည်ရှိခဲ့ပါတယ်။


အောင်ပန်း နဲ့ ပတ်သက်ပြီး အထူးခြားဆုံး စိုက်ပျိုးသီးနှံကတော့ အာလူးပါ။ ခုထိလည်း အောင်ပန်းက အာလူးတွေ၊ အာလူးကြော်တွေ ကြိုက်ကြတုန်းပဲလို့ သိထားပါတယ်။ အရင်က အာလူးဆို ကိုယ်တွေဆီက မစားရဲကြဘူး။ ရောဂါတစ်ခုခု ဖြစ်မယ်ပဲ ထင်ခဲ့ကြတာ။ နိုင်ငံခြားကနေ မျိုးယူပြီး စိုက်လို့ ဖြစ်ထွန်းတာတောင် အိန္ဒိယကိုပဲ ပို့ရောင်းခဲ့ကြတယ်။ အဲ့ဒီ အာလူးနဲ့ စီးပွားဖြစ်လာတာကြောင့်ပဲ သာမိုင်းခမ်း ကနေ မီးရထားလမ်းပေါက်မဲ့ အောင်ပန်းမြို့ ဖြစ်လာရတယ်ဆိုလည်း မမှားဘူးပေါ့။ အာလူးသယ်ပို့ရာမှာ အဓိက ကုန်သွယ်ရေးစနစ်ဖြစ်လာစေတဲ့ မီးရထားလမ်းက အဲ့ဒီအချိန်မှာ တကယ်ကို အားထားခဲ့ရာတာကိုး။ အောင်ပန်းအာလူးဟာလည်း အိန္ဒိယ ကာလကတ္တားမှာ တကယ်ကို နာမည်ကြီးခဲ့ပါတယ်။


ပြီးတော့ အောင်ပန်း ဟာ ထူးခြားမှုအနေနဲ့ တူရကီလူမျိုးတွေနဲ့ ဆက်နွယ်နေတဲ့ နေရာတချို့ ကျန်ကြွင်းနေသေးတာပဲ။ ပထမကမ္ဘာစစ်မှာ စစ်ရှုံးတဲ့ တူရကီသုံ့ပန်းတွေကို အောင်ပန်း က ပဲရင်းတောင် ရွာနားမှာ ထိန်းသိမ်းထားခဲ့ပြီး မီးရထားလမ်းဖောက်ရာမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် တူရကီလူမျိုးတွေဟာ အောင်ပန်းမြို့တခွင်မှာ လည်ပတ်တာမျိုးလည်း ရှိခဲ့သလို၊ ရေတွင်းတွေ၊ သင်္ချီုင်းတွေ ထိပါ ခုထိ ကျန်ရစ်နေတာမျိုး ရှိခဲ့ပါသေးတယ်။ အောင်ပန်းသမိုင်းကတော့ ထူးထွေဆန်းပြား ဇာတ်လမ်းသွားက ခပ်များများပါ။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဒီအချက်အလက်တွေကို ဆရာ မင်းလွင်ဦး (အောင်ပန်း) ရဲ့ “အောင်ပန်းကြေးမုံပြင်” စာအုပ်ကနေ ကိုးကားထားလို့ ပိုပြီးပြည့်ပြည့်စုံစုံ သိချင်ရင်တော့ ဆရာ့စာအုပ်လေးသာ ဝယ်ဖတ်ကြည့်စေချင်ပါတယ်။


ရာသီဥတု

ဆောင်းဆို အတော်အေးမြတယ်လို့ ခံစားရပါတယ်။ နွေကတော့ အနီးက အခြားမြို့ထက် အနည်းငယ် ပိုပူသလို ရှိပါတယ်။


ဘယ်လိုသွားမလဲ

အောင်ပန်းကို ကားနဲ့ကတော့ အဆင်အပြေဆုံးပါ။ အဝေးပြေးကားမျိုးစုံ (ရိုးရိုးရော ရှယ်ရော) တောင်ကြီး ကား မှန်သမျှ ရောက်ပါတယ်။ ရထားနဲ့လည်း လာလို့ရပါတယ်။ အောင်ပန်းဘူတာမှာ ဆင်းရမှာပါ။ လေယာဉ်နဲ့ကတော့ ဟဲဟိုးလေဆိပ်ကနေ အောင်ပန်းကို မိနစ် ၂၀ ခန့် ပြန်ကားစီးရပါမယ်။


၁၀၇ နှစ်ကျော်ပြီ ဖြစ်တဲ့ မြို့အောင်ပန်း မှာ လည်စရာ

အောင်ပန်းမြို့မှာ က တကယ်တော့ ကုန်သွယ်မြို့လေး အပြင်ကိုမှ လည်ပတ်စရာ သဘာဝ ရှုခင်းရော၊ မြို့ပြအသွင် စည်ကားမှုရော အစုံရှိပါတယ်။ ကလောမှာလို ကော်ဖီဆိုင် နဲ့ ဘားဆိုင် လှလှလေးတွေ မရှိသေးတာကလွဲရင် သဘာဝအလှနဲ့ မြို့ပြရဲ့ စည်ကားသက်ဝင်မှုက အောင်ပန်းက ပိုတယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်တွေ လည်ကြမလဲဆိုရင် -


သာမိုင်းခမ်းရွာ နဲ့ မွေတော်

အောင်ပန်းမြို့ရဲ့ ဖြစ်တည်ရာ အစ သာမိုင်းခမ်းဘက်ကိုလည်း လည်စေချင်ပါတယ်။ သာမိုင်းခမ်းက အောင်ပန်းကနေ ၂ မိုင်လောက်သွားရင် ရောက်ပါမယ်။ ရှေ့မှာလည်း ရေးထားပြီးဖြစ်ပါတယ်။ ရွာက သိပ်အထူးခြားကြီးမဟုတ်ပေမဲ့ အဲ့ဒီမှာ ရှိနေတဲ့ ရှေးဟောင်းမွေတော်ဘုရားစုတွေက သိပ်ကို လေ့လာဖို့ ကောင်းပါတယ်။


၁၀၈ တောင်ပြည့် အောင်ချမ်းသာစေတီတော်

တစ်ရာ့ရှစ်တောင်ဘုရား လို့ အလွယ်ခေါ်ကြတဲ့ ဒီစေတီကြီးဟာ အောင်ပန်းမြို့ရဲ့ နေရာအနှံ့ကနေ ဖူးတွေ့နိုင်လောက်အောင် ထင်သာမြင်သာရှိလှတဲ့ စေတီကြီးပါ။ ရွှေတိဂုံစေတီ ပုံတူလို့လည်း သိရပါတယ်။ ဆရာတော်ကြီးက အနုစိတ်သေချာ ပြင်ဆင်နေဆဲ မပြီးစီးသေးတဲ့ စေတီတော်ကြီးပေမဲ့ အတော်လေး ရုပ်လုံးပေါ်နေပြီး ခုကတည်းက ခရီးသွားတွေကြား ရေပန်းစားနေတဲ့ စေတီပါ။ စေတီက ဆင်းတုတော်အမျိုးမျိုးနဲ့ နတ်၊ သိကြား စတဲ့ ရုပ်တု အကြီးအသေး အမျိုးမျိုးဟာ အတော် လက်ရာသေသပ်လှပတာကို သတိပြုမိခဲ့ပါတယ်။ စေတီရဲ့ ဉာဏ်တော်က ၁၀၈ တောင်လို့ အကြမ်းဖျဉ်းသိရပါတယ်။ ရှမ်းပြည်နယ်တစ်ခွင်လုံးမှာ ဉာဏ်တော်အမြင့်ဆုံးဘုရား ဖြစ်လာလေမလားလို့ ပြောစမှတ်ပြုကြတဲ့အထိပါပဲ။ စေတီတော်ရဲ့ အောက်ခြေမှာ လိုဏ်ပုံစံတည်ဆောက်ထားပြီး အတွင်းမှာ တိုင်လုံးတွေ နဲ့ ရုပ်ပွားတော်တွေကို ဖူးမြင်ကြရပါမယ်။


မွေတော်တောင် View Point

အောင်ပန်း ရဲ့ View Point အသစ်လေး လို့ တင်စားချင်မိပါတယ်။ နည်းနည်းတော့ တောင်တက်ရတယ်။ မွေတော်ရွာအထိ ကားပေါက်ပေမဲ့ အဲ့ကနေ တောင်ပေါ်တက်ဖို့ကတော့ နည်းနည်းအပင်ပန်းခံရတယ်။ ၁၅ မိနစ်လောက် တောင်တက်လိုက်ရင် သိပ်လှတဲ့ ရှုခင်းတွေကို ၃၆၀ ဒီဂရီနီးပါး ပတ်လည်မြင်တွေ့ရမှာမို့ အရမ်းတန်ပါတယ်။ မွေတာ်တောင် View Point ကို အောင်ပန်းရဲ့ နာမည်ကျော်ဟိုတယ်တစ်ခုဖြစ်တဲ့ ဟိုတယ် နှင်းရွှေရည် က ဝိုင်းဝန်းထိန်းသိမ်းပေးနေတာကိုလည်း သတိပြုလိုက်မိပါတယ်။ ဆိုင်းဘုတ်လေးတွေ၊ ထိုင်ခုံလေးတွေနဲ့ လှေကားလေးတွေကအစ သဘာဝပစ္စည်းတွေနဲ့ပဲ မူလအနှစ်သာရမပျက်ရလေအောင် ဖန်တီးတည်ဆောက်ပေးထားတာကလည်း သာဓုခေါ်ချင်စရာပါ။ တောင်ထိပ်မှာ စေတီလေးတစ်ဆူလည်း တည်နေတာ ပြီးစီးလုဖြစ်ပါတယ်။ အောင်ပန်းရောက်ရင် မဖြစ်မနေ လည်ပတ်သင့်တဲ့နေရာလေးအဖြစ် မှတ်ထားမိပါတယ်။

မွေတော်တောင်တက်ရင်း တောင်ခြေက မွေတော်ရွာရဲ့လူမှုဓလေ့တွေကိုလည်း လေ့လာနိုင်ပါသေးတယ်။ ကျွန်တော်ရောက်ချိန် ကလေးငယ်လေးတွေ ပင်စိမ်းရွက်နဲ့တင် ထမင်းမြိန်နေကြတာ တွေ့ခဲ့ရလို့ ပင်စိမ်းရွက်လေးတွေ စနောက်ပြီး တောင်းစားကြည့်တာကို အမေလုပ်သူက ကြားပြီး အပြန်လက်ဆောင် ပင်စိမ်းရွက်တွေ အများကြီး ခူးပေးလိုက်တာ သတိရမိနေပါသေးတယ်။ ရွာလူကြီးအိမ်က ပအိုဝ်းအိုးစည်ရှည်ကြီးကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။


မြနန္ဒာရေထွက်ဦး

အောင်ချမ်းသာ က မြနန္ဒာရေထွက်ဦး ဟာ ဒီ ၁၀၈ တောင်အောင်ချမ်းသာဘုရား ဆရာတော်ကြီး အတွက် ဘုရားကပေးတဲ့ လက်ဆောင်လို့ ဆိုရမယ်ထင်ပါတယ်။ စာသင်သား ၄၀၀ အတွက် အဆင်ပြေအောင် ရေရှာတဲ့ ဆရာတော်ကြီး ဟာ ဒီနေရာမှာ မခမ်းနိုင်တဲ့ ရေထွက်ဦးကို တွေ့ခဲ့ပြီး တောင်ပေါ်မှာတင် ရေစစ်ကန်တွေ ဖန်တီးလို့ ရေကို လုံလုံလောက်လောက် သုံးနိုင်ခဲ့တဲ့အပြင်ကိုမှာ ပိုလျှံလွန်းလို့ အောင်ပန်းမြို့ထိပါ ရေသွယ်ပြီး ပေးဝေနိုင်တဲ့အထိ အဆင်ပြေခဲ့တဲ့ ရေထွက်ဦးကိုလည်း လာရောက်လေ့လာနိုင်ပါသေးတယ်။


အောင်ပန်းဟော်နန်း

အောင်ပန်း မှာ ဟော်နန်း ရှိတယ် ဟုတ်လား ဆိုပြီး ကျွန်တော် ရေရွတ်မိသွားတယ်။ သမိုင်းစာအုပ်ကို ကြိုဖတ်မထားမိလေတော့ ဟော်နန်းအကြောင်း မကြားမိသလို၊ အောင်ပန်း ဟာ မြို့သစ် လို့ သိထားတဲ့အတွက် ဟော်နန်းရှိမယ်လည်း မထင်မိခဲ့ဘူး။ ဘယ်သူမှလည်း ပြောသံ မကြားခဲ့မိလေဘူးလေ။ တကယ်တော့ ဟော်နန်း က ခုထိ ရှိနေပါသေးတယ်။ ဒါပေမဲ့ သေချာ ထိန်းသိမ်းပြုပြင်ဖို့တော့ လိုနေမလားလို့ တွေးမိပါတယ်။ အရင် အောင်ပန်းမြို့ စတည်တုန်းက ဘာမှ မစသေးခင် ဦးခွန်ရုံး က ဟော်နန်းတည်ခဲ့တာပါ။ အဲ့ဒီဟော်နန်း မဟုတ်ပါဘူး။ အခု မြင်တွေ့လေ့လာနိုင်မဲ့ ဟော်နန်းကတော့ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး ရဲ့ ဟော်နန်း ဖြစ်ပါတယ်။ စတင်တည်ဆောက်တုန်းက အတော်ခေတ်မီခဲ့ပြီး တင်းနစ်ကွင်း၊ ပန်းခြံ၊ မြင်းခြံ စတာတွေပါ ပါဝင်ခဲ့ပါတယ်။ ကျွန်းကို အဓိက သုံးပြီး ဆောက်ထားတာပါ။ ၁၉၃၇ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ စဝ်ထွန်းအေး က နယ်ဝင်ပွဲ ကျင်းပခဲ့ပါတယ်။ အောင်ပန်းနယ်ဝင်ချိန်မှာ သူဟာ အသက် ၂၃ နှစ်သာ ရှိပါသေးတယ်။ အိမ်ထောင်တော့ ၃ ဦးနဲ့ အကြောင်းပါပြီး အားလုံးနဲ့ ဒီဟော်ကြီးထဲမှာပဲ နေခဲ့တာပါ။ တောင်ကြီး အရပ်သူ ၂ ဦး နဲ့ အကြောင်းပါခဲ့ပေမဲ့ ၂ ဦးလုံးက မနေနိုင်လို့ တောင်ကြီး ပြန်ကြပြီး တစ်ဦးက သမီးတစ်ပါး ထွန်းကားခဲ့ပါတယ်။ မဟာဒေဝီ ကတော့ စကားစော်ဘွားသမီး စောကြည်ထူး ပါ။ မဟာဒေဝီ နဲ့ သားသမီးမထွန်းကားခဲ့ပါဘူး။

ခု ဒီဟော်နန်းကြီးထဲမှာပဲ စော်ဘွားမိသားစု နဲ့ စော်ဘွားရဲ့ အစ်မတော်မိသားစုတွေ အတူတကွ နေထိုင်ခဲ့ကြပါတယ်။ နောက်တော့ သမဝါယမအသင်းအဖွဲ့ရုံးဖြစ်လာခဲ့သေးတယ်။ ခုတော့ ဟော်နန်းဟာ အများပြည်သူ လေ့လာစရာထက် ဟင်းသီးဟင်းရွက် ကုန်စည်ဒိုင်တစ်ခုလိုပဲ ဖြစ်နေပါတော့တယ်။ အတွင်းမှာလည်း ရှေးခေတ်အသုံးအဆောင်တွေ မတွေ့ရတော့သလို အိမ်မှာလည်း အတော်လေး ပျက်စီးနေပြီဆိုနိုင်ပါတယ်။ ဖောင်းကြွနေတဲ့ ကြမ်းခင်းတွေက မကြာခင် ညွှတ်ကျိုးကျတော့မယ်ဆိုတာ ပြောနေသယောင်ပါပဲ။


ထင်းရှူးတန်း

အောင်ပန်းရဲ့ ထင်းရှူးတန်းနေရာလေးကလည်း ချစ်စရာလေးပါ။ ညနေဆို စုံတွဲလေးတွေလည်း တွေ့ရတတ်သေးရဲ့။ ဓါတ်ပုံရိုက်ချင်စရာ ထင်းရှူးပင်အများအပြားနဲ့ တောင်တစ်ခုလုံးက သက်ဝင်လှပအေးချမ်းနေတယ်။ ထင်းရှူးတန်းကတော့ မယ်ခိုတောင် ဘုန်းကြီးကျောင်းဆီ သွားတဲ့ တောင်တက်လမ်းပေါ်မှာ တည်ရှိတာပါ။


လွယ်မယ်တောင် နဲ့ ချမ်းသာကြီးဘုရား

အောင်ပန်းရဲ့ လွယ်မယ်တောင် ဆီလည်း သွားကြ တက်ကြပါတယ်။ လွယ်မယ်တောင် ထိပ်ကို စောင်းတန်းလှေကားနဲ့ တက်လို့ရသလို၊ ကားလမ်းအတိုင်းလည်း တက်လို့ရပါတယ်။ အပေါ်မှာ ဘုန်းတော်ကြီးကျောင်း နဲ့ စေတီတွေ မြင်ကြရပါတယ်။ တောင်ခြေမှာတော့ ချမ်းသာကြီးဘုရားကို ဖူးမြင်ရမှာပါ။ လွယ်မယ်တောင်ပေါ်ကနေလည်း အောင်ပန်းမြို့အလှကို မြင်တွေ့ရပါသေးတယ်။


ပင်မှီကျောင်း

အောင်ပန်းကနေ ပင်မှီရွာဘက်ကို သွားပြီး နှစ်သက်တန်းကြာပြီဖြစ်တဲ့ ပင်မှီဘုန်းကြီးကျောင်း ကိုလည်း လေ့လာစေချင်ပါတယ်။ တကယ်ကို ရှည်လျားတဲ့ ကျောင်းကြီး ဖြစ်ပြီး တချိန်ကတော့ ရှေးဟောင်းဆင်းတုတော်တွေ အများအပြားရှိတဲ့နေရာပေါ့။ နောက်တော့ ခိုးယူသူပေါလာလို့ ခုဆို သေချာ သံတိုင်တွေနဲ့ ထိန်းသိမ်းထားရတဲ့အထိပါပဲ။ ကျောင်းကြီးပေါ်မှာ ရှေးဟောင်းဘုရားဆင်းတုတော်တွေနဲ့ အသုံးအဆောင်အချို့ကို လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။


ငုံးသုံရှေးဟောင်းဘုရားများ

အောင်ပန်းမှာ ဒီတစ်ခါ အတန်ဆုံးက ငုံးသုံရွာဘက်က ရှေးဟောင်းဘုရားကြီးတစ်ဆူကို မြင်တွေ့ဖူးမြော်လိုက်ရတာပါပဲ။ ညောင်ရမ်းခေတ်လက်ရာ ဖြစ်နိုင်တယ်လို့ ဆိုထားတဲ့ ဒီ ဂူဘုရားကြီးဟာ လိုဏ်ပတ်လမ်းလည်း တည်ရှိပေမဲ့ ပြိုပျက်နေတာမို့ အပြည့်ပတ်ကြည့်လို့တော့ မရပါဘူး။ ရှေးဟောင်းဘုရားကြီးတွေ မြင်တွေ့ဖူးမြင်ရသလို အချို့ဆို ပျက်စီးယိုယွင်းနေပါတယ်။ စနစ်တကျ ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး အချို့ကလည်း အလျင်စလို ပြုပြင်လိုက်တာမျိုးရှိလို့ ဒေသခံတွေ အတော်လေး သတိပြုထိန်းသိမ်းနေကြတာကို ကြားခဲ့ရပါတယ်။ အတော်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဉာဏ်တော်လည်း မြင့်မားပုံရတဲ့ ရှမ်းပြည်မှာ တွေ့ရခဲတဲ့ စေတီပုံစံဖြစ်ပါတယ်။ အတိုင်းအတာအားဖြင့်လည်း ပေ ၆၀ ဝန်းကျင်ပတ်လည်ရှိတာမို့ အတော်ကြီးမားပါတယ်။ ထောင့် လေးထောင့်မှာလည်း အရံ စေတီတွေ ရှိခဲ့ပုံရပြီး အတော်များများကတော့ အုတ်ပုံသာသာလေး ရှိပါတော့တယ်။


သရဲဥမင်ဘုရား

နောက်ထပ် သွားစေချင်မိတာကတော့ သရဲရွာဘက်က သရဲဥမင်ဘုရားပါ။ စောင်းတန်းအတိုင်း တောင်တက်ပြီး ဂူထဲက ရှေးဟောင်းဆင်းတုတော်တွေအများအပြားကို ဖူးမြင်ကြရမှာဖြစ်သလို၊ တောလမ်းကနေ တောင်တက်ပြီး တောင်ရဲ့ အခြားဘက်ခြမ်းက ဂူတွေ၊ ရှေးဘုရားတွေကို ဖူးနိုင်ပါသေးတယ်။


အောင်ပန်းဘူတာ

တချိန်က ရထားလမ်းဆုံးမြို့ အဖြစ် အချိန်အတန်ကြာရှိခဲ့ဖူးတဲ့ အောင်ပန်းမြို့ရဲ့ ဘူတာကိုလည်း လေ့လာနိုင်ပါသေးတယ်။ ဟိုးခေတ်က ရေစင်ကြီးတွေ၊ အဆောက်အဦးတွေ၊ တွဲပြင်တဲ့နေရာတွေလည်း ခုထိ မြင်တွေ့ရပါဦးမယ်။


အောင်ပန်းဈေးကြီး

စည်ကားသက်ဝင်နေပြီး အသီးအနှံတွေ ပေါများတဲ့ ဈေးကြီးကလည်း မြို့ရဲ့ အချက်အခြာနေရာမှာ ရှိနေတာပါ။


နာရီစင်၊ မင်္ဂလာကန်တော် နဲ့ ဗထူးပန်းခြံ

နာရီစင်ကြီးကို ဒီပန်းခြံထဲ ရွှေ့ထားပါတယ်။ ဒါပေမဲ့ ကလော နာရီစင်လို ခန့်ညားမှုမရှိနေတာတော့ စိတ်မကောင်းစရာပါ။ အားလုံးက တစ်ဆက်တည်းဖြစ်ပြီး ဗထူးပန်းခြံထဲမှာ နာရီစင်ရော မင်္ဂလာကန်တော်ရော ရှိနေပါတယ်။ ကန်တော်နဲ့ ပန်းခြံကို ပြန်လည်ပြင်ဆင်ထားတာက အဆင်ပြေသပ်ရပ်လှပနေပါတယ်။ အနားယူသူတွေရော၊ ကျန်းမာရေးလမ်းလျှောက်သူ နဲ့ ငါးဖမ်းသူ အစုံကို မြင်တွေ့ကြရပါတယ်။


အောင်ပန်းဘုံကျောင်း

သတ်သတ်လွတ်ဘုံကျောင်း လှလှတစ်ခုကိုလည်း အောင်ပန်း တောင်ကြီးလမ်းပေါ်မှာ မြင်သာထင်သာ တွေ့ရပါမယ်။ အတွင်းမှာ ဘုရားဖူးလို့ အဆင်ပြေသလို၊ ဓါတ်ပုံရိုက်ချင်စရာ လှပတာကိုလည်း သတိပြုမိပါတယ်။


အထိမ်းအမှတ်နေရာများ

အောင်ပန်း မှာ သွားရောက်လည်ပတ်နိုင်သေးတဲ့ အထိမ်းအမှတ်နေရာတွေကတော့ မြို့အဝင်က အောင်ပန်းမြို့ အမှတ်အသားဆိုင်းဘုတ်၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၊ မြို့လယ်က ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင် နဲ့ ပအိုဝ်း အိုးစည်ရုပ်တု တွေပဲ ဖြစ်ပါတယ်။


အခြားလည်ပတ်စရာများ

အောင်ပန်းမှာ ခုလို လည်ပတ်စရာတွေအပြင် Trekking လုပ်တာ၊ Hiking လုပ်တာ၊ Camping လုပ်တာတွေလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ Trekking အကြောင်းတော့ သီးသန့် ထပ်ရေးပါဦးမယ်ခင်ဗျာ။


အောင်ပန်းမှာ စားစရာ

စားလို့သိပ်ကောင်းတဲ့ ရွှေချမ်းသာ ဝက်သားချဉ် နဲ့ ငါးထမင်းနယ် ကို အောင်ပန်းရောက်ရင် မဖြစ်မနေ စားကြည့်ဖို့ တိုက်တွန်းပါရစေ။ ဝက်သားချဉ် အရသာက ဘယ်ကမှနဲ့ မတူအောင်ကို စားကောင်းလွန်းတာပါ။ သန့်ရှင်းမှုကလည်း အတော်ချီးကျူးယူရတယ်။ အချဉ်ခွက်၊ ငရုတ်သီးဗူး ဘာပဲ ကိုင်ကြည့်ကြည့် ကြည်လင်ရှင်းသန့်နေတာကို အတော်လေးစားမိသွားတယ်။ များများမလုပ်ဘဲ အရည်အသွေးထိန်းတဲ့ ဆိုင်ရှင်ကြောင့် နေ့လည် ၁ နာရီဝန်းကျင်လောက် ဆိုင်ဖွင့်ပြီး မြန်မြန်ကုန်ရင် မြန်မြန်သိမ်းသွားတတ်လို့ နောက်ကျရင် ဘယ်တော့မှ မစားရတတ်တဲ့ ဆိုင်ပါပဲ။ ဗထူးပန်းခြံ မင်္ဂလာကန်တော်ထောင့်က အကြော်ဆိုင်လေးကလည်း ဒေသခံတွေ အထူးကြိုက်ကြတဲ့ ဆိုင်လေးပါ။


ဘယ်မှာ တည်းမလဲ

အရေးကြီးဆုံးပါပဲ။ အောင်ပန်းမှာ နာမည်ကြီးတဲ့ ဟိုတယ်ကြီးက လက်ချိုးရေလို့ရတယ်။ ခရီးသွားအများစုက ကလောမှာ တည်းကြတာများပေမဲ့ တကယ်တမ်းအောင်ပန်းမှာလည်း တည်းလို့ကောင်းပြီး ဈေးနှုန်းချိုသာတာ သိလိုက်ရတယ်။ အဲ့ဒါက ဟိုတယ် နှင်းရွှေရည်ပါ။ အောင်ပန်း ရဲ့ အထင်ကရ ပြည်ထောင်စုလမ်းမကြီးပေါ်မှာပဲ ရှိပြီး ရုတ်တရက်ကြည့်လိုက်ရင် ရိုးရိုးဟိုတယ် ထင်ရပါတယ်။ ခြံထဲကို ဝင်လိုက်တော့မှ ဘန်ဂလို အမျိုးအစားတွေရော၊ အဆောက်အဦးနဲ့ရော အစုံ ရှိနေတာ သိလိုက်ရတယ်။ ရေကူးကန်ကလည်း အတော်သန့်ရှင်းလှပ ပါတယ်။ မနက်စာ ဘူဖေးကို သေချာ ပြင်ဆင်ပေးတာ၊ ဒေသစာလေးတွေရော မြန်မာကြိုက်လေးတွေပါ ထည့်ပေးတာ အဆင်ပြေပါတယ်။ သန့်ရှင်းရေးကိုတော့ အထူးချီးကျူးမိတယ်။ တော်တော်လေး သန့်တာပါ။ ဈေးအားဖြင့်လည်း အဆင်ပြေတယ်။ Superior က ၃၅၀၀၀ ကျပ် နဲ့ Deluxe Bungalow က ၅၅၀၀၀ ကျပ် ပဲ ဖြစ်ပါတယ်။ ဟိုတယ် နှင်းရွှေရည်မှာ တည်းနေကျ ပုံမှန်ဧည့်သည်တွေက အမြဲသဘောတကျ လာတည်းကြတဲ့ ဟိုတယ်လည်းဖြစ်တာမို့ ကျွန်တော်လည်း သေချာညွှန်းချင်ပါတယ်။ ဒီတစ်ခါ ရှမ်းပြည်တောင်ပိုင်းလည်ရင် အောင်ပန်းက ဟိုတယ်နှင်းရွှေရည် မှာ တည်းကြည့်ပါ။ သေချာ သဘောကျသွားစေရပါမယ်လို့။ လည်ပတ်ဖို့အတွက်လည်း လမ်းညွှန်မှုတွေ ပေးနိုင်သလို၊ Trekking နဲ့ Camping အစီအစဉ်တွေကိုလည်း ကိုယ်တိုင်စိတ်ပါဝင်စားစွာ စီစဉ်ဖန်တီးပေးနေတာမို့ ဟိုတယ်မှာပဲ တစ်ခါတည်း ပြီးပြည့်စုံအောင် ခရီးစဉ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။ ဟိုတယ် နှင်းရွှေရည်မှာ ဘွတ်ကင်ယူမယ် အခန်းစုံစမ်းမယ်ဆိုရင် ဖုန်း ၀၉ ၇၈၀၈၃၂၅၇၅ နဲ့ ၀၉ ၉၆၈၈၈၂၈၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


အောင်ပန်းမြို့ အကြောင်းကတော့ သမိုင်းနဲ့ယှဉ်ရင် ပိုစိတ်ဝင်စားစရာ ဖြစ်နေပြီး၊ ခရီးသွားအများစုက ဘာမှ လည်စရာ မရှိလောက်ပါဘူးဆိုပြီး ကျော်သွားတတ်ကြတဲ့ မြို့လေး ဖြစ်ပါတယ်။ တကယ်တော့ အောင်ပန်းမြို့ နဲ့ အနီးဝန်းကျင်မှာလည်း လည်ပတ်လုပ်ဆောင်စရာတွေ အရမ်းများပါတယ်။ အောင်ပန်းမြို့မှာ သေချာတည်းခိုပြီး လည်ပတ်သင့်တယ်ဆိုတာလေးကို သေချာလည်း ထပ်ပြီး ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Min Hsann, Thiha Lu Lin

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

1,837 views0 comments
bottom of page