Search
  • Thiha Lu Lin

လေယာဉ်စီး ခရီးသည်တစ်ဦးအနေနဲ့ လိုက်နာသိထားသင့်တဲ့ အခြေခံအကြောင်းလေးများ

Updated: May 9


ပြည်တွင်း ပြည်ပ လေယာဉ်ခရီးစဉ်တွေမှာ ကျွန်တော်တို့တွေ တခါတရံ စိတ်အနှောင့်အယှက်လေးတွေ ကြုံရတတ်ပါတယ်။ အဓိကက လေယာဉ်စီးခရီးသွားတစ်ယောက်ရဲ့ အခြေခံသိထားသင့်တဲ့ လိုက်နာသင့်တဲ့ လူ့ယဉ်ကျေးမှုလေးတွေကို တချို့က နားမလည်ကြလို့ ဖြစ်ပါတယ်။ ဒါကို Business Class မှာ စီးတဲ့သူတွေက ကြုံတွေ့ဖို့ ရှားပါမယ်။ Economy Class နဲ့ Budget Airlines တွေကို အားကိုးနေကြရတဲ့ ခရီးသွားတွေ တချို့မှာ ကြုံရတတ်တာမျိုးပါ။ အခြေခံ လေယာဉ်စီး လူ့ယဉ်ကျေးမှုကို အားလုံး နားလည်ခဲ့ရင်တော့ ခုလို ပြဿနာရှိတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့်လည်း အချက်အလက်အချို့ကို စုစည်း ဖော်ပြလိုက်ရပါတယ်ဗျာ။


၁။ လေယာဉ်ပေါ်တက်မယ်ဆိုရင် ခုံနံပါတ်အလိုက်ခေါ်တာကို သတိထားပြီးမှ တန်းစီပါ။

လေယာဉ်ပေါ် တက်ရပါတော့မယ်လို့ ကြေငြာလိုက်တာနဲ့ တချို့က ချက်ချင်း ထသွားတန်းစီ တက်ပါတယ်။ တကယ်တော့ လေယာဉ်ပေါ်ကို တက်ဖို့ရာမှာ ကလေးငယ်လေးတွေနဲ့ မိဘတွေ၊ နာမကျန်းသူတွေ၊ အကူအညီလိုအပ်သူတွေကို အရင်ဆုံး ခေါ်ယူတတ်တာမျိုး့ပါ။ သက်ဆိုင်ရာ လေကြောင်းလိုင်းရဲ့ အမြဲတမ်းအားပေးသူမန်ဘာတွေ၊ အထက်တန်း (Business Class) စီးတဲ့သူတွေကို ဦးစားပေး ခေါ်ဆိုတတ်တာကို သိထားရပါမယ်။ ပြီးရင် Economy Class ထဲက ခုံနံပါတ်အလိုက် နောက်ပိုင်းကနေ အဖြတ်လိုက် ခေါ်တတ်တာပါ။ ခုံနံပါတ်အတန်းလိုက် ဘယ်လောက်ကနေ ဘယ်အထိ ဆိုတာမျိုး ခေါ်ဆိုတာဖြစ်လို့ ကိုယ့်နံပါတ်မဟုတ်ဘဲ သွားတန်းစီ ထားရင် တကယ်တက်ရမဲ့ သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတတ်လို့ သေချာနားစိုက်ထောင်ပြီးမှ တန်းစီ လေယာဉ်ပေါ် တက်သင့်တယ်လို့ အကြံပြုချင်ပါတယ်။


၂။ လေယာဉ်ပေါ် ရောက်ချိန်မှာ နောက်လူတွေကို သွားမရအောင် မလုပ်ဖို့လိုပါတယ်။

လေယာဉ်ပေါ်ရောက်ပြီဆိုရင် လျှောက်လမ်းက နှစ်ယောက်ရှောင်ဖို့တောင် နည်းနည်းခက်တတ်တယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ပစ္စည်းတွေကို အချိန်ဆွဲပြီး အံထဲ ထည့်နေတာမျိုး၊ အသိတွေ့ပြီး စကားစမြည် ပြောနေတာမျိုး စတဲ့ နောက်က လူတန်းကြီးကို အားမနာပ လုပ်တာမျိုးကို လေယာဉ်ပေါ် စတက်တက်ချင်းမှာ ရှောင်ရှားရပါမယ်။ တစ်ခရီးတည်း အတူသွားရမှာမို့ အချိန်မရွေး လာပြန်ရှာ စကားပြောနိုင်တာမို့ သူများအနှောင့်အယှက်မဖြစ်အောင် မြန်မြန်သွက်သွက် နေရာယူပေးရမှာ ဖြစ်ပါတယ်။


၃။ ထိုင်ခုံနောက်လှန်ချမယ်ဆိုရင် နောက်လူအခြေအနေ တစ်ချက်ကြည့်ပြီးမှ ဖြေးဖြေးလှဲချရပါတယ်။

အချိန်ကြာကြာ စီးရတဲ့ ခရီးစဉ်မျိုး (ညအိပ်ခရီးစဉ်မျိုး) မှာဆိုရင် အချင်းချင်း နားလည်ကြပါတယ်။ သူလည်းအိပ်ချင်မယ်၊ ကိုယ်လည်းအိပ်ချင်တယ်လေ။ ဒါပေမဲ့ အိပ်ချိန်မဟုတ်ဘဲ အချိန်အကြာကြီး နောက်ကလူ စိတ်အနှောင့်အယှက်ဖြစ်ရအောင် ခုံကို အချိန်ကြာကြာ နောက်လှဲချထားတာမျိုးကို ဆင်ခြင်ရပါတယ်။ စပြီး လှဲချမယ်ဆိုကတည်းက နောက်လူ အခြေအနေလေး တစ်ချက်ကြည့်ပြီးမှာ ဖြေးဖြေးလှဲချတာမျိုး လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ တခါတရံ ကျွန်တော်တို့ ကော်ဖီ ဖျော်ရည် တစ်ခုခု သောက်သုံးနေချိန်၊ စားသောက်နေချိန် ဖြစ်တတ်လို့ မတော် တိုက်မိဖိတ်စင်သွားနိုင်ပါတယ်။ ဖြေးဖြေးလဲှချတဲ့အတွက် နောက်ကလူမှာလည်း ပြင်ဆင်ချိန် ရသွားပါတယ်။ လေယာဉ်က အစားအသောက် ကျွေးချိန်မှာတော့ ခုံကို ပြန်မတ်ထားပေးတာ အကောင်းဆုံးပါ။ နောက်လူလည်း စားဖို့ စားပွဲပြင်ဆင်ရတာရော သူစားဖို့ နေရာကျယ်ကျယ် ပိုရသွားတာရောကြောင့် အဆင်ပြေစေသွားပါတယ်။ Budget Airlines တချို့မှာဆို ခုံတွေက ရှေ့ခုံ နောက်ခုံ ကျဉ်းလွန်းတတ်လို့ ပိုပြီး သတိထား ဆင်ခြင်ကြရပါတယ်။


၄။ Hand Carry တွေ အများကြီးနဲ့ တခြားသူကို နေရာမပေးတာမျိုး မဖြစ်စေဖို့လိုပါတယ်။

လေကြောင်းလိုင်းတွေက အများအားဖြင့် တန်ပိုတွေကို ရောင်းကြတယ်။ သက်ဆိုင်ရာ လေယာဉ်လက်မှတ်အမျိုးအစားအလိုက် ကိုယ်ရတဲ့ သယ်ဆောင်ခွင့် ပမာဏလေးတစ်ခု ရှိတတ်ပါတယ် (ဘတ်ဂျက်လေကြောင်းလိုင်းတွေကတော့ သပ်သပ်ဝယ်ရတတ်ပါတယ်)။ အဲ့ထက်ပိုရင် ပိုက်ဆံအပိုဆောင်းပေးရတယ်။ ဆိုတော့ ကျွန်တော်တို့ မြန်မာတွေက အတင်း Hand Carry ယူကြတယ်။ အကုန်အကျသက်သာအောင်ပေါ့။ အဲ့ဒီအခါမှာ လေယာဉ်စီးကြချင်းအတူတူ ကိုယ့်ခုံအပေါ်က အံထဲ ပစ္စည်းထည့်တဲ့အခါ ကိုယ့်ပစ္စည်းတွေနဲ့ပဲ ပြည့်နေပြီး တခြားခရီးသည်အတွက် နေရာ မကျန်အောင် ဖြစ်ရတာမျိုး ရှိသွားတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်လေးနဲ့ ကျန်တဲ့သူတွေအတွက်လည်း နေရာချန်ပေးတတ်ဖို့ လိုအပ်ပါတယ်။ ဒီလို အဖြစ်တွေကြောင့် တချို့ လေယာဉ်တွေက လူတစ်ဦးကို အထုပ်ဘယ်နှထုတ်ပဲ Hand Carry သယ်ရမယ်ဆိုတာမျိုး၊ Hand Carry ပစ္စည်းရဲ့ အရွယ်အစားက ဘယ်လောက်အတိုင်းအတာထိပဲ ရှိရမယ်ဆိုတာမျိုး သတ်မှတ်ချက်လေးတွေ သီးခြားထုတ်ပြန်ထားတာတွေ ရှိလာပါတယ်။


၅။ ကိုယ့်ရဲ့ တကိုယ်ရည်သန့်ရှင်းရေးကြောင့် သူများကို အနှောင့်အယှက်မဖြစ်စေပါနဲ့။

လေယာဉ်က တကယ်တော့ သိပ်ပြီး ကျယ်ဝန်းကြတာ မဟုတ်ပါဘူး။ အဲ့ထဲမှာမှ ကိုယ်ထိုင်ရတဲ့ ခုံက ပိုပြီး မကျယ်ဝန်းဘူး။ အဲ့လို ကျဉ်းကျဉ်းကျုတ်ကျုတ်လေးတွေ လေပေါ် ခရီးသွားရတုန်းမှာ ကိုယ့်ရဲ့ တကိုယ်ရည် သန့်ရှင်းမှု အားနည်းတာကြောင့် ကိုယ်က အနံ့နံနေတာမျိုး၊ ခံတွင်းနံ့ ရှိနေတာမျိုး၊ ချိုင်းစော်နံနေတာမျိုး မဖြစ်နေအောင် သတိထားပေးရင် ကိုယ့်ပတ်ဝန်းကျင်က ထိုင်ရသူ ခရီးသွားတွေအတွက် စိတ်မညစ်ရတော့ဘူးပေါ့။ ဒါကြောင့် တခါတလေ ခံတွင်းသန့်စင်ဆေးရည်လိုမျိုးတွေ ဆောင်ထားပြီး လေယာဉ်ပေါ်တက်ခါနီးဆို ပါးစပ်ဆေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။ ခြေအိတ်ချွတ်ထားတာမျိုးလည်း မလုပ်သင့်ဘူး။ ခြေဆီအနံ့ကြောင့် တခြားသူတွေ စိတ်ညစ်ရတတ်ပါတယ်။ နောက် အနံ့ပြင်းတဲ့ အစားအစာမျိုး စားနေတာတွေ ရှောင်သင့်တယ်။ ကြက်ဥပြုတ်လိုမျိုးဆိုလည်း အီးစော်နံသလို အနံ့ဖြစ်တတ်လို့ လေယာဉ်ပေါ်မှာ ခွာစားရင် ဘေးကလူတွေ အနံ့ရနေတတ်တာမျိုး ရှိပါတယ်။


၆။ အိမ်သာ သွားရင် လော့ခ်ချဖို့ မမေ့ပါနဲ့၊ သွားပြီး အညစ်အကြေးကို ပြန်သန့်စင်ဖို့ မမေ့ပါနဲ့

တကယ်က မမေ့ကြဘူး။ ဘယ်လို လုပ်ရမလဲ မသိကြတာ များတယ်။ လေယာဉ်ပေါ်က သန့်စင်ခန်း (အိမ်သာ) တွေက အထူးစီမံထားတာမျိုးမို့ မသုံးတတ်ကြတော့ အန္တရာယ်လည်း ရှင်းဖို့ စိတ်မြန်နေတာနဲ့ ဖြစ်သလို သွားလိုက်ကြတာပါ။ သန့်စင်ခန်းအတွင်း လူရှိ မရှိကို အချက်ပြမီးတွေနဲ့ ကြည့်လို့ရတတ်ပါတယ်။ လူမရှိဘူးဆိုရင် တံခါးကို အလယ်က တွန်းလိုက်ရင် ဘာဂျာလို ခေါက်ခနဲ ပွင့်သွားပါတယ်။ အတွင်းဘက်မှာ လော့ခ်ချတဲ့ ဘုလေး တစ်ခု ရှိပါတယ်။ အဲ့ဒါကို ဆွဲပိတ်ရတာပါ။ ဖွင့်လို့ရ မရ အတွင်းကနေ ပြန်တွန်းကြည့်ပါ။ လုံးဝ မလုပ်တတ်ရင် လေယာဉ်မောင်မယ် တစ်ဦးဦး ကို ရှာပြီး မေးဖို့ မရှက်ပါနဲ့။ လူတိုင်း မွေးကတည်းက တတ်မနေကြပါဘူး။ ဒီလိုပဲ မေးမြန်းပြီး အဆင်ပြေသွားတာမျိုးမို့ပါ။ တံခါးမပိတ်တတ်လို့ မပိတ်ဘဲ အိမ်သာဝင်တဲ့ ဗီယက်နမ်အမျိုးသား တစ်ဦးကြောင့် တံခါးအမှတ်မထင် သွားဖွင့်မိသွားတဲ့ ကျွန်တော်မိတ်ဆွေ အမျိုးသမီးလေး တစ်ဦး စိတ်အတော်တိုပြီး ဖေ့စ်ဘွတ်ပေါ်တင်တဲ့ စာလေးကို ဖတ်ရဖူးပါတယ်။ သန့်စင်ခန်းမှာ ကိုယ့်ကိစ္စပြီးရင် ဆွဲချတဲ့ ခလုတ်က ဘေးမှာ ရှိပါတယ်။ လေယာဉ်ပေါ်က အိမ်သာက မြေပြင်က ရေလောင်းအိမ်သာတွေလို ရေတွေ ရှိနေမှာ မဟုတ်ပါဘူး။ လေနဲ့ ဆွဲသွားတာမျိုးပါ။ ခလုတ်က ဘေးဝန်းကျင်မှာပဲ ရှိပါတယ်။ မြင်သာအောင် ပုံလေးဆွဲပြထားတာ များပါတယ်။ ဒါလည်း နောက်လူ စိတ်အနှောင့်အယှက်မဖြစ်အောင် သေချာရှင်းခဲ့ပေးပါနော်။


၇။ တခြားခရီးသည်ခုံပေါ် ခြေထောက်တင်တာမျိုး မလုပ်ဖို့ လိုပါတယ်။

လေယာဉ်ခုံ ကျဉ်းကျဉ်းမှာ ကြာကြာထိုင်ရတော့ ခြေထောက်ကတော့ ညောင်းပါတယ်။ အချိန်ကြာကြာ စီးရတဲ့ လေယာဉ်တွေပေါ်မှာဆို ပိုဆိုးပါတယ်။ ဒီကြားတည်း ကိုယ့်ရှေ့ခုံအောက်မှာလည်း ကိုယ်က ပစ္စည်းထားထားရင် ခြေဆန့်လို့တောင် မရတတ်ဘူး။ အဲ့အခါ သူများအနှောင့်အယှက်ဖြစ်အောင် ခုံပေါ် ခြေထောက်တင်ထိုင်တာမျိုး ရှောင်ရှားရပါမယ်။ ခြေညောင်းလာရင် လေယာဉ်လျှောက်လမ်းမှာ လမ်းထလျှောက်လို့ ရပါတယ်။ အချိန်ကြာကြာစီးရတဲ့ လေယာဉ်ပေါ်မှာ ဒီလိုပဲ ခြေအညောင်းဖြေကြရတာပါ။


၈။ ကိုယ့်ခုံဝန်းကျင်မှာ ထိုင်နေသူတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် ပြုမူနေထိုင်ရပါတယ်။

အထက်က ပြောခဲ့တဲ့ အချက်တွေအပြင် -

လေယာဉ်ပေါ် အလကားတိုက်တဲ့ ယမကာတွေ သောက်စားမူးယစ်ပြီး စကားတွေ များနေ၊ ရစ်နေတာ မလုပ်သင့်ပါဘူး။

  • ကိုယ့်ဖုန်းထဲက ရုပ်ရှင်၊ သီချင်း နဲ့ ဂိမ်းတွေ ဖွင့်ရင်လည်း ကိုယ့်သီးသန့် နားကြပ်သုံးပြီး တခြားသူတွေကို အသံနဲ့ မနှောင့်ယှက်ဖို့ လိုပါတယ်။

  • ကျယ်ကျယ်လောင်လောင် စကားတွေ ပြောနေကြတာမျိုး ရှောင်သင့်ပါတယ်။

  • အိပ်ချိန်မှာ ဒီလို စကားကျယ်ကျယ်ပြောတာကို ပိုရှောင်ရပါတယ်။

  • ခရီးသည်ချင်း ဖြစ်ဖြစ်၊ လေယာဉ်မောင်မယ်နဲ့ဖြစ်ဖြစ် အချင်းများ ရန်ဖြစ်နေတာမျိုး မလုပ်သင့်ပါဘူး။

၉။ ရှေ့ခုံကို ကန်နေသလိုမျိုး ဖြစ်စေမဲ့ အပြုအမူတွေ ရှောင်သင့်ပါတယ်။

လေယာဉ်ပေါ်က တစ်ဦးချင်းဆီအတွက်ပေးထားတဲ့ တီဗီထဲက ဂိမ်းကစားတာဖြစ်ဖြစ်၊ ရုပ်ရှင်ရွေးတာဖြစ်ဖြစ် လုပ်မယ်ဆိုရင် Remote ကို သုံးသင့်ပါတယ်။ Touch Screen ကို သုံးတဲ့အခါ ကိုယ့်ရှေ့ခုံက အိပ်နေတာမျိုးဆို သူ့ကို လှုပ်နိုးနေသလို ဖြစ်နေတာမို့ ဆင်ခြင်ကြရမှာဖြစ်ပါတယ်။

ခြေဆန့်လက်ဆန့် လုပ်ရင်လည်း သူများခုံကို ကန်ကျောက်နေသလို မဖြစ်အောင် ဂရုပြုကြရပါတယ်။


၁၀။ သူများ ခုံမှာ သွားထိုင်တာမျိုးကို မလိုအပ်ရင် မလုပ်သင့်ပါဘူး။

သိရသလောက် လေကြောင်းလိုင်းတွေက ခုံနေရာချရင် ခရီးသည်ရဲ့ ကိုယ်အလေးချိန်ကိုလည်း ကြည့်ပြီး လေယာဉ်ပျံတက်ချိန် ဘက်ညီနေအောင် နေရာချတတ်တယ်တဲ့။ အဲ့ဒါကြောင့် မလိုအပ်ဘဲ လေယာဉ်စထွက်ချိန်မှာ နေရာပြောင်းရွှေ့ထိုင်တာမျိုးကို ရှောင်သင့်ပါတယ်။ လေယာဉ်လေပေါ်ရောက်ချိန်မှ နေရာလဲတာမျိုး ပြောင်းတာမျိုး လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။


၁၁။ လေယာဉ်မောင်မယ်တွေကို လေးစားပါ။

ကျွန်တော် ဒီလိုပြောလို့ ဘက်လိုက်တယ်လည်း မထင်ပါနဲ့။ ကျွန်တော်ကိုယ်တိုင်လည်း လေယာဉ်မောင်မယ် ခပ်ဆိုးဆိုးတွေနဲ့ ကြုံဖူးပါတယ်။ အပြောအဆို မပြေပြစ်သလို ဝန်ဆောင်မှုပေးရာမှာလည်း အင်မတန် ရုပ်ပေါက်တာမျိုး ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အများစုကတော့ ဝန်ဆောင်မှုပေးရာမှာ အဆင်ပြေကြပါတယ်။ စက်ရုပ်လို အပြုံးနဲ့ ဖြစ်နေတတ်ကြပေမဲ့ သူတို့တာဝန်ကို အတော်လေး ကျေပွန်စွာ ထမ်းဆောင်ကြသူများပါ။ လေယာဉ်ပေါ်က Waiter Waitress တွေလို့ ပြောကြတာ ကြားဖူးပေမဲ့ သူတို့မှာလည်း သူတို့ရဲ့ အရည်အချင်းကောင်းတွေနဲ့ ဒီနေရာရောက်လာတာပါ။ ကိုယ်တောင် ဝင်လျှောက်ရင်တောင် ဖြစ်နိုင်မှာ မဟုတ်တာမျိုးပေါ့။ သူတို့မှာလည်း နေ့စဉ် ခရီးသည်ပေါင်းများစွာ ရဲ့ စိတ်နဲ့ တောင်းဆိုမှုတွေကို အလိုက်သင့်လုပ်ဆောင်ပေးနေကြရသလို၊ ခရီးသည်တွေ အိပ်ချိန်မှာတောင် မအိပ်နိုင်ဘဲ လုပ်ဆောင်ပေးနေရသူတွေလည်း ဖြစ်ကြပါတယ်။ အဲ့ဒီအတွက် သူတို့ကို ဆက်ဆံရာမှာ လေးစားသမှု ရှိသင့်သလို၊ ကိုယ်အလိုမကျခဲ့ရင်တောင် စာနာစိတ်နဲ့ နားလည်ပေးသင့်ပါတယ်။ သူတို့ရဲ့ ညွှန်ကြားမှုကိုလည်း လေးစားလိုက်နာရပါမယ်။ ကိုယ့်ကို အန္တရာယ်အကင်းဆုံး ဖြစ်စေချင်လို့ ညွှန်ကြားတယ်လို့ သိထားရမှာပါ။ ခါးပတ်ပတ်ဖို့၊ ခုံမတ်ဖို့၊ ထိုင်နေဖို့၊ စတဲ့ လိုအပ်ချိန်မှာ လိုအပ်သလို ညွှန်ကြားတာကို ဘယ်သူမဆို လိုက်နာကြရမှာပါ။


ဒါလေးတွေက လေယာဉ်စီး ခရီးသွားသူတိုင်း သိထားသင့်တဲ့ လူ့ယဉ်ကျေးမှု အခြေခံ အချက်တွေလည်း ဖြစ်ပါတယ်။ ဒီအချက်တွေကို လူတိုင်း သိထားပြီး လိုက်နာမယ်ဆို တစ်ဦးကို တစ်ဦး စိတ်ကွက်စရာ စိတ်ညစ်စရာ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒါလေးကို မသိသေးတဲ့ မိတ်ဆွေတွေ သိအောင်လည်း ဝေမျှပေးသင့်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

0 views
About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter