Thiha Lu Lin

Jun 16, 20213 min

ပုဂံမှာ ဆင်ကဘုရား ဖူးရင်း The Basket ဆိုင်မှာ စားမယ် နားမယ်

ပုဂံမှာလည်ရင်း အစားအစာ စားဖို့ စဉ်းစားရင် ပထမဆုံး မြန်မာဘူဖေး တွေကို သတိရတယ်။ လမ်းဘေးလေးမှာ၊ သစ်ရိပ်ဝါးရိပ်မှာ၊ ဆိုင်ကြီးကနားကြီးမှာ မြန်မာဘူဖေး က စုံလို့။ တန်သလိုလိုလည်းရှိတယ်။ ကျန်းမာရေးအနေနဲ့ တွေးကြည့်ရင်တော့ တစ်မျိုးတော့ ဖြစ်တာပေါ့နော်။ ကိုယ်တောင် ဟင်းတစ်ဖတ်နှိုက်ပြီး ထားခဲ့တာတွေ ရှိတော့ တခြားသူတွေလည်း ကိုယ့်လိုပဲ နေမှာပဲ။ ဟင်းအသစ်လေးတွေ ထပ်ထပ်ဖြည့်ပေးပေမဲ့ အဲ့လို စဉ်းစားလိုက်တော့ တစ်မျိုးတော့ တစ်မျိုးပဲ… ဟီး။ ဒါပေမဲ့လည်း စားနေတာပါပဲ။

နောက်တစ်ခါ ညောင်ဦး FIT လမ်းထဲက အကင်နဲ့ ဘားဆိုင်လေးတွေ လည်း သတိရတယ်။ လူသူထူထူထပ်ထပ်နဲ့ နိုင်ငံခြားသား (FIT) စရိတ်ချွေတာခရီးသွားတွေ လာတာများတဲ့ ကဲလို့ကောင်းတဲ့နေရာမို့ နိုင်ငံခြားသားအပြည့်နဲ့ နေရာပေါ့။ ဒီမှာကျတော့လည်း သူ့အရသာက တစ်မျိုး။

တစ်ခါ Tour တွေနဲ့ ခပ်ချေချေထွက်လာကြတဲ့ နိုင်ငံခြားသားတွေ ထိုင်ကြတဲ့ ဆိုင်ကြီးတွေလည်း ရှိသေးတယ်။ မြန်မာအကဖျော်ဖြေရေး အစုံနဲ့ ဆိုင်မျိုးတွေပေါ့။ သူတို့ကလည်း တစ်မျိုးတစ်ဘာသာ ကွဲထွက်ပါတယ်။ အဲ့လိုပဲ ဟော့ပေါ့ဆိုင်၊ ပီဇာဆိုင် နဲ့ ကော်ဖီဆိုင်လေးတွေလည်း ပုဂံမှာ ရှိသေးတာပေါ့လေ။

ဒါပေမဲ့ အေးအေးဆေးဆေး Chill လို့လည်းကောင်း၊ အစားအစာကလည်း မြန်မာနဲ့ အနောက်တိုင်း အစားအစာတွေ ပြီးတော့ Fusion လို့ပြောကြတဲ့ အရှေ့နဲ့ အနောက် ပေါင်းစပ်ထားတဲ့ အစားအစာအဆန်းတွေ ရတဲ့ဆိုင်က နည်းပါသေးတယ်။ အဲ့ဒီ နည်းနည်းလေးထဲက The Basket ဆိုတဲ့ ပုဂံ က စားသောက်ဆိုင်အသစ်လေးကို ကျွန်တော် သဘောအတော်ကျသွားမိတယ်။

The Basket ဆိုင်လေးက Fusion Restaurant ဆိုတဲ့အတိုင်း အရှေ့နဲ့ အနောက် ပေါင်းစပ်ထားတဲ့ ဟင်းလျာအသစ်တွေကို ပုဂံအလည်ထွက်ရင်း အေးဆေး စားနိုင်တယ်။

ဆင်ကဘုရား ဖူးရင်း The Basket ဆိုင်မှာ စားမယ် နားမယ်

The Basket ဆိုင်က ပုဂံ ဆင်ကဘုရား နားမှာ ရှိတာပါ။ ပုဂံမြို့သစ်၊ ခွာညိုလမ်း ပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။ အနီးမှာ Bagan House ယွန်းထည်ဆိုင်ကြီး နဲ့ Bagan View ဟိုတယ်တွေ ရှိပါတယ်။

အနီးက ဆင်ကဘုရား က ဆိတ်ငြိမ်ပြီး အရင် ငလျင်ဒါဏ်ကြောင့် ပြိုပျက်သွားတာကို တချို့တစ်ဝက် ပြန်ပြီး ပြင်ဆင်တည်ထားတဲ့ ရှေးဟောင်းဘုရားလည်း ဖြစ်ပါတယ်။ ဘုရားဖူးရင်း အနီးကပ်လျက်က The Basket ဆိုင်မှာ စားနိုင်ပါတယ်။

ဒီဆိုင်ရဲ့ အပြင်အဆင်က ထိုင်းက ကော်ဖီဆိုင်လေးတွေလို သိပ်လှပါတယ်။ နေ့ခင်းဘက်ဆိုလည်း အဲကွန်းခန်းထဲမှာ အပူရှောင်ရင်း ဝိုင်ဖိုင်အင်တာနက်လေး အခမဲ့သုံးလို့ အေးဆေး အနားယူ စားသောက် ပြီး နေနိုင်တယ်။ ညနေ နေစောင်းမှ ပြန်ထွက်လည်ပေါ့လေ။ ညဘက်ဆိုလည်း မီးလေးတွေ ထိန်ပြီး ဘားပုံစံလေးနဲ့ ပျော်ဖို့ကောင်းတယ်။ ဆိုင်တစ်ခုလုံးက သူ့ဆိုင်နာမည်နဲ့လိုက်အောင် ခြင်းတောင်းလေးတွေဆွဲထားတဲ့ မီးဝါဝါလေးတွေနဲ့ အလှဆင်ထားလို့ ချစ်စရာကောင်းသလို၊ ဓါတ်ပုံရိုက်ချင်စရာလည်း ဖြစ်နေတယ်။ ကျွန်တော်ဆို ဆင်ကဘုရားထဲ ဝင်ရိုက်လိုက်၊ ဆိုင်ထဲ ဝင်ရိုက်လိုက်နဲ့ သဘောကျပြီး ပျော်နေရော။ ဆိုင်က ကျယ်ကျယ်ဝန်းဝန်း ကိုမှ အပြင်မှာ ပုဂံရှုခင်းတွေ ကြည့်ပြီး ထိုင်ချင်သလား၊ အေးစက်နေတဲ့ အဲကွန်းအခန်းထဲ ထိုင်ချင်လား ကိုယ့်စိတ်ကြိုက် ရွေးထိုင်ရုံပဲ။

ဆိုင်ထိုင်ပြီး ဘာမှာမှာ၊ ကော်ပြန့်ကြော်လေး စားရတယ်

ကျွန်တော် စားမဲ့သောက်မဲ့ ဟာလေးတွေလည်း မှာပြီးရော၊ ဆိုင်ကဝန်ထမ်းလေးက ကော်ပြန့်ကြော် တစ်ပွဲ လာချတာ အံ့သြသွားတယ်။ ကျွန်တော် မမှာဘူးနော် ဆိုမှ ဆိုင်က Appetizer အနေနဲ့ လက်ဆောင်ကျွေးတာတဲ့လေ။ ဒါလေးနဲ့တင် ကျန်တာ မစားရသေးဘဲ အမှတ်တွေ ပေးမိသွားရော။

အထူးခြားဆုံးက သူ့ရဲ့ အသုပ်စုံ နဲ့ အထောင်းစုံ

ဆိုင်ကို ဝင်လိုက်တာနဲ့ သတိထားမိတာ အသုပ် အတွက် စားပွဲတစ်ခု နဲ့ အထောင်းအတွက် စားပွဲတစ်ခု တစ်ဘက်စီ ရှိနေတာပါ။ ထမင်းနဲ့ တွဲစားဖို့ဖြစ်ဖြစ်၊ အအေး ဘီယာ တို့နဲ့ တွဲစားဖို့ဖြစ်ဖြစ် မြန်မာအသုပ်လေးတွေ အစုံရတာ တွေ့ရတယ်။ ကျွန်တော် မကြားဖူးခဲ့သေးတဲ့ အရွက်အသုပ်တွေ ပါ ရသေးတာ။ ဒီဆိုင်က ထောပတ်သီးသုပ်က နာမည်ကြီး။ ထောပတ်သီးကို ဘိုဆန်ဆန် မရိုးနိစ်နဲ့ သုပ်တာမျိုးမဟုတ်ဘဲ မြန်မာဆန်ဆန် သုပ်ထားတော့ အရသာက ရှယ်ပါ။ ခုလိုမျိုးသုပ်ထားတာ ဒီမှာပဲ စားဖူးသေးတယ်။ မန်းကျည်းရွက်၊ ထနောင်းရွက်၊ မျှစ်၊ ကျောက်ပွင့်၊ မြင်းခွာရွက်၊ ခပုသီး… အို စုံစိနေတာပဲ။ ကျွန်တော်ဆို ထနောင်းရွက်သုပ်လေး စမ်းစားကြည့်ခဲ့တယ်။ မစားဖူးလို့လေ။

အထောင်းထဲမှာဆိုလည်း ရာသီပေါ်အသီးအနှံထောင်းလေးတွေ ရတာ။ သရက်သီး၊ မရမ်းသီး၊ ဇီးဖြူသီး စတဲ့ အသီးတွေ နောက် အရွက်တွေ ငရုတ်သီးစိမ်းတို့ ဆားထောင်း တို့လည်း ရသေးတယ်။ ကျွန်တော်ကတော့ မရမ်းသီးထောင်းလေး စားကြည့်တယ်။

နေကြာဆီ နဲ့ ပဲဆီစစ်စစ် သုံးပြီး၊ အသီးအရွက်တွေကို ရှလကာရည်နဲ့ ဆေး တဲ့ ဆိုင်

ဆိုင်တော်တော်များများမှာ စားရင် ကျွန်တော် အလန့်ဆုံးက ဆီ ပါ။ ဒီမှာတော့ ဆီကို ပဲဆီ စစ်စစ် နဲ့ နေကြာဆီ သုံးတယ်ဆိုလို့ ကျေနပ်ရပါတယ်။ ထူးထူးခြားခြား သိလိုက်ရတာက အသီးအရွက်တွေကို ဓါတုကင်းစင်ဖို့ ရှလကာရည်နဲ့ ဆေးတယ် ဆိုတာပါပဲ။ ရှလကာရည်နဲ့ သေချာဆေးကြောပေးလို့ သန့်စင်နေတဲ့ ဟင်းလျာတွေ ရရှိပြီး စားသုံးသူလည်း ကျန်းမာတာပေါ့လေ။

Monastery Lunch Set Menu ရတယ်တဲ့

မြန်မာလိုဆို ဘုန်းကြီးကျောင်းမှာ စားရတဲ့ နေ့လည်စာ လို့ ပြောရမလားမသိဘူး။ Monastery Lunch Set က ထူးခြားတယ်။ ယွန်းပွဲတော်အုပ်ကြီးထဲမှာ နှစ်ယောက်စာ ကနေ လေးယောက်လောက်အထိ စားရလောက်အောင် များတဲ့ ဟင်းပွဲတွေနဲ့ ဘုန်းကြီးကျောင်းမှာ စားရသလို ဟင်းပွဲအစုံအလင် စားကြရမှာမျိုးပါ။ ဈေးကလည်း အနိမ့်ဆုံး တစ် Set ကို ၁၀၀၀၀ ကျပ်ကနေ အများဆုံး ၂၀၀၀၀ ကျပ် ထိပဲ ရှိတယ်။ ဒါက ဘူဖေးတွေမှာလို ဟင်းကျန် မကြိုက်တဲ့သူတွေနဲ့ ကိုက်တယ်။ များများလည်း စားရမယ်၊ ကျန်တဲ့ဟင်းတွေကိုလည်း နောက်လူအတွက် ထပ်မချတော့ဘူး။ ဘယ်လောက် အဆင်ပြေသလဲ။ ဟင်းအနေနဲ့ ရွေးစရာကလည်း Set အလိုက် စိတ်ဝင်စားဖို့ ကောင်းတယ်။ အမဲသားလက်ဖက်၊ ဆိတ်ဒိန်ချဉ်၊ ဝက်သရက်၊ မြစ်ပုစွန်ကြီး တွေလို စားလို့ကောင်းတဲ့ ဟင်းတွေ ရွေးနိုင်တယ်။ တစ် Set မှာဆို အသားက ၃ မျိုးလောက် ပါတာ။ အကြော်၊ အသုပ်၊ အထောင်း အရံဟင်းကလည်း စုံသေးတယ်။ သန့်ပြီး တန်လို့ ကျွန်တော်က သဘောကျတယ်။

အော် ဒီဆိုင်မှာ တစ်နှစ်မှာ ၆ လလောက်ပဲ ရတဲ့ ငါးချောင်းငါးကြော်လေးတွေ စားလို့ရတယ်။ ကိုးမန်ငါး ဆိုလား ခေါ်တဲ့ ငါးလေးတွေ။ ရေကြီးချိန်ဆို အဲ့ဒီမြစ်ငါးက မရဘူး။ ရတဲ့အချိန်လေးမှာ အမြည်းအနေနဲ့စားစား၊ ဟင်းအနေနဲ့စားစား စားလို့ရတယ်။

ညစာ Fine Dining တစ်ခုလိုပဲ

The Basket ဆိုင်ရဲ့ အပြင်အဆင်ရယ်၊ ဖော်ရွေမှုရယ် ကို ကျွန်တော် သဘောကျလို့၊ ပြီးတော့ ကျွန်တော် တည်းတဲ့ Bagan View ဟိုတယ်နဲ့လည်း နီးလို့ ညစာကို အဲ့ဒီမှာပဲ ထွက်စားဖြစ်တယ်။ ညဘက်ကျတော့ မနက်ကလို Set မစားဘဲ တစ်မျိုးချင်းဆီ မှာကြည့်တယ်။ ကြက်စင်ဒရဲလားဟင်း ဆိုတာလေး သဘောကျတယ်။ ဖရုံသီးကြီးကို လှည်းပေါ်တင်ပြီး ဖရုံသီးထဲ ဟင်းထည့်ထားတာ။ စားကောင်းသလို အမြင်လည်း လှလို့ ကြွေ။ ဝက်နှာဘူးဟင်း တော့ မစားလိုက်ရဘူး… ဟီး။ အထူးအဆန်းတွေနော်။

အာလူးထောပတ်ဖုတ်
ဆိတ်သားကြော်
ကြက်စင်ဒရဲလားဟင်း
ထောပတ်သီးသုပ်

ဘီယာလေးကလည်း သောက်ချင်လာတော့ မြည်းလို့ကောင်းမဲ့ဟာလေးတွေ ရှာရ မှာရပြန်ရော။ အရက်သမားအကြိုက် အမဲသားကို ရမ် နဲ့ နှပ်ထားတာ ဆိုတာ ရှိသေးတယ်တဲ့။ တော်ပြီ နှစ်မျိုးပေါင်းရင် ချာချာလည်နေမယ်စိုးလို့ ကြက်သားကင်လေးပဲ မှာစားလိုက်တယ်။ ဗိုက်ဆာတော့ မြေအိုးထမင်းပေါင်းလေး မှာစားတယ်။ တန်တယ်နော် ၇၀၀၀ ကျပ်လားပဲ။ မြေအိုးထဲမှာ ထမင်း ရော အသား နှစ်မျိုး၊ အသီးအရွက် အကုန်ပါပြီးသား။ တစ်ပွဲတည်းနဲ့ ဗိုက်ကို ကားရောပဲ။ နောက်ည မှ ဒီဆိုင်ရဲ့ ဘာဂါ အသစ်အဆန်းတွေ လာစားကြည့်သေးတယ်။ လက်ဖက်ဘာဂါ၊ ဘာလချောင်ဘာဂါ၊ မရမ်းသီးဘာဂါ၊ ခရမ်းသီးဘာဂါ အမယ် စုံနေတာပဲ။ ကြက်သား၊ အမဲသား၊ ငါး ကြိုက်တာနဲ့ မှာလို့ရတယ်။

မြစ်ပုစွန်၊ ကြာဆွယ် မြေအိုးထမင်း
ကြက်ကြော် ကြာဆွယ် မြေအိုးထမင်း
ငါးကြော် အမဲသား မြေအိုးထမင်း
ဝက်သား ကြက်သားလုံး မြေအိုးထမင်း
မြစ်ပုစွန် ဝက်သားလုံး မြေအိုးထမင်း
မရမ်းသီး အမဲသား ဘာဂါ
မရမ်းသီး အမဲသား ဘာဂါ
ဘာလချောင် ကြက်သား ဘာဂါ
ခရမ်းသီး အမဲသား ဘာဂါ

အရှေ့နဲ့ အနောက် ပေါင်းစပ်ထားတဲ့ အစားအစာ အသစ်အဆန်းတွေ တစ်ခုပြီး တစ်ခု စားရင်း The Basket ဆိုင်က ကျွန်တော့်ရဲ့ ပုဂံမှာ အကြိုက်ဆုံး စားသောက်ဆိုင်ကြီး ဖြစ်မှန်းမသိ ဖြစ်သွားတယ်။ ဖွင့်တာ ကြာပြီထင်နေတာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကမှ ဖွင့်တာတဲ့။ ဒါတောင် ဆိုင်မှာ နိုင်ငံခြားသားတွေ တွေ့နေရလို့ အံ့သြသွားတယ်။ မြန်မာတော့ သိပ်မတွေ့သေး။ နိုင်ငံခြားသားတွေ ဒီလို Chill လို့ရတဲ့ အဆင့်မြင့်ဈေးချိုတာတွေ ရှာတွေ့တတ်တာ မြန်တယ်လေ။ ကိုယ်တွေ မြန်မာတွေသာ ဟိုလူ Review ရေး ဒီလူ Review ရေးမှ သွားကြတာ။ ကိုယ့်ဟာကိုယ် ဆိုလည်း သိပ်မစမ်းရဲကြဘူး။ ကျွန်တော်ကတော့ ဒီဆိုင်လေး သဘောကျတယ်။ အထူးသဖြင့် ဆိုင်အခင်းအကျင်းနဲ့ ဆက်ဆံရေးကိုပါ။ အေးဆေးဆိတ်ညိမ်သလို၊ အစားအသောက်အဆန်းအပြားတွေနဲ့ မြန်မာတွေရော ကမ္ဘာကပါ အကြိုက်တွေ့အောင် ဖမ်းစားလိုက်နိုင်တယ်ဆိုတာ သေချာသွားတယ်။ ပုဂံ ရောက်ရင် တစ်ခေါက်လောက် မြည်းစမ်းပြီး ကျွန်တော်ပြောတာ ဟုတ် မဟုတ် ပြန်ပြောပြပါဦးနော်။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

Photo :: Min Hsann, Thiha Lu Lin

Camera :: SONY Alpha 7II with 16 - 35mm & 85mm Lens, Yi Action Cam & Canon 6D

Photos are modified in Lightroom by Thiha Lu Lin.

    1981
    0