ခေါင်ရည်ဆိုတာ တိုင်းရင်းသားတွေကို ပေးတဲ့ သဘာဝရဲ့လက်ဆောင် အကောင်းစားယမကာတစ်မျိုးလို့ တင်စားချင်မိပါတယ်။
မှတ်မိသလောက် ရောင်းတမ်းခေါင်ရည်တချို့ နဲ့ ခေါင်ရည်ဖောက်တဲ့ ဓလေ့ရှိတဲ့ ဒေသတွေကို ခရီးသွားရင်း ဒေသခံတွေတိုက်လို့ ကျွန်တော်သောက်ခဲ့ဖူးပေမဲ့ ကြိုက်တယ်ဆိုတာမျိုးတော့ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ တစ်ခါက ကလေးမြို့ကိုရောက်တုန်း ဆွေမျိုးတွေ ခေါ်သွားခဲ့တဲ့ ကျောက်တစ်လုံးဘက် က ချင်းရွာလေးမှာ သောက်ခဲ့တဲ့ ခေါင်ရည်တော့ အတော်လေး သဘောကျသွားတယ်။ အဲ့တုန်းက အိမ်မီးဖိုထဲဝင်တော့ အိုး ပါလားမေးတယ်။ မပါဘူးဆိုတော့ ကျောက်တစ်လုံးအပန်းဖြေခြံထဲသွားပြီး ပြန်လာရင်ဝင်ပေး ဆိုပြီး သူတို့အိုးနဲ့ ဝါးပိုက်ကို ငှားလိုက်တာ။ မီးဖိုဆောင်မှာ ငါးပိသိပ်တဲ့အိုး အငယ်စားအရွယ် စဉ့်အိုးလေးထဲ စပါးခွံဖတ်လိုလိုတွေကို စဉ့်အိုးအကြီးကြီးထဲကနေ ခပ်ထည့်ပြီး ပေးလိုက်တာ။ ကြည့်ရင်း ခေါင်ရည်လည်း ပြောသေး၊ အရည်လည်းမပါဘူး အဖတ်တွေချည်း ဘာလို့ထည့်ပေးသလဲပေါ့။ နောက်မှ အဲ့ဒီအဖတ်တွေကို ခေါင်ဖတ် လို့ခေါ်မှန်း သိရသလို အဲ့ဒီစဉ့်အိုးထဲကို ရေသန့်အေးလေး ထည့်လို့ ခဏထားပြီးမှ ပိုက်နဲ့စုပ်သောက်ရတာ သိလိုက်ရတယ်၊ ပထမတစ်ရည် အမိုက်ဆုံးပဲ။ ပြီးတော့ ဒုတိယတစ်ရည်လည်း အဆင်ပြေသေးတယ်။ သုံးကြိမ်လောက်ကျတော့ ရှေ့ကလို သောက်လို့မကောင်းလှတော့ဘူး။ တလောကတောင် သတိရလို့ ချင်းရိုးရားစားသောက်ဆိုင်ကနေ ချင်းကြက်သားသုပ် နဲ့ ခေါင်ရည်တစ်ဗူး အွန်လိုင်းကနေ မှာစားဖြစ်သေးပေမဲ့ အဲ့တုန်းက ခေါင်ရည်ရဲ့အရသာကို ပြန်မရသလို၊ သောက်လို့ကောင်းတယ်လည်း မခံစားရတော့ဘူး။ ဘာကြောင့်လဲတော့ မသိ။
ခေါင်ရည်အကြောင်းပြောရင်တော့ စိတ်မကောင်းစွာ ပထမဆုံးတွေးမိတာက ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်ရည်ထွက်ရာတိုင်းရင်းသားတို့ဌာနေတွေအကြောင်းပါပဲ။ ချင်းခေါင်ရည်၊ ကယန်းခေါင်ရည်၊ နာဂခေါင်ရည်၊ ကချင်ခေါင်ရည် အဲ့ဒီခေါင်ရည်တွေကို ခုလိုကာလမှာ ကောင်းကောင်းသောက်ရဖို့ အခြေအနေက တကယ်မပေးနေဘူးလို့ သိလိုက်ရတော့ ဝမ်းနည်းစိတ်လည်း ဖြစ်မိတယ်။
ခေါင်ရည် က ယမကာတစ်မျိုးဆိုပေမဲ့ မီးနဲ့ချက်တဲ့အရက်နဲ့လည်း မတူပြန်ပါဘူး။ ခေါင်ရည်ကို တောင်ပေါ်တိုင်းရင်းသားတွေဟာ နေ့ထူးနေ့မြတ်တွေ၊ ထူးခြားဖြစ်စဉ် နဲ့ ပွဲတော်တွေမှာ သုံးဆောင်ကြ၊ အသုံးပြုခဲ့ကြသလို တချို့က ဆေးဝါးအဖြစ်တောင် သုံးစွဲကြပါသေးတယ်။ ဆိုပါတော့ ချင်းပြည်မှာဆို ခွါဒိုပွဲတော်လိုမျိုးမှာ ကျွဲချို နွားနောက်ချိုကြီးထဲ ခေါင်ရည်ထည့်လို့ အဲ့ဒီချိုကြီးကိုပဲ အားလုံးဝိုင်းဖွဲ့သောက်ကြတာမျိုး ရှိကြပါတယ်။ နှစ်သစ်ကူးပွဲ၊ ကောက်သစ်စားပွဲ နဲ့ ထုံးတမ်းစဉ်လာပွဲတော်တွေမှာ ထည့်သွင်းသောက်သုံးကြသလို ရိုးရာထုံးတမ်းတရားစီရင်မှုတွေမှာပါ လျော်ကြေးပြစ်ဒဏ်စီရင်တဲ့အခါမှာ ခေါင်ရည်ကိုလည်း ထည့်သွင်းပေးလျော်စေတဲ့အထိ အရေးပါမှုရှိတယ်ဆိုနိုင်ပါတယ်။ နာဂလူမျိုးနွယ်တချို့ကတော့ ခေါင်ရည်ကို အားတိုးဆေးပမာ ဖန်တီးသောက်သုံးကြသူတွေပါ။ ချင်းလူမျိုးနွယ်တချို့မှာလည်း အအေးမိ၊ နှာစေး ချောင်းဆိုး၊ တုပ်ကွေးလိုမျိုးကို ခေါင်ရည်နဲ့ ကုသကြပြန်ပါတယ်။ အရက်သောက်သူတချို့ နေမကောင်းရင် ပတ်ကြမ်းတိုက်ပြီး အရက်ကို ဆေးလို သောက်လို့ ပျောက်ကင်းသွားကြသလိုမျိုးများလား ရယ်စရာ တွေးမိပါသေးတယ်။
ခေါင်ရည်ကို ပြုလုပ်တဲ့အခါ ဆပ်၊ လူး၊ ပြောင်းဖူး၊ ဆန်၊ ကောက်ညှင်း စသဖြင့် မိမိတို့ ဒေသက ထွက်တဲ့ကောက်နှံပေါ်မူတည်လို့ ဖန်တီးတတ်ကြတာ သတိပြုမိပါတယ်။ ဖန်တီးပြုလုပ်ပုံတွေကလည်း အများအားဖြင့်တော့ ဆင်တူကြပါတယ်။ ဆေးအဖြစ်ဖန်တီးတတ်တဲ့ ဒေသအနည်းငယ်ကတော့ ပြုလုပ်ပုံ အနည်းငယ်အပြောင်းအလဲရှိတတ်ပါတယ်။ ဆေးအဖြစ်ဖန်တီးတဲ့ခေါင်ရည်တွေမှာ အဓိကက ပါဝင်ပစ္စည်းပိုမိုများပြားသွားတာပါ။ ခေါင်ရည်ဖောက်ကြတဲ့နေရာမှာ မိမိတို့ဒေသထွက် ဆန်၊ ကောက်ညှင်း၊ ပြောင်း၊ လူး၊ ဆပ် တစ်မျိုးမျိုး ကို ထမင်းလိုချက်ပြီး ကျက်ရင် အအေးခံလို့ အခင်းတစ်ခုခုပေါ်မှာ ပုံထားပြီး မွအောင်ခြေကြရတယ်။ ပြီးတော့ တဆေးအမှုန့်ကို အနှံ့ဖြူးပြီး နယ်ကြရတယ်။ ပြီးတော့ တောင်း သို့မဟုတ် အိုးထဲမှာ ငှက်ပျောဖတ်တွေနဲ့ အုပ်ထားပြီး သိပ်ထားရပါတယ်။ ရက်အနည်းငယ်အကြာမှာ ခေါင်ပေါက်ပါတယ်။ ခေါင်ပေါက်ချိန် အနှေးအမြန်ကတော့ ခေါင်ဖောက်တဲ့ကာလရဲ့ ရာသီဥတုပေါ်လည်း မူတည်ပါသေးတယ်။ ပူရင် မြန်ပြီး အေးရင် နှေးတဲ့သဘောရှိပါတယ်။ ခေါင်ဦးရည်ထွက်ပြီဆို ဦးရည်ကိုလည်း သိမ်းထားကြလေ့ရှိပါတယ်။ နှစ်သက်တမ်းကြာကြာသိမ်းထားတတ်ကြတဲ့ နှစ်ချို့ဦးရည်တွေဟာ အတော်သောက်ကောင်းတယ်လို့ ကြားဖူးပါတယ်။ အဲ့ဒီလို ဦးရည်ကျပြီးတဲ့နောက် ကျန်ရစ်တဲ့ အဖတ်တွေဟာ ခေါင်ဖတ်တွေဖြစ်ပြီး ရေဖြည့်လို့ သောက်သုံးကြတာပါ။ ကျွန်တော် ကလေးမြို့ ကျောက်တစ်လုံးဘက်မှာ သောက်ခဲ့တာ ဒါမျိုးလို့ ဆက်စပ်တွေးမိသွားပါတယ်။
ခေါင်ရည်အကြောင်း ပြန်စဉ်းစားမိလေ ခေါင်ရည်အရသာကို ပြန်တမ်းတမိလေပါပဲ။ သို့ပေမယ့် တိုင်းရင်းသားတို့ဌာနေ ဘယ်တော့များမှ ပြန်ပြီးအေးချမ်းနိုင်ပါ့မလဲ တွေးမိရင်း ခေါင်အရသာ မေ့တေ့တေ့ကို မနည်း ပြန်အစဖော်နေရပါပြီ။ ခေါင်ရည်ဟာ သဘာဝ က တိုင်းရင်းသားတွေကို ပေးတဲ့ ယမကာတစ်မျိုးဖြစ်ပေမယ့် ကောင်းတဲ့ဘက်ကို ပိုပြီး ဖြည့်ဆည်းပေးတဲ့ ယမကာလို့ တွေးမိသွားပြန်ပါတယ်။ ခေါင်ရည်ကို သေချာတင်ပို့ရောင်းချနိုင်တဲ့ အခြေအနေအထိ တစ်နေ့ မဖြစ်လာဘူးလို့ ဘယ်သူ အတပ်ပြောရဲမလဲနော်။ ဒါပေမဲ့ အဲ့တစ်နေ့ဟာလည်း ရောက်ဖို့ ကြာဦးမှာလား တွေးမောရင်းပေါ့...
အားလုံးပဲ အစဉ် ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
Comments