အပတ်စဉ်တိုင်း တနင်္ဂနွေနေ့မှာ တင်ပြခွင့်ရတဲ့ “သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း” အတွက် တကယ်ကို ကြည်နူးငြိမ်းအေးမှုလေး ခံစားရပါတယ်။ တခုတ်တရ စောင့်ပြီး ဖတ်ရှုရင်း ခွန်အားယူကြသူတွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ဒီနေ့တော့ ယေရှုခရစ်တော် ဂျေရုဆလင်မြို့ကို ကြည့်မြင်ပြီး မျက်ရည်ကျတဲ့နေရာ လေးကို သွားကြည့်ကြရအောင်ပါဗျာ။
သမ္မာကျမ်းစာ ထဲမှာ ခရစ်တော် ဘယ်နှကြိမ် မျက်ရည်ကျခဲ့သလဲ?
ယေရှုခရစ်တော် မျက်ရည်ကျရာ နေရာ လို့ ပြောလိုက်တဲ့အခါမှာ ယေရှုခရစ်တော် လူ့လောကကို ဆင်းသက်အသက်ရှင်နေထိုင်စဉ်မှာ ဘယ်နှကြိမ် မျက်ရည်ကျသလဲ ဆိုတာဟာလည်း စိတ်ဝင်စားစရာပါ။ ကျွန်တော်တို့ သမ္မာကျမ်းစာ ကို လေ့လာလိုက်တဲ့အခါမှာ မျက်ရည်ကျကြောင်း ကို (၃) ခါ ဖော်ပြထားတာ တွေ့ရပါလိမ့်မယ်။
ပထမအကြိမ် က လာဇရု သေဆုံးတဲ့အခါ သင်္ချိုင်းလိုက်သွားပြီး လာဇရုရဲ့ညီမ မာရိနဲ့ လိုက်ပါသူတွေ ငိုကြွေးတာကို မြင်တွေ့တဲ့အခါ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျခဲ့ပါတယ်။ ပြီးနောက် လာဇရု ကို ပြန်ပြီးအသက်ရှင်စေခဲ့တယ်။
“ယေရှုသည် မျက်ရည်ကျတော်မူ၏။” (ရှင်ယောဟန် ၁၁:၃၅)
ဒုတိယအကြိမ် က ဂျေရုဆလင်မြို့ရဲ့ အနာဂတ်ကာလကို ကြိုမြင်ပြီး ငိုကြွေးခဲ့တာဖြစ်ပါတယ်။
“ယေရုဆလင်မြို့အနီးသို့ရောက်၍ ကြည့်မြင်လျှင် ငိုကြွေးတော်မူ၍” (ရှင်လုကာ ၁၉:၄၁)
တတိယအကြိမ် အကြောင်းကိုတော့ (ဟေဗြဲ ၅:၇-၉) မှာ ဖော်ပြပြီး အကြောင်းအရာတိတိပပ အနေနဲ့မဟုတ်ဘဲ ခြုံငုံပြောပြထားတာကို တွေ့ကြရပါတယ်။
“ထိုခရစ်တော်သည် လူဇာတိအဖြစ်၌နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့် ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍” (ဟေဗြဲ ၅:၇)
ဒါပေမဲ့ ဒီအချက်ဟာ ယေရှုခရစ်တော် ဂေသရှေမန်ဥယျာဉ်ထဲမှာ ပြုမူခဲ့တဲ့ဖြစ်ရပ်ကို ရည်ညွှန်းတယ်လို့ ယူဆပါတယ်။ (ရှင်မဿဲ ၂၆:၃၈-၄၆) နဲ့ (ရှင်လုကာ ၂၂:၄၄-၄၅) တို့မှာ ဖတ်ကြည့်ရင် ပိုရှင်းနိုင်ပါတယ်။
တစ်ခုသေချာတာကတော့ ယေရှုခရစ်တော် မျက်ရည်ကျတဲ့အကြိမ်တိုင်းဟာ အပြစ်သားဖြစ်တဲ့ လူသားတွေကို ချစ်သနားစိတ်၊ ဂရုဏာသက်စိတ်၊ ကြင်နာစိတ်နဲ့ ဖြစ်တယ်ဆိုတာပါပဲ။ မျက်ရည်ကျတဲ့အချိန်တွေဟာ ယေရှုခရစ်တော် လူ့လောက ကနေ ထွက်ခွာရတော့မယ့် အချိန်နီးပိုင်းတွေမှာ ဖြစ်တာကိုလည်း သတိပြုမိပါတယ်။
The Church of Dominus Flevit
ယေရှုခရစ်တော် မျက်ရည်ကျတဲ့အကြိမ်တွေထဲက ခုပြောပြချင်တဲ့အကြိမ်ကတော့ ဂျေရုဆလင်မြို့ကို မြင်ပြီး မျက်ရည်ကျတဲ့အကြိမ်အကြောင်းပါ။ ဒီနေရာဟာ သံလွင်တောင်စောင်းတစ်နေရာမှာ ဖြစ်ပြီး အခုဆိုရင် ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်း တစ်ဆောင်ကို တည်ဆောက်ထားပါတယ်။ ထူးခြားစွာပဲ ဘုရားကျောင်းပုံစံကို မျက်ရည်စက်ပုံစံ တည်ဆောက်ထားတာပါ။ ဒီဘုရားကျောင်း ကို ၁၉၅၆ ခုနှစ်မှာ အရင် အရှေ့ရောမအင်ပါယာ (ဘိုင်ဇန်တိုင်း) ဘုရားကျောင်း အပျက်အစီးနေရာမှာ ပြန်တည်ဆောက်ခဲ့တာ ဖြစ်ပြီး အဲ့အချိန်က လက်ရာဆိုလို့ ဝင်ပေါက်လေးပဲ ကျန်ရစ်ပါတယ်။ ခေတ်အပြောင်းအလဲမှာ ဘုရားကျောင်းဖြစ်လိုက် ဗလီဖြစ်လိုက်နဲ့ ဒီနေရာဟာလည်း ပုံစံအမျိုးမျိုးနဲ့ ရှိခဲ့သေးတာပါ။ ဒီမှာ ၅ ရာစုတုန်းက Mosaic လက်ရာကိုလည်း မြင်တွေ့နိုင်ပါဦးမယ်။ ဒီဘုရားကျောင်းရဲ့ ပုံစံကို ဖန်တီးသူကတော့ အီတလီအာခီတက်ပညာရှင် Antonio Barluzzi ဖြစ်ပြီး သူကွယ်လွန်ခါနီးအချိန် တည်ဆောက်ခဲ့တဲ့ နောက်ဆုံးလက်ရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဂျေရုဆလင်ဝန်းကျင်မှာ သူ့လက်ရာ ဘုရားကျောင်းတွေ အတော်များများရှိတယ်လို့ သိရပါတယ်။
Dominus Flevit ဘုရားကျောင်း ကို ဧည့်လာချိန်အဖြစ် မနက် ၈ နာရီ ကနေ နေ့လည် ၁၁:၄၅ ထိ တစ်ပိုင်း၊ နေ့လည် ၂:၃၀ ကနေ ညနေ ၅ နာရီ ထိ တစ်ပိုင်း ခွဲခြားထားပါတယ်။ ဘုရားကျောင်းဝန်းထဲကို ဘောင်းဘီ စကပ် အတိုအပြတ်တွေနဲ့ လာခွင့်မပြုပါဘူး။ အတွင်းမှာ ပန်းခြံကျယ်လေးရှိပြီး ဝန်းထဲကို ဝင်လိုက်တာနဲ့ ညာဘက်ခြမ်းမှာ ရှေးခေတ် သင်္ချိုင်းအဟောင်း တူးဖော်တွေ့ရှိတာတွေကို ထိန်းသိမ်းပြသထားပါတယ်။ ၁ ရာစု လောက်ကတည်းက သင်္ချိုင်းဖြစ်မယ်လို့ ယူဆထားပြီး အလွှာလိုက် လူသေတွေကို မြှုပ်နှံခဲ့ကြမယ်လို့ လေ့လာဖော်ထုတ်သူတွေက သုံးသပ်ကြပါတယ်။ လူသေကို အရိုးကျအောင် ထားပြီး အရိုးကို ပြန်ကောက်လို့ လေးထောင့်ပုံ ကျောက်အိုးတွေထဲမှာ ပြောင်းမြှုပ်နှံတာ ဖြစ်မယ်လို့ သိရပါတယ်။ ကျောက်အိုးတွေပေါ်မှာလည်း ဒီဇိုင်းအမျိုးမျိုးထွင်းထုတတ်ကြသလို မိသားစုမျိုးရိုးအလိုက် နိမိတ်ဖော်ပြတဲ့ရုပ်ပုံလေးတွေလည်း ထည့်သွင်းတတ်ကြတယ်လို့ သိရပါတယ်။ ဒါတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
ဘုရားကျောင်းလေးကတော့ အတွင်းမှာလည်း ခပ်သေးသေးပါပဲ။ ထူးခြားတာက မျက်နှာကျက်ပါ။ ဘုရားကျောင်းရဲ့ မျက်နှာကျက် အမိုးခုံးဟာ ရွှေရောင်ခြယ်ထားပြီး မျက်ရည်ဟာ ကောင်းကင်က ကျတာမို့ ရွှေရောင်နဲ့ ဖော်ကျူးထားတယ်လို့ သိရပါတယ်။ မျက်နှာကျက်အခုံးမှာ လေးဘက်လေတန် ကို ပန်းပုရုပ်တွေနဲ့ ဆင်ယင်ထားပြန်ပါသေးတယ်။ အထူးခြားဆုံးကတော့ ပြတင်းပေါက်ကနေတဆင့် ဂျေရုဆလင်မြို့နဲ့ The Doom of the Rock ဗိမာန်တော်ကြီးကို မြင်ရတဲ့ မြင်ကွင်းပါပဲ။ ဝတ်ပြုဆုတောင်းရင်း လှမ်းမြင်နိုင်အောင် ခုံတွေကို ခင်းပေးထားပါတယ်။
ဘုရားကျောင်းအပြင်ဘက် ဝန်းထဲမှာ ရှုခင်းသာနေရာလေး ရှိပါတယ်။ အဲ့ဒီကနေ ဂျေရုဆလင်မြို့ကြီးတစ်ခုလုံး နဲ့ The Doom of the Rock ကို လှမ်းမြင်ပြီး ဓါတ်ပုံရိုက်လို့ အတော်လှပါတယ်။ အနီးက ရွှေရောင်အမိုးခုံးတွေ တလက်လက်တောက်ပနေတဲ့ The Russian Church (The Church of St. Mary Magdalene) ကိုလည်း မြင်တွေ့ရပါသေးတယ်။ ဒီနေရာက ဂျေရုဆလင်မြို့ကို မြင်ရတဲ့အခါ ယုံကြည်သက်ဝင်သူတွေအတွက်ကတော့ ယေရှုခရစ်တော် ခံစားရတဲ့အတိုင်း ခံစားကြည့်နိုင်ပါလိမ့်မယ်။
“ယေရုဆလင်မြို့အနီးသို့ရောက်၍ ကြည့်မြင်လျှက် ငိုကြွေးတော်မူ၍၊ အချင်းမြို့၊ သင်၏ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား ထိုအရာတို့ကို ဝှက်ထားလျက်ရှိ၏။ အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမှတ်သောကြောင့်၊ သင်၏ ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊ သင်၏ ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့် တစ်ညီတည်း ညှိသဖြင့်၊ သင်၌ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။” (ရှင်လုကာ ၁၉:၄၁-၄၄)
ကျွန်တော် ရောက်သွားခဲ့တုန်းကတော့ သိပ်ပြီးလေ့လာလိုက်စားမှု မရှိခဲ့ချိန်မို့ ထဲထဲဝင်ဝင် ခံစားရတာမျိုးမရှိခဲ့ဘဲ ဓါတ်ပုံရိုက်ချင်တာလောက်ပဲ သိခဲ့တယ်။ အခုနောက်ပိုင်း ပိုလေ့လာမိချိန်မှ ပိုသဘောပေါက်လာပြီး သေချာပြန်လေ့လာသိရှိလိုစိတ်တွေ ပေါ်လာရတဲ့အထိပါပဲ။ Holy Land ခရီးစဉ်တွေဟာ ဒီအတိုင်း သွားလည်ပတ်တာထက် ကြိုတင်လေ့လာဖတ်ရှုပြင်ဆင်ပြီး သွားလည်ပတ်ရင် ပိုပြီး ထိထိမိမိ ခံစားလည်ပတ်နိုင်တယ်ဆိုတာ ပိုနားလည်သွားရပါတယ်။
အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ အမြန်ကင်းဝေးပါစေ။
May God Bless You All!
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Comments