top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

လိုအပ်တဲ့ ခရီးသွားအာမခံ

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Jun 7, 2017
  • 2 min read

Updated: May 29, 2020


ဒီတလော မိုးလေးတွေကျလာတော့ လမ်းချော်တတ်တာလေးတွေ သတိရမိရင်း ခရီးသွားအာမခံ ဆိုတာ ခေါင်းထဲ ဝင်လာပြန်တယ်။ Travel Insurance အကြောင်း အာမခံလုပ်ငန်းတွေကို ကျွန်တော် မေးကြည့်ပေမဲ့ ဒီမှာ Tour နဲ့ ပတ်သက်တဲ့ Travel Insurance ထက် အဝေးပြေးလမ်းနဲ့ဆိုင်တဲ့ အထူးခရီးသွားအာမခံ ကိုပဲ အများစု ဝန်ဆောင်မှုပေးကြတာ သတိပြုမိသွားတယ်။ IKBZ ရဲ့ အကြီးတန်းမန်နေဂျာ ဦးမျိုးသန့်ဇော် (ကိုမျိုး - အာမခံ) ရေးတာလေး ဖတ်ဖူးတာ ရှိတယ်။ ခရီးသွားအာမခံ (Travel Insurance) အမျိုးအစားတွေ အများကြီး ရှိပြီး


(၁) အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံ

(၂) နိုင်ငံ့ဝန်ထမ်းများ ပြည်ပတရားဝင်ခရီးသွား အာမခံ

(၃) ခရီးသွားကုမ္ပဏီများမှ စီစဉ်တဲ့ ခရီးသည်များအတွက် ခရီးသွားအာမခံ

(၄) ကမ္ဘာလှည့်ခရီးသည်များအတွက် ခရီးသွားအာမခံ

(၅) လေယာဉ်စီးခရီးသည်များအတွက် ခရီးသွားအာမခံ တို့ ဖြစ်ပါတယ်တဲ့။


ဒီ ၅ မျိုးကိုတော့ ဖော်ပြသွားပေမဲ့ အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံ အကြောင်းကလွဲရင် ကျန်တာတွေကို ရှင်းပြမသွားခဲ့တာ သတိပြုမိပါတယ်။ အားလုံးရဲ့ အာရုံကလည်း ဒီ အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံ ပေါ်မှာပဲ ရောက်နေကြတယ်။ ကျန်တဲ့ ခရီးသွားအာမခံတွေကိုရော လက်တွေ့မှာ ရောင်းချပေးနေလားဆိုတာ မသိရပါဘူး။ နီးစပ်ရာ အာမခံလုပ်ငန်းတွေကို မေးမြန်းသမျှတော့ အထူးခရီးသွားအာမခံ ကိစ္စကိုပဲ လတ်တလော ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာမှာတော့ ခရီးသွားအာမခံ ဆိုလိုက်တာနဲ့ အောက်ပါအချက်တွေ အကျုံးဝင်တာမျိုး တွေ့ရပါတယ်။ ဒေသနဲ့ လုပ်ငန်းအလိုက် ကွဲပြားမှုအနည်းငယ် ရှိနိုင်ပါတယ်။

  • ဆေးကုသရခြင်း (ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးတဲ့ သွားလာရေးကိစ္စပါ အပါအဝင်)

  • အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ပျက်သွားခြင်း၊ ခရီးစဉ်အပြည့်အစုံမသွားခြင်း နဲ့ ခရီးစဉ်အတွင်း အဆင်ပြေချောမွေ့မှုမရှိခြင်း

  • မတော်တဆ သေဆုံးခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်း၊ ဖျားနာခြင်း၊ ကူးစက်ရောဂါ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ခြင်း၊ ကျိုးပဲ့ခြင်း နဲ့ ကိုယ်ဝန်ဆောင် မီးဖွားခြင်း

  • တရားစီရင်ဆုံးဖြတ်ရေးကိစ္စရပ်များတွင် ပါဝင်ရခြင်း

  • သက်သေအဖြစ် ဆင့်ခေါ်ခံရခြင်း

  • ရေမြေရပ်ခြား အသုဘကုန်ကျစရိတ်များ

  • ခရီးသွားအထောက်အထားစာရွက်စာတမ်းများ၊ ကိုယ်ရေးကိုယ်တာနဲ့ဆိုင်သော ကိစ္စရပ်များနဲ့ ယူဆောင်လာသောအိတ်များ ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း နဲ့ ပျက်စီးခြင်းများ

  • ယူဆောင်လာသောအိတ်များ ရောက်ရှိရန်နောက်ကျခြင်း (နဲ့ နောက်ကျခြင်းကြောင့် အရေးပေါ်လိုအပ်သည့်ပစ္စည်းများ ဝယ်ယူလိုက်ရခြင်း)

  • ရာသီဥတုအခြေအနေကြောင့် ခရီးစဉ်နှောင့်နှေးသွားခြင်း

  • လေကြောင်းခရီးစဉ်များ ပြောင်းလဲခြင်း နောက်ကျခြင်းတို့ကြောင့် တဆင့်ထပ်မံစီးနင်းရမဲ့ လေယာဉ်များ အချိန်မမီတော့ခြင်း

  • ခရီးသွားနေစဉ် ပြန်ပေးဆွဲခံရခြင်း

စတဲ့အချက်လေးတွေကိုလည်း နိုင်ငံတကာက ခရီးသွားအာမခံထဲမှာ ထည့်သွင်းရောင်းချကြတယ်လို့ သိရပါတယ်။ တချို့ဆိုရင် အပိုဆောင်းပြီး ခရီးစဉ်အတွင်း အားကစားဆိုင်ရာ ထိခိုက်နာကျင်မှု (ဥပမာ စကိတ်စီးတာ၊ ရေငုပ်တာမျိုးမှာ)၊ အန္တရာယ်များတဲ့ဒေသတွေမှာ သွားရောက်ရခြင်း (ဥပမာ စစ်ဖြစ်ပွားနေတဲ့ ဒေသ၊ သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ဒေသ၊ အကြမ်းဖက်သူများရှိတဲ့ဒေသ) စတဲ့ ကိစ္စရပ်တွေကိုပါ အာမခံ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ တစ်နေရာနဲ့ တစ်နေရာ သတ်မှတ်ချက် နဲ့ ပါဝင်တဲ့ကိစ္စရပ်တွေတော့ ကွာခြားနိုင်ပါတယ်။

ဒီလို ခရီးသွားအာမခံ (Tour နဲ့ပတ်သက်တဲ့ Insurance) တွေကိုတော့ ကျွန်တော်တို့နိုင်ငံမှာ ရောင်းချပေးနိုင်တာ မရှိသေးတာကို သတိပြုမိပါတယ်။ ကျွန်တော်လက်လှမ်းမိသမျှ အာမခံ ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်တွေနဲ့ အာမခံကုမ္ပဏီတွေကို မေးကြည့်သမျှတော့ အထူးခရီးသွားအာမခံ ဆိုတဲ့ အဝေးပြေးလမ်းမဆိုင်ရာအာမခံ တစ်ရပ်ကိုပဲ လုပ်ဆောင်ပေးကြပါသေးတယ်။ ဒါတောင် ရန်ကုန် - မန္တလေးအမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေ မြင့်တက်လာတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်လောက်ကမှ စပြီး ဖိဖိစီးစီး ဝန်ဆောင်ပေးလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ခါတိုင်းကတော့ အသက်အာမခံ ကိုပဲ ဦးစားပေး ဝန်ဆောင်မှုပေးနေခဲ့တာပါ။ ဒီတော့လည်း ကျွန်တော်တို့ဟာ ခု ဝန်ဆောင်မှုပေးနေတဲ့ အထူးခရီးသွားအာမခံ ကိုတော့ ခရီးသွားလာနေတဲ့ ကာလတွေမှာ ဝန်ဆောင်မှု ရယူဖို့ စဉ်းစားသင့်ပါတယ်။

အထူးခရီးသွားအာမခံ က ရန်ကုန် - မန္တလေးအမြန်လမ်းအတွက်ပဲ ပေးတာ မဟုတ်ပါဘူး။ အဝေးပြေးလမ်း မိုင် (၁၀၀) အထက်ဆိုရင် အဝေးပြေးကားပဲစီးစီး၊ ကိုယ်ပိုင်ကားပဲစီးစီး ဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုပါ။ တစ်ခုပဲမှတ်ရမှာက ဒီ အာမခံဟာ ၂၄ နာရီ ခရီးတစ်ခေါက်အတွက်ပဲ ဖြစ်ပါတယ်။ ကျပ် ၃၀၀ ပဲ ပေးဝယ်ရမှာပါ။ တချို့အဝေးပြေးကားတွေက လက်မှတ်မှာ တစ်ခါတည်းထည့်ရောင်းတယ်။ မပါတဲ့ အဝေးပြေးကားတွေနဲ့ အိမ်စီးကားတွေကတော့ နီးစပ်ရာ ဘဏ်၊ အာမခံလုပ်ငန်း၊ Toll Gate တွေနဲ့ ဓါတ်ဆီဆိုင်တချို့မှာ ဝယ်နိုင်တယ်လို့ သိရပါတယ်။ ခု လက်ရှိ ပြည်တွင်းမှာ နေ့ချင်းပြန်ခရီးတွေ၊ ညအိပ်ခရီးတွေ ပို့ဆောင်ပေးနေတဲ့ ခရီးသွားလုပ်ငန်းတွေလည်း ဒီအာမခံကိုတော့ ဝယ်ပေးထားတတ်တယ်လို့ Gold Tripper ခရီးသွားလုပ်ငန်းက မဇာနည် က ရှင်းပြဖူးပါတယ်။ ကိုယ်ဝယ်တဲ့ခရီးစဉ်မှာ ပါလား၊ မပါလား လည်း မေးသင့်မေးထိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ၂၄ နာရီထက်ပိုပြီး ကြာတဲ့ခရီးစဉ်တွေအတွက် ရက်အလိုက် အာမခံကြေးပေးရတာ တိုးသွားနိုင်ပါတယ်။

ခုလို မိုးတွင်းကာလ ခရီးသွားရင် မတော်တဆမှုတွေ ကြုံတွေ့ရတတ်လို့ ကြိုတင်ပြင်ဆင်တဲ့နေရာမှာ ကိုယ့်ကားရဲ့ ကြံ့ခိုင်ရေးသာမကဘူး ကိုယ့်အတွက်ကိုပါ အာမခံချက် ယူထားတာ မမှားပါဘူး။ အကယ်လို့သာ ဖပ်ဖပ် မပြောကောင်းမဆိုကောင်း ခရီးစဉ်အတွင်း ထိခိုက်ဒဏ်ရာ ရခဲ့မယ်ဆိုရင် ဒဏ်ရာအခြေအနေပေါ်မူတည်လို့ အများဆုံး ကျပ် (၂၄) သိန်းထိ ပြန်ရနိုင်တယ်။ လုံးဝ အဆုံးတွက်မယ်ဆိုရင်တော့ လျော်ကြေး ကျပ်သိန်း (၃၀) ပေါ့။ ဆေးရုံတက် ဆေးကုသခံယူတဲ့အခါမှာ ၅၂ ပတ်အထိ ခံစားခွင့်တွေရှိတယ်။ ရခဲ့တဲ့ ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်သေးရင် တစ်ပတ်ကို (၂၄၀၀) ကျပ် နဲ့ (၅၂) ပတ်ထိ ခံစားရယူခွင့်ရှိတယ်။ ဒီလိုဆိုတော့ ငွေ (၃၀၀) ကျပ်တည်းနဲ့ လုပ်ထားလည်း မမှားတဲ့ကိစ္စပါ။ ဘယ်သူ့မှ ကိုယ့်အနာဂတ်ကို ကြိုမမြင်နိုင်ဘူးလေနော်။

ဒီ အထူးခရီးသွားအာမခံ မှာ တခြားချွင်းချက်လေးတွေတော့ ရှိပေမဲ့ ဘယ်သူ့မှတော့ ကိုယ့်ကိုကိုယ်နာကျင်စေ၊ သေစေအောင် ကြိုးစားပြီး ဒီ အာမခံငွေတွေ ရယူမယ်မထင်မိလို့ အကျယ်အကျယ်တော့ ပြောပြမနေတော့ပါဘူး။ ချွင်းချက်ထဲမှာ မူးယစ်ဆေးဝါး သုံးစွဲလို့ ဒီအာမခံ အကြုံးမဝင်ဘူး ပါလို့ အရက်သောက်ထားတာလည်း ဒီစည်းကမ်းချက်နဲ့ ငြိမလားတော့ တွေးမိပါတယ်။ အာမခံ ဝယ်ဖို့ကို ကျွန်တော်ကိုယ်တိုင်လည်း ပျင်းပါတယ်။ မြန်မာအများစုလည်း ဒီလိုပါပဲ။ ကိုယ်မဖြစ်မချင်း ကိုယ်နဲ့ မဆိုင်သလိုဘဲ နေတတ်ကြလို့ တကယ်တမ်းကြုံလာရင် ဒုက္ခများပါတယ်။ ဖေ့စ်ဘွတ်နဲ့ သတင်းစာမှာ အမြန်လမ်း ကားမတော်တဆမှုလေး တက်လာရင် ချက်ချင်း သတိတွေထားပြီး ကားစစ်ဦး၊ ခါးပတ်ပတ်ဦး၊ အာမခံဝယ်ဦး ဖြစ်တတ်ပေမဲ့ သတင်းအစအနလေးများ ဝေးနေရင်တော့ ဒါတွေကို မေ့လျော့သွားတတ်ကြပါတယ်။

တကယ်တမ်း ဖြစ်စေချင်တဲ့အထဲမှာ အခု အထူးခရီးသွားအာမခံ အပြင် ခရီးသွားသူတွေကို အများကြီးအထောက်အပံ့ပေးမယ့် Tour နဲ့ ပတ်သက်တဲ့ ခရီးသွားအာမခံတွေလည်း ထပ်ပြီး တိုးချဲ့ဝန်ဆောင်မှုပေးဖို့ကိုတော့ ခရီးသွားတာကို စိတ်ပါဝင်စားသူတိုင်း မျှော်လင့်တောင့်တနေမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံခြားမှာတော့ အင်တာနက်ကနေတောင် ဝယ်ယူနိုင်တဲ့အထိ လွယ်လွယ်ကူကူ ဝန်ဆောင်ပေးနေတာကို တွေ့ရပါတယ်။ မဝေးတော့တဲ့ကာလမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနဲ့အတူ တခြားနိုင်ငံတွေမှာလည်း ရတဲ့ Tour နဲ့ဆိုင်တဲ့ ခရီးသွားအာမခံ ကိစ္စတွေလည်း ဖွံ့ဖြိုးလာဖို့ ကျွန်တော်တော့ တကယ်ကို တောင့်တမိပါတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page