Thiha Lu Lin

Aug 31, 20211 min

ခရီးသွားတွေ သတိပြုစရာ ဘတ် ၁၀၀,၀၀၀ ထိ ဒါဏ်ကြေးထိနိုင်တဲ့ ထိုင်းနိုင်ငံ ရဲ့ တားမြစ် နေလောင်ခံဆေးတွေ

ထိုင်းနိုင်ငံ ရဲ့ အမျိုးသားဥယျာဉ်များ၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်များထိန်းသိမ်းစောင့်ရှောက်ရေးဌာနကနေ သြဂုတ်လ (၃) ရက်နေ့ကတည်းက ကြေငြာချက် ထုတ်ခဲ့တာပါ။ ခရီးသွားတွေ သုံးစွဲနေကြတဲ့ Sunscreen နေလောင်ခံလိမ်းဆေး ဖြန်းဆေး တွေမှာ ပါဝင်တဲ့ ဓါတုပစ္စည်း (၄) မျိုးကြောင့် သန္တာကျောက်တန်းတွေ ပျက်စီးမှု ဖြစ်ပေါ်တဲ့အတွက် ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အမျိုးသားဥယျာဉ်တွေမှာ ယူဆောင်သုံးစွဲခွင့် မပြုတော့ကြောင်းနဲ့ ကျူးလွန်ဖောက်ဖျက်သူတွေဟာ ဒါဏ်ကြေးငွေ ဘတ် ၁၀၀,၀၀၀ ထိ ပေးဆောင်ရနိုင်တယ်လို့ သိရပါတယ်။

ကန့်သတ်လိုက်တဲ့ နေလောင်ခံဆေးတွေထဲ ပါဝင်လေ့ရှိကြတဲ့ ဓါတုပစ္စည်း (၄) မျိုးကတော့ Oxybenzone (Benzophenone-3, BP-3), Octinoxate (Ethylhexyl methoxycinnamate), 4-Methylbenzylid Camphor (4MBC) နဲ့ Butylparaben တို့ ဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားတွေဟာ မိမိတို့ ဝယ်ယူသုံးစွဲကြမယ့် နေလောင်ခံဆေးတွေမှာ ဒီ ဓါတုပစ္စည်းတွေ ပါဝင်မှုရှိ၊ မရှိ စစ်ဆေးကြည့်ရှုပြီးမှ ဝယ်ယူအသုံးပြုကြရတော့မှာပါ။ ဒီ ဓါတုပစ္စည်းတွေ အစား Mineral-based ထုတ်ကုန်တွေဖြစ်တဲ့ Zinc oxide ပါဝင်တဲ့ဟာမျိုးလို အလှကုန်တွေကို ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အဏ္ဏဝါအမျိုးသားဥယျာဉ်တွေမှာ ရေငုပ်ကြမယ့်ခရီးသွားတွေဟာ Sunscreen ထက် ဦးထုပ်၊ လက်ရှည်အဝတ်အစား၊ လက်ရှည်ခြေရှည် ရေကူးဝတ်စုံတို့လို နေလောင်ဒါဏ်ကာကွယ်နိုင်မယ့် အရာတွေကို ပိုမိုသုံးစွဲဖို့ကို အကြံပြုထားပြီး ရေစိုခံ Sunscreen တွေသာ သုံးစွဲဖို့ကိုလည်း တိုက်တွန်းထားပြန်ပါတယ်။ ဓါတုပစ္စည်းတွေကြောင့် ထိုင်းနိုင်ငံ ရဲ့ ပင်လယ်ရေအောက်က သန္တာကျောက်တန်းတွေကို ထိခိုက်မှုတွေ ရှိနေပြီး သန္တာကျောက်တန်းတွေရဲ့ မျိုးပွားမှုတွေနဲ့ အရောင်ပြောင်းလဲခြင်းတွေကို ဖြစ်ပျက်နှောင့်ယှက်နေတယ်လို့ ဆိုထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လှပတဲ့ ကမ်းခြေများစွာနဲ့ သန္တာကျောက်တန်းတွေ ရှိပြီး ကမ္ဘာအဝှမ်းက ခရီးသည်တွေကို ဆွဲဆောင်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ပါတယ်။ - Source: TAT Newsroom

    460
    1