ထင်ထားတာထက် အများကြီး ပျော်ရတဲ့ မလေးရှားခရီးစဉ်
- Thiha Lu Lin

- Sep 6, 2019
- 5 min read
Updated: Sep 11, 2020

ကျွန်တော် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကို အလုပ်ကိစ္စနဲ့ သင်တန်းတက်ဖို့ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရောက်ခဲ့ဖူးပါတယ်။ လည်ပတ်ဖို့အချိန်များများ မရခဲ့လို့ စိတ်ကြိုက် လည်ပတ်နိုင်ခွင့် မရှိခဲ့ဘူး။ အခု ပြန်ရောက်လာတော့ မလေးရှားနိုင်ငံ က ပိုပြီး တိုးတက်နေတဲ့အပြင် လည်ပတ်ခရီးသွားချင်စရာ ဖြစ်အောင် စွဲဆောင်နေမှန်း သိလိုက်ရတယ်။
မလေးရှား ခရီးသွားရတာ လုံခြုံရဲ့လား?
မလေးရှား ခရီးသွားမယ်လို့ ပြောလိုက်တိုင်း မြန်မာ အများစု ကျွန်တော့်ကို မေးကြတာက ဟိုမှာ လုံခြုံရဲ့လားတဲ့။ လုံခြုံ စည်းကမ်းရှိတဲ့ နိုင်ငံတစ်ခုဆိုတာ ကျွန်တော် အခု ပြန်ရောက်တော့ အားလုံးကို သေချာ ပြောပြလိုက်နိုင်သွားပြီ။ ဆိုလိုချင်တာက ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ခရီးသွားတွေ လုံခြုံတဲ့နေရာတွေရှိသလို သွားဖို့ မသင့်တဲ့နေရာတွေ အများကြီး ရှိပါတယ်။ ခါးပိုက်နှိုက်နဲ့ သူခိုးလို ဟာမျိုးက ပြင်သစ်ပဲ သွားသွား၊ အင်္ဂလန်ပဲ သွားသွား လူစည်ကားတဲ့နေရာတွေမှာ တွေ့ကြရမှာပါ။ ကိုယ့်ပစ္စည်း ကိုယ့်တာဝန် ဂရုစိုက်ထိန်းသိမ်းရမှာပဲလေနော်။ မလေးရှားမှာ ဒီတစ်ခါ ကျွန်တော့်ခရီးစဉ်က ကွာလာလမ်ပူ နဲ့ ဆလန်ဂေါ နယ်တွေ လှည့်သွားရတာ။ နယ်ဘက်တွေမှာက လူလည်းနည်းတော့ ပြဿနာမရှိ။ မြို့ကြီးမှာတော့ လူစည်ကားရာ နေရာတိုင်းမှာ ကိုယ့်ကျောပိုးအိတ်လေးတော့ ကိုယ်သေချာ ထိန်းရတယ်။ ဒါတောင် သူများတွေ ကျောပိုးအိတ်ကို အရှေ့လွယ်ထားချိန်၊ ကျွန်တော်က နောက်မှာပဲ လွယ်ထားတာနော်။ လုံခြုံလား ဆိုတဲ့ မေးခွန်းနောက်မှာ နောက်ထပ် ထပ်မေးနိုင်စရာ ရှိမှာပါ၊ ကြိုပြီးပြောရရင် မလေးရှားနိုင်ငံမှာ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး သွားလာလုပ်ကိုင်နေကြဆဲပါပဲ။

မလေးရှားဗီဇာ ခက်သလား?
ဗီဇာ လျှောက်ထားဖို့ အရင် စပြောရမယ်။ အရင်ကနဲ့မတူ အခုက OCS ဆိုတဲ့ One Stop Service Agency တစ်ခုကို ခံထားတယ်။ အရင်နေရာ ဟယ်လ်ပင် မှတ်တိုင် နားမှာပါပဲ။ အလုပ်လုပ်ပုံ အဆင်ပြေကြတာ သတိထားမိတယ်။ စာရွက်စာတမ်းတွေ ကြိုတင် ပြင်ဆင်ဖို့ လိုအပ်ပါမယ်။
မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ နှစ်စောင်
မှတ်ပုံတင် နိုတြီ မူရင်း နဲ့ မိတ္တူ နှစ်စောင်
သန်ခေါင်းစာရင်း မူရင်း နဲ့ မိတ္တူ နှစ်စောင်
သန်ခေါင်းစာရင်း နိုတြီ မူရင်း နဲ့ မိတ္တူ နှစ်စောင်
ဖိတ်ခေါ်စာ (ရှိလျှင်)
ဘဏ်စာအုပ်/ ဘဏ်စာရင်း ထုတ်ထားတာ (Update ဖြစ်နေမှ လက်ခံပါတယ်)
ဘဏ်ထဲမှာ အနည်းဆုံး ကျပ် ၆ သိန်း ရှိနေဖို့လို
ဗီဇာဖောင် ကို သူတို့ Website မှ ရယူပြီး ဖြည့်သွင်းထားရန်
လေယာဉ်လက်မှတ် (အသွားအပြန်) ဝယ်ထားပြီး ပြရန်
ဟိုတယ် ဘွတ်ကင် တင်ထားပြီး/ငွေချေထားပြီး ကြောင်း ပြရန် (တစ်ခါတရံလိုအပ်)
အဖြူနောက်ခံနဲ့ ပတ်စပို့ဓါတ်ပုံ အရွယ် (၂) ပုံ (မျက်နှာပေါ်လွင်၊ နားပေါ်လွင်ရ)
စတာတွေကို စာရွက်အပုံလိုက် ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။ နိုတြီ ပြန်တဲ့အခါမှာ သူတို့ ကန့်သတ်ထားတဲ့ ရှေ့နေတွေ ကို အသုံးပြုထားခြင်းမရှိဖို့ သေချာ ဂရုစိုက်ပါ။ အရင်ဆုံး ကောင်တာတစ်ခုက ဝန်ထမ်းညီမငယ်တွေက သေချာ စိစစ်ပေးပြီး လိုအပ်တာကို ညွှန်ကြားပေးပါမယ်။ စိတ်ရှည်ပြီး စေတနာနဲ့ ကူလည်း အရမ်းကူညီတတ်ပါတယ်။ ကျွန်တော့်အမြင်ပေါ့လေ။ ဗီဇာကြေးနဲ့ သူတို့ဝန်ဆောင်ခ အားလုံးအပြီးအစီး USD 57 (မြန်မာငွေ ကျပ် ၉၀,၀၀၀ - သွားတင်မဲ့နေ့ရဲ့ ငွေလဲနှုန်းသတ်မှတ်ချက်ပေါ်မူတည်) ကျသင့်ပါတယ်။
မနက်ပိုင်း သွားတင်ထားရင် နောက်နေ့ ညနေဆို ရပြီး၊ ညနေပိုင်း တင်တဲ့သူက တစ်ရက်ကျော် ညနေမှ ရတတ်ပါတယ်။

မလေးရှားကို တိုက်ရိုက်ပျံသန်းတဲ့ ဘတ်ဂျက်လေယာဉ်လိုင်း

မလေးရှား ကွာလာလမ်ပူကို တိုက်ရိုက်ပျံသန်းတဲ့ ဈေးနှုန်းချိုသာလေယာဉ်လိုင်းကတော့ AirAsia ပါ။ လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီက ဝယ်လို့ရသလို၊ ကိုယ်တိုင်လည်း Website နဲ့ App တွေကနေ ဝယ်နိုင်ပါသေးတယ်။ ဘတ်ဂျက်လေကြောင်းလိုင်းတွေက လေယာဉ်ပေါ် အစားအသောက် မပေးလို့ ဆာတတ်ရင်တော့ လက်မှတ်ဖြတ်ကတည်းက ကြိုတင် ဝယ်ထားတာ ကောင်းပါတယ်။ လေယာဉ်ပေါ်ကျမှ ဝယ်လည်း ရပေမဲ့ ကိုယ့်မှာ မလေးရှားငွေ ရင်းဂစ် ပါမှ ပိုအဆင်ပြေတတ်လို့ပါ။ ရန်ကုန် - ကွာလာလမ်ပူ ကို လေယာဉ်ချိန် ၂ နာရီ ခွဲ နဲ့ ၃ နာရီကြား ပျံသန်းပါတယ်။ AirAsia လေယာဉ်ပေါ်က Santan အစားအသောက်တွေက စားကောင်းတယ်။ ပြီးတော့ ခုနောက်ပိုင်း လေယာဉ်ပေါ် Rokki Wi-Fi ပါတော့ လေယာဉ်ပေါ်မှာ ရုပ်ရှင်ကြည့်၊ ဂိမ်းကစား၊ သီချင်းနားထောင်၊ ဈေးဝယ် စတာတွေ လုပ်ဆောင်နိုင်သေးတယ်။ ဒါက သူတို့ အသင့်ထည့်ထားပေးတာပေါ့လေ။ အဲ့ဒါအပြင်ကိုမှ ကိုယ်က အင်တာနက် သုံးချင်ရင်တော့ ဝယ်ရပါတယ်။ ကျွန်တော် စမ်းကြည့်သလောက် အရမ်းအမြန်ကြီး မဟုတ်ပေမဲ့ လုပ်ငန်းသုံး အီးမေးလ်ပို့၊ စာပြန် လောက်က အသုံးတည့်နေတယ်။ ကိုယ့်ဖုန်းနဲ့ကိုယ် Wi-Fi ချိတ်ဆက် အသုံးပြုရတာပါ။
လေယာဉ်မယ်လေးတွေရဲ့ ဝန်ဆောင်မှု AirAsia ရဲ့ နာမည်ကျော် Santan Food Menu ထဲက ကြက်ဆီထမင်း
ရာသီဥတု
မလေးရှား ရာသီဥတုက တော့ နည်းနည်း ပူတဲ့ဘက်သွားတယ်။ မိုးကလည်း ၁၂ ရာသီ ရွာနေတယ်။ ဒါပေမဲ့ အကြာကြီးမဟုတ် ခုရွာ ခုတိတ်။ မိုးအနည်းဆုံးက အောက်တိုဘာလ နောက်ပိုင်း မို့ ခရီးသွားတွေ အဲ့လတွေမှာ များတတ်တယ်။
ဘယ်မှာ တည်းမလဲ

ကိုယ်လည်ပတ်မဲ့ခရီးစဉ်တွေပေါ်မူတည်ပြီး ဟိုတယ်ကတော့ ရွေးချယ်ရပါတယ်။ ကျွန်တော် ဒီတစ်ခါ တည်းဖြစ်တာက Sunway Pyramid Hotel မှာ ဈေးလည်း နည်းနည်းမြင့်တဲ့အထဲ ပါပါတယ်။ အဓိက က Sunway Lagoon ပန်းခြံမှာ ကစားချင်တာရယ် Selangor နယ်တစ်ဝိုက် သွားချင်တာရယ်ကြောင့် ဒီနေရာ ရွေးဖြစ်တာ။ အကယ်လို့ ကိုယ်က Kuala Lumpur မှာပဲ လည်မှာ ဆိုရင်တော့ အဲ့ဒီက ဟိုတယ်တွေပဲ ရွေးစေချင်တယ်။ Sunway ကနေ KL ထဲ လာဖို့တင် ကားနဲ့ဆို မိနစ် ၄၀ ကြာတတ်တယ်။ Sunway Pyramid Hotel ကတော့ အခန်းအကျယ်အနေအထားရော၊ ပန်းခြံနီးတာ၊ Shopping Center နီးပြီး စားသောက်ဆိုင်တွေ စုံတာကြောင့် တည်းပျော်တဲ့ နေရာတစ်ခုပါပဲ။
ဒီတစ်ခါ မလေးရှား သွားရတာ အတော် အလုပ်များပါတယ်။ Tourism Malaysia ရဲ့ အစီအစဉ်လည်း ပါလို့ပါ။ တစ်နေ့ တစ်နေ့ လုပ်ရတဲ့ ကိစ္စ၊ ဓါတ်ပုံရိုက်ရတဲ့ ကိစ္စ၊ ဗီဒီယိုရိုက် ချက်ချင်း တည်းဖြတ် တင်ရတဲ့ ကိစ္စတွေနဲ့ တစ်နေ့တစ်မျိုး မရိုးရဘူး။ အဆင်ပြေတာက ခုချက်ချင်း ဓါတ်ပုံပြင်၊ ဗီဒီယို Editing လုပ်ဖို့ Dell XPS13 လေး ရှိနေလို့သာ။ . ခရီးသွားရင် Laptop သယ်သွားတိုင်း အလေးချိန် စီးတဲ့ ဒါဏ် မခံချင်လို့ မသယ်ဖြစ်တာ များတယ်။ အဲ့လိုကျတော့ အလုပ်မတွင်ပြန်ဘူး။ ခု မလေးရှားခရီးစဉ်လို ချက်ချင်းသွား ချက်ချင်းလုပ် ရမဲ့ အစီအစဉ်တွေကျတော့ ခုလို Laptop ပါမှ။ . Dell XPS13 က အလေးချိန် အရမ်းနည်းပြီး လုပ်ဆောင်နိုင်စွမ်းက အရမ်းများတယ်။ 2.67lbs (၂ပေါင်ခွဲခန့်) ပဲ အလေးချိန်ရှိတော့ ခရီးစဉ်တလျှောက်လုံးရော၊ သွားလေရာရာပါ သယ်သွားလို့ရနေတာ အားသာချက်ပဲ။ . ဒီတော့ မနက်နိုးတာနဲ့ ဝင်သမျှ email တွေ စစ်တယ်၊ ကျွန်တော့်စာဖတ်မိတ်ဆွေတွေဆီက Comment နဲ့ Message တွေ ပြန်တယ်။ ပုံလေးတွေ အရောင်ချိန်ပြီး ရေချိုးလို့ မနက်စာ စားဖို့ အောက်ထပ်ကို ဆင်းတယ်။ 8 Generation Core i7 processor နဲ့ Hard Drive ကို အကြမ်းခံပြီး အလုပ်မြန်တဲ့ SSD သုံးစွဲထားတာမို့ Video Editing နဲ့ Lightroom, Photoshop တွေ သုံးရတာ အဆင်ပြေသွားတယ်။ ကျွန်တော်က Game သိပ်မဆော့လို့သာ၊ Gamer တွေနဲ့ဆို ဒီလို မြန်ဆန်ပုံမျိုးဆို သဘောတွေ့နိုင်မယ်။ ဒါတောင် Dell XPS13 က Gamer Series မဟုတ်သေးဘူးနော်။ Video Editing ကို ကောင်းကောင်းနိုင်တာ ရှားတော့ ခုလို Laptop က လုပ်နိုင်တာ ကျွန်တော်တို့လို ခရီးသွားရူးတွေအတွက် ရွှေ ပါပဲ။ . Memory က 256GB ဆိုတော့ တော်တော် ဝင်ဆံ့တယ် ပြောရမယ်။ Graphic Processor က Intel UHD Graphics 620 သုံးထားပါတယ်။ ညဘက် အခန်းထဲ ပြန်ရောက်လို့ အလုပ်ပြီးပြီဆိုတာနဲ့ ကိုယ်ကြိုက်တဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို အင်တာနက်ကနေ ရှာကြည့်လိုက်ရမှ နေသာထိုင်သာ ဖြစ်တယ်။ Dell XPS13 ကွန်ပျူတာက ရုပ်ရှင်သမားတွေ အကြိုက်ဖြစ်မဲ့ ရုပ်ရှင်ရုံထဲက အတိုင်း ခံစားရစေမဲ့ နည်းပညာတွေ ပါဝင်ပါတယ်။ . ရုပ်ရှင်ကြည့်တဲ့အခါ သဘာဝဆန်တဲ့ ရုပ်ထွက်အရောင်အဆင်းကို ထုတ်ပေးပါတယ်။ True-to-life color ပေါ့။ ပြီးတော့ အသံစနစ်က ရုပ်ရှင်ကြည့်တဲ့ ရသကို ပိုပံ့ပိုးပေးတယ်။ အသံကျယ်ပြီး Bass သံကလည်း ထိရှတယ်။ အသံ အတိုးအကျယ်ကိုလည်း တကယ့်ရုပ်ရှင်ရုံတွေထဲကလို အရည်အသွေးမြင့် ထိန်းညှိပေးနိုင်တယ်။ ရုပ်ရှင် အထစ်အငေါ့မရှိအောင်နဲ့ အင်တာနက်ကကြည့်ရင်လည်း စဉ်ဆက်မပြတ် ရသပြည့်ခံစားနိုင်အောင် ချောချောမွေ့မွေ့ ဖြစ်နေစေတယ်။ Dell XPS13 နဲ့ ဇာတ်ကားတွေကြည့်ပြီးရင် တခြားဘာမှ ထပ်တိုးတော့မှာ မဟုတ်ဘူး။ တစ်ကိုယ်တော်ရုပ်ရှင်ရုံလေးထဲ ကြည့်ရသလို ကြိုက်နေမှာ။
မလေးရှား Selangor နဲ့ Kaula Lumpur မှာ လည်ပတ်စရာ
ကျွန်တော့်ရဲ့ ဒီတစ်ခါ မလေးရှား ခရီးစဉ်က မြို့ကြီးပြကြီး ကွာလာလမ်ပူ နဲ့ အနီးတစ်ဝိုက်က Selangor နယ်မြေအတွင်း ပါဝင်နေတဲ့ မြို့တွေကို ခရီးထွက်ဖြစ်ခဲ့တာပါ။ တစ်နေ့တာလုံးကို Grab နဲ့ လည်ပတ်တယ်။ ရထားနဲ့ လည်ပတ်တယ်။ အဆင်ပြေသလိုပါပဲ။ Grab နဲ့ဆိုရင် နည်းနည်းလေး ဈေးများတတ်ပေမဲ့ သုံးရလွယ်တော့ အဆင်ပြေစေတယ်။ အမြန်လမ်းမတွေက သွားရင် ၁၊ ၂ ရင်းဂစ်လေးတွေ ပိုပေးရတတ်ပေမဲ့ ခရီးတွင်တော့ ပေးဖြစ်ပါတယ်။ ခက်တာက ကားဆရာတွေက ထိုင်းလို အမြန်လမ်းက သွားမလား၊ ရိုးရိုးပဲလား မေးတာ မရှိဘဲ၊ သူတို့ အဆင်ပြေသလို သွားတတ်တာ တစ်ခုပဲ ဆိုး။
Selangor နယ်တစ်ဝိုက် လည်ပတ်ပစ်လိုက်
Selangor က ကျွန်တော်တို့ဆီကဆို ပြည်နယ်တစ်ခုလို ဖြစ်မယ်။ အဲ့ဒီအောက်မှာ ခရီးသွားချင်စရာ မြို့တွေနဲ့ လည်ပတ်ချင်စရာ နေရာတွေ အများကြီး ထပ်ရှိသေးတယ်။ လူဦးရေအားဖြင့် ၆.၃၈ သန်း ရှိပြီး မလေးရှားနိုင်ငံမှာ လူနေအထူထပ်ဆုံးပါ။ မလေးရှား ၄၁%၊ တရုတ် ၃၇%၊ အိန္ဒိယ ၁၉% နဲ့ အခြား ၃% နေထိုင်ကြပါတယ်။ ဒါကြောင့်လည်း ဘာသာလည်း စုံတဲ့နေရာပါ။ ဒီပြည်နယ်ရဲ့ အောက်မှာ Gombak, Hulu Langat, Hulu Selangor, Klang, Kuala Langat, Kuala Selangor, Petaling, Sabak Bernam, Sepang ဆိုတဲ့ မြို့ ၉ မြို့ ရှိပါမယ်။ အမြန်လမ်းမ က အတော် ကောင်းမွန်တာမို့ တစ်မြို့နဲ့တစ်မြို့ကို အချိန်တိုအတွင်း မြန်မြန်သွားလာနိုင်တာကလည်း အားသာချက်တစ်ခုပါ။ အဲ့ဒါကြောင့်မို့သာ ကျွန်တော်လည်း ရက်တိုတိုနဲ့ မြို့များများ ရောက်ဖြစ်သွားတယ်။
Batu Caves Temple

ဟိန္ဒူဘုရားကျောင်း ရှိရာ Batu Caves ကို မလေးရှား အလည်လာသူတိုင်း သွားဖြစ်ကြတယ်။ ကြီးပြီး မြင့်မားတဲ့ နတ်ဘုရားရုပ်တုကြီးရယ်.. ရောင်စုံဆေးခြယ်ထားတဲ့ လှေကားထစ်မြင့်မြင့်ကြီးရယ်က ခရီးသွားတိုင်းကို ဓါတ်ပုံ ရိုက်ချင်စရာ ဖြစ်အောင် စွဲဆောင်နေပါတယ်။ ထုံးကျောက်တောင်နဲ့ လိုဏ်ဂူ အမျိုးအစားဖြစ်ပြီး အပေါ်ထိ တက်လို့ ဂူထဲဝင်ရင် ထူးခြားတဲ့ သဘာဝကို ခံစားကြရတယ်။ တောင်ထိပ်က အပွင့်မို့ အလင်းဖြာကျနေတာကလည်း သဘာဝဆန်ဆန် လှနေတယ်။ ဂူက ကြီးမားကျယ်ပြန့်ပြီး အတွင်းမှာလည်း ဘုရားကျောင်းဆောင် တချို့ ရှိပါသေးတယ်။ မျောက်လေးတွေလည်း ရှိပြီး လူနဲ့ ယဉ်ပါးနေကြလို့ တစ်ခါတရံ ကြောက်တတ်သူတွေအတွက် လန့်အော်မိရတတ်အောင် ဖြစ်ရပါတယ်။ ဓါတ်ပုံရိုက်ချင်သူတွေအတွက် အထူးကောင်းတဲ့ နေရာတစ်ခုပါ။ ဝင်ကြေးလည်း မရှိပါဘူး။ ညနေပိုင်းတွေနဲ့ မနက်ခပ်စောစောတွေမှာ ဆုတောင်းဖို့ လာသူတွေ ပြည့်နေတတ်တယ်။ ဆရာကြီးတွေရှိတဲ့အချိန်ကို လာရောက်ကြတယ်လို့ မှတ်သားရပါတယ်။
ပန်းရောင်းတဲ့ဆိုင်လေးတွေ Batu Caves ရဲ့ အလှ Batu Caves Temple က ဓါတ်ပုံရိုက်ဖို့ အရမ်းကောင်းပဲ... လူကြိုက်များတဲ့ ရောင်စုံလှေကားထစ်တွေ အတွင်းဘက် ထုံးကျောက်လိုဏ်ဂူရဲ့ သဘာဝအနေအထား ဟိန္ဒူရိုးရာ ပေါ့ ဟိန္ဒူရိုးရာ ပေါ့ Batu Caves က ဒီနေရာကြီး သဘောကျတာ... Batu Caves က ဒီနေရာကြီး သဘောကျတာ... Batu Caves နားက ဟိန္ဒူသက်သတ်လွတ် ဖက်ထမင်း စားကောင်းတယ်
The Blue Mosque (Sultan Salahuddin Abdul Aziz Mosque)
အရှေ့တောင် အာရှမှာ အကြီးဆုံးလို့ ဆိုကြတဲ့ အပြာရောင်ဗလီ ရဲ့ ခမ်းနားမှုနဲ့ လေ့လာစရာ တည်ဆောက်မှုလက်ရာပုံစံတွေကြောင့် ဒီနေရာကို လာရောက်လည်ပတ်ကြည့်ရှုကြသူလည်း များတယ်။ ထိပ်က အပြာရောင် Dome အလုံးကြီးကို စိတ်ဝင်စားကြတာပါ။ ဝတ်ပြုချိန် သောကြာနေ့လို့မျိုးကိုတော့ ရှောင်ပြီး သွားလည်ပတ်သင့်ပါတယ်။
Sunway Lagoon
Themes Park တွေ သူ့နိုင်ငံအလိုက် သူ နာမည်ကြီးတာတွေ ရှိတယ်။ မလေးရှားမှာ ဆိုရင်တော့ Sunway Lagoon လို့ ပြောရမယ်။ လည်ပတ်ကစားချင်စရာက ကလေးကနေ လူငယ်၊ လူလတ်အထိ သည်းထိတ်ရင်ဖို၊ နှလုံးအေး၊ စွန့်စား အစုံအလင် တစ်နေရာတည်း ရှိနေတာမို့ ကျွန်တော် သဘောကျမိတယ်။ ကမ္ဘာ့အကြီးဆုံး ရေလှိုင်းတုရှိတဲ့ ပင်လယ်တုကိုလည်း ဖန်တီးထားတာမို့ အားလုံးက ဒီနေရာကို လည်ပတ်ဖို့ စိတ်ဝင်စားကြတာပါ။ အသေးစိတ်ကို ရှေ့မှာ ရေးထားပြီး ဖြစ်လို့ ဖတ်ရှုနိုင်ပါတယ်။
Sunway Lagoon က လှိုင်းစီးကစားနည်းက အရမ်းမိုက် အရမ်း အနားရနေသလိုပဲ မသိရင်.. ဟီး
Little India
Selangor တစ်ဝိုက်လည်ပြီဆိုရင် မပါမဖြစ်သွားသင့်တာက Klang မြို့မှာ ရှိတဲ့ Little India ပါ။ ဒါက အဟောင်းပေါ့။ အခု အသစ် Little India က ကွာလာလမ်ပူမှာလည်း ရှိနေပြီ။ ဒီမှာ သဘောကျစရာကောင်းတာက ရှေးဟောင်းအမွေအနှစ်လေးတွေ အဆောက်အဦးတွေကို လေ့လာရင်း လျှောက်ကြည့်လို့ရတယ်။ သူတို့က လမ်းညွှန်ဆိုင်းဘုတ်လုပ်ပြီး မြင်သာအောင် ပြထားတာမို့ လမ်းလျှောက်အချိန်ပေး ကြည့်သင့်တယ်။ Heritage Walk လို့ တင်စားပြောကြတယ်။ အိန္ဒိယမြို့လေး တစ်ခု ရောက်သွားသလို ခံစားရစေတယ်။ ဒါပေမဲ့ သန့်ရှင်းသပ်ရပ်နေလိမ့်မယ်။ အိန္ဒိယပစ္စည်းအစုံ ဝယ်ဖို့ရှိတယ်ဆိုတော့ ကိုယ်တွေ မြန်မာအကြိုက် ကွမ်းက အစ ရှိနေပြန်ရော။ ဟင်းခပ်အမွှေးအကြိုက်တွေရောပေါ့လေ။
Klang က Little India မှာ လည်မယ်ဆိုရင် ရှေးဟောင်းအဆောက်အဦးနဲ့ အမွေအနှစ်တွေအဖြစ် ထိန်းသိမ်းထားကြတဲ့ -
Sultan Abdul Aziz Royal Gallery (ပြခန်း)
The Former Chartered ဘဏ် အဆောက်အဦး
Royal Klang Club
Alam Shah Palace နန်းတော်
Church of Our Lady of Lourders (ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်း)
Klang Convent School
Tengku Kelana India Muslim Mosque
Sir Nagara Thendayuthapani Temple
Klang Fire Station မီးသတ်ဌာန အဆောက်အဦး
Raja Abdullah Warehouse
နေရာတွေကို မဖြစ်မနေ လည်ပတ်ကြည့်သင့်ပါတယ်။
အိန္ဒိယမြို့လေးလိုပါပဲ Little India ရယ် ခုလို အစုံအလင် ဝယ်စရာ ရှိတယ်။ Little India Klang Little India က Sultan Abdul Aziz Royal Gallery (ပြခန်း) ပါ။
i-City
Shah Alam မြို့က i-City ဟာလည်း တကယ့်နည်းပညာမြို့တော်လေးအလားပါပဲ။ ပျော်စရာဖြစ်အောင် မီးရောင်စုံတွေနဲ့ စွဲဆောင်ထားပြီး ဈေးဝယ်စင်တာကြီးတစ်ခုနဲ့လည်း ချိတ်ဆက်ထားတယ်။ ဝင်ကြေးပေးရတဲ့ Red Carpet လို ဖယောင်းရုပ်တုပြတိုက်တွေ ရှိတဲ့အပြင် ဝင်ကြေးမလိုတဲ့ မီးပွင့်လေးတွေနဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံရိုက်ချင်စရာ နေရာပေါင်းများစွာ ဒီနေရာမှာ ရှိနေပါတယ်။ ကစားကွင်းကြီးတစ်ခုလည်း ရှိလို့ ကလေး၊ လူငယ်၊ လူကြီး အားလုံးရဲ့ စိတ်အပန်းဖြေစရာ နေရာပါ။ ညဘက်သွားမှ ပိုလှပါတယ်။ ဒီနေရာကို ညဘက်ပဲ သွားစေချင်ပါတယ်။
Jugra
ဒီမြို့မှာလည်း လည်စရာ အတော်စုံလင်ပါတယ်။ သမိုင်းဝင်မြို့လည်း ဖြစ်ပုံပေါ်လို့ သမိုင်းနဲ့ ပတ်သက်တဲ့ လည်ပတ်စရာတွေ ပိုများပါတယ်။ တောင်ထိပ်ပေါ်က မီးပြတိုက် ကြောင့် ပိုထင်ရှားပြီး၊ များသောအားဖြင့် လမ်းလျှောက်အားကစားလုပ်သူတွေနဲ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စည်ကားနေတတ်ပါတယ်။ နောက်ထပ် နာမည်ကြီး အားကစားနည်းတစ်ခုက Paragliding ပါ။ တောင်ထိပ်ကနေ လေထီးခုန် လေဟုန်စီးပြီး သွားတာကို တော်တော်များများ လာလုပ်ကြတာ သတိပြုမိပါတယ်။ စိတ်ဝင်စားရင် ကြိုတင် ဖုန်းခေါ်ဆိုလို့ စာရင်းသွင်း လုပ်ဆောင်နိုင်ပါတယ်။ တောင်ထိပ်ကနေ လေဟုန်စီးပြီး တောင်ခြေက ကွင်းထဲမှာ ဆင်းပါတယ်။ မီးပြတိုက် ရှေ့က တောင်စောင်းလေးမှာ လုပ်ဆောင်ကြပါတယ်။ လမ်းတလျှောက်မှာ တရုတ်သင်္ချိုင်း တစ်ခုကို ဖြတ်သွားရပေမဲ့ ရှုခင်းကတော့ အတော်လှသား။ တရုတ်ဘုရားကျောင်း နှစ်ကျောင်းလည်း တွေ့ရပါတယ်။ လှလည်းလှတယ်။ တောင်ခြေကနေ ဆက်မောင်းသွားရင် ပြတိုက် တစ်ခုရှိပါတယ်။ Museum Insitu Jugra ပါ။ ၂၀၁၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ရဲပြတိုက် လို့ ဆိုနိုင်ပါတယ်။ ရဲဝန်ထမ်းတွေရဲ့ သမိုင်းပြတိုက်ပေါ့ဗျာ။ Jugra ကိုရောက်ရင် ဒီနေရာတွေ ဝင်ရောက် လေ့လာလည်ပတ်နိုင်ပါတယ်။
Alaeddin Mosque
Long Puteri Palace
Bandar Palace
Jugra Royal Mausoleum
Sungai Langat
Batu Hampar
Bukit Jugra Lighthouse
Jugra Palace (Old)
Jugra District Office (Old)
The Old Well of Jugra
Ammunition Store
Museum Insitu Jugra
Jugra Hill မှာ ဒီမီးပြတိုက်ကလည်း အသက် Jugra Hill ကနေ Paragliding လုပ်လို့ရတယ်.. Museum Insitu Jugra ပါ။
သစ်သီး နဲ့ ငါးတွေ ဝယ်လို့ကောင်းတဲ့ Banting
ကျွန်တော်တို့ Jugra ဘက်ကို သွားရင် Banting မြို့ကိုလည်း ဖြတ်ရပါတယ်။ ရွာကြီးတွေကို ဖြတ်တဲ့အခါ လမ်းမကြီးဘေးမှာ ဆိုင်လေးတွေ ဖွင့်ပြီး ရောင်းနေကြတဲ့ သားငါးတွေနဲ့ သစ်သီးတွေ က အတော်အရသာရှိပြီး ဝယ်ပျော်ပါတယ်။ ဒူးရင်းသီးကတော့ မလေးရှား ရောက်ရင် မစားမဖြစ်ပေါ့။

Putrajaya
မလေးရှား Selangor တစ်ဝိုက်လည်ရင် ခုတလော နာမည်ကြီးနေတဲ့ Putrajaya မြို့က ပန်းရောင်ဗလီ Putra Mosque ကိုလည်း လည်ပတ် ဓါတ်ပုံရိုက်သင့်ပါတယ်။ ဓါတ်ပုံရိုက်လို့ အတော်လှတဲ့နေရာပါ။ ဗလီတွေမှာ ပန်းရောင်ဆိုတာ မရှိသလောက်ဘဲမို့ ဒီနေရာက တော်တော် ထူးခြားတယ်လို့ ပြောနိုင်ပါတယ်။ နောက်တစ်နေရာကတော့ သူ့ရှေ့က Putra Square ဖြစ်ပါတယ်။ နောက်တစ်နေရာက Perdana Putra ပါ။ ဝန်ကြီးချုပ်ရုံးထိုင်ရာ ရုံးအဆောက်အဦး ဖြစ်ပါတယ်။ ရုတ်တရက်ဆို ဘာသာရေးအဆောက်အဦး ထင်ရပေမဲ့ ရုံးကြီးပါ။ အတော်လှပါတယ်။ ဒီနေရာတွေကို မဖြစ်မနေ လည်ပတ်သင့်ပါတယ်။
Selangor နယ်မှာ အခြားလည်ပတ်စရာများ
ဒီနယ်မက ကျယ်တော့ လည်ပတ်စရာတွေက အတော်ဝေးဝေးသွားရတယ်။ တချို့ဟာတွေကတော့ အချိန်ပေးမှလည်း ရမှာမို့ ကျွန်တော် မလည်ပတ်နိုင်ခဲ့တာတွေလည်း ရှိတယ်။ အဲ့အထဲက ခု ခေတ်စားနေတဲ့ နေရာလေးတချို့ကို အခွင့်ကြုံရင် လည်ပတ်နိုင်ဖို့ တင်ပြပေးချင်ပါတယ်။
Sky Mirror - ကမ်းခြေပါ။ ဓါတ်ပုံရိုက်ရင် အပေါ်အောက် မှန်ခံထားသလို ဖြစ်နေတာမို့ ထူးခြားပါတယ်။
Selayang Hot Spring Pool - ရေပူစမ်း ဖြစ်ပါတယ်။
Ramayana Cave - ရာမယဏဂူ ဟိန္ဒူဘုရားကျောင်းဂူပါ။
Chocolate Museum - ချောကလက်ပြတိုက် ဖြစ်ပါတယ်။
Sungai Tekala Recration Forest
Waterfall Forest Park Kanching
Sasaran Art Park Kuala Selangor
Mount Nuang
Kuala Selangor Fireflies - ပိုးစုန်းကြူးကြည့်တဲ့ ခရီးစဉ်ပဲ ဖြစ်ပါတယ်။
Kuala Lumpur မှာ လည်ပတ်မယ်ဆိုရင်
ကွာလာလမ်ပူတစ်ဝိုက်မှာတော့ လည်ပတ်စရာတွေ ပေါပါတယ်။ သမိုင်းဝင်တာတွေရော မဝင်တာတွေရော အပျော်အပါးနဲ့ ဈေးပတ်တာကအစ မရိုးတမ်းလုပ်ဆောင်နိုင်ပါတယ်။ အဓိက သွားစေချင်တဲ့ နေရာလေးတွေကတော့ -
KL Tower
မနက် ၉ နာရီကနေ ည ၁၀ နာရီထိ ဖွင့်ပြီး၊ ၄၂၁ မီတာ မြင့်တဲ့ မျှော်စင်ကြီးပါ။ အပေါ်မှာ ကွာလာလမ်ပူတစ်မြို့လုံးကို မြင်ရမဲ့ မြင်ကွင်းက အံ့အားသင့်သွားစေတယ်။ ပြီးတော့ မှန်တံတားလိုမျိုး အောက်ကိုပါ အသည်းတယားယား မြင်ရတဲ့ Skybox ဆိုတာကြီးပေါ်လည်း တက်ကြည့်သင့်ပါတယ်။ လက်မှတ်ဝယ်ရပါတယ်။ Skybox ကိုတော့ လူ ၄ ဦး တစ်သုတ် ခေါ်ပါတယ်။ ၃၅ စက္ကန့်ပဲ နေခွင့်ပေးလို့ ရောက်တာနဲ့ တန်းပြီး မြန်မြန် ပို့စ်ပေး ဓါတ်ပုံရိုက်ကြရတာပါ။ ပြီးတော့ နံပါတ်စဉ်နဲ့ ခေါ်တာမို့ ကိုယ့်နံပါတ်ကျမှ သွားတက်လို့ရပါတယ်။
KL Tower Dell XPS13 ဆိုတဲ့အတိုင်း မျက်နှာပြင်က ၁၃.၃ လက်မ ပါ။ ထူးခြားတာက Full HD (1920 x 1080) ကိုမှ InfinityEdge Display ဖြစ်နေပါတယ်။ Notebook တော်တော်များများက မျက်နှာပြင်ဘေးနဲ့ အပေါ်အောက် ဘောင်တွေ ကြီးကြတယ်။ ခု Dell XPS13 ကတော့ မြင်ရတဲ့အတိုင်း ပတ်လည် ဘေးဘောင်တွေက ကျဉ်းကျဉ်းသေးသေးလေးမို့ အဆုံးအစမဲ့ မျက်နှာပြင်တစ်ခု ကြည့်နေရသလိုပဲ။ မြင်ကွင်းမှာ ထူးပြီး ရှုပ်သွားတာမျိုး မရှိဘူးဆိုတာကို ပြချင်တာပါ။ Dell XPS13 ရဲ့ အလေးချိန်က Tablet တစ်လုံးသာသာလောက်ပဲမို့လို့ သွားလေရာရာ ကျွန်တော် ပေါ့ပေါ့လေး သယ်သွားနိုင်တာပါ။ ခုလည်း ခရီးသွားဗီဒီယို တစ်ခု အပြိုင်တင်ပေးဖို့ရှိလို့ သွားရင်း လာရင်းတောင် ကွန်ပျူတာ တကားကား ဖြစ်နေရတာ။ ချထားရင်လည်း ဒီလောက်လှပြီး တန်ဖိုးကြီးတာလေး သူများ မ သွားမှာလည်း စိုးရသေးတယ် ဟီး။ အဲ့ဒါနဲ့ပဲ လက်က တစ်ကိုင်ကိုင် နဲ့ ဓါတ်ပုံရိုက်တိုင်း ပါနေတော့တာ။ Skybox ကနေ မှန်တံတားလိုမျိုးလေး ခံစားရတယ်... ဘယ်သွားသွား အလေးချိန်နည်းလို့ သယ်သွားလို့ လွယ်တဲ့ Dell XPS13 နဲ့
Petronas Twin Towers – KLCC
မလေးရှား ကွာလာလမ်ပူရောက်မှတော့ အနည်းဆုံး သူ့ရဲ့ Landmark ဖြစ်တဲ့ Twin Towers ဆီ လည်သင့်တာပေါ့။ အောက်ကနေပဲ ဓါတ်ပုံရိုက်ရုံနဲ့ လုံလောက်ပါပြီ။ ဆိုးတာက ဖုန်းမှာ Wide Lens တပ်ပြီး ရိုက်ဖို့ ဈေးလိုက်ရောင်းနေသူတွေပဲ။ မျက်စိနောက်လောက်အောင် တွေ့ရလိမ့်မယ်။ အတွင်းက Shopping Mall က Branded တွေ များလို့ အကြိုက်တူရင် ဝယ်ဖို့ကောင်းတယ်။

Colonial Architecture ကိုလိုနီခေတ် အဆောက်အဦးများ
KL မှာ လုပ်ဖို့လွယ်လွယ်နဲ့ လုပ်ဆောင်နိုင်တာက ကိုလိုနီခေတ် အဆောက်အဦးတွေကို ပတ်ကြည့်တာပါ။ ကျွန်တော်တို့လိုပဲ မြို့ထဲမှာ အဆောက်အဦးတွေ ရှိနေတယ်။ သူတို့က စနစ်တကျ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့မို့ အားရမိတယ်။ အဆင်လည်းပြေတယ်။ ဘယ်နေရာတွေကို လည်သင့်သလဲဆိုရင် -
St. Mary’s Cathedral - ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦးကနေ စပြီး လည်သင့်တယ်။ အရှေ့တည့်တည့်မှာ Dataran Merdeka ရင်ပြင် နဲ့ သမိုင်းဝင် အဆောက်အဦးတွေ ရှိတယ်။ ဆက်လျှောက်သွားပြီဆိုတာနဲ့ National Textile Museum ကိုရောက်မယ်။ ဒီနေရာကတော့ တော်တော် ဓါတ်ပုံရိုက်လို့ကောင်းတယ်။ အဲ့ဒီကနေ လမ်းလေးထဲ ဝင်သွားရင် ဘယ်ဘက်ခြမ်းမှာ Jamek Mosque ကို တွေ့မယ်။ ၁၉၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့တာ။ ပြီးရင် အဲ့လမ်းအတိုင်း ဆက်သွားတာနဲ့ Medan Pasar နာရီစင်ကြီးကို တွေ့ရလိမ့်မယ်။ အဲ့ဒါကို လေ့လာပြီးတော့ သူ့ရှေ့ မျက်နှာချင်းဆိုင် လမ်းအတိုင်း ဆက်သွားရင် ဈေးတန်းလေးတစ်ခုကို ဖြတ်ရမယ်။ ဖြတ်ပြီးတာနဲ့ ညာဘက်မှာ Central Market Kuala Lumpur ပဲ။ သူလည်း နှစ်ပေါင်းရာကျော်ပြီ။ အထဲမှာ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ များတယ်။ ဈေးတစ်ခါတည်း ဝယ်ပြီး ပြန်ရုံပဲ။
Illusion 3D Art Museum Kuala Lumpur
3D ပြတိုက်တစ်ခုပါပဲ။ ပန်းချီဖန်တီးမှုတွေက မလေးရှားနိုင်ငံနဲ့ လိုက်ဖက်တာလေးတွေရယ်၊ ကလေး နဲ့ လူငယ်ကြိုက် ဖြစ်မှာမျိုးလေးတွေ ဖန်တီးရေးဆွဲထားတယ်။ သိပ်အကျယ်ကြီး မဟုတ်ပေမဲ့ ပြကွက် များပါတယ်။ ထူးခြားတာက အာကာသထဲက ပုံစံမျိုး ဖန်တီးထားတဲ့ အခန်းပါဝင်တယ်။ ဝင်ကြေး က ရင်းဂစ် ၅၀ ပေးရပါတယ်။ Central Market အနောက်ဘက်က ပန်းချီလမ်းလေးအပေါ်ထပ်မှာ ရှိတာပါ။
China Town Kuala Lumpur
ကျွန်တော်တော့ သိပ်သဘောမကျဘူး။ ဒါပေမဲ့ လူသွားများတယ်။ ဘရန်းအတု ပစ္စည်းတွေ ရောင်းတဲ့ ညဈေးပုံစံပါပဲ။ ကျွန်တော် အဲ့ဒီကို သွားလည်ချိန်တိုင်း ခပ်စောစော ပိတ်သွားတဲ့အချိန်နဲ့ချည်း ကြုံလို့ ဆိုင်သိမ်းနေတာတွေပဲ တွေ့တွေ့ခဲ့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် သဘောကျတဲ့ နေရာထဲတော့ မပါဘူး။ ပစ္စည်းလေးတွေဝယ်ချင်ရင်တော့ သွားသင့်ပါတယ်။
Thean Hou Temple
ဒီ တရုတ်ဘုံကျောင်းကတော့ လက်ထပ်ဖို့ စုံတွဲတွေ လာကြတာ များပါတယ်။ အောက်မှာ ရုံးခန်းကြီး ဖွင့်ထားတယ်။ အပေါ်က ဘုရားကျောင်းကြီးကတော့ အရောင်အသွေးစုံစုံနဲ့ လှနေတယ်။ ၁၉၈၇ ခုနှစ်မှာ တည်ဆောက်ပြီးခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။
Kuala Lumpur Butterfly Park
ကွာလာလမ်ပူ လိပ်ပြာဥယျာဉ် က သဘောကျစရာပါ။ ကျွန်တော်တို့ဆီမှာလည်း ဖြစ်နိုင်မယ် ထင်ပါတယ်။ လုပ်ဖို့ စဉ်းစားသင့်တယ်။ ပန်းခြံတစ်ခုလုံးကို အပေါ်က အစိမ်းရောင်အမိုးအုပ်ထားပြီး လိပ်ပြာမျိုးစုံကို သေချာ ထိန်းသိမ်းပြသထားတယ်။ သဘာဝဆန်ဆန် ကျယ်ကျယ်ဝန်းဝန်း ဖြစ်အောင် လုပ်ပြထားတယ်။ အစာလည်း သေချာကျွေးတယ်။ တော်တော်များများ လာအပန်းဖြေကြပါတယ်။ လိပ်ပြာဥယျာဉ်နဲ့ တွဲလျက်ရှိနေတဲ့ အင်းဆက်နဲ့ လိပ်ပြာမျိုးစိတ် မျိုးစုံကို အရှင်ရော အသေရော ပြသထားတာ အတော်ဗဟုသုတ ရပါတယ်။ ဝင်ကြေးပေးရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
ဒီလောက်ဆို ကျွန်တော်လည်ပတ်ခဲ့သမျှ ပြန်ပြီး ဖောက်သည်ချရသမျှ အားရမယ်လို့ ယုံကြည်ပါတယ်။ ပုံလေးတွေလည်း အားပေး၊ စာလေးလည်း သေချာဖတ်ပြီး လည်ပတ်တဲ့အခါ အသုံးဝင်ဖို့ မျှော်လင့်မိပါတယ်။ မလေးရှားမှာ လည်စရာ အဲ့လောက်များမှန်း ပိုသိလာရလို့ ပိုပြီး ပြန်သွား ပြန်လည်ချင်စိတ်လည်း ဖြစ်မိပါတယ်။ ဒီခရီးစဉ်မှာ မလေးရှားရောက်တုန်း အစစ ကူညီပေးခဲ့တဲ့ ကိုထက် ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ တကယ်လိုအပ်ချိန်တိုင်း စိတ်အားထက်သန်စွာ ကူညီပေးတဲ့ ညီမ နန်းမြဌေး ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
#MAIKOL2019 #VM2020 #MalaysiaTrulyAsia #AirAsia #VacaywithAirAsia #SunwayCityKualaLumpur #AmazingSunwayCity #MAIKOL2019inSelangor
Photo :: Thiha Lu Lin, Chan Myae Ei, Ko Htet, Htoo Nge
Camera :: SONY Alpha 7II with 16 - 35mm Lens, Samsung Galaxy Note10+
Photos are modified in Lightroom by Thiha Lu Lin.
-03.png)





Comments