top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ရှေးကဗျာလေးတစ်ပုဒ်လိုလှတဲ့ အမရပူရ

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Jun 9, 2020
  • 4 min read

Updated: Sep 11, 2020

ကျွန်တော် ပြီးခဲ့တဲ့နှစ်တွေအတွင်း ပူရမြို့တော်တွေကို ထူးထူးခြားခြားလည်ပတ်ပြီး ရေးသားဖြစ်ခဲ့တယ်။ ဇေယျာပူရ လို့ ခေါ်တွင်တဲ့ စစ်ကိုင်း အကြောင်း၊ ရတနာပူရ လို့ ခေါ်ခဲ့ကြတဲ့ အင်းဝ၊ ဝိဇယပူရ လို့ခေါ်ခဲ့တဲ့ ပင်းယ အကြောင်း တွေ ရေးဖြစ်ခဲ့ပါပြီ။ ဒီတစ်ခါတော့ လူတိုင်းနဲ့ မစိမ်းတဲ့ မြို့နာမည်လေး အမရပူရ အကြောင်းလေး ရေးပါရစေ။ အရင်က အမရပူရ နဲ့ မန္တလေး ဆိုတာ အတူတူပဲ လို့ ထင်ခဲ့ဖူးတယ်။ တကယ်တော့ မတူညီတဲ့မြို့လေး နှစ်မြို့ ဖြစ်နေခဲ့မှန်း တဖြည်းဖြည်း သိလာရတာပါ။ ကျွန်တော်နဲ့အတူ အမရပူရ ခရီးလေး လိုက်လည်လှည့်ပါဦး။

ree

အမရပူရ ဆိုတာ

တောင်မြို့ လို့ မန္တလေးသူ မန္တလေးသားတွေ ခေါ်ကြတဲ့ အမရပူရ နဲ့ မန္တလေးမြို့ကို လူထုဒေါ်အမာ ကတော့ ခေါင်းနင်းဆင်းမြို့ညီအစ်မ လို့ တင်စားခဲ့တယ်။ အရင်က နန်းစိုက်ရာ အမရပူရမြို့ ကနေ မန္တလေးမြို့ ကို ပြောင်းရွှေ့တဲ့အခါ မြို့သူမြို့သားတွေက အမရပူရ ကို တောင်မြို့၊ မန္တလေး ကို မြောက်မြို့လို့ ခေါ်တွင်ကြပါတယ်။ မန္တလေးကနေဆို ၆ မိုင်ခန့်ဝေးတဲ့နေရာမှာ ရှိတယ်လို့ ဆိုရပါမယ်။

“အင်းအိုင်ဝိုက်လည်၊ ဘိုးတော်တည်၊ ရွှေပြည်အမရ၊ သာမောစွ” ဆိုတဲ့ ကဗျာအတိုင်း ဘိုးတော်ဘုရား (ခေါ်) ပဒုံမင်း က မြန်မာသက္ကရာဇ် ၁၁၄၄ မှာ အမရပူရရွှေမြို့တော် ကို တည်ထောင်ခဲ့တာပါ။


အမရပူရ ကို ဘယ်လိုသွားလဲ

မန္တလေးမြို့မှာ တည်းခိုနေထိုင်ပြီး သွားလည်ပတ်တာ အကောင်းဆုံးပါ။ များမကြာမီတော့ အမရပူရမှာ ဟိုတယ်တွေ ပေါ်လာမယ်လို့ သတင်းသဲ့သဲ့တော့ ကြားနေရတယ်။ ဘယ်လိုဖြစ်မယ် မသိသေး။ မန္တလေး ကို လေယာဉ်၊ အဝေးပြေးကား၊ ရထား တို့နဲ့ လာရောက်ပြီး မြို့တွင်း အငှားကား၊ ဆိုင်ကယ် တို့နဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။ မန္တလေးကနေ ၆ မိုင်ခန့်အကွာအဝေးမှာ ရှိပြီး သွားတဲ့လမ်းတစ်လျှောက်က စည်စည်ကားကားရှိတာမို့ ပျင်းစရာ မဖြစ်ဘဲ အမရပူရ ကို လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ကားငှားရင် တစ်နေ့လုံး ငှားတာလည်း အဆင်ပြေပါတယ်။ ဈေးနှုန်းအားဖြင့် ၄ သောင်း - ၅ သောင်းဝန်းကျင် ရှိတတ်တယ်။ တက္ကစီတွေလည်း ရှိပါတယ်။ တစ်ကြောင်းကို ၆၀၀၀ ကျပ်ကျော် ကျသင့်တတ်ပါတယ်။


အမရပူရ ကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်

လည်ပတ်ဖို့ အဆင်ပြေဆုံးအချိန်က ဆောင်းတွင်းကာလလေးပါ။ မိုးတွင်းလည်း မိုးနည်းတတ်တဲ့ ဒေသမို့ အဆင်ပြေပါတယ်။ ဆောင်းတွင်းမှာတော့ အပူချိန်နည်းပါးပြီး အအေးပိုတဲ့ဘက်တောင် ဖြစ်တတ်လို့ ခရီးသွားတွေအနေနဲ့ မပင်ပန်းဘဲ သွားလာနိုင်မှာပါ။ တစ်ခုပဲ ဆောင်းတွင်းကာလမှာ နေဝင်ချိန်စောတတ်လို့ ဦးပိန်တံတား ရဲ့ နေဝင်ချိန်အလှကို ခံစားဖို့ရာတော့ နည်းနည်းစောစော သွားတာ ပိုကောင်းပါတယ်။


အမရပူရ မှာ နှစ်ရက်တာ လည်ပတ်စရာ

အမရပူရ ကို တကယ်လည်ပတ်မယ်ဆို တစ်ရက်အတွင်းတော့ နေရာတော်တော်များများ ရောက်နိုင်ပေမဲ့ ပင်ပန်းပါတယ်။ အဲ့ဒါထက်စာရင်တော့ နှစ်ရက်ခွဲပြီး အေးအေးလူလူ သက်သက်သာသာ သွားရောက် လည်ပတ်စေလိုပါတယ်။ မနက်ပိုင်းတစ်ဖြတ် လည်ပတ်၊ နေ့ခင်းချိန်ခဏနား၊ ညနေပိုင်းတစ်ဖြတ် လည်ပတ်တာမျိုးဆို လူလည်း လန်းဆန်းပြီး ဓါတ်ပုံရိုက်တာက အစ အဆင်ပြေနေမှာပါ။


လည်ပတ်စရာနေရာတွေက ကျွန်တော်ထင်ထားတာထက် များပြားနေလို့ အမရပူရ ကို ကျွန်တော် အရမ်းသဘောကျသွားတယ်။ ကျွန်တော်လည်ပတ်ဖြစ်သမျှလည်း စုစည်းတင်ပြလိုက်ပါတယ်။


တောင်သမန်အင်း နဲ့ ဦးပိန်တံတား

ree

အမရပူရ လို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့ မြန်မာပြည်က ခရီးသွားသူတော်တော်များများက ဦးပိန် နဲ့ တောင်သမန်အင်းကို ဦးဆုံး သတိရမိတတ်ကြပါတယ်။ တောင်သမန်အင်း က အရင်ကတော့ ၃ ရာသီကို အလှ ၃ မျိုးနဲ့ ရပ်တည်ခဲ့ရာကနေ ခုတော့ အချိန်ပြည့် ရေရှိနေတဲ့ အင်း ဖြစ်သွားပါပြီ။ ဦးပိန်တံတား ရဲ့ စည်ကားမှုကလည်း ခုထိ မလျော့ပါဘူး။ မဉ္ဖူသက္ကနတ်ပန်း၊ မယ်ဇယ်စေ့နဲ့လုပ်ထားတဲ့ အမှတ်တရလူသုံးကုန်ပစ္စည်းတွေ၊ အကြော်တန်း တို့ကလည်း လာသူတွေကို တစ်ခုမဟုတ်တစ်ခု ဝယ်ယူချင်အောင် စွဲဆောင်ပြန်ပါတယ်။ တချို့က တံတားအောက်ကနေ နေဝင်ချိန်ကို မှတ်တမ်းတင်ကြတယ်။ တချို့က တံတားပေါ်ကနေ ခံစားတယ်။ တချို့ကတော့ ငှက် (လှေ) စီးပြီး အင်းထဲကနေ နေဝင်ချိန်ကို မှတ်တမ်းတင် ခံစားကြပါတယ်။ ဒီနေရာဟာ အမရပူရ ကို ရောက်ရင် မဖြစ်မနေ လာသင့်တဲ့ နေရာလို့ ဆိုပါရစေ။


တောင်မင်းကြီးဘုရား

ree

အရင်ကတော့ အမိုးအကာ မရှိဘဲ တောင်သမန်အင်းကမ်းစပ်မှာ ထီးထီးကြီးရှိနေတဲ့ ရုပ်ပွားတော်ကြီးမို့ နေပူခံကိုယ်တော်ကြီး လို့ ခေါ်တွင်ခဲ့ကြတဲ့ တောင်မင်းကြီးဘုရား ဟာလည်း ဦးပိန်တံတားကို အလည်လာရင်း ဝင်ရောက်လေ့လာဖူးမြော်ကြပါတယ်။ ဆင်ဖြူဝန်ဘုရား လို့လည်း ခေါ်တွင်ကြသေးတဲ့ တောင်မင်းကြီးဘုရား ဝင်းထဲမှာ ရှေးစေတီနှစ်ဆူ ကိုလည်း ထိန်းသိမ်းထားတာ လေ့လာကြရဦးမှာပါ။ ကျွန်တော်တော့ တောင်မင်းကြီးဘုရားကို ရောက်တဲ့အချိန် လက်ရှိ အမိုးအကာတွေကို ဖယ်ပြီး ရုပ်ပွားတော်ကြီး သက်သက်နဲ့ တောင်သမန်အင်း ကို မြင်ကြည့်တဲ့အခါ အတော် သပ္ပာယ်မယ်လို့ တွေးမိသွားတယ်။ တောင်သမန်ကို ကြည့်ပြီး ပြုံးနေတဲ့ ရုပ်ပွားတော် ကို ဖူးကြရမှာပဲလို့ စဉ်းစားမိပါတယ်။ တောင်မင်းကြီးဘုရား ကို မြန်မာသက္ကရာဇ် ၁၁၄၈ (ခရစ်နှစ် ၁၇၈၆) မှာ တောင်မင်းကြီး ခေါ် ဝန်ကြီးအသည်ဝန်မဟာ မင်းလှကျော်စွာ တည်ထားကိုးကွယ်ခဲ့တာကြောင့် တောင်မင်းကြီးဘုရား လို့ပဲ ခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ်။ ရုပ်ပွားတော်ရဲ့ အမြင့်က ၄၆ ပေ ၁၁ လက်မ ရှိပါတယ်။

ree
တောင်မင်းကြီးဘုရားဘေးက အရံရှေးစေတီများ

မယ်ဇယ်ပင်တန်း

ree

အမရပူရ နဲ့ ခွဲမရတဲ့အထဲမှာ မယ်ဇယ်ပင်တန်းလည်း ပါတယ်။ အပင်ပေါင်း (၁၀၃) ပင် ရှိခဲ့တဲ့ မယ်ဇယ်ပင်တန်းကြီးဟာ ဦးပိန်တံတားကနေ တောင်မင်းကြီး ဘုရားကို လာတဲ့ ဘုရားဖူးတွေ အေးရိပ်ရအောင် စိုက်ပျိုးတယ်လို့ ယူဆရပါတယ်။ ခုတော့ သဘာဝဘေးဒါဏ်၊ အပင်ခိုးလှဲတဲ့ဒါဏ်တွေကြောင့် (၉၅) ပင်လောက်ပဲ ကျန်တော့မယ်လို့ ကိုပညာ (အမရပူရ) ရဲ့ စာအုပ်ထဲမှာ မှတ်သားရပါတယ်။ နှစ်တစ်ရာကျော် သက်တန်းရှိနိုင်တဲ့ အပင်တွေလို့လည်း မှတ်သားရပြီး ကျွန်တော်ကတော့ ဒီအပင်တွေကို အခုထက်ပိုပြီး စနစ်တကျ ထိန်းသိမ်းလို့ အနီးဝန်းကျင်ကိုလည်း ပိုလှအောင် ဖန်တီးစေချင်မိတယ်။ အမှိုက်နဲ့ ဆိုင်တချို့ ရှိနေတာအပေါ်လည်း ခရီးသွားတစ်ယောက်အနေနဲ့ သိပ်ဘဝင်မကျလှပါဘူး။ ဒါကို သေချာပြင်ဆင်ပြီး နိုင်ငံတကာခရီးသွားတွေကို ပြသလို့ နိုင်ငံခြားငွေ ရှာနိုင်ဦးမယ်လို့ တွေးမိပါတယ်။


ကျောက်တော်ကြီးဘုရား

ကျောက်တော်ကြီး ဘုရား ဟာ စစ်ကိုင်းမင်း ရဲ့ ထူးခြားပြီး အနုပညာပါတဲ့စိတ်ကူး တစ်ခု လို့ ကျွန်တော်ကတော့ ယူဆမိတယ်။ စစ်ကိုင်းမင်း ရဲ့ ဘဝကို ဖတ်ကြည့်တဲ့အခါ သူဟာ အတော် စိတ်ကူးယဉ်ဆန်ပြီး ဘဝကို အေးအေးလူလူ ဖြတ်သန်းချင်သူ ဖြစ်ပုံရပါတယ်။ ရှင်ဘုရင်တစ်ယောက်လိုလည်း မနေခဲ့ဘူး။ အခြံအရံတွေနဲ့ သွားလာရတာကိုလည်း သိပ်နှစ်သက်ပုံမပေါ်ဘဲ၊ တစ်ဦးတည်း သွားလာလှည့်လည်နေတတ်တာကို သတိပြုမိတယ်။ ပန်းချီပန်းပုလို အနုပညာရပ်တွေလည်း တတ်ကျွမ်းနှံ့စပ်သူ ဖြစ်ပုံရတော့ ဘုရားဆင်းတုတော်တွေ ထုဆစ်တာကအစ သူ့ရဲ့ စိတ်ကူးအကြံအစည်နဲ့ လုပ်အားတွေ ပါနေတတ်ပြန်တယ်။ ဒီ ကျောက်တော်ကြီးဘုရား မတိုင်ခင်က မဟာသကျသီဟဘုရားကို ကြေးသွန်းတယ်။ အဲ့ဒီကနေ ဒီလိုလုပ်တဲ့အပေါ် အရမ်းစွဲလန်းသွားပြီး ကျောက်သားအတိကျောက်ဆင်းတုကြီးတစ်ဆူ ဖန်တီးချင်လာတယ်။ ဒါကြောင့်ပဲ အတော်ခက်ခက်ခဲခဲ သလင်းကျောက်တော်ကြီး ကို ရှာဖွေတွေ့ရှိ ပြီး အတော်ခက်ခဲစွာပဲ သယ်ယူထုဆစ်ခဲ့ရတယ်။ သမိုင်းရေးပြရင် အရမ်းတွေ ရှည်ကုန်တော့မှာမို့ အတိုချုံး ပါရစေ။ နောက်ဆုံးမှာ သူကိုယ်တိုင် ထုတ်ထားတဲ့ ပုံစံ အချိုးအဆအတိုင်းထုဆစ်ခဲ့ရတာမို့ တောင်သမန်ကျောက်တော်ကြီးဘုရား ရဲ့ သမိုင်းက တော်တော်တန်တန်မဟုတ်လို့ ဆိုရပါမယ်။ အမရပူရမှာ လည်ပတ်ဖူးမြော်သင့်တဲ့ ကျောက်တော်ကြီးဘုရားမှာ ထူးခြားတဲ့ နံရံဆေးလက်ရာတွေလည်း ရှိနေပြီး အခုတိုင် ဘုရားဖူးတွေနဲ့ စည်ကားနေဆဲ ဖြစ်ပါတယ်။


ရွှေဂူကြီးဘုရား (ရွှေကူကြီးဘုရား)

ree

အမရပူရမှာ ကျွန်တော် သဘောကျမိတဲ့နေရာတစ်ခုက ရွှေဂူကြီးဘုရားလည်း ပါဝင်ပါတယ်။ ရွှေဂူကြီးဘုရား အနီးမှာ တည်ရှိတဲ့ သမိုင်းဝင် ဂန္ဓာကုဋိတိုက် ကြီးကို သဘောကျနေတာပါ။ ပြိုပျက်နေတဲ့ ရှေးဟောင်းအဆောက်အဦးကြီး ကို အခုထိ ထိန်းသိမ်းထားနိုင်တာလေး သဘောကျသလို၊ ဓါတ်ပုံ ရိုက်ဖို့အတွက်လည်း အထူးအဆင်ပြေပါတယ်။ အတွင်းပိုင်းကိုလည်း အမြဲ လည်ပတ်သူတွေ ဓါတ်ပုံရိုက်ဖို့ စီစဉ်ပေးထားနိုင်ရင် ပိုကောင်းမှာပါ။ တစ်ခါတရံ ကစားသမားတွေနဲ့ ပြည့်နေတတ်ပါတယ်။ ရွှေဂူကြီးဘုရား က လျောင်းတော်မူဟာလည်း သမိုင်းဝင်ရုပ်ပွားတော်မို့ ဖူးမြော်လေ့လာနိုင်ပါတယ်။ ဒီဘုရားက ဈေးချိုရပ်ကွက် နဲ့ မှန်တန်းရပ်ကွက် ကြားမှာ ရှိပါတယ်။ အမရပူရခေတ်ရဲ့ လက်ရာတွေကို မြင်တွေ့နိုင်တဲ့နေရာဖြစ်ပြီး ဒီစေတီကြီးရဲ့ တောင်ဘက်က ရွှေဂူသာလိုဏ်ဘုရားမှာ နံရံဆေးရေးပန်းချီတွေ ရှိပါတယ်။

ree


ရွှေမုဌော မဟာသိမ်တော်ကြီး မြတ်စွာဘုရား

ree

မဟာဂန္ဓာရုံလမ်းထောင့်မှာ ရှိတဲ့ ရွှေမုဌောမဟာသိမ်တော်ကြီး ဟာလည်း ရှေးသမိုင်းဝင် ဘုရားတစ်ဆူမို့ လမ်းလည်းသင့်စွာ ဖူးမြော်နိုင်ပါသေးတယ်။ ဒီဘုရားကိုတော့ မြန်မာသက္ကရာဇ် ၂၁၈ မှာ သီရိဓမ္မာသောကမင်းကြီး တည်ထားတယ်လို့ ဆိုပါတယ်။ ခုမြင်တွေ့နေရတာက မူလပုံစံမဟုတ်ဘဲ ၁၁၄၇ မှာ ဈေးကောက်ကြီးဦးရွှေခင် က ပျက်စီးယိုယွင်းနေတဲ့ စေတီနဲ့သိမ်ကို မင်းကွန်းပုထိုးတော်ကြီးပုံစံတူ စေတီနဲ့ ခြုံငုံတည်ထားတယ်လို့ ဆိုပါတယ်။ တိုက်ဆိုင်သလားပဲ၊ ဦးရွှေခင်လည်း အုတ်တိုက်နီကြီးအဆင့်မှာပဲ ကွယ်လွန်ခဲ့တာမို့ ဒီဘုရားကို ဘုရားနီ လို့လည်း ခေါ်ကြပြန်ပါတယ်။


လင်းဇင်းကုန်း နဲ့ ဒရဂါတော်

ရုတ်တရက်ဆို မရောက်ဖြစ်ဘဲ ကျော်သွားနိုင်တဲ့ ဒီနေရာမှာ သုသာန်တွေ ရှိပါတယ်။ အာမေနီယန်း၊ တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ ထိုင်း နဲ့ လာအိုသုသာန်တွေ ရှိပါတယ်။ ရှေးဟောင်းသုတေသနဌာနက ပြန်ပြီး ပြင်ဆင်ထိန်းသိမ်းထားတဲ့ သုသာန်တွေလည်း ရှိတာမို့ လေ့လာနိုင်ပါတယ်။


ဒရဂါတော် ကတော့ သခင်ကြီး အာဗျစ်ဒ်ရှာဒီဟိုစိုင်နီ ရဲ့ ဂူဗိမာန်ရှိရာဥယျာဉ်လို့ ဆိုရပါမယ်။ မယ်ဇယ်တန်းရဲ့ မြောက်ဘက် ရွှေမုဌောရဲ့ အနောက်ဘက် လင်းဇင်းကုန်းသုသာန်မြေမှာပဲ တည်ရှိပါတယ်။


နဂါးရုံဘုရား

အမရပူရ ရဲ့ ရွှေဂွမ်းထုပ်ရပ်ကွက်၊ ဖန်ချက်ရပ်မှာ ရှိတဲ့ နဂါးခြုံလွှမ်းတဲ့ပုံနဲ့တည်ဆောက်ထားတဲ့ ဘုရားဖြစ်ပါတယ်။ အမြင့်က ပေ ၂၀၀ ကျော် ရှိပါတယ်။


ရွှေစံကား ဘုရား

ree

တကယ်က ဒီဘုရားကို ဖူးဖို့ မရည်ရွယ်ဘူး။ ရှေးဘုရင်တွေဖြစ်ကြတဲ့ ဗဒုံမင်း၊ ဘကြီးတော် နဲ့ သာယာဝတီမင်းတွေရဲ့အရိုးအိုးစေတီ တွေ အရှာထွက်တာပါ။ တပ်ပိုင်ဝန်းထဲ ရောက်နေတဲ့ ဒီ ရွှေစံကားအနီးမှာ ဖြစ်နိုင်တယ်လို့ ယူဆလို့ ရောက်သွားတယ်။ တပ်ပိုင်ဝန်းထဲမှာမို့ တစ်ခါတရံ ဂိတ်အဝင်မှာ ခွင့်တောင်းဖို့ လိုတတ်ပါတယ်။ နေ့ပိုင်း သွားတာ ပိုအဆင်ပြေပါတယ်။ ရွှေစံကား ဘုရားကို စကုမင်း က တည်ထားခဲ့တာပါ။ အပြင်ဘက်မှာ ဆင်းတုတော်အကြီးတွေ ရှိပြီး အတွင်းဘက်မှာ လိုဏ်လို ပတ်ပြီးသွားလို့ရတာ သတိထားမိတယ်။ ခက်တာက အတွင်းကို ဝင်လေ့လာလို့ တံခါးပိတ်ထားတာပဲ။ ဒီအနီးအပါးမှာပဲ ဗဒုံမင်း (ဘိုးတော်ဘုရား) ရဲ့ အရိုးအိုးစေတီ ရှိတယ်ဆိုပေမဲ့ စာရေးထိုးထားတာ မရှိတော့ ဘယ်ဟာမှန်း သေသေချာချာ မသိခဲ့ရပါဘူး။ အနီးအပါးမှာ ရှေးဘုရားစေတီ အနည်းငယ်လည်း ရှိပါသေးတယ်။ ဘိုးတော်ဦးဝိုင်း၊ ဦးပေါ်ဦး စသူတို့ရဲ့ စေတီတွေပါ။


မဲနယ်စက်ရုံ

ရှေးဟောင်းသုတေသနာက ထိန်းသိမ်းထားတဲ့ မဲနယ်စက်ရုံဟောင်း (မြန်မာနိုင်ငံရဲ့ ပထမဆုံး မဲနယ်စက်ရုံ) ကိုလည်း ဒီ တပ်ဝန်းထဲမှာပဲ ရှိတယ်လို့ ဆိုပေမဲ့ အတော် ရှာရခက်နေတာနဲ့ ပြန်ထွက်ခဲ့ရတယ်။ ကြုံမယ်ဆို သွားကြည့်လှည့်ပါဗျာ။ အုတ်ဘောင်လေးပဲ ကျန်တယ်လည်း ပြောကြသလို၊ အဆောက်အဦး ရှိသေးတယ်လို့လည်း ဖတ်ရပြန်ပါတယ်။


ဗားဂရာကျောင်းတိုက်

စစ်ကိုင်း-မန္တလေးလမ်းပေါ်မှာ ရှိတဲ့ ဗားဂရာကျောင်းတိုက် ဟာလည်း သွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုပါ။ မီးသင့်ဖူးတယ်လို့ မှတ်သားဖူးတဲ့ ဒီကျောင်းကြီးကို မူလပုံစံပြန်တည်ဆောက်ပြထားပုံ ရပါတယ်။ ရှေးဟောင်းလက်ရာအကုန်လုံး မဟုတ်တော့တဲ့တိုင် လေ့လာသင့်တဲ့နေရာတစ်ခုလို့ မြင်မိပါတယ်။


စန္ဒာမုနိဘုရား

ree

၂၀၁၈ ခုနှစ်အတွင်း အထူးရေပန်းစားတဲ့ ရေကန်ကြီးရှိရာ စန္ဒာမုနိဘုရားကြီးဆီလည်း ရောက်သင့်ပါတယ်။ ရေကန်ကြီး ဖွဲ့စည်းထားပုံကလည်း ထူးခြားပြီး စေတီရဲ့ အဆင့်ဆင့်ဖန်တီးထားဟန်ကလည်း ထူးခြားပါတယ်။ ဒီဝန်းကျင်မှာ ဓါတ်ပုံလာရောက် ရိုက်ကူးတာ များလို့ ပုသိမ်ထီး ငှားတဲ့လုပ်ငန်း၊ သနပ်ခါးလိမ်းဖို့၊ ဓါတ်ပုံဆရာ၊ ဓါတ်ပုံရိုက်ဖို့ ရုပ်သေးလေးတွေဆွဲထားတဲ့ အပြင်အဆင် စတဲ့ ထူးခြားတဲ့လုပ်ငန်းလေးတွေလည်း အလုပ်ဖြစ်လာပါတယ်။ ပုသိမ်ထီး ငှားရင် ၅၀၀ ကျပ် တို့ ဓါတ်ပုံရိုက်ရင် ၃၀၀ ကျပ် တို့လို့မျိုး တွေ့ကြရမှာပါ။

ree

ငါးဆူဘုရား

စန္ဒာမုနိဘုရား အနီးကနေ ထွက်လိုက်ရင် တစ်ဘက်ခြမ်းက ငါးဆူဘုရား မှာလည်း ထူးခြားစွာ ဓါတ်ပုံရိုက်လို့ ကောင်းတာ သတိပြုမိပါတယ်။


မဟာဝေဇရံသီ ပုထိုးတော်ကြီး

ree

အမရပူရ ပုထိုးတော်ကြီးအဖြစ် လူသိများပါတယ်။ မဟာဝေဇရံသီ လို့ ပြောရင် သိပ်မသိကြတော့ဘူး။ ကျွန်တော် သွားလည်တဲ့အချိန်ကတော့ ဆေးအရောင်တင်ဖို့ ရှိလို့ထင်ပါတယ် ငြမ်းတွေ ဆင်ထားတော့ သေချာဖူးမြော်ခွင့်မရခဲ့ဘူး။ သူ့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကလည်း အတော် စွဲဆောင်မှုရှိပြီး ထူးခြားတယ်။ အမျိုးသားတွေက တခြားအဆင့်တွေကို တက်နိုင်တာမို့ ပိုပြီးလေ့လာခွင့်ရမယ်။ ကျွန်တော်သွားတဲ့အချိန်က ပြုပြင်ဆဲမို့ တက်ဖို့ ပိတ်ထားတာနဲ့ မတက်ခဲ့ရဘူး။ အနီးမှာ ပုဂံခေတ်က စေတီတွေလို လိုဏ်စေတီအချို့လည်း တွေ့ရပါတယ်။ တောင်သမန်အင်းရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။


အခြားလည်ပတ်စရာ

ကျွန်တော်လည်း စုံနိုင်သမျှစုံအောင်တော့ သွားခဲ့ပေမဲ့ ကျန်ရစ်ခဲ့တာလေးတွေ ရှိပါတယ်။ အဲ့ဒီနေရာတချို့မှာ သမိုင်းဝင်ရှေးဟောင်းပစ္စည်းလေးတွေလည်း ရှိနေပါတယ်။ ဒါလေးတွေကိုလည်း အချိန်ရရင် သွားပြီး လေ့လာစေလိုပါတယ်။ အခြားလည်ပတ်နိုင်တဲ့နေရာတွေကတော့ -

  • တောင်မင်းကြီးမျက်မှန် မောင်ရွှေကန်

  • သာယာဝတီမင်းရဲ့ ဂူဗိမန် (အရိုးအိုးစေတီ)

  • ဘကြီးတော်ရဲ့ဂူဗိမာန် (အရိုးအိုးစေတီ)

  • မဟာသကျသီဟဘုရား

  • ထားဝယ်ဗိုလ်အုတ်ဂူ

  • တောင်သမန်သံတဲ

  • ကွမ်ယင်စီဘုရားကျောင်းတော်

  • ပဲ့ပါဘုရား

  • ပြသာဒ်ကြီးဘုရား

  • ရွှေလင်းပင်ဘုရား

  • မယ်ဘယက်ဘုရား

  • နန်းမြင့်မျှော်စင်

  • ရွှေတိုက်

  • သတ္တဌာနဘုရား

ree

ကျွန်တော့်ရဲ့ အမရပူရ ခရီးစဉ်လေးကတော့ တကယ်ကို အဓိပ္ပါယ်ရှိရှိ သွားခဲ့ရတဲ့ ခရီးစဉ်လေးပါ။ ဒီခရီးစဉ်လေးကနေ ဗဟုသုတလည်း အများကြီးရခဲ့တယ်။ အမရပူရမြို့အကြောင်းနဲ့ မြန်မာ့သမိုင်းတွေကိုလည်း လေ့လာခွင့်ရခဲ့တယ်။ မန္တလေး အနီးအပါး အမရပူရ ဆီ ခရီးတစ်ထောက် သွားရင်း မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ဆောင်ခဲ့ဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။


အားလုံးပဲအစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Camera: SONY Alpha 7II [A7M2]

Lens: 16 - 35mm

Retouch/Edit: Thiha Myo Kyaw, Thiha Lu Lin

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page