သာမိုင်းခမ်းရွာဆီ အလည်တစ်ခေါက်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

သာမိုင်းခမ်းရွာဆီ အလည်တစ်ခေါက်

အောင်ပန်းမြို့ အစ သာမိုင်းခမ်း က လို့ ဆိုကြပါတယ်…

သာမိုင်းခမ်းရွာ (မြို့ဟောင်း) ဆီကို ကျွန်တော် အလည်ရောက်တော့ ရှေးစေတီတွေနဲ့ အခြားသောစိတ်ဝင်စားဖွယ် လည်ပတ်စရာလေးတွေ တွေ့ခဲ့ရပါတယ်ဗျာ…

သာမိုင်းခမ်းမွေတော်ဘုန်းကြီးကျောင်း ဝန်းထဲက မွေတော် စေတီစု

သာမိုင်းခမ်းရွာ ဆိုတာ

သာမိုင်းခမ်းရွာ ကတော့ ဓနုဘာသာစကားအရဆိုရင် “သာ” ဆိုတာ သာယာခြင်း၊ “မိုင်း” ဆိုတာ ပြည် လို့ အဓိပ္ပါယ်ရကာ “ခမ်း” ဆိုတာကတော့ ရွှေ လို့ ရှမ်းဘာသာအားဖြင့် ပြန်ဆိုရပါတယ်။ သာမိုင်းခမ်း ကို ရှမ်းနဲ့ ဓနုဘာသာတွေ တွဲစပ်ခေါ်ဆိုတယ်လို့ ယူဆရပြီး အဓိပ္ပါယ်ကတော့ သာယာတဲ့ ရွှေပြည် လို့ ပြောကြရမယ်ထင်ပါတယ်။

သာမိုင်းခမ်းရွာသားတွေရဲ့ အိမ်ပြန်ညနေခင်း

အောင်ပန်းအစ သာမိုင်းခမ်း က

ဒီစကားကို ကျွန်တော် သာမိုင်းခမ်းရွာကို မရောက်ခင်ကတည်းက အကြိမ်များစွာ ကြားခဲ့ရတယ်။ အကြောင်းကတော့ အောင်ပန်းမြို့ဟာ သာမိုင်းခမ်း စော်ဘွားပိုင်တဲ့ နယ်မြေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး သာမိုင်းခမ်းစော်ဘွား မင်းမောင်ဖိုး လက်ထက်မှာ အောင်ပန်းမြို့ကွက် ချပေးလို့ မြို့ဖြစ်တည်လာတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဒီ့နောက်မှာတော့ အောင်ပန်းဟာ အခုတိုင် စီးပွားရေးမြို့အဖြစ် စည်ကားသက်ဝင်လာခဲ့ပေမဲ့ သာမိုင်းခမ်းကတော့ အမေ့လျော့ခံ ရွာလေးအဖြစ်သာ ကျန်ကြွင်းနေခဲ့ပါတော့တယ်။


သာမိုင်းခမ်းရွာ ကို ဘယ်လို သွားမလဲ

အောင်ပန်းမြို့ကနေ နောက်ထပ် ၄ မိုင်လောက် ဆက်သွားရင် ကန်ကို ဖြတ်ဆောက်ထားတဲ့ တံတားလေး ကို ရောက်ပါမယ်။ အဲ့တံတားလေး အလွန်မှာ ဘယ်ဘက်ကို ကွေ့တဲ့ လမ်းတစ်ခု ရှိပြီး လမ်းထိပ်မှာ ရာသီပေါ်သစ်သီးဆိုင်လေး ရှိနေတတ်ပါတယ်။ အဲ့ဒီလမ်းအတိုင်း အတွင်းကို ဆက်ပြီး ဝင်ကြရမှာပါ။ အချိန် ၇ မိနစ်လောက်ကြာ ဝင်ပြီးရင် သာမိုင်းခမ်းရွာကို ရောက်ပါပြီ။

သာမိုင်းခမ်းရွာ ကို အောင်ပန်း တောင်ကြီးလမ်းကနေ ကွေ့ဝင်ပြီဆိုရင် မြင်ရမဲ့ မြင်ကွင်း

သာမိုင်းခမ်းရွာ မှာ လည်စရာ

မူလကတော့ သာမိုင်းခမ်းရွာရဲ့ ရှေးစေတီတွေကြောင့် စိတ်ဝင်တစား သွားလေ့လာခဲ့တာပါ။ ထင်သလောက် စေတီဟောင်းမများပေမဲ့ သာမိုင်းခမ်းရွာရဲ့လူမှုဓလေ့ စရိုက်ရယ်၊ လှပတဲ့ စိုက်ခင်းတွေနဲ့ မြင်ကွင်းရယ်၊ အခြားသော ဘုရားပုထိုးနဲ့ သာသနိက အဆောက်အအုံတွေရယ်ကြောင့် သဘောကျစရာတော့ ဖြစ်ခဲ့ပါတယ်။


ပြုံးရယ်ဖော်ရွေတဲ့ သာမိုင်းခမ်းရွာသူရွာသားတွေ

ပထမဆုံး သတိထားမိတဲ့ အချက်က ရွာသူရွာသားတွေ အားလုံး အသက်ကြီးကြီးငယ်ငယ် အတော် ဖော်ရွေကြတာပါ။ ဧည့်သည်လာရင် စိတ်ဝင်စားကြပါတယ်။ စူးစမ်းကြတယ်။ ဒါပေမဲ့ မျက်စိချင်းဆုံတာနဲ့ သူတို့မျက်နှာမှာ အပြုံးတစ်ပွင့်က အသင့်ရှိနေတတ်တယ်။ အဲ့ဒါကို ကိုယ်တွေ့ကြုံလိုက်ရတော့ အတော်လေး နှစ်လိုဘွယ်အဖြစ် ခံစားလိုက်ရပါတယ်။


ရွှေဘုံသာမုနိစေတီ

ရွှေဘုံသာ ဘုရား လို့ ခေါ်ကြတဲ့ ရွှေဘုံသာမုနိစေတီ ဟာ ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူပါ။ ၂၀၁၅ ခုနှစ်မှာ ပြန်ပြီး ထီးတော်တင်ခဲ့တာပါ။ သာမိုင်းခမ်းရွာ အရှေ့ဘက်မှာ ရှိပါတယ်။ ကျွန်တော်တို့ အလည်သွားရင် အရင်ဆုံး မြင်တွေ့ကြရမှာပါ။ စေတီက ပြဿဒ်အတွင်းမှာ ငုံထားလို့ ရုတ်တရက်ဆို စေတီ ရှိမှန်း မသိရပါဘူး။ ဥပုသ်နေ့တွေဆို ရွာထဲက သက်ကြီးအဘွားတွေ လာရောက် ဥပုသ်စောင့်သီလယူလေ့ရှိပါတယ်။ ကျွန်တော် သွားတဲ့အချိန် ကြုံကြိုက်ကြတော့ စကားတွေ ပြောဖြစ်ပြီး သူတို့ရဲ့ ချစ်ခင်ဖော်ရွေစိတ်ကို သိရှိခံစားခဲ့ရပါတယ်။


သမိုင်းဝင် မွေတော် ရှေးစေတီများ

သာမိုင်းခမ်းရွာကို အဓိက လာလည်တဲ့အကြောင်းရင်းတွေထဲက တစ်ခုကတော့ ရှေးဟောင်းစေတီ အဆူဆူတွေကို ဖူးမြင်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီရှေးဟောင်းစေတီတွေဟာ အရင်က သာမိုင်းခမ်းဘုန်းကြီးကျောင်းနားမှာ တိမ်မြုပ်နေတာ အတော်ကြာပြီဖြစ်ပါတယ်။ ပျက်စီးယိုယွင်းမှုတွေ ဖြစ်နေကြပြီး ဌာပနာအဖောက်ခံထားရသလားလို့ ထင်မှတ်ရပါတယ်။ စေတီတွေဟာ ဖျက်ဆီးခံထားရတယ်လို့ ယူဆရပြီး အတော်လေး ပျက်စီးပြိုလဲနေတာ ဖြစ်ပါတယ်။ ဒါကို အခုတော့ ပြန်လည်ပြင်ဆင်မဲ့ အလှူရှင်လည်း ရှိနေပြီမို့ အတော်များများကို ပြန်လည် ပြင်ဆင်နေပါတယ်။ အင်းဝက ကျွမ်းကျင်သူတွေကို ခေါ်ပြီး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ရှေးမူမပျက် ပြင်ဆင်နေတယ်လို့တော့ ယူဆရပါတယ်။ ရှေးဟောင်းစေတီတွေရဲ့ ကျန်ရစ်နေတဲ့ ခြင်္သေ့ရုပ်၊ နတ်ရုပ်တွေကလည်း ထူးခြားစွာ မြင်ရသေးသလို၊ ဘုရားဦးခေါင်းတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ ထူးခြားတဲ့ စေတီပုံတွေကိုလည်း မြင်တွေ့ရပါသေးတယ်။ ဒီနေရာကိုတော့ အဓိက လာနေကြပြီး မကြာခင်ဆိုရင်တော့ အပြိုအပျက်စေတီတွေထက် ပြန်လည်တည်ဆောက်ထားတဲ့ စေတီတွေပဲ မြင်ရတော့မယ်လို့ ယူဆရပါတယ်။


သာမိုင်းခမ်း မွေတော်ကျောင်း

ဘုန်းကြီးကျောင်းဖြစ်ပြီး ဒီမှာလည်း ထူးခြားတဲ့ ရှေးဟောင်းစေတီတွေ၊ ပြန်လည်ပြင်ဆင်ထားတဲ့ စေတီတွေနဲ့ မန္တလေးတည်တဲ့နှစ်ထက်တောင် စောမယ်ယူဆရတဲ့ သိမ်တော်တွေ ရှိနေပါတယ်။ ဒါ့အပြင် ရွှေချမ်းသာဘုရားကြီး နဲ့ လျောင်းတော်မူဘုရားကြီး၊ ပြီးတော့ နတ်ရေကန် တို့ကိုလည်း ဒီဘုန်းကြီးကျောင်းထဲမှာ တွေ့ရပါဦးမယ်။ အတော်များများကတော့ ရှေးဟောင်းပုံစံ ရှိနေဆဲဖြစ်ပါတယ်။ ဘုရားစောင်းတန်းတွေကအစ ဟောင်းနွမ်းနေပေမဲ့ စွဲဆောင်မှုရှိနေတာ တွေ့မြင်ရပါတယ်။ သက်တမ်းရှည်ပြီ ယူဆရတဲ့ ဘုန်းကြီးကျောင်းအိုကြီးပေါ်မှာလည်း ခုထိတိုင် ဘုန်းတော်ကြီးတချို့ သီတင်းသုံးနေဆဲဖြစ်တာ တွေ့ရပါတယ်။


ရွှေချမ်းသာဘုရား

ရွှေချမ်းသာဘုရား လို့ ခေါ်တွင်တဲ့ ရွှေချမ်းသာမွေတော်ဘုရားကြီး ကို နဂပတိစည်သူမင်းကြီး တည်ထားတယ်လို့ ပြောကြပါတယ်။ ဆင်းတုတော်က သပ္ပါယ်ပြီး မင်းဝတ်တန်ဆာ ဆင်မြန်းထားတာကိုလည်း တွေ့ကြရပါမယ်။ မင်းဝတ်တန်ဆာကိုတော့ သစ်စေးရိုးနဲ့ သေချာစွာ ဖန်တီးထားတယ်လို့ ဆိုပါတယ်။


သာမိုင်းခမ်းရွာ

သာမိုင်းခမ်းမွေတော်ဘုရားတွေဆီ သွားလည်တဲ့အခါ သာမိုင်းခမ်းရွာကိုလည်း မဖြစ်မနေ ဖြတ်သွားကြရမှာပါ။ ရှမ်း၊ ဓနုရွာရဲ့ နေထိုင်မှုပုံစံတွေကို လေ့လာနိုင်ပြီး နေအိမ်တည်ဆောက်ပုံ၊ ခြံဝန်းထဲက အသုံးအဆောင်တွေနဲ့ စိုက်ခင်းတွေကိုလည်း တစ်ပါတည်း လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။


ကျွန်တော်ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်မှာ ဒီတစ်ခါတော့ အောင်ပန်းမြို့ နဲ့ကလောမြို့တွေရဲ့ အစဦး မိခင်လို့ တင်စားကြတဲ့ အရင်မြို့ဟောင်း သာမိုင်းခမ်းရွာ ဆီကို လည်ပတ်လေ့လာရင်း တိမ်မြုပ်ပျောက်ကွယ်နေတဲ့ မွေတော်ရှေးစေတီစုတွေကို ပြန်လည်ဖော်ထုတ်နေတာတွေကို လေ့လာတွေ့ရှိခဲ့သလို မွေတော်ဘုန်းကြီးကျောင်းအတွင်းက ထူးခြားတဲ့ စေတီ၊ ရုပ်ပွားတော်၊ သိမ်၊ ကျောင်းနဲ့ ကန်တွေကို မြင်တွေ့ခွင့်ရခဲ့တာမို့ ရှေးဟောင်းအမွေအနှစ်တွေ စိတ်ဝင်စားတဲ့ ခရီးသွားတွေအတွက် ဝေမျှပေးလိုက်ရပါတယ်။



အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Zaw Zaw Aung

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

643 views0 comments
bottom of page