ယွန်း နဲ့ ဖန်တီးတဲ့ လက်ကိုင်အိတ်လှလှတွေ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ယွန်း နဲ့ ဖန်တီးတဲ့ လက်ကိုင်အိတ်လှလှတွေ

ယွန်း ကို လက်ကိုင်အိတ် ပုံစံ ထွင်ပြီး ဈေးကွက်ထဲ ရောင်းနေတာတွေ့လိုက်ရတော့ အရမ်း ချီးကျူးမိသွားတယ်။ ကျွန်တော်တို့ရဲ့ ရိုးရာပညာရပ်တွေကို ရေရှည်မထိန်းသိမ်းနိုင်ခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေက ကိုယ့်ပညာ နဲ့ ကိုယ့်ပညာရှင်တွေကို ခေါ်ထုတ်ပြီး သူတို့ရိုးရာနဲ့သူတို့ပညာ၊ သူတို့ပညာရှင်တွေအဖြစ် ပြောင်းလဲပစ်နိုင်တယ်ဆိုတာ သတိထားရတော့မှာပါ။



ဒီနှစ်အစောပိုင်း ပုဂံ ရောက်တဲ့အချိန်မှာ အတော် အံ့အားသင့်သွားရတာပါ။ ကျွန်တော် Bagan House ယွန်းထည်ဆိုင်ကြီးကို ပြန်ရောက်တော့ အရင်နှစ်က လာခဲ့တုန်းက အကြောင်း ပြန်သတိရသွားတယ်။ မနှစ်တုန်းက သူတို့က ယွန်းကို စိန်၊ ရွှေ တွေနဲ့ ပေါင်းပြီး လက်ဝတ်ရတနာလုပ်ဝတ်လို့ရတယ်ဆိုတာ ပြသွားတယ်။ ခြုံလွှာလို၊ ပုဆိုးနဲ့ လုံချည်မှာ ဖက်ရှင်တစ်ခုလို ကပ်ပြီးဝတ်လို့ရတာမျိုး ဖန်တီးပြခဲ့တယ်။ ပြီးတော့ ဆိုင်မှာလည်း ရောင်းပေးတယ်။ အဲ့ဒီစိတ်ကူးလေးကို စပြီးချီးကျူးမိခဲ့တယ်။



ဟော... ဒီ ၂၀၂၀ မှာတော့ နောက်ထပ် ဖန်တီးမှုလေးတစ်ခုကို Bagan House က ထပ်ချပြလိုက်ပြန်တယ်။ အဲ့ဒါ ပွဲတက် လက်ကိုင်အိတ်တွေကို ယွန်းထည်နဲ့ ဖန်တီးပြလိုက်တာပဲ။ ယွန်း ဆိုရင် ကျွန်တော်တို့က လက်ဖက်ထည့်ဖို့လောက်ပဲ ပထမဆုံး သတိရကြတယ်။ နောက်တော့ ပရိဘောဂ ရယ်၊ အလှဆင် နံရံချိတ် ပန်းချီပုံစံတွေရယ် လက်ခံလာကြတယ်။ သြော် ဒီလိုလည်း ရတာပါလားပေါ့။ ဒီလောက်ပဲ။ ခုကျတော့ ယွန်းထည်ကို တန်ကြေးမြင့်မြင့်ပေးပြီး တန်ဖိုးထားဝယ်ချင်လာအောင် ဖန်တီးပြလိုက်တော့ ပြည်တွင်းရော ပြည်ပရော မြန်မာ့ယွန်းကို ပိုပြီးစိတ်ဝင်စားစရာ ဖြစ်လာတော့တာပေါ့။



အရင် ကျွန်တော် ထင်တာက ယွန်းထည်ဆိုရင် လေးထောင့် ပုံစံလုပ်တာ လွယ်မယ် ထင်ခဲ့တာ။ တကယ်တော့ အဝိုင်းပုံတွေက ပိုလွယ်တာတဲ့။ ဒါကြောင့် ဟိုတုန်းကဆို ယွန်းထည်ပစ္စည်း အသုံးအဆောင်တွေဆို ဝိုင်းဝိုင်းလေးတွေချည်း ဖြစ်နေကြတာ။ ပုဂံ ယွန်းမှ မဟုတ်ဘူး အခြားဒေသတွေမှာ ရှိတဲ့ယွန်း ဥပမာ ပအိုဝ်းယွန်း ဆိုလည်း အဲ့လိုပဲ အဝိုင်းပုံ ပစ္စည်းတွေကိုပဲ အဓိက ဖန်တီးကြရတယ်။ ဘာကြောင့်လဲဆိုတော့ လေးထောင့်ပုံဆို သူ့ရဲ့ ထောင့်အချိုး အဆက်နေရာတွေဟာ လုပ်ရ ခက်ခဲလို့ ဆိုပြီး လေ့လာမှတ်သားရပါတယ်။


ခု ၂၀၂၀ Bagan House ဆိုင်ရဲ့ ဖန်တီးမှုဟာ ခေတ်မီပြီး လူငယ်ဆန်တဲ့ စိတ်ကူးတွေနဲ့ လက်ကိုင်အိတ်တွေကို တစ်ခေတ်ဆန်းသွားစေတယ်။ လက်ကိုင်အိတ်မှာလည်း ယွန်းပညာအခြေခံ မြန်မာ့အနုပညာတွေကို မြင်နေရတယ်။ ပြီးတော့ ယွန်းရဲ့ ရွှေသွင်းဖန်တီးတဲ့ အလေ့အထလည်း မပျောက်ပျက်အောင် သေချာဖန်တီး စီစဉ်ထားတယ်။ ရတနာထည့်တဲ့ ကျောက်စီယွန်းဗူးလိုမျိုးဆိုလည်း ကျောက်အစစ်တွေနဲ့ ဖန်တီးပြလိုက်တော့ နန်းဆန်သွားရော။ တန်ဖိုးလည်း မြင့်သွားတယ်။

စာတွေ အများကြီး ရေးပြနေတာထက်… ပုံလေးတွေ ကြည့်လိုက်ရင် လုံးဝ သရေကျသွားမှာ သေချာတယ်။

လက်ကိုင်အိတ်တွေ ဆို ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ နိုင်ငံခြားသားတွေကို ရောင်းချပေးပြီး မြန်မာနိုင်ငံသားတွေဆိုရင်တော့ ၂ သိန်းကျပ် ဝန်းကျင်နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။



ယွန်းပညာ တိမ်မြုပ်မသွားအောင်ရယ်… ယွန်းပညာရှင်တွေရဲ့ အခန်းကဏ္ဍ မှေးမှိန်မသွားဖို့ရယ်… ပြီးတော့ ယွန်း ကို ကမ္ဘာက မြန်မာနဲ့ပဲ တွဲသိနေဖို့ရယ် အရမ်းအရေးကြီးပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ကျားချောင်းချောင်းနေကြသလို စိတ်ထဲ ခံစားရတယ်။ ကိုယ်တန်ဖိုးမထားတဲ့ ပညာရှင်နဲ့ ပညာရပ်တွေကို မကြာခဏ ခိုးယူဆင့်ပွားဖန်တီးပြီး နိုင်ငံတကာကို သူတို့ရဲ့ ရိုးရာဓလေ့လက်မှုပညာအနေနဲ့ ဖော်ပြခံရတာတွေ မဖြစ်တော့အောင် လူကြီး လူငယ် အကုန် ဝိုင်းဝန်းကြိုးစားကြရမှာပါ။ ယွန်းပညာလေး မပျောက်ပျက်စေဖို့အတွက် လုပ်ဆောင်သူတွေအပိုင်းကလည်း ကျွန်တော်တို့ ပြည်တွင်းဖြစ် ယွန်းထည် ပစ္စည်းတွေ ပိုပြီး အရည်အသွေးရော၊ လက်တွေ့ အသုံးတည့်အောင် ဖန်တီးတီထွင်နိုင်မှုတွေရော မရပ်တန့်ပစ်ဘဲ ကြိုးစားနေကြရမှာ ဖြစ်သလို၊ နိုင်ငံသူနိုင်ငံသားတွေကလည်း တန်ဖိုးထားပြီး ဝယ်ယူအားပေးဖို့ အထူးလိုအပ်တယ်လို့ မြင်မိပါတယ်ခင်ဗျာ။



အခုအချိန်မှာ ပုဂံ ကတော့ ဧည့်သည်တွေ လက်ခံနိုင်ဖို့ အစွမ်းကုန် ပြင်ဆင်ကြိုးစားနေကြပါပြီ။ ကပ်ရောဂါကြီး ကြားတည်းက ရုန်းထွက်ဖို့ ကြိုးစားနေတုန်းမှာပဲ ဒေသတွင်းလုပ်ငန်းတွေကလည်း သူတို့ရဲ့ ရပ်တည်ရေး၊ ပညာရှင်တွေရဲ့ စားဝတ်နေရေး အစစ အရာရာအတွက် အားကုန်ကျားကန်နေကြရပါတယ်။ ပြည်တွင်းဖြစ်ကို ပိုအားပေးကြရတော့မဲ့ အချိန်ပါပဲ။ ကျွန်တော်ကတော့ ပုဂံ ကို ချစ်တဲ့ သူတစ်ယောက် အနေနဲ့ရော၊ ယွန်းပညာကို လေးစားမြတ်နိုးသူ တစ်ယောက်အနေနဲ့ပါ ခုလို မြန်မာ့ယွန်း ကို ပိုပြီး အသုံးတည့်မဲ့ တန်ဖိုးမြင့် ပစ္စည်းတွေ ထုတ်လုပ်လာနိုင်တဲ့အထိ ဖန်တီးဆန်းသစ်တာကို မချီးကျူးဘဲ မနေနိုင်လို့ ပုဂံ ရောက်တိုင်း ဆက်ဆက် ဝင်လည်ပြီး အားပေးဖြစ်ပါတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, David, Benjamin

Camera :: SONY Alpha 7II with 16 - 35mm & 85mm Lens

Photos are modified in Lightroom by Thiha Lu Lin.

68 views0 comments
bottom of page