A Day-Trip to Bago
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

နီးနီးနားနား ပဲခူး သွား

ခုတလော ခရီးသိပ်မသွားဖြစ်ပြန်ဘူး။ သွားဖြစ်တော့လည်း နိုင်ငံခြားခရီးက များနေတော့ စိတ်ထဲမှာ ပြည်တွင်းလည်ချင်စိတ် သိပ်ဖြစ်နေတယ်။ သွားဖူးပြီးသားလည်း မသွားချင်သေး။ မသွားရသေးတာတွေကလည်း ခပ်ဝေးဝေးဖြစ်နေတော့၊ ရေးမယ်လို့ တာစူထားပြီး မရေးဖြစ်သေးတဲ့ ရန်ကုန်မြို့နဲ့ အနီးဆုံး ပဲခူးမြို့ကိုပဲ အားလပ်ရက်လေးမှာ အချိန်ပေး ပြေးလိုက်တယ်။ ပဲခူး ကို ရန်ကုန်ကနေဆို နေ့ချင်းပြန် သွားလည်ကြတာများပေမဲ့ တကယ်တော့ ပဲခူးဟာ သေချာအချိန်ပေးလည်မယ်ဆို တစ်ညအိပ်ခရီးမှ အနည်းဆုံး အဆင်ချောပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်လည်း ရန်ကုန်နဲ့နီးတော့ ဒီတစ်ပတ် နေရာနည်းနည်း၊ နောက်တစ်ပတ် နေရာနည်းနည်းသွားရင်လည်း အဆင်ပြေပါတယ်လေ။


ဟံသာဝတီနေပြည်တော် မြို့ပဲခူး

ပဲခူး ဆိုတာ မွန်စကား ဖဲ့ဂို ကနေ ဆင်းသက်လာတယ်လို့ ဖတ်ဖူးပါတယ်။ ၈၂၆ ခုနှစ်မှာ သမလ၊ ဝိမလ ညီနောင်ကနေ စပြီး တည်ထောင်ခဲ့ကြတယ်။ မင်းဆက် (၁၇) ဆက်လွန်တော့ မင်းဆက် ပြတ်သွားပြီး ရွာကြီးလို ကျန်ခဲ့ရာကနေ ၁၃၆၉ ခုနှစ်မှာ ဗညားဦးမင်း က ထီးနန်းစိုက်လို့ မွန်တလှည့် ဗမာတလှည့် အုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ၁၇၅၇ ခုနှစ်မှာတော့ အလောင်းမင်းတရား လက်အောက် ကျရောက်ခဲ့ပြီး ၁၈၅၂ ခုနှစ်မှာ အင်္ဂလိပ်လက်အောင်ရောက်ခဲ့ပါသေးတယ်။ ခုတော့ ရှေးက ဟံသာဝတီမင်းနေပြည်တော် ဟာ ပဲခူးအနေနဲ့ ရန်ကုန်မြို့နဲ့ အနီးဆုံး လည်ပတ်စရာအဖြစ် ပြည်တွင်း ပြည်ပ က ခရီးသွားတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။


ပဲခူး သွားလည်မယ်

ပဲခူး ကို သွားမယ်ဆိုရင် ကိုယ်ပိုင်ကား၊ အငှားယာဉ်၊ ဘတ်စ်ကား၊ ရထား တို့နဲ့ သွားလာနိုင်ပါတယ်။ ဘတ်စ်နဲ့ သွားမယ်ဆိုရင်တော့ စော်ဘွားကြီးကုန်း အဝေးပြေးနားမှာ ယာဉ်အလတ်နဲ့ အသေး ကားဂိတ်တွေ ရှိပါတယ်။ အဲ့ဒီကနေ ပဲခူးကားတွေ စီးလို့ သွားနိုင်ပါတယ်။ အောင်မင်္ဂလာအဝေးပြေး ကနေလည်း ကားတွေ ရှိပါတယ်။ ဈေးတော့ ပိုကြီးတယ်။ ကားမောင်းချိန် ၂ နာရီဝန်းကျင်လောက် ရှိတတ်ပါတယ်။ ရထားနဲ့ဆိုလည်း ရန်ကုန်ဘူတာကြီးကနေ ပဲခူးဘူတာ ကို စီးသွားနိုင်တယ်။ မနက် ရး၁၅၊ ညနေ ၆း၂၅ နဲ့ ည ၉း၀၀ တွေမှာ ထွက်တယ်လို့ သိထားပါတယ်။ သူလည်း အချိန် ၂ နာရီလောက် စီးရတာပါပဲ။


လည်ပတ်စရာ ပဲခူးမြို့တစ်ခွင်မှာ

ပဲခူးမှာတော့ ရှေးဘုရားတွေပဲ ပတ်လည်ကြရမှာပါ။ တခြားထူးထူးထွေထွေ မရှိလှဘူး။ အနီးဝန်းကျင်မှာတော့ လည်စရာတချို့ ရှိပါတယ်။ ဆိုတော့လည်း ဘုရားပဲ အရင်လည်ကြတာပေါ့နော်။ သီဟ နဲ့ ရောင်းရင်းများ ပဲခူး ဘုရားဖူးခရီးစဉ်လေး အရင်စလိုက်ကြမယ်။


ရွှေမော်ဓောစေတီ

ပဲခူးဆိုတာနဲ့ မြန်မာအားလုံးတွဲမြင်ကြတာက ရွှေမော်ဓောစေတီ ပါ။ ရွှေမော်ဓော အနီးဝန်းကျင်ကလည်း ပဲခူးမြို့မှာ အစည်ကားဆုံးအရပ်လားလို့ ထင်ရပါတယ်။ ကျောင်းပိတ်ရက် ရုံးပိတ်ရက်လိုမျိုးဆို တိုးမပေါက်အောင်ပါပဲလေ။ သထုံဘုရင် စူဠသီရိမာ စပြီးတည်ထားတုန်းက ဉာဏ်တော် ၁၇ တောင် ပဲ ရှိရာကနေ ဗညားဦးလက်ထပ်မှာ ၅၅ တောင်ထိ ဖြစ်လာတယ်။ ငလျင်ဒါဏ်တွေ အကြိမ်ကြိမ်ခံခဲ့ရပြီး ဘုရင်၊ ဘုရင်မ အဆက်ဆက်က ပြုပြင်မွမ်းမံရင်းနဲ့ ဉာဏ်တော်ဟာ အခုဆို ၃၇၃ ပေ ၉ လက်မ ရှိတယ်လို့ သိရပါတယ်။ ဘုရားဝန်းကျင်မှာ ဈေးဆိုင်တန်းများစွာနဲ့ စည်ကားနေတတ်တယ်။ ကားရပ်ဖို့တောင် တခါတလေ နေရာရှာရခက်သေး။ ဒီမှာ အဓိက အထင်ရှားဆုံးက အရင် ငလျင်ကြောင့် ပြိုကျဖူးခဲ့တဲ့ ငှက်ပျောဖူးတော်ကြီး ကို ထူးခြားမှုအနေနဲ့ ယခုတိုင်ထားရှိပြီး ပြသထားတာပါ။ ဒါ့အပြင် ဘုရားရင်ပြင်တစ်နေရာက စိတ် လို့ ရေးထားတဲ့ အုတ်တိုင်ဟာလည်း ထူးခြားမှုပါပဲ။ စည်ကားခမ်းနားတဲ့ ပဲခူးရွှေမော်ဓော ဘုရားပွဲကြီးကိုတော့ တန်ခူးလဆန်း ၈ ရက်နေ့ကနေ တန်ခူးလပြည့်နေ့အထိ (ဧပြီလ သင်္ကြန်ဝန်းကျင် နဲ့ သင်္ကြန်တွင်း) တွေမှာ ကျင်းပလေ့ ရှိပါတယ်။


ကျိုက်ပွန် လေးမျက်နှာဘုရား

မွန်စကားနဲ့ဆို ကျိုက်ပွန်ဟာ ဘုရားလေးဆူ ကိုခေါ်တာလို့ သိရပါတယ်။ ရန်ကုန်ကနေ သွားရင် ပထမဆုံး မြင်တွေ့ရမှာပါ။ အရင်ကတည်းကလည်း တည်ဆောက်ထားပုံ ဆန်းပြားလို့ ခရီးသွားတွေ စိတ်ဝင်စားခဲ့ကြပြီး ခုထိလည်း သမိုင်းဝင်မို့ လာလည်ကြပါတယ်။ ဒီ ဘုရားလေးဆူ ရုပ်တုတော်ကြီးတွေက ကြီးမားလွန်းပြီး အဝေးကနေတောင် ထင်ထင်ရှားရှား မြင်သာနေတာကိုက စိတ်ဝင်စားစရာတစ်ခုပါ။ ကကုသန္ဓ၊ ကောဏဂမန၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူ ရဲ့ ကိုယ်စားပြု ရုပ်ပွားတော်တွေလို့ မှတ်သားရပါတယ်။ ၁၄၇၆ ခုနှစ်မှာ ဓမ္မစေတီမင်း တည်ခဲ့တာပါ။ ရန်ကုန် - မန္တလေးလမ်းဟောင်းကနေ အတွင်းကို တော်တော် ဝင်ရပါတယ်။ ကားရပ်ဖို့ နေရာကျယ်ကျယ်နဲ့ ဆိုင်ခန်းတွေလည်း အနီးဝန်းကျင်မှာ ရှိပါတယ်။


မြသာလျောင်းဘုရား (နောင်တော်ကြီး)

ပဲခူးမှာ ရှိတဲ့ လျောင်းတော်မူ ရုပ်ပွားတော်တွေထဲမှာ မြသာလျောင်း ဘုရားက အနီးဆုံး မြင်နိုင်မယ်လို့ ယူဆပါတယ်။ အရင်ကထက် စည်ကားလာပြီး ဆိုင်ခန်းတွေလည်း ရှိလာပါပြီ။ လျောင်းတော်မူကြီးကို အမိုး မိုးပေးဖို့အတွက်လည်း ပြင်ဆင်နေတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒီလို လွတ်လပ်တဲ့ ပုံစံလေးကို သဘောကျမိပါတယ်။ နေပူ မိုးရွာအတွက်မို့ ပြင်ဆင်တာကိုလည်း နားလည်သဘောပေါက်ပါတယ်။ မြသာလျောင်းနဲ့ ကပ်လျက်မှာပဲ ရွှေသာလျောင်း ရယ်၊ ရှေ့ဘက်မှာက လေးမျက်နှာဘုရားရယ် ရှိပါတယ်။


ရွှေသာလျောင်းဘုရား

ရွှေသာလျောင်း ကတော့ ပဲခူးက အထင်ကရ လျောင်းတော်မူ သုံးဆူထဲမှာ အထင်ရှားဆုံး ဖြစ်ပါလိမ့်မယ်။ အတော်လည်း ထုထည်ကြီးမားပါတယ်။ ဟံသာဝတီဘုရင် သမလ၊ ဝိမလ မင်းဆက်ကနေ ဆင်းသက်လာတဲ့ ၁၃ ဆက်မြောက် ဘုရင် မိဂါဒိပ္ပငယ်မင်း လက်ထက် ၉၉၄ ခုနှစ်မှာ တည်ထားခဲ့တာပါ။ မူလက ကုသိနာရုံဘုရား လို့ ခေါ်တွင်ပါတယ်။ အလျား အတောင် ၃၀ ရှိပါတယ်။ ဒါပေမဲ့ ၁၅၆၄ ခုနှစ်မှာ စစ်သုံ့ပန်းတွေရဲ့ မီးရှို့ဖျက်ဆီးတာ ခံခဲ့ရလို့ ဘုရင့်နောင်မင်းက ရုပ်ပွားတော်သစ်တစ်ဆူ ထပ်တည်ထားခဲ့တာပါ။ အင်္ဂလိပ်လက်ထက်မှာတော့ ချုံနွယ်တွေကြား ပျောက်သွားခဲ့ရပြီး ခုတော့ အစည်ကားဆုံး ဖြစ်နေတာကို သတိပြုမိကြမယ်ထင်ပါတယ်။ ဒီ လျောင်းတော်မူကြီးမှာ အသည်းအယားဆုံးကတော့ ရုပ်ပွားတော်ရဲ့ မျက်နှာတော် ဘယ်ဘက်ခြမ်း (ခေါင်မိုးဘက်အခြမ်း) က ဖုန်တွေနဲ့ မည်းတူးနေတာကိုပါပဲ။


မဟာစေတီ

အရင်က ဒီနေရာဝန်းကျင်မှာ စစ်သုံ့ပန်းတွေ ထားတယ်လို့ဆိုပါတယ်။ ဘုရင့်နောင်မင်းက ၁၅၅၉ ခုနှစ်မှာ စတည်ခဲ့တာပါ။ မဟာစေတီကို ဌာပနာဖို့ နန်းတော်ကနေ ဓါတ်တော် မွေတော်တွေ ပင့်တဲ့အချိန်မှာ သမီးတော် မွေးလို့ သူမကို ရာဇဓာတုကလျာ လို့ နာမည်ပေးခဲ့တယ်လို့ မှတ်သားရပါတယ်။ ခုနောက်ပိုင်း ပဲခူးမှာ ကျွန်တော် စိတ်အဝင်စားဆုံးနဲ့ အလည်ချင်ဆုံး စေတီပါပဲ။ တည်ဆောက်ထားတဲ့ ပုံစံ ဆန်းကြယ်ပြီး အမျိုးသားတွေ အုတ်လှေကားနဲ့ ထိပ်ထိ တက်နိုင်အောင် စီစဉ်ထားတာလေးလည်း တွေ့ရတယ်။ အပေါ်ကနေဆို မြင်ကွင်းကျယ် မြင်ရမှာမို့ တချို့လည်း နေဝင်ချိန် လာကြည့်ကြတယ်လို့ သိရတယ်။ ကျွန်တော်ရောက်တဲ့အချိန်က ညနေ ၃ နာရီ ဝန်းကျင်မို့ နေဝင်ချိန်တော့ မမြင်ခဲ့ရပါဘူး။ ဒါပေမဲ့ Instagrammer တွေ အဆင်ပြေမဲ့ ဓါတ်ပုံမျိုး ရိုက်ဖို့ ဖြစ်နိုင်တဲ့နေရာတစ်ခုအနေနဲ့ပါ ခရီးသွားတွေကို သတင်းပေးချင်မိပါတယ်။


ကမ္ဗောဇသာဒီနန်းတော်

ဒီမှာတော့ နည်းနည်းအချိန်ပေးလေ့လာနိုင်တယ်။ အသစ်ဆောက်ထားတာ ဆိုပေမဲ့ အရင်က အကြွင်းအကျန်တွေကိုလည်း ပြသထားပေးသေးတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ အတွဲလေးတွေတော့ များသလိုလိုပဲ။


ရွှေဂူကြီး ရွှေဂူလေး ဘုရား

ဒီဘုရားကတော့ ဂူလေးတွေလို ဖြစ်နေတဲ့အတွက် နာမည်နဲ့ လိုက်တယ်ပဲ ဆိုရမယ်။ အနားဝန်းကျင်မှာ ဆိုင်ခန်းတွေနဲ့ ငါးချဉ်တွေ ရောင်းကြတာ အားရစရာကြီးပဲ။ ဒီကိုလာတဲ့လမ်းမှာ တွေ့ရတဲ့ ထန်းရည်ဆိုင်လေးတွေကလည်း အမြင်ဆန်းအောင် ထန်းရွက်လေးတွေနဲ့ ကာထားတာမို့ ကြည့်တာနဲ့ကို သောက်ချင်စရာ ဖြစ်လာတယ်။


ကိုးသိန်းကိုးသန်းဘုရား

စောင်းတန်းလေးက ရှည်ရှည်နဲ့ သစ်သားစောင်းတန်းလေးလို ဖြစ်နေပြီး ရှေးက ဘုရားတက်ရသလို ခံစားချက်မျိုးလေး ခံစားရတယ်။ ကြေးစည်လေးတွေအများကြီး ချိတ်ထားတာကလည်း ဒီဘုရားကို လာသူတွေအတွက် အမြင်ရသ တစ်မျိုး ဖြစ်နေစေပါတယ်။ ဘုရားရင်ပြင်မှာ စေတီငယ်လေးတွေ တည်ထားပုံကလည်း အတန်းလိုက်လေးနဲ့ တစ်မျိုးတစ်ဘာသာ ကွဲထွက်နေတယ်။


အခြား ဖူးမြော်သင့်တဲ့ ဘုရားစေတီများ

ပဲခူးကို ရောက်တုန်း ရောက်လက်စနဲ့ သွားရောက်ဖူးမြော်သင့်တဲ့ ဘုရားစေတီတွေကိုလည်း စုစည်းပေးလိုက်ပါတယ်။ တချို့ကတော့ နည်းနည်းလှမ်းပါတယ်။

  • ဟင်္သာကုန်းဘုရား (ရွှေမော်ဓော နဲ့ နီးပါတယ်)

  • သွန်းဘုရား (ဈေးနဲ့ နီး)

  • တရုတ်ဘုံကျောင်း (ဈေး တစ်ဘက်ကမ်း)

  • ခေါင်းဆေးကျွန်းဘုရား (ဘုရင့်နောင် ကားဂိတ်နဲ့ နီး)

  • မဟာကလျာဏီ သိမ်တော် နဲ့ ကျောက်စာ (မြသာလျောင်း နဲ့ နီး)

  • စိန်သာလျောင်း ဘုရား

  • ဒေးစွန်ပါတောင် ဘုရား (ပဲခူးမြောက်ဘက် မိုင် ၂၀ အကွာ၊ ဝမ်းဘဲအင်းရွာနား)

  • ခမဲပြင် ဘိုးဘိုးကြီး (သနပ်ပင် အုန္နဲရွာနား)


အခြား လည်ပတ်သင့်တဲ့နေရာများ

Brilliant bama Longyi ပုဆိုးတွေကို မှာချင်ရင် 09420039886

ပဲခူးသွားပြီး ဘုရားတွေချည်း ဖူးရမလား ဆိုပြီး စဉ်းစားနေပြီထင်ပါတယ်။ ပဲခူးမှာတော့ ဘုရားဖူးတာ အဓိကလို ဖြစ်နေတာပါ။ အခြားလည်ပတ်စရာ နေရာတွေဆိုရင်တော့ ဒီနေရာလေးတွေ ရှိပါတယ်။

  • ရွှေပြည် Resort နဲ့ အပန်းဖြေဥယျာဉ်

  • လိပ်ပြာကန် (ပဲခူးမြို့ထဲမှာ ဖြစ်ပါတယ်။ သမိုင်းဝင် ကန်ပါ။)

  • ဝင်္ဂဘောဆင်စခန်း (ဘုရားလေးကနေ လမ်းခွဲပြီး အမြန်လမ်းကနေ ပြန်မယ်ဆို ဝင်လို့ရပါတယ်)

  • မိုးယွန်းကြီးအင်း (လမ်းဟောင်းကနေဆို ဝင်လည်ဖို့ အဆင်ပြေပါတယ်)


ဘယ်မှာတည်းမလဲ

ပဲခူးမှာ တည်းမယ်ဆို ဟိုတယ်ကောင်းကောင်းတွေရော၊ အသင့်အတင့်ရော အစုံရှိပါတယ်။ ၂ သောင်းဝန်းကျင်လောက်ကနေ ၅သောင်းလောက်ထိ အစားစား ရှိတတ်ပါတယ်။ လောလောဆယ် နာမည်ရနေတာကတော့ ဘောဂသိဒ္ဓိဟိုတယ်၊ ကမ္ဗောဇဟင်္သာဟိုတယ်၊ ဟံသာဂါဒင်းစ်ဟိုတယ်၊ အမရာဂိုးဒ်ဟိုတယ်၊ ရိုင်ရယ်လန်းဒ်ဟိုတယ်၊ ဂျိတ်ဒ်ဂါဒင်းဟိုတယ်၊ ဖေးမတ်စ်ဟိုတယ်၊ ပဲခူးလော့ချ်ဟိုတယ် တွေပဲ ဖြစ်ပါတယ်။


စားမယ်ဆိုရင်

ကျွန်တော် သဘောကျတာက ရွှေမော်ဓော ယာဉ်နားကွင်းရှေ့က မွန်သူ ဆိုတဲ့ ဆိုင်လေး သဘောကျတယ်။ ထိုင်းအစားအစာကောင်းတယ်။ Icon Mall မှာလည်း YKKO လို ကြေးအိုးဆိုင်ခွဲတွေ ရှိနေပြီ။ ရွှေမော်ဓော ရှေ့လမ်းမကြီးတစ်လျှောက်က ဆိုင်လေးတွေမှာ ကြာဇံချက်၊ ကြက်ခြေထောက်သုပ်၊ အကင်စုံ၊ ဖာလူဒါ စတာတွေလည်း စားလို့ရသေးတယ်။


အပြန်လက်ဆောင်

အပြန်လက်ဆောင် ဝယ်မယ်ဆိုရင်တော့ ပဲခူးဆိုတာနဲ့ ငါးချဉ်၊ ပုစွန်ချဉ် ပေါ့။ ဘယ်တံဆိပ်ကောင်းသလဲ ဆိုတာကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်မို့ ညွှန်းမနေတော့ပါဘူးလေ။ မြည်းစမ်းပြီး ဝယ်ခဲ့ကြပါ။ အမြည်းကျွေးပါတယ်။ ရန်ကုန်အပြန်လမ်းပေါ်က ဖရဲသီး နဲ့ သစ်သီးရောင်းတဲ့ ဆိုင်လေးတွေကလည်း ဝယ်ချင်စရာတွေပါပဲ။


ပဲခူးမြို့ဟာ ရန်ကုန်မြို့နဲ့ နီးနီးနားနား လည်ပတ်နိုင်တဲ့ မြို့ပါ။ မွန်ယဉ်ကျေးမှုနဲ့ ရောစပ်နေတဲ့ မြို့တစ်ခု ဖြစ်တာမို့ ပဲခူးဟာ လေ့လာစရာတွေအပြည့်နဲ့ သမိုင်းတွင်တဲ့မြို့လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ ဒီတစ်ခါတော့ ညအိပ်ခွင့် မကြုံသေးပေမဲ့ တစ်ချိန်ချိန်မှာ ပဲခူးကို တစ်ညအိပ်ပြီး လည်ပတ်ဖို့ ကြိုးစားပါဦးမယ်လေ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Arkar Soe, Thiha Lu Lin

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

1,223 views0 comments
bottom of page