Thiha Lu Lin

Jun 4, 20171 min

ဖက်ထုပ်ပူပူလေး စားမယ်

Updated: Sep 9, 2020

မိုးအေးလို့ ပူပူနွေးနွေး စားရမဲ့အစားအသောက်တွေ တကယ်ဓါတ်ကျတယ်ဗျာ။ ခုလည်း ဖက်ထုပ်ပူပူနွေးနွေးလေး စားချင်မိလို့ မန္တလေးမှာ ကတည်းက နာမည်ကြီးတဲ့ Cafe House ကို လာခဲ့တယ်။

လမ်းမတော်၊ မင်းရဲကျော်စွာလမ်းပေါ်က UMFCCI (ကုန်သည်စက်မှုအသင်းချုပ်) ရဲ့ မျက်စောင်းထိုးလောက်က တိုက်တန်းတစ်ခုရဲ့ မြေညီထပ်မှာ ဖွင့်ထားတဲ့ Cafe House က ဖက်ထုပ်က တကယ့် ဖက်ထုပ်စစ်စစ် အရသာမျိုး ခံစားရတယ်လို့ ကျွန်တော်တော့ ယူဆမိတယ်။ မှာတဲ့အချိန်မှ ပူပူနွေးနွေး ကြော်ပေး၊ ပေါင်းပေးလို့လား မသိဘူး။ ရောက်ရောက်ချင်း ပူပူနွေးနွေး စားရတာ အရသာသိပ်ရှိတယ်။ တစ်ပွဲကို ၄၊ ၅ ယောက်လောက် စားမှ အတော်ပဲ။ တစ်ယောက်တည်း ယောင်ပြီး မှာမိရင်တော့ အိမ်ကို ပါဆယ် ဆွဲရလိမ့်မယ်။ ပွဲကြီးတယ်။ ဖက်ထုပ်ထဲက အသားနဲ့ အရွက်အရသာကလည်း လျှာပေါ်မှာ စွဲစေတယ်။ ပူတော့ ချက်ချင်းစားမိရင် လျှာကျက်သွားနိုင်တာတော့ သတိထားရတယ်။ တို့စားဖို့ပေးတဲ့ အချဉ်ကောင်းတယ်။

ဖက်ထုပ်အပြင် တခြား ရှမ်း နဲ့ တရုတ်အစားအစာလေးတွေ သတိထားမိတယ်။ ထိုင်းအစားအစာတချို့လည်းရတယ်။ ထမင်းနဲ့ဟင်း တွဲထားတဲ့ ပုံစံမျိုးလေးတွေလည်း ရောင်းတယ်။ ထမင်းသက်သက်၊ ဟင်းသက်သက် မှာစားလည်း ရတယ်။ ဟင်းပွဲတွေက ကြီးတော့ စားရတာ အားရပါးရတော့ ရှိသား။ တစ်ယောက်တည်းစားရင်တော့ များနေမယ်ထင်တယ်။ ဟင်းပွဲကြီးတာလည်း မပြောနဲ့ ယူထားတဲ့ ဈေးကလည်း ဟင်းဟင်း လေ။

ကျွန်တော်ကတော့ မိုးအေးအေးနဲ့ ဝက်ခြေစတူး၊ ကိုက်လန်ကြော်လေးကို ထမင်းပူပူနဲ့ စားလိုက်သေးတယ်။ ဖက်ထုပ်ကတော့ စားမနိုင်တော့လို့ အိမ်ကို သယ်သွားရတယ်။

ဖက်ထုပ်ပေါင်းပဲဖြစ်ဖြစ်၊ ဖက်ထုပ်ကြော်ပဲဖြစ်ဖြစ် ၆,၀၀၀ ကျပ် ပေးရတယ်။ ဟင်းပွဲတွေကလည်း ၄,၀၀၀ - ၅,၀၀၀ ကျပ်တွေ၊ တချို့ဆို သောင်းကျော်ထိ ရှိတယ်။ အရွက်ကြော်တွေလည်း ၃,၀၀၀ ဝန်းကျင်တွေ။ နည်းနည်းဈေးများတယ်ဆိုပေမဲ့ အရသာကောင်းတော့ ကိုယ့်ဟာကိုယ်တော့ အဆင်ပြေနေတာပါပဲ။ ချွေတာချင်တဲ့သူတွေဆိုရင်တော့ တွက်ချေမကိုက်လှဘူးရယ်။

ဆိုင်ခန်းနေရာကျဉ်းတယ်။ အောင်မြင်ပြီးသားမို့ထင်ရဲ့ လူလည်းများတယ်။ စားပွဲရဖို့ နည်းနည်းစောင့်ရတယ်။ ခုတော့ သင်္ကန်းကျွန်းဘက် ဆိုင်ခွဲထပ်ဖွင့်မယ်ဆိုလား ဆိုင်ရှေ့ကြော်ငြာထားတာတွေ့တယ်။ ဝန်ထမ်းလေးတွေက ငယ်တော့ ဆက်ဆံရေးကောင်းပေမဲ့ ကလေးဆန်တယ်။ သွက်ပေမဲ့ ဝန်ဆောင်မှုပိုင်းမှာ မသေသပ်ဘူး။ ဒါလေးတွေ ပြင်လိုက်ရင်တော့ အတော်လေး ကောင်းသွားမှာပါ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)
 

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


 

    380
    0