ထိုင်းလမ်းဘေးစာလေးတွေ စားမလား?
- Thiha Lu Lin
- Feb 12, 2017
- 1 min read
Updated: Sep 9, 2020
ဒီညတော့ တော်ဝင်လမ်းပေါ်က Feel ဆိုင်က အသစ်ဖွင့်တဲ့ Thai Street Food ကို ရောက်နေပါတယ်။
တော်ဝင်လမ်းဆိုတာ မင်းဓမ္မလမ်းနဲ့ ပြည်လမ်းကို ဆက်သွယ်ပေးတဲ့ ၉ မိုင် အိုးရှင်းတို့၊ ဝိတိုရိယဆေးရုံတို့ ရှိတဲ့လမ်းပါ။ Thai Street Food တွေ စားရတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့နေရာပါ။ လူမရှုပ်ဘူး။ ကားရပ်စရာ နေရာပေါတယ်။ ခေါင်မိုးထပ်မှာ လုပ်ထားတာမို့ Open Air လွတ်လပ်လဟာ အရသာကို ခံစားရတယ်။ ဒါက နေရာအပေါ် ခံစားချက်။
စားစရာတွေကို ထိုင်းက လမ်းဘေးမှာ ခင်းကျင်းထားတဲ့ ပုံစံမျိုး ခင်းကျင်းထားတယ်။ ထိုင်စရာ စားပွဲနဲ့ ခုံလေးတွေ ရှိတယ်။ ဘီယာ စတာတွေလည်း သောက်နိုင်သေးတယ်။ ထိုင်းလမ်းဘေးစာတွေထဲက သင်္ဘောသီးထောင်း၊ ပဲကြာဇံသုပ်၊ ကင်းမွန်ကင်၊ ကျောက်ပုဇွန်ကင်၊ ကြက်ကင်၊ အခေါက်အသားကင်၊ ဝက်ဂုတ်သားကင်၊ ဆာတေး စတာတွေကို တဝကြီး စားနိုင်တယ်။ ဂဏန်းအုန်းနို့ချက်လေးလည်း ကောင်းတယ်။ သင်္ဘောသီး သတ်သတ်လွတ် ထောင်း အရသာကတော့ သိပ်အဆင်မပြေဘူး ထင်မိတယ်။ ဆပ်ပြာအရသာမျိုး ရနေတယ်။ အကင်လေးတွေတော့ အတော် စားကောင်းသား။ လေဟာပြင်ထဲမို့ အညော်နံ့က ညော်တယ်ဆိုတာထက် မွှေးတယ်ဆိုတာမျိုး ခံစားရရုံ အဆင်ပြေနေတယ်။ အရမ်းကင်ရင်တော့ နည်းနည်း မွှန်ပါတယ်။
ဖွင့်ချိန် ပိတ်ချိန်လေးတော့ ရှိတယ်နော်။ ညနေ ၆ နာရီ မှ စဖွင့်တာ။ ည ၁၁ နာရီ ထုံးစံအတိုင်း အထိပေါ့။
ကျွန်တော်ကတော့ ညအေးအေးလေးမှာ ဘန်ကောက် ခဏရောက်သွားတယ်တွေးပြီး ရှလွတ်ရှလွတ် လွှတ်စားလိုက်မိတော့တာပါပဲဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
Comments