ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံ ဆီ အလည်တစ်ခေါက်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံ ဆီ အလည်တစ်ခေါက်


ကမ္ဘာကြီးပေါ်မှာ မြေဧရိယာသတ်မှတ်ချက်အရ ကြီးမားကျယ်ပြန့်တဲ့နိုင်ငံကြီးတွေရှိသလို၊ မြေနေရာသေးသေးကျဉ်းကျဉ်းလေးထဲမှာ ဖြစ်တည်နေတဲ့ နိုင်ငံသေးသေးငယ်ငယ်လေးတွေလည်း ရှိပါတယ်။ သာမန်အားဖြင့်တော့ ကျွန်တော်တို့ဟာ နိုင်ငံလို့ ဆိုလိုက်တာနဲ့ ကိုယ်နေထိုင်တဲ့နိုင်ငံ အနေအထားလောက် ဘယ်နိုင်ငံမဆို ရှိလိမ့်မယ်လို့ တွေးတတ်ကြပေမဲ့ တချို့နိုင်ငံတွေဟာ မြို့တစ်မြို့စာ၊ ရွာတစ်ရွာစာ၊ ရပ်ကွက်တစ်ခုစာ နဲ့ လမ်းတစ်လမ်းစာလောက်ပဲ ရှိနေတတ်ပြန်ပါတယ်။



ကမ္ဘာ့အသေးဆုံးနိုင်ငံ (၂၀) ခု

ကမ္ဘာပေါ်မှာ အသေးငယ်ဆုံးနိုင်ငံတွေလို့ သတ်မှတ်ထားကြတဲ့ နိုင်ငံ (၂၀) ခုကို ဗဟုသုတဖြစ်အောင် ပြောပြချင်ပါတယ်။

(၁) Vatican City (ဝ.၁၇ စတုရန်းမိုင်)

(၂) Monaco (ဝ.၇၈ စတုရန်းမိုင်)

(၃) Nauru (၈.၁ စတုရန်းမိုင်)

(၄) Tuvalu (၁၀ စတုရန်းမိုင်)

(၅) San Marino (၂၄ စတုရန်းမိုင်)

(၆) Liechtenstein (၅၂ စတုရန်းမိုင်)

(၇) Marshall Islands (၇၀ စတုရန်းမိုင်)

(၈) Saint Kittts and Nevis (၁၀၁ စတုရန်းမိုင်)

(၉) Maldives (၁၁၅ စတုရန်းမိုင်)

(၁၀) Malta (၁၂၂ စတုရန်းမိုင်)

(၁၁) Grenada (၁၃၃ စတုရန်းမိုင်)

(၁၂) Saint Vincent and the Grenadines (၁၅၀ စတုရန်းမိုင်)

(၁၃) Barbados (၁၆၆ စတုရန်းမိုင်)

(၁၄) Antigua and Barbuda (၁၇၁ စတုရန်းမိုင်)

(၁၅) Seychelles (၁၇၆ စတုရန်းမိုင်)

(၁၆) Palau (၁၇၇ စတုရန်းမိုင်)

(၁၇) Andorra (၁၈၁ စတုရန်းမိုင်)

(၁၈) Saint Lucia (၂၃၄ စတုရန်းမိုင်)

(၁၉) Singapore (၂၆၅ စတုရန်းမိုင်)

(၂၀) Micronesia (၂၇၁ စတုရန်းမိုင်)

တို့ အသီးသီး ဖြစ်ကြပါတယ်။


ကမ္ဘာ့အသေးဆုံးနိုင်ငံ Vatican City

ကျွန်တော်ဟာ ကံကောင်းထောက်မစွာပဲ ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံ ဖြစ်တဲ့ Vatican City (ဘာတီကန်စီးတီး) ကို လည်ပတ်နိုင်ခဲ့ပါတယ်။ အီတလီနိုင်ငံရဲ့ မြို့တော် ရောမ မြို့အတွင်းမှာ ရှိနေတဲ့အတွက် အီတလီနိုင်ငံကို အလည်အပတ်သွားရင်း ရောက်ရှိလည်ပတ်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။ ရောမမြို့လယ်က ကြီးမားကျယ်ဝန်းလှတဲ့ ခရစ်ယာန်ကက်သလစ်ဘုရားကျောင်းတည်ရှိရာ နေရာဟာ ကမ္ဘာ့အသေးဆုံးနိုင်ငံလို့ ခေါ်တွင်ကြတဲ့ Vatican City ပါ။ ကမ္ဘာ့အကြီးဆုံး ကတ်သလစ်ဘုရားကျောင်းကြီးလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး အုပ်ချုပ်ပါတယ်။ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ လုပ်ထုံးလုပ်နည်းစဉ်အတိုင်း ဒီမှာရှိနေတဲ့ Vatican City ရဲ့ ဝင်ငွေလည်ပတ်မှုဟာ တစ်ကမ္ဘာလုံးက ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ အလှူငွေထည့်ဝင်မှုကနေ ရရှိပြီး ရပ်တည်နေနိုင်တာလည်း ဖြစ်ပါတယ်။ အခြားဝင်ငွေများအနေနဲ့ကတော့ အထိမ်းအမှတ်ပစ္စည်းရောင်းချတာမျိုး (ဥပမာ စာပို့တံဆိပ်ခေါင်း)၊ ခရီးသွားဧည့်သည်တွေအတွက် အမှတ်တရလက်ဆောင်ပစ္စည်းရောင်းချတာမျိုး နဲ့ ပြတိုက်ဝင်ကြေးတွေကနေ ရရှိပါသေးတယ်။


Vatican City ကို Holy See (See of Rome) လို့လည်း ခေါ်ကြပါသေးတယ်။ လူဦးရေအားဖြင့် တစ်ထောင်ခန့်သာ ရှိတဲ့နိုင်ငံလေးပါ။ ၁၉၂၉ ခုနှစ်မှာ အီတလီနိုင်ငံ ရောမလက်အောက်ခံဘဝကနေ သီးခြားနိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့တယ်လို့ မှတ်သားရပါတယ်။ သမိုင်းကြောင်းအရလည်း စိတ်ဝင်စားစရာအပြည့်ရှိတဲ့ နိုင်ငံဖြစ်သလို ယဉ်ကျေးမှုအမွေအနှစ်၊ အနုသုခမ စတဲ့ အဘက်ဘက်မှာလည်း စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့ နိုင်ငံငယ်လေးပါ။


Vatican City ကို ရောမမြို့ကနေ ဘယ်လိုသွားမလဲ

ကျွန်တော်တို့ကတော့ ရထားနဲ့ သွားပါတယ်။ ရောမက ရထားလိုင်းက သိပ်ရှုပ်ထွေးတဲ့အထဲမပါ ပါဘူး။ လက်မှတ်ခကတော့ တစ်ကြောင်း ဒါမှမဟုတ် မိနစ် (၁၀၀) အတွက် ယူရို ၁.၅၀ ပေးရတဲ့ကတ်ပြားလေးတွေ ဝယ်စီးဖြစ်တယ်။ Ottaviano (Line A) ဘူတာမှာ ဆင်းပြီး Vatican City ဆီကို လမ်းနည်းနည်း လျှောက်သွားရပါတယ်။ ၁၀ မိနစ်လောက် လမ်းလျှောက်ရတဲ့ အကွာအဝေးမှာ ရှိပြီး လူလည်း နည်းနည်းရှုပ်ပါတယ်။ ဖက်ရှင်ဆိုင်၊ အစားအသောက်ဆိုင်နဲ့ အမှတ်တရပစ္စည်းဆိုင်ကြီးတွေ ရှိပြီး လမ်းဘေးဆိုင်လေးတွေလည်း အများအပြားနဲ့ စည်ကားနေတတ်ပါတယ်။


Vatican City နိုင်ငံကို ဝင်မယ်ဆိုရင်

ဗီဇာဘာညာတော့ မလိုပေမဲ့ လေဆိပ်မှာလိုပဲ စစ်ဆေးရေးဂိတ်တွေ၊ Body Scan လုပ်တဲ့စက်တွေကို တန်းစီဖြတ်သန်းပြီး ဝင်ကြရပါတယ်။ ဆောင်းတွင်းညနေပိုင်းဆိုရင်တော့ ဝင်ဖို့ တန်းစီရတာမျိုးမရှိသလို စက်တွေကို အထူးဖြတ်နေစရာလည်း မလိုတတ်ပါဘူး။ ကျွန်တော်တို့ လည်ပတ်ခဲ့ချိန်မှာ ညနေ ၅ နာရီဝန်းကျင်ဖြစ်ပေမဲ့ ဆောင်းတွင်းမို့ မှောင်နေပြီး နိုင်ငံတွင်း ဝင်တော့ အစောင့်တာဝန်ကျသူတွေ မရှိတော့ဘဲ၊ ဧည့်သည်လည်း နည်းနည်းစီပဲ ဝင်ရောက်လာတာ တွေ့ခဲ့ရပါတယ်။


Vatican City မှာ လည်ပတ်စရာ

နိုင်ငံသေးသေးလေးထဲမှာ အချိန်ယူလည်ပတ်စရာတွေ ရှိနေတယ်ဆိုရင် မအံ့သြပါနဲ့နော်။ ဒီနိုင်ငံဟာ ခရစ်တော်မပေါ်မီကတည်းကိုက သမိုင်းအစဉ်အလာတွေ ရှိခဲ့သလို ခရစ်တော်ပေါ်ပြီးနောက်ပိုင်းမှာလည်း သမိုင်းဝင်စရာနေရာတစ်ခုလည်း ဖြစ်လာခဲ့လို့ပါ။ ဟိုးအရင်က ဒီနေရာဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ သုသာန်လို့လည်း ဆိုကြသလို စိန့်ပီတာ (သူတော်စင် ပီတာ) မာတုကာ မတရားအသတ်ခံခဲ့ရတဲ့နေရာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ သူတော်စင် ပီတာ ဟာ ခရစ်တော် (သခင်ယေရှု) ရဲ့ တပည့်တော် (၁၂) ပါးထဲက တစ်ပါး ဖြစ်ပါတယ်။ ဆိုတော့ ဘာသာရေးနဲ့ ဆက်နွယ်ပြီးတော့လည်း အတော်စိတ်ဝင်စားစရာ ဖြစ်သလို၊ ဗိသုကာလက်ရာတွေ နဲ့ နိုင်ငံလေးတစ်ခုကို အုပ်ချုပ်စီမံခန့်ခွဲနေပုံတွေ အားလုံးက ခရီးသွားတွေကို စွဲဆောင်နေပြန်ပါတယ်။

ဘယ်လိုတွေ လည်ပတ်မလဲဆိုရင်တော့ -


(၁) Saint Peter’s Square

စိန့်ပီတာရင်ပြင်ကြီးကတော့ Vatican City နိုင်ငံကို ဝင်လိုက်တာနဲ့ တန်းမြင်ရတဲ့နေရာကျယ်ကြီးပါပဲ။ တစ်ခါတလေ ဒီရင်ပြင်ကြီးမှာ လူတန်းရှည်ကြီးတွေ မြင်ရကြလိမ့်မယ်။ ပြတိုက်နဲ့ ဘုရားကျောင်းအတွင်း ဝင်ဖို့ စောင့်စားတန်းစီနေကြသူတွေ ဒါမှမဟုတ် ပုပ်ရဟန်းမင်းကြီး ကို နှုတ်ဆက်ဂါရဝပြုဖို့ စောင့်ဆိုင်းနေရာယူထားသူတွေပဲ ဖြစ်ပါတယ်။ အချိန်သိပ်များများ မရတဲ့ ကျွန်တော့်အတွက်တော့ အပြင်ဘက်က လေ့လာစရာအချို့နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ နေရာပါ။ အထူးသဖြင့် ဒီရင်ပြင်ကျယ်ကြီးမှာပဲ လှည့်ပတ်ရင်း အဆောက်အဦးတွေရဲ့ ခမ်းနားမှုကို ခံစားမှတ်တမ်းတင်ရုံပေါ့။


(၂) Saint Peter’s Basilica

ဒီအဆောက်အဦးဆီကို လာရောက်လေ့လာကြသူ များပြားပါတယ်။ နေ့စဉ်ဖွင့်လှစ်ထားပေမဲ့ လအလိုက် ဖွင့်ချိန် ပိတ်ချိန်ပြောင်းလဲပါတယ်။ ရာသီဥတုကြောင့်ပါ။ ဧပြီလကနေ စက်တင်ဘာလအထိ ကို မနက် (၇) နာရီကနေ ည (၇) နာရီအထိ ဖွင့်ထားပြီး အောက်တိုဘာလ ကနေ မတ်လ အထိကို မနက် (၇) နာရီကနေ ည (၆) နာရီအထိ ဖွင့်ထားပေးပါတယ်။ ဒီနေရာကို လည်ပတ်မယ်ဆိုရင်တော့ အဝတ်အစားကို အထူးဂရုပြုရပါမယ်။ အမျိုးသားတွေဟာ ဘောင်းဘီရှည်နဲ့ ဖြစ်ရပါမယ်။ အင်္ကျီဟာလည်း ပုခုံးကို ဖုံးတဲ့ အမျိုးအစားမျိုး ဝတ်ဆင်ကြရမှာပါ။ အမျိုးသမီးတွေကတော့ ပုခုံးဖော်ထားတာမျိုး မဝတ်ရသလို၊ စကပ်ဟာလည်း ဒူးဖုံး ဖြစ်ရပါမယ်။ အဓိကအဆောက်အဦးအတွင်းကိုတော့ ဝင်ကြေးမရှိ ဝင်ရောက်နိုင်ပေမဲ့ နေရာအချို့ကိုတော့ ဝင်ကြေးကောက်ခံပါတယ်။ ဒီအတွင်းဝင်ကြည့်ဖို့လည်း အတော်စိတ်ရှည်ရှည် စောင့်ဆိုင်းတန်းစီပြီး ဝင်ကြရပါတယ်။ ဓါတ်ပုံရိုက်တာကိုတော့ နေရာတော်တော်များများမှာ တားမြစ်ထားတတ်ပါတယ်။ ကျွန်တော်ကတော့ အတွင်းထဲ ဝင်ကြည့်ဖို့ထက် အပြင်ကနေ အဆောက်အဦးကြီးတစ်ခုလုံးနဲ့ ဓါတ်ပုံရိုက်ရတာကို ပိုကျေနပ်နေမိခဲ့တယ်။ တကယ်တော့ ဝင်ကြည့်သင့်ခဲ့တာပါ။ ဒီ Saint Peter’s Basilica အဆောက်အဦးကြီးဟာ ၁၅၀၆ နဲ့ ၁၆၂၆ ခုနှစ်များအတွင်း တည်ဆောက်ခဲ့ပြီး ကမ္ဘာမှာအကြီးဆုံး ဘုရားကျောင်းကြီးလည်း ဖြစ်ပါတယ်။


(၃) Tomb of Saint Peter

စိန့်ပီတာ ရဲ့ အုတ်ဂူ ရှိရာနေရာလို့ ဆိုကြတဲ့ (အချို့ကလည်း စိန့်ပီတာရဲ့ ခန္ဓာအစစ် ဟုတ်၊ မဟုတ် အငြင်းပွားနေရတုန်းလို့ဆိုပါတယ်) ဒီနေရာကို လာရောက်လည်ပတ် ဖူးမြော်ကြပါတယ်။ ဒီအုတ်ဂူကို Saint Peter’s Basilica အတွင်းမှာ ထည့်သွင်းပြသထားပါတယ်။ စိန့်ပီတာဟာ သခင်ယေရှုရဲ့ တပည့်တော် (၁၂) ပါးအဝင်ဖြစ်ပြီး ရောမမြို့ရဲ့ ပထမဆုံးသင်းအုပ်ဆရာကြီးလည်း ဖြစ်ခဲ့ပါတယ်။

.

(၄) ပုပ်ရဟန်းမင်းကြီးနဲ့ ဆုံကြမယ်

ဒါကတော့ မြန်မာပြည်က ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ အိပ်မက်ကြီးတစ်ခုလိုပါပဲ။ ပုပ်ရဟန်းမင်းကြီးက ရန်ကုန်လည်း အလည်ရောက်ဖူးပါတယ်။ ဒီ Vatican City ကို လာကြာတဲ့ အကြောင်းပြချက်တွေမှာလည်း ပုပ်ရဟန်းမင်းကြီးကို လာရောက်ဖူးမြင်ဆုံတွေ့ကြဖို့လည်း အဓိက ပါတယ်လို့ ဆိုရပါမယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက် ၁၀း၃၀ ဆိုရင် စိန့်ပီတာရင်ပြင်မှာ ကြွတဲ့အတွက် အဲ့အချိန်မှာ ဧည့်သည်တွေ ဆုံတွေ့ဖို့ အခွင့်အရေး ရကြပါတယ်။ နှုတ်ဆက်ပြီးတဲ့အခါ ဆုတောင်းအစည်းအဝေး နဲ့ ကောင်းချီးပေးခြင်းအစီအစဉ်တွေ ပြုလုပ်ပါတယ်။ ဒီလိုအစီအစဉ်မှာ ပါဝင်ဖို့အတွက် လက်မှတ်တော့ လိုပါတယ်။ လက်မှတ်လိုပေမဲ့ လက်မှတ်ကို အခမဲ့ ထုတ်ယူရရှိနိုင်မှာပါ။ လက်မှတ်ရယူပုံအဆင့်ဆင့်ကိုတော့ သူတို့ရဲ့ Website (paplaudience.org) မှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့ သွားဖို့ အဆင်မပြေခဲ့ရင် တနင်္ဂနွေနေ့ နေ့လည်တွေမှာ သူနေထိုင်တဲ့နေရာရဲ့ ပြတင်းပေါက်ကနေ အမှာစကားပြောတတ်လို့ အဲ့ဒီအချိန်လည်း သွားလည်ပတ်နိုင်ပါတယ်။

.

(၅) Vatican Museums

Vatican City ကို လာပြီဆိုရင်တော့ ဘာတီကန်ပြတိုက်တွေမှ မရောက်ရင် မဖြစ်ဘူးလို့ တင်စားပြောဆိုကြပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးပြတိုက်တွေထဲက တစ်ခု ဖြစ်တဲ့အပြင် ၁၆ ရာစု အစောပိုင်းကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပြခန်းပေါင်း (၅၄) ခန်း ပါရှိပြီး အခန်းစုစုပေါင်း ၁၄၀၀ ရှိပါတယ်။ ခေတ်အဆက်ဆက်က ပုပ်ရဟန်းမင်းကြီးတွေ စုဆောင်းခဲ့တဲ့ အနုပညာလက်ရာမွန်ပေါင်းများစွာ တည်ရှိနေရာဖြစ်ပြီး ကမ္ဘာကျော်ပန်းချီပညာရှင်ကြီးတွေရဲ့ အနုပညာလက်ရာတွေကိုလည်း တွေ့မြင်ကြရမဲ့နေရာဖြစ်ပါတယ်။ နံရံ၊ မျက်နှာကျက်တို့ကအစ အနုလက်ရာတွေနဲ့ ပြည့်ဝနေတဲ့ ပြတိုက်တွေဖြစ်ပါတယ်။

.

(၆) ရေပန်းတွေမှာ ဆုတောင်းမယ်

ဒီမှာလည်း အကြွေစေ့လေးတွေ ပစ်ပြီး ဆုတောင်းလေ့ရှိကြတယ်။ အထူးသဖြင့် ဒီဥရောပနယ်ကို တစ်ခါ ပြန်ရောက်ဖို့လည်း ပါတာပေါ့လေ။ ရေပန်းရှိရာကို ကျောပေးလို့ ညာလက်ကနေ ဘက်ဘက်ပုခုံးကို အကြွေစေ့ကျော်ပစ်ပြီး ရေထဲကျရင် ဆုတောင်းပြည့်တယ်ဆိုပဲ။ တစ်ခါဆုတောင်းရင် တစ်ကြိမ်ပဲ ပစ်ရမယ်လို့ ဆိုပါတယ်။


ကျွန်တော့်ရဲ့ ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံ Vatican City ကို အလည်အပတ်ခရီးကတော့ အတော်လေး တက်သုတ်ရိုက် သွားခဲ့ရတာပါ။ ပျော်စရာလေးတွေကို ခံစားရတာထက် ရာသီဥတုရဲ့ အေးစက်စက်ဒါဏ်ရယ်၊ အပြေးအလွှား အချိန်ရှိတုန်းသွားလည်ရတဲ့ အလျင်စလိုကိစ္စလေးရယ်နဲ့ ထူးထူးခြားခြားအမှတ်ရစရာလေးတွေတော့ ဖြစ်မနေခဲ့ဘူး။ ကျွန်တော်လည်း နောက်တစ်ခေါက်ထပ်ရောက်ပြီး အချိန်ပေးလည်ပတ်ဖို့ အားခဲထားသလို၊ ကျွန်တော့်မိတ်ဆွေခရီးဖော်တွေလည်း ရောက်ခဲ့ရင် သေချာအချိန်ယူလည်ပတ်ဖို့ တိုက်တွန်းချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်း လုံခြုံကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

bottom of page