Search
  • Thiha Lu Lin

ထိုင်ဝမ်ဗီဇာ လွယ်ပါတယ်….

Updated: May 9


ထိုင်ဝမ် ကို အလည်အပတ်သွားမဲ့သူတွေအတွက် ထိုင်ဝမ် ဗီဇာ တင်တဲ့အခါမှာ နိုင်ငံကြီးတွေကို သွားဖူးထားရင် ၃ မိနစ် ကနေ ၁၀ မိနစ် အတွင်း E-Visa အလွယ်တကူ ရရှိနိုင်ပါတယ်။ မသွားဘူးထားခဲ့ရင်လည်း သိပ်ပြီးစိတ်ပူစရာ မရှိပါဘူး။ ရန်ကုန်က Taipei Economic and Cultural Office မှာ အလွယ်တကူ လျှောက်ထားနိုင်ပါပြီ။ ဒီလို လွယ်ကူအောင် စီစဉ်ပေးထားတာမို့ ထိုင်ဝမ်ကို အသွားအလာ များလာကြတာ ကျွန်တော့် မျက်မြင်ကိုယ်တွေ့ပါပဲ။ ဘယ်လို လုပ်ရသလဲဆိုတာလေးတွေ ဆက်ပြီး ပြောပြချင်ပါတယ်။


E-Visa လျှောက်မယ်ဆိုရင် -

မိနစ်ပိုင်းအတွင်း အမြန်ရနိုင်တဲ့ ထိုင်ဝမ် E-Visa အတွက်က သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ကိုးရီးယား၊ နယူးဇီလန်၊ အီးယူ နဲ့ ရှန်ဂန် ဥရောပနိုင်ငံတစ်ခုခု၊ အင်္ဂလန် နဲ့ အမေရိကား ဗီဇာ ရှိထားပြီးသူတွေဆို အတော်လွယ်ကူပါတယ်။ တချို့ကတော့ ဒီဗီဇာသက်တမ်းဟာ အနည်းဆုံး ၆ လ အတွင်း သွားထားရမယ်ဆိုပေမဲ့ ဟိုးအရင်သွားထားဖူးတာတွေကိုလည်း သုံးရအဆင်ပြေပါတယ်။ ထိုင်ဝမ်က ဗီဇာခုလိုလျှောက်ဖို့ လွယ်တယ်ဆိုပေမဲ့ ရောက်ဖူးပါတယ် ညာပြီး လျှောက်ထားလို့တော့ မရပါဘူး။ ကိုယ်သွားခဲ့တဲ့ အထက်က နိုင်ငံတွေက ဗီဇာ နံပါတ်ကို ဖြည့်သွင်းပေးရတာမို့၊ ဒီ ဗီဇာ နံပါတ်တွေ ဟုတ်၊ မဟုတ်ကို ရန်ကုန်လေဆိပ်က မထွက်ခင်ကတည်းက အသေအချာတိုက်ဆိုင် စစ်ဆေးတတ်ပါတယ်။ ပြီးရင် ဟိုဘက်က လူဝင်မှုကြီးကြပ်ရေးကလည်း အသေအလဲ စစ်ပါတယ်။ မှန်ဘီလူးကြီးနဲ့ ကိုင်ပြီး အတုအစစ်ခွဲခြားပြီး စစ်ဆေးတာမျိုးပါ။ ဒါကြောင့် အမှန်ဖြစ်ဖို့ လိုအပ်ပါတယ်။


နောက်သတိပြုရတာက ကိုယ်ဖြည့်သွင်းထားတဲ့ အထက်နိုင်ငံတွေက ဗီဇာနံပါတ်ပါတဲ့ စာမျက်နှာကို မဖြစ်မနေ ပြသရတာဖြစ်လို့ အဲ့ဒီဗီဇာစာမျက်နှာဟာ ပတ်စ်ပို့စာအုပ်အဟောင်းထဲမှာ ဖြစ်နေခဲ့မယ်ဆိုရင် အဲ့ဒီစာအုပ်အဟောင်းကို မဖြစ်မနေ တင်ပြပေးရပါတယ်။ မဟုတ်ရင် လက်မခံပါဘူးဗျာ။ ဒါလေးကို သတိပြုပေးစေလိုပါ။


ကိုယ့်ရဲ့ ပတ်စ်ပို့သက်တမ်းဟာလည်း ထိုင်ဝမ်ရောက်မဲ့နေ့မှာ ၆ လ အနည်းဆုံး သက်တမ်းကျန်မှ အဆင်ပြေပါမယ်။ လေယာဉ်လက်မှတ်လည်း တင်ပြရပါဦးမယ်။ အရင်ထိုင်ဝမ်မှာ blue-collar အဆင့် အလုပ်လုပ်ဖူးသူ (အထွေထွေလုပ်သားအဆင့်) မဖြစ်ရပါဘူး။


လျှောက်ထားမယ်ဆိုရင် https://niaspeedy.immigration.gov.tw/nia_southeast/index ကနေ လျှောက်ထားရပါမယ်။ လျှောက်ထားတဲ့အခါ ဖြည့်သွင်းရမဲ့ ပုံစံကိုတော့ ပုံထဲမှာပဲ ထည့်ပေးထားပါတယ်။ ပုံနဲ့ ရှင်းလင်းချက်နဲ့ အဆင်ပြေအောင်လို့ပါ။


အချက်အလက်ပြည့်စုံတဲ့အခါ ဗီဇာဟာ မိနစ်ပိုင်းအတွင်းကို ရလာပါတယ်။ လောလောဆယ် အနေအထားမှာတော့ ရလာတဲ့ ဗီဇာကို Print Out ထုတ်သွားရပြီး တောင်းတဲ့အခါ ပြသရပါတယ်။ အထူးသဖြင့် Airlines က စပြီး တောင်းတတ်ပါတယ်။ တစ်ဘက်မှာတော့ Softcopy ပြလို့ရတတ်ပါတယ်။ အကယ်လို့ ကိုယ်က တင်ပြီးမှ အချက်အလက် မှားယွင်းဖြည့်ဆွတ်မိရင် သက်ဆိုင်ရာ ပြည်တွင်းက ရုံးကို အကြောင်းကြားနိုင်သလို၊ နောက်တစ်ကြိမ် E-Visa ပြန်လျှောက်ထားလို့လည်း ရနိုင်ပါတယ်။ ထိုင်ဝမ် E-Visa က မခက်ပေမဲ့ အချက်အလက်မှန်ကန် တိကျစွာ ဖြည့်ဆွတ်ဖို့တော့ လိုအပ်ပါတယ်။ ဗီဇာသက်တမ်းက ရက် (၉၀) ဖြစ်ပြီး Multiple ပေးပါတယ်။ မသွားဖြစ်သေးရင် ရက် (၉၀) မပြည့်မီ (၇) ရက်အလိုမှာ ပြန်လျှောက်ရတယ်။ နေထိုင်လည်ပတ်ခွင့်က ရောက်တဲ့နေ့ကနေ (၁၄) ရက် ရပါတယ်။ မြန်မာဘာသာ နဲ့ ရှင်းလင်းချက်ကိုလည်း သူတို့ Website မှာ ဖတ်ရှုနိုင်ပါသေးတယ်။ ဇော်ဂျီဖောင့် အသုံးပြုထားပါတယ်။ ဗီဇာကြေး မပေးရပါဘူး။


Web Link ကို ဝင်လိုက်ရင် ပထမဆုံး မြင်ရမဲ့ ပုံစံပါ။ ဒီပုံထဲမှာ မြင်ရတဲ့အတိုင်း ဘာသာစကား ရွေးချယ်နိုင်ပါတယ်။ အဓိက က ထိုင်ဝမ်ဗီဇာနဲ့ပတ်သက်တဲ့ လိုအပ်ချက်အသေးစိတ်ကို ကိုယ်ကျွမ်းကျင်ရာ ဘာသာစကားနဲ့ ဖတ်ကြည့်နိုင်အောင် ရည်ရွယ်တာပါ။ Myanmar ဒါမှမဟုတ် English တစ်ခုခုကို ရွေးချယ်လိုက်ပါ။ ပြီးရင် Next နှိပ်ပါ။

Visa လုပ်ဆောင်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြတာပါ။ ဘယ်လိုပုံစံနဲ့ အလုပ်လုပ်နေကြောင်းကို နားလည်လွယ်အောင် ပုံနဲ့ဖော်ပြချက်ပဲ ဖြစ်ပါတယ်။ ဒါပြီးရင် Next ကိုနှိပ်ပါ။ စည်းကမ်းချက် အသေးစိတ်နေရာကို ရောက်ပါမယ်။ ဖတ်ချင်လည်း ရသလို၊ မဖတ်ချင်လည်း ကျော်သွားလို့ရပါတယ်။ Next ကို ထပ်နှိပ်ပါ။

ရှေ့မှာ စည်းကမ်းချက်တွေ ဖတ်ပြီး Next နှိပ်လိုက်ရင် ဖောင်နေရာ ရောက်ပါတယ်။ ဒီဖောင်နေရာမှာတော့ အင်္ဂလိပ်လိုပဲ အားလုံး ဖြည့်ကြရမှာပါ။

နမူနာ ဖြည့်ပြထားပါတယ်။ ကျွန်တော်တို့မှာက Frist နဲ့ Last Name တွေ မရှိလို့ Surname နဲ့ Given Name နှစ်ခု ဖြည့်စရာ မလိုပါဘူး။ တချို့မှာ ကျွန်တော်တို့ အတူတူ ဖြည့်ရပါတယ်။ Surname ရော Given Name ရောကို တူတူ ဖြည့်ရပေမဲ့ ထိုင်ဝမ် ဗီဇာမှာတော့ အဲ့လိုဖြည့်တာကို လက်မခံဘူးလို့ ဆိုပါတယ်။ ဒါကြောင့် Surname နေရာမှာပဲ ဖြည့်ပါ။ ကျန်တဲ့ နေရာအသီးသီးကိုလည်း အမှားအယွင်းမရှိအောင် ဖြည့်ပါ။ အထူးသဖြင့် အနီရောင်ကြယ်ပွင့်ပြထားတာတွေကို ဖြည့်ဖြစ်အောင် ဖြည့်ပါ။ Special Requirement ဆိုတဲ့နေရာမှာ သွားခဲ့တဲ့ ဥရောပ၊ ဂျပန်၊ ကိုးရီးယား စတဲ့ သူတို့သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲက သွားခဲ့ဖူးတဲ့နိုင်ငံ၊ ဗီဇာအမှတ်တွေကို မှန်ကန်စွာ ဖြည့်ပေးရပါမယ်။ Email ပို့မှာဖြစ်လို့ လက်ရှိအသုံးပြုနေတဲ့ Email ဖြည့်ဖို့ အရေးကြီးပါတယ်။ အဲ့ဒါပြီးရင် Next လုပ်လိုက်ရုံပါပဲ။

ရုံးမှာ လျှောက်ထားမယ်ဆိုရင် -

ကိုယ်က သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံကြီးတွေ မသွားဖူးသေးရင်တော့ ရန်ကုန်မှာ ရှိတဲ့ ရုံးမှာ သွားလျှောက်လို့ ရပါတယ်။ ရုံးလိပ်စာက -

Taipei Economic and Cultural Office

အမှတ် (၉၇/၁၀၁၊ အေ)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ပါ။ Coffee Circle ဘေးက လမ်းကနေဝင်ရင် လမ်းဆုံးမှာ ရှိပါတယ်။

ဒီမှာတော့ ဗီဇာကြေး ပေးဖို့ လိုအပ်ပါတယ်။ ဗီဇာကြေးက ဒေါ်လာ ၅၀ ပါ။ (၅) ရက်အချိန်ယူပါတယ် (ရုံးပိတ်ရက်တွေ ထည့်မရေတွက်ပါဘူး)။ အမြန်ဆိုလည်း လုပ်ဆောင်နိုင်ပါတယ်။ အမြန်ဆိုပေမဲ့ သူလည်း (၄) ရက်ကြာတယ်လို့ သိရပါတယ်။ ဗီဇာကြေးကတော့ ၇၅ ဒေါ်လာ ဖြစ်သွားမှာပါ။ ဒီမှာတော့ ပိုင်ဆိုင်မှုစာရင်း ပြရတာတစ်ခု အလုပ်ပိုပါမယ်။ ဘာသာပြန်နိုတြီမလုပ်ချင်ရင် ဘဏ်စာရင်းကတော့ အလွယ်ဆုံး ဖြစ်မှာပါ။ သိန်း (၃၀) ပဲ ပြပေးရတာဖြစ်ပါတယ်။ တချို့နိုင်ငံတွေလို ကာလဘယ်လောက် ဘဏ်ထဲ ရှိရမယ် ဆိုတာမျိုး မလိုအပ်ဘဲ၊ အဆင်ပြေသလို သွင်းထားလို့ရတဲ့အတွက် တချို့သူများအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဗီဇာလျှောက်ထားရာမှာ ထိုင်ဝမ်ရုံးဟာ သဘောထား ပျော့ပြောင်းအဆင်ပြေတာကို သတိပြုမိကြမှာပါ။ အခြားလိုအပ်တာတွေကတော့ သက်တမ်း ၆ လ (ထိုင်ဝမ်ရောက်တဲ့နေ့က စလို့) ကျန်မဲ့ ပတ်စပို့စာအုပ်၊ မှတ်ပုံတင်၊ လေယာဉ်လက်မှတ်၊ ၂ လက်မပတ်လည် ဓါတ်ပုံ (၂) ပုံ၊ ဘယ်နေ့ဘယ်သွားမယ်ဆိုတဲ့ ခရီးစဉ်အကြမ်းဖျဉ်းဆွဲထားတာ တွေ လိုအပ်ပါတယ်။ စာအုပ်ဗီဇာ အားဖြင့်တော့ ရက် (၃၀) လို့ သိရပါတယ်။ နေထိုင်လည်ပတ်ခွင့်ကတော့ (၁၄) ရက်ပါ။ ဒါကတော့ ကျွန်တော်သိထားတာပါ။ ကျွန်တော်ကတော့ E-Visa ယူတာ ပိုအဆင်ပြေလို့ အဲ့ဒါပဲ ယူဖြစ်ပါတယ်။


မြန်မာနိုင်ငံသားတွေ ခုနောက်ပိုင်း ခရီးအရမ်းသွားနေကြတာ အရှေ့တောင်အာရှတစ်ဝိုက်ပဲ ဖြစ်နေသေးတယ်။ အင်္ဂလိပ်လိုလည်း အဆင်ပြေသလို၊ တရုတ်လိုတတ်ရင် ပိုအဆင်ပြေတဲ့ ခေတ်မီထိုင်ဝမ် ဘက်ကို အလည်သွားဖို့ သိပ်မတွေးမိကြသေးဘူး။ ဈေးဝယ်ထွက်လို့ ကောင်းသလို၊ ငွေလဲနှုန်းအားဖြင့်လည်း အခုဆို ထိုင်းဘတ်နဲ့ အတူတူ ဖြစ်နေပြီး ဖက်ရှင်မှာလည်း ရှေ့ဆောင်ဖြစ်တဲ့ ထိုင်ဝမ်ကို အလည်အပတ်ထွက် ဈေးဝယ်သွားတာဟာ ခေတ်စားလာဖို့ မြင်မိပါတယ်။ ထိုင်ဝမ်ကို ခုဆို ရန်ကုန်ကနေ တိုက်ရိုက် လေကြောင်းလိုင်းအနေနဲ့ China Airlines ရှိနေပြီး၊ တဆင့်ခံဆိုလည်း AirAsia တို့လို ချွေတာရေးလေကြောင်းလိုင်းတွေနဲ့ သွားလို့ရနေပါပြီ။ ကျွန်တော်ကတော့ တိုက်ရိုက်ရောက်တဲ့ China Airlines နဲ့ သွားခဲ့တာပါ။ ပြီးတော့ ထိုင်ဝမ် ရဲ့ သန့်ရှင်းခေတ်မီမှု၊ ထိုင်ဝမ်သားတွေရဲ့ ယဉ်ကျေးဖော်ရွေမှု၊ ချောမောပြေပြစ်ဖက်ရှင်ကျမှုတွေနဲ့ ယဉ်ကျေးမှုအသွင်သစ်တစ်ရပ်ကို ခံစားနိုင်ဖို့ အာရှ ရဲ့ အမြုတေ ထိုင်ဝမ်ကို ခရီးသွားမယ်ဆို စဉ်းစားသင့်တယ်လို့ ဆိုချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter