ချောင်းသာ နားက ရွှေသောင်ယံ ကမ်းခြေ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ချောင်းသာ နားက ရွှေသောင်ယံ ကမ်းခြေ

ချောင်းသာ က ပင်လယ်စာတွေ ချက်ပေးတာ စားကောင်းလွန်းတယ်… ဒါပေမဲ့ လူများတော့ လူခပ်ရှုပ်ရှုပ်နဲ့ မနေချင်ဘူး ဆိုတဲ့ ပင်လယ်ချစ်သူတွေအတွက် ချောင်းသာ ကနေ ၈ မိုင်လောက် အကွာမှာ ရှိတဲ့ ရွှေသောင်ယံ ကမ်းခြေ ဟာလည်း နောက်ဆို ထည့်စဉ်းစားစရာ တစ်ခု ဖြစ်လာပါပြီ။


ကျွန်တော့်ရဲ့ ဒီတစ်ခါ ပင်လယ်ခရီးစဉ် ကိုတော့ ရွှေသောင်ယံ ကမ်းခြေ ဘက်မှာ တည်းခိုနေထိုင်ဖို့ စဉ်းစားဖြစ်ခဲ့တယ်။ ရွှေသောင်ယံမြို့ကို စိတ်ဝင်စားသလို၊ တချို့ နိုင်ငံခြားသားတွေ ဘာကြောင့် ဒီဘက်မှာ တည်းခိုနေထိုင်ချင်ကြတာလဲ ဆိုပြီး သိချင်မိလို့ပါ။ ဘာလို့လည်းဆို ဟိုတယ်ဈေးနှုန်းတွေက ချောင်းသာနဲ့ အတူတူပဲရယ်။


ရွှေသောင်ယံ ကမ်းခြေကို ဘယ်လိုသွားမလဲ

ရန်ကုန် - ပုသိမ် - ချောင်းသာ လမ်းအတိုင်း ချောင်းသာ ကို အရင်သွားရမှာပါ။ တလောက လှိုင်သာယာ အထွက်ကနေ ဆားမလောက်အထိ လမ်းပိုင်းအခြေအနေ ဆိုးရွားလို့ ကားတွေ ပိတ်မိနေတာကို သိခဲ့ရတော့ အတော်လေး လန့်နေတာ၊ တကယ်တမ်း ကျွန်တော် သွားတဲ့ရက်မှာတော့ ကားလမ်းက ပြုပြင်တာတွေ အတော်လုပ်ထားပြီးမို့ အဲ့တုန်းကလောက် အခြေအနေ မဆိုးတော့တာ သတိထားမိတယ်။ ပိတ်ရက်လည်း မဟုတ်တော့ ကားလည်း ပိတ်မှာ မပူရဘူးဆိုပါတော့။ ဆားမလောက် ကျော်ရင်တော့ ပုသိမ်ထိက အရင်လို လမ်းသာ တဲ့ အနေအထားပါ။


ချောင်းသာရောက်ရင် မြို့အဝင် ဆိုင်းဘုတ် အကျော်လေးမှာပဲ ရွှေဟင်္သာဟိုတယ်နားမှာ ကျောက်မောင်နှမဘက် သွားတဲ့ လမ်းခွဲကို စတွေ့ရပါမယ်။ အဲ့ဒီမှာလည်း ရွှေသောင်ယံမြို့ကို ၈ မိုင် ဆိုတာ ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ် မြင်ရမှာပါ။ အဲ့ဒီကနေ ဆက်ပြီး ဝင်သွားရပါတယ်။ လမ်းက ကွန်ကရစ်လမ်းပိုင်း နဲ့ စတင်ပါတယ်။ လမ်းတလျှောက်က ဟိုတယ်တွေရှိတဲ့နေရာတွေဆို လမ်းကောင်းပြီး လမ်းကျယ်တတ်တယ်။ ဒီအတိုင်းဆို ကွန်ကရစ်လမ်းပိုင်းတွေက ပျက်စီးနေပြီး တခါတရံ ဘေးက မြေလမ်းပေါ် ဆင်းမောင်းရတယ်။ ကျောက်မောင်နှမ ကျော်ပြီးတာနဲ့ မြေလမ်းပိုင်း ပိုများသွားပြီးတော့ မိုးတွင်းတုန်းက အရှိန်နဲ့ရော၊ တည်ဆောက်ရေးလုပ်ငန်းခွင် ကားကြီးတွေ ဖြတ်သန်းတာကြောင့်ရော အတော်ဆိုးရွားတဲ့ မြေလမ်းတွေ ဖြတ်ရပါသေးတယ်။ ပြီးရင်တော့ နေပြည်တော် ရောက်သွားသလား ထင်ရမဲ့ ၆ လမ်းသွား ကွန်ကရစ်လမ်းမကြီးနဲ့ အတူ အဝိုင်းပတ်တွေကို မြင်ကြရဦးမှာပါ။ အဲ့ဒီနောက်တော့ ကျောက်ခဲလမ်းတွေနဲ့ မြေလမ်းတွေ တစ်လှည့်ဆီလောက် ဖြစ်လာပြီး ရွှေသောင်ယံမြို့ဆီကို ဖြတ်တဲ့ တံတားပြာလေးကို ရောက်သွားပါလိမ့်မယ်။ ရွာထဲမှာတော့ စားသောက်ဆိုင်လေးတွေနဲ့ ကွန်ကရစ်လမ်းနဲ့ အတော်လေး စည်ပါတယ်။ ခုတော့ ဧည့်သည်နည်းနေသေးတယ်။ ဟိုတယ်တွေလည်း နှစ်သက်ရာရွေးချယ်နိုင်ဖို့ ရှိနေပါပြီ။ ကျွန်တော်ကတော့ 4X4 Drive ကိုယ့်ကားနဲ့ကိုယ် သွားတာဖြစ်လို့ အဆင်ပြေပေမဲ့ ကားနည်းနည်းနိမ့်ရင်တော့ ခပ်ဖြေးဖြေး မောင်းသင့်ပါတယ်။ တောင်တက်တောင်ဆင်းလည်း နည်းနည်း မက်ပါတယ်။ အဝေးပြေးကားနဲ့လာရင်တော့ ဆိုင်ကယ်နဲ့ တုတ်တုတ်တွေကိုပဲ အားကိုးရမှာပါ။ ဈေးတော့ နည်းနည်း ပေးရတာ သတိထားမိတယ်။ အဝေးပြေးကားခလောက် ပြန်ရှိနေနိုင်ပါတယ်။


ဘာကြောင့် ရွှေသောင်ယံ ကမ်းခြေ ကို သွားနားသင့်သလဲ

အဓိက ကတော့ အေးအေးလူလူ နားအေးပါးအေး နေချင်တဲ့ သူတွေနဲ့ အဆင်ပြေပါတယ်။ ရေလည်း သန့်တယ်။ ကြည်တယ်။ သဲသောင်ကတော့ အရမ်းနူးညံ့နေတဲ့အထဲ မပါပေမဲ့ အဆင်ပြေတယ်။ ဖြူဖွေးပြီးလည်း မနေဘူး။ ချောင်းသာသဲ လောက်ပဲ။ သဘာဝရေနေသတ္တဝါလေးတွေ ပိုပြီး တွေ့ရတတ်တယ်။ ခရုခွံကအစပေါ့လေ။ သဲသောင်ကတော့ ကျဉ်းတယ် ပြောရမယ်။ နိုင်ငံခြားသားတွေ အတော်ကြိုက်ကြတယ်။ လူရှုပ်ရှုပ်များများ မနေချင်ဘဲ သီးသန့်လေး ကိုယ့်မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ပဲ နေချင်သူတွေကတော့ သွားနားသင့်ပါတယ်။ ချောင်းသာကနေ ရွှေသောင်ယံ တလျှောက်လည်း မြင်ကွင်းလှလှတွေ ရှိပါတယ်။ ချောင်းသာက ချက်တဲ့ ဟင်းလက်ရာတွေ ကို မှာစားရင်လည်း ဆိုင်ကယ်ခ ၅၀၀၀ ကျပ် ပိုပေးရုံနဲ့ မှာစားလို့ရတယ်။


ရွှေသောင်ယံကမ်းခြေ နား ဘာတွေ လည်စရာ ရှိသလဲ

ပင်လယ်ကမ်းခြေ ဖြစ်တာမို့ အထူးအထွေတော့ လည်ပတ်စရာ မရှိပါဘူး။ တံငါရွာလိုလည်း ဖြစ်တဲ့ ရွှေသောင်ယံမြို့ (ရွာကြိးနဲ့ပိုတူတယ်) က လူနေထိုင်မှုဘဝပုံစံတွေကို လေ့လာနိုင်မယ်။ လမ်းမှာ ကျောက်မောင်နှမ ကမ်းခြေ နဲ့ ဆင်စခန်းတွေကို လေ့လာနိုင်မယ်။ ဓါတ်ပုံရိုက်ဖို့ လှတဲ့ Sea & Lake ဆိုတဲ့ စာလုံးကြီးတွေ အသည်းပုံတွေနဲ့ ဓါတ်ပုံရိုက်နိုင်မယ်။ ရွှေသောင်ယံမြို့ အဝင်က တံတားပြာကြီးကနေ နေဝင် နေထွက် အလှကို ပင်လယ်နဲ့ ယှဉ်တွဲ ခံစားနိုင်ပြီး ဓါတ်ပုံ ရိုက်နိုင်မယ်။ ကမ်းခြေမှာ ကဏန်းနီလေးတွေကို ချစ်စဖွယ် တွေ့မြင်နိုင်သလို၊ မနက်စောစော ခရုခွံလေးတွေကို မြင်တွေ့နိုင်ဦးမယ်။ ချောင်းသာနဲ့ မဝေးတဲ့ Gerizim Hotel Resort မှာ တည်းခဲ့မယ်ဆိုရင် Gerizim Water Park မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကဲ လို့ရဦးမှာ။


ရွှေသောင်ယံ မှာ တည်းခို စားသောက်စရာ

ဒီဘက်မှာတော့ ချောင်းသာလောက်တော့ မစည်ကားဘူးပေါ့လေ။ ဒါပေမဲ့ မြို့ထဲက ဖွင့်တဲ့ ဆိုင်လေးတွေ ရှိသလို၊ ဟိုတယ်တွေက ဖွင့်တဲ့ ဆိုင်လေးတွေလည်း ရှိတယ်။ မြို့ထဲက ဆိုင်တွေမှာ မထိုင်ချင်ရင် ရွှေသောင်ယံမြို့ ဆိုင်းဘုတ်နားက D&W ဆိုင်လေးမှာ ထိုင်ကြည့်။ သူက ဟိုတယ်နဲ့ တွဲဖွင့်ထားတာ ဆိုပေမဲ့ ဟိုတယ်က လမ်းတစ်ဘက်ခြမ်းမှာ၊ Bar က ပင်လယ်ဘက်မှာ မို့ အေးအေးလူလူ ဆိုင်ထိုင် သောက်လိုက်စားလိုက် လုပ်နိုင်သေးတယ်။ ဈေးတော့ နည်းနည်းလေး ပိုပေးရတတ်တယ်။ တည်းခိုဖို့ဆိုရင် ဟိုတယ် ရွှေသောင်ယံ ရှိတယ်။ Lai Lai ဟိုတယ် ရှိတယ်။ တခြားဟိုတယ်လေးတွေလည်း သတိထားမိသေးတယ်။ ဈေးတန်းကတော့ ၇ သောင်း၊ ၈ သောင်း၊ ၁ သိန်း ၂ သောင်း စတဲ့ တန်းလေးတွေ ရှိတာမို့ ရွှေသောင်ယံအနေနဲ့ များတယ်လို့တော့ ယူဆမိတယ်။


ကျွန်တော့်ရဲ့ ဒီတစ်နှစ် ပွင့်လင်းရာသီ ပင်လယ်ခရီးစဉ်ကတော့ လူသိနည်းသေးတဲ့ ရွှေသောင်ယံကမ်းခြေ ကို စ နည်း နာ ကြည့်မိတာပါပဲ။ အမြင်လေးတွေ ပြောရရင် ဟိုတယ်ခလေးတွေ နည်းနည်း ချ ပေးနိုင်ရင် ပိုပြီး အဆင်ပြေပါတယ်။ အကြောင်းကတော့ ချောင်းသာလို နေရာကြီးတစ်ခုလုံးကို ကျော်ပြီး လမ်းကြမ်းကြမ်းမှာ ခက်ခက်ခဲခဲ မိနစ် ၃၀ လောက် ကားဆက်မောင်းလာရသလို၊ ကားမပါသူတွေအတွက်လည်း သွားလာစရိတ်က ပိုထောင်းနေတဲ့အပြင် ပြန်မယ် ပြုမယ် သွားမယ် လာမယ်ဆိုရင်တော့ ချောင်းသာ က တုတ်တုတ် ကို ပြန်စောင့်နေရတဲ့ အဖြစ်မို့ ဟိုတယ်တွေဘက်ကလည်း ပိုလာချင်အောင် စီစဉ်ပေးစေချင်မိပါတယ်။ ပင်လယ်ကြီးကတော့ ပင်လယ်ကြီးပဲမို့ သိပ်ထူးခြားတာ မရှိပါဘူး မြင်ကွင်းတွေကတော့ ချောင်းသာနဲ့ မတူတဲ့ အသွင်အပြင်တစ်မျိုးကို ရသတစ်မျိုးနဲ့ ခံစားရမှာပါ။ ပင်လယ်ကမ်းခြေအသစ်ကို ခံစားချင်သူများနဲ့ မျက်စိရှုပ်နားရှုပ် မရှိတဲ့ ကမ်းခြေမှာ ချောင်းသာက ပင်လယ်ဟင်းလက်ရာတွေကို စားချင်သူတွေအတွက်တော့ အတော် စိတ်ဝင်စားစရာ ကောင်းမဲ့ ကမ်းခြေဖြစ်တဲ့အကြောင်း ပြောချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Nay, Kino, Shein Htet

Camera :: SONY Alpha 7II with 16 - 35mm & 85mm Lens

Photos are modified in Lightroom by Thiha Lu Lin.

680 views0 comments
bottom of page