top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Travel Blogger ကို ရည်းစားထားရ ကောင်းမလား?

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Jun 10, 2019
  • 2 min read

Updated: May 10, 2020


တခါတလေမှာ မိတ်ဆွေတချို့ သူတို့ရဲ့လူမှုကွန်ရက်ပေါ်ကနေ တင်ရေးတဲ့ အကြောင်းအရာလေးတွေ ဖတ်မိပါတယ်။ အဲ့ဒီအခါမှာ ခရီးများများသွားရအောင် Travel Blogger ကို ချစ်သူအဖြစ် ရွေးလိုက်မလား တို့၊ ကိုယ့်ရည်းစားကို Travel Blogger လုပ်ခိုင်းမယ် တို့လိုမျိုးလေး ရယ်စရာဖြစ်အောင် ရေးတင်လိုက်ကြတယ်။ ကျွန်တော်လည်း အဲ့လိုအကြောင်းအရာတွေ တွေ့တိုင်း သဘောတကျ ပြုံးမိတယ်။ တကယ်တမ်း Travel Blogger ကို ရည်းစားထားဖို့ဆိုတာ အတော်ကြိုးစားညှိနှိုင်းရမဲ့ ကိစ္စတွေ ရှိပါတယ်။ အကောင်းအဆိုးဆိုတာလည်း ဒွန်တွဲ ပါလာမှာပါပဲ။ အိမ်ထောင်ဖက်အထိပါ စဉ်းစားထားမယ်ဆိုရင်တော့ အတော်ကြီး စိတ်တူကိုယ်တူ ရှိမှ ဖြစ်ပါလိမ့်မယ်။


Travel Blogger ကို ရည်းစားထားမယ်ဆိုရင် ဘာတွေ ကောင်းလဲ


(၁) ခရီးများများသွားရမယ်

ဘယ်တော့မှ မမှားတဲ့ သီအိုရီပေါ့။ ခရီးသွားစာရေးသူရဲ့ ရည်းစားဖြစ်ပြီဆိုမှတော့ ကိုယ့်ရည်းစား လိုပဲ ခရီးများများ သွားနိုင်ရတော့မှာပေါ့။ အထူးသဖြင့် ကိုယ်သဝန်တိုချင်စရာ လူတွေနဲ့ သွားလာနေပြီဆိုရင် ကိုယ်က ပိုလိုက်ရပြီပဲလေ။ မဟုတ်ရင်တော့ ချစ်သူကို စိတ်ချယုံကြည်ပြီး လွှတ်ထားနိုင်တဲ့စိတ်မျိုး ရှိမှ ဖြစ်ပါမယ်။


(၂) ဗဟုသုတ ပိုကြွယ်လာမယ်

ခရီးသွားနေတဲ့ကိုယ့်ရည်းစား နဲ့ အတူခရီးမထွက်ဖြစ်ရင်တောင်မှ သူ့ဆီကနေ ပြန်ကြားရမဲ့ ဒေသန္တရ ဗဟုသုတတွေရယ်၊ လူတွေအကြောင်း၊ အခက်အခဲတွေကို ကြိုးစားဖြတ်ကျော်ပုံတွေ အားလုံးဟာ သိမှတ်အတုယူစရာ ဆင်ခြင်သုံးသပ်ပြင်ဆင်စရာတွေအနေနဲ့ ဗဟုသုတ ဖြစ်စေပါတယ်။ Travel Blogger ဖြစ်တဲ့အတွက် သူပြန်ပြောပြတဲ့ အကြောင်းအရာတွေက သူ့စကားထဲမှာ မျောသွားလောက်အောင် ကိုယ့်ကို ဆွဲခေါ်သွားနိုင်လိမ့်မယ်။ အတွေ့အကြုံများတဲ့သူနဲ့ ရည်းစားဖြစ်လေလေ သူနဲ့ဆုံတိုင်း ပျင်းစရာမကောင်းဘဲ စကားပြောစရာများလေလေ ဖြစ်နေမှာ။


(၃) ဓာတ်ပုံ၊ ဗီဒီယို ဖန်တီးမှုအပိုင်းတွေ နားလည်လာမယ်

ကိုယ်က အစကတည်းက သိပ်စိတ်မဝင်စားခဲ့ရင်တောင် Travel Blogger ရဲ့ ရည်းစား ဖြစ်လာတဲ့အတွက် အခြေခံ ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးပုံတွေနဲ့ တည်းဖြတ်တဲ့သဘောတရားတွေ အကြောင်းကို တဖြေးဖြေးနားလည်လာရတယ်။ ကိုယ်ကပါ စိတ်ဝင်တစား ရှိလာခဲ့ရင် အဲ့ဒီလို အနုပညာပိုင်းဖန်တီးမှုပိုင်းတွေမှာ ပိုပြီးအားကောင်းလာနိုင်ပါတယ်။


(၄) ကိုယ်ပါ Blogger ဖြစ်လာနိုင်တယ်

ကိုယ့်ရည်းစားကို ကြည့်ရင်း သူ့လုပ်ရပ်လေးတွေကို ချစ်ခင်တွယ်တာလာတဲ့အခါ ကိုယ်လည်း သူ့လို ဖြစ်ချင်စိတ်ပေါ်လာတတ်တယ်။ သူ့ကို အကြံပေးရင်း ကိုယ်ပါ အားမလိုအားမရ ဝင်ရေး ဝင်လုပ်ဖြစ်လာတတ်တယ်။ အဲ့အခါ ကိုယ်ပါ Blogger ဖြစ်မှန်းမသိ ဖြစ်လာတော့တာပါပဲ။


(၅) အားကိုးရတယ်။

ခရီးသွားစာရေးတဲ့ Travel Blogger တွေက ယဉ်ကျေးမှုအစုံ၊ နယ်ပယ်အစုံကို ခရီးလည်း သွားနေသူတွေဖြစ်သလို လူပေါင်းစုံနဲ့ ဆက်ဆံနေရသူတွေလည်း ဖြစ်တော့ သူတို့မှာ ကိုယ့်အားကိုယ်ကိုးပြီး အခက်အခဲများစွာကို ဖြေရှင်းနိုင်စွမ်းတွေ ရှိတယ်။ ဖြတ်ထိုးဉာဏ် ကောင်းတယ်။ ဦးဆောင်မှု ပြုနိုင်တယ်။ အသင်းအဖွဲ့အနေနဲ့လည်း လုပ်ဆောင်တတ်ကြသလို တစ်ကိုယ်တော်လုပ်ဆောင်ရတဲ့ကိစ္စရပ်တွေကိုလည်း မကြောက်မရွံ လုပ်ဆောင်တတ်ကြလို့ အားကိုးရတဲ့ ရည်းစားကောင်းတွေလည်း ဖြစ်ကြပါသေးတယ်။


(၆) အရမ်း Ro တာ ခံရမယ်။

Travel Blogger တွေဟာ ခရီးသွားရုံနဲ့တင်မဟုတ်ဘဲ စာရေးတာ၊ ဓါတ်ပုံဗီဒီယိုရိုက်ကူးတာ စတဲ့ အနုပညာကိစ္စရပ်တွေကိုလည်း ကြိုးစားလုပ်ဆောင် စွမ်းဆောင်နိုင်သူများဖြစ်လို့ အနုပညာဆန်ဆန် ချစ်မြတ်နိုးတတ်ကြသူများလည်း ဖြစ်ပါတယ်။ ရည်းစားနဲ့အတူ ခရီးသွားချင်ကြသလို၊ ကြင်နာတတ်တဲ့ နှလုံးသား၊ စာနာတတ်တဲ့စိတ်ထား၊ သူတပါးအပေါ် အကောင်းဘက်က တွေးပေးတတ်တဲ့ ဦးနှောက်တွေကို ပိုင်ဆိုင်ထားတဲ့အတွက် အရမ်း Ro တာခံရဖို့ သေချာပါတယ်။


Travel Blogger ကို ရည်းစားထားမယ်ဆိုရင် ဘာတွေ မကောင်းဘူးလဲ


(၁) စိတ်မရှည်တတ်ကြဘူး။

သူတို့က ကြင်နာချင်လွန်းလို့ ဆိုပြီးသာ ပြောနေကြပေမဲ့ သူတို့စိတ်နဲ့မတွေ့တဲ့အခါမျိုးမှာ စိတ်မရှည်ချင်ကြပါဘူး။ ခရီးသွားနေတဲ့အခါမှာ အချိန်ဆွဲလေးကန်နေကြရင် စိတ်မရှည်ကြပါဘူး။ သူတို့ကိုယ်တိုင်က အရမ်းတက်ကြွသွားလာနေကြသူများမို့ သူတို့လိုပဲ တက်ကြွနေလိမ့်မယ်လို့ မေ ျှာ်လင့်ထားတဲ့အတွက် ကိုယ့်ရည်းစားကို အားမရ စိတ်မရှည်ဖြစ်လာတတ်ပါတယ်။ အဲ့ဒါကို သည်းခံနိုင်ဖို့တော့ လိုတယ်။


(၂) ဓာတ်ပုံ၊ ဗီဒီယို ကို လူတိုင်း ကိုယ့်လိုရိုက်တတ်မယ်လို့ ထင်တတ်ကြတယ်။

လူတိုင်းဟာ Travel Blogger တွေလိုမျိုး ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်နိုင်လိမ့်မယ်လို့ ထင်ထားကြတဲ့အတွက် ကိုယ်က သူ့ကို ကောင်းကောင်း ရိုက်မပေးနိုင်ခဲ့ရင် စိတ်အတော် တိုတတ်ကြပါတယ်။ ချစ်သူက တခြားမိန်းကလေး/ယောကျ်ားလေးနဲ့ စကားကောင်းနေတာကို သဝန်တိုမှာထက် သူလိုချင်တဲ့ ဓါတ်ပုံကောင်း၊ ဗီဒီယိုကောင်း မရရင် ပိုဒေါသဖြစ်တတ်ပါတယ်။ တချို့ဆို ငိုတဲ့အထိ ရန်ဖြစ်ကြတာမျိုး ကျွန်တော့်မိတ်ဆွေတွေမှာ ကြုံဖူးပါတယ်။ အဲ့ဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ရင် သူတို့ကို ကြိုတင်နားလည်မှု ပေးပြီး ကိုယ့်ဘက်ကလည်း အစွမ်းကုန် လိုက်ကြိုးစားပေးရတတ်ပါတယ်။


(၃) ဆရာကြီး ဆရာမကြီးစိတ်တွေ ဝင်နေတတ်တယ်။

ဟုတ်ပြီ။ စာရေးသူတော်တော်များများ ဖြစ်လေ့ရှိတာပေါ့နော်။ နောက်ကလိုက်သူ ရှိလာရင် အလိုလို ဆရာကြီး ဆရာမကြီးစိတ်ဝင်သွားတော့တာပေါ့။ အဲ့မှာတင် ကိုယ်ကပဲ ငတုံး ငအ လိုလို အမြဲ ဆက်ဆံခံရတတ်ပြီး သူ့ရည်းစားဆိုတာ မေ့မေ့သွားတတ်တယ်။ သူ့ ပန်ကာလိုလို သူ့ ယပ်တောင်လိုလိုတွေ ထင်ပြီး ဆရာကြီး ဆရာမကြီးတွေ နေရာတကာ လုပ်တော့တာပါပဲ။ ဒါလည်း သည်းခံတတ်ရတယ်ပေါ့။


(၄) ပင်ပန်းရင် ညအိပ်ရာစောစောဝင်တယ်။

အမယ်။ ညဘက်လေး တွတ်တီးတွတ်တာ လုပ်မယ် မတွေးနဲ့နော်။ ခရီးအတူတူ ထွက်နေရရင်တောင် အဲ့လိုလုပ်ဖို့ ခွန်အားနည်းတတ်တာ၊ တစ်နယ်စီဆိုလို့ကတော့ ဖုန်းခေါ်ပါ ဘာညာတွေ သူတို့ အမြဲ မလုပ်နိုင်ကြပြန်ဘူး။ တူတူခရီးထွက်ချိန်ဆိုရင်တော့ နည်းနည်းအခြေအနေပိုကောင်းတတ်ပေမဲ့ အိပ်တဲ့အခါ ပင်ပန်းလို့ ဟောက်တောင်နေတတ်သေးတဲ့အတွက် ဒါလေးကိုလည်း သည်းခံပေးရမယ်နော်။


(၅) မသိရင် သူရဲ့ အိမ်အကူလိုပဲနော်။

ဖော်လိုဝါ များများလာပြီး လူသိပိုများလာပြီဆိုတာနဲ့ ကိုယ့်ရည်းစား Blogger နဲ့အတူခရီးသွားပြီဆိုတာနဲ့ ကိုယ်ဟာ သူ့ရဲ့ အိမ်အကူလိုလို၊ ဒရိုင်ဘာလိုလို၊ မန်နေဂျာလိုလို ဖြစ်ပြီသာ မှတ်တော့နော်။ ဖုန်းပြောတာကအစ ကိုယ့်ကိုပဲ လွှဲပေးပြီး ပြောခိုင်းလိမ့်မယ်။ ယောကျ်ားလေးဆိုလည်း သူနဲ့ရည်းစားဖြစ်ပြီးကတည်းက ကိုယ်ချည်း ကားမောင်းရတော့မယ်။ အထုပ်ပါ ထမ်းပေးရဦးမယ်ဗျာ။ မိန်းကလေးတွေက Travel Blogger ယောကျ်ားလေးနဲ့ ရည်းစားဖြစ်ရင်ကျ နည်းနည်းအဆင်ပြေသေး။ မန်နေဂျာလိုလို စက္ကထရီလိုလို ဖြစ်ဖြစ်သွားတတ်တာက လွဲရင်ပေါ့။


ဒီလိုပဲ ဘယ်သူနဲ့ပဲ ရည်းစားဖြစ်ဖြစ်ပါ၊ ကောင်းတာ ဆိုးတာလေးတော့ ရှိနေမှာပါပဲ။ Travel Blogger နဲ့ ရည်းစားဖြစ်ရတာမို့ နည်းနည်းလေးတွေ ကွဲပြားနေတာလေး ရှိတာပေါ့လေ။ ဒါပေမဲ့ တကယ်တမ်း ချစ်လာတဲ့အခါ သူ့ရဲ့ မကောင်းကွက်လေးတွေကိုက ချစ်စရာလေးတွေ ဖြစ်လာတတ်မယ်လို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ ဒီတော့လည်း Travel Blogger တွေကိုမှ ချစ်မယ်ဆိုရင်ဖြင့် သေချာပြင်ဆင်ပြီး ချစ်လှည့်ပါလို့။


သြော်.. ကိုယ့်ရည်းစားကို Travel Blogger လုပ်ခိုင်းရင် ကောင်းမလား တွေးနေရင်တော့ နောက်အပတ်တွေ စောင့်ဖတ်ပေးပါဗျာ။ Travel Blogger တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ ပြင်ဆင်လုပ်ဆောင်စရာတွေကို Blog တစ်ခု၊ Page တစ်ခု ထောင်တာကနေ စပြီး အသေးစိတ် အပတ်စဉ် ပြောပြပေးသွားပါ့မယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page