မိုးတွင်းကြီး ပင်လယ်စာတောင့်တသူများ

Updated: Sep 10, 2020

မိုးတွင်းကြီး ပင်လယ်စာ စားချင်တဲ့စိတ်ကို ထိန်းမရတာမျိုး ဖြစ်ဖူးတယ်။ ပင်လယ်ကမ်းခြေကို သွားဖို့လည်း သိပ်မလွယ်ကူတဲ့အခါမျိုးမှာ ပင်လယ်စာ အဝစားနိုင်မဲ့နေရာကို စဉ်းစားကြည့်နေတုန်း Chatrium Hotel Royal Lake ကို သတိရမိသွားတယ်။ Chatrium Hotel ရဲ့ အောက်ဘက်မှာရှိတဲ့ The Emporia စားသောက်ဆိုင်မှာ Emporia Seafood Extravaganza Dinner Buffet ဆိုတာ ရှိတယ်။ မိုးတွင်းကာလ Monsoon Special အစီအစဉ်လည်း ရှိတော့ ပင်လယ်စာ အဝအပြဲစားဖို့ ဒီနေရာက အသင့်လျော်ဆုံးလို့ စဉ်းစားမိလိုက်တယ်။
နေဦး၊ ပြောရဦးမယ်။ ရန်ကုန်မှာ Seafood ဆိုင်တွေ ပေါပါတယ်လို့ စဉ်းစားနေမိတယ်မဟုတ်လား။ တူတူပဲ ကျွန်တော်လည်း စဉ်းစားမိတယ်။ ဘာလို့ Chatrium Hotel က ဘူဖေးကို စဉ်းစားလဲမေးရင် သန့်တယ်၊ လတ်တယ်၊ ဘူဖေးဖြစ်တယ်ဆိုတဲ့ အချက် သုံးချက် ကို စဉ်းစားတယ်။ တန်၏ မတန်၏ ကို ဒီစာညွှန်းဖတ်သူတွေ ကိုယ်တိုင်လည်း ဖတ်ပြီးရင် စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။
အမျိုးပေါင်း ၆၀ ကျော် ခင်းကျင်းပေးတဲ့ ဒီ Emporia Seafood Extravaganza Dinner Buffet အစီအစဉ်မှာ နိုင်ငံတကာဘူဖေးတွေရဲ့ အစဉ်အလာအတိုင်း ပြည့်ပြည့်ဝဝ ခင်းကျင်းပေးတာ သတိထားမိတယ်။ ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်နိုင်မဲ့ Salad starter မျိုးစုံကို ကောင်တာကြီး နှစ်ခု ခွဲထားပေးတယ်။ အသုပ်တွေပေါ်မှာ ဆမ်းစားမဲ့ Dressing တွေကလည်း မျိုးစုံပဲ။ Salmon ကို အားပါးတရ စားရတာလေး သဘောကျမိတယ်။ သူကတော့ အသုပ်အတွက်ပဲ အဓိက ချပေးတာမို့ Wasabi မပေးတာတော့ သဘောမကျမိဘူး။ အထဲဘက်ကို ဝင်လိုက်ရင် အသင့်ချက်ပြီးသား ပင်လယ်စာ နဲ့ အသားဟင်းမျိုးစုံ ရှိတယ်။ ထမင်းဖြူလည်း ထားပေးတယ်။ ဟင်းပွဲ ၁၀ မျိုးလောက်ကို ခင်းပေးထားတယ်။ ဟင်းသီးဟင်းရွက်ကြော်ရော၊ ဆိတ်သား၊ အမဲသားတွေ၊ ကြက်နဲ့ဝက်ကို စားနေကျပုံစံမျိုးထဲက ခွဲထွက်ပြီး ချက်ပေးထားတာတွေရှိတယ်။ အဲ့ဒီလို အသင့်ချက်ပေးထားတဲ့ ဘူဖေးကောင်တာ ရဲ့ တစ်ဘက်မှာ စားဖိုမှူးကိုယ်တိုင်ပြင်ဆင်ပေးမဲ့ Pasta ကောင်တာ ရှိတယ်။ ခုကြော်ခုစား စားနိုင်မဲ့နေရာ၊ ပြီးတော့ အသားကို မီးနဲ့လှည့်ပြီးအပူပေးထားတာလေး သရုပ်ပြပေးထားလို့ ကြည့်ရင်း စားချင်စိတ်က ရပ်မရဘူးဖြစ်သွားရတယ်။
Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet
ဒီဘက် ဆက်လျှောက်လိုက်တာနဲ့ ပင်လယ်စာဘူဖေးကောင်တာကြီးကို ရောက်ပါပြီ။ ရေချိုပုစွန်၊ ကျောက်ပုစွန်၊ ဂုံးနဲ့ ကမာ စတဲ့ ပင်လယ်စာ မျိုးစုံ လတ်လတ်ဆတ်ဆတ် အစိမ်းတွေ ခင်းကျင်းပေးထားတယ်။ ကမာတွေကို အစိမ်းအတိုင်း ချက်ချင်း သံပုရာညှစ် အချဉ်ထည့်ပြီး စားနိုင်သလို၊ ကင်ခိုင်း ကြော်ခိုင်းလို့လည်း ရပါတယ်။ ပုစွန်တွေကို စိတ်ကြိုက်ရွေးပြီး ကင်ခိုင်းတယ်။ ချိစ်နဲ့ ထည့်ကင်ခိုင်းလို့ရသလို၊ ပင်လယ်ကမ်းခြေမှာစားသလို ရိုးရိုးကင်ခိုင်းလည်း ရတယ်။ Sauce ကတော့ စိတ်ကြိုက်ရွေးပဲ။ ပင်လယ်စာဆော့စ် လား၊ ကိုယ်တိုင်စပ်ချင်သလား၊ မြိတ်ချဉ်လား၊ အကုန်ရှိပါတယ်။ ပင်လယ်စာတွေ အီတယ်ဆိုလည်း ဝက်နံရိုး၊ ဝက်မိုးခို၊ ကြက်တောင်ပံ၊ အမဲလိုင်းသား၊ ဆိတ်သား၊ သိုးသား တွေကို BBQ ကင်ခိုင်းလို့ရသေးတယ်။ အသားချည်းပဲလားဆိုတော့ မဟုတ်သေးဘူး၊ အသီးအရွက်၊ မှို နဲ့ ပြောင်းဖူးတွေလည်း ရှိသေးတယ်။ ဒါတွေကိုလည်း လတ်လတ်ဆတ်ဆတ် ကင်ပေးတယ်။ တော်တော်လေး အဆင်ပြေတယ်။ အရသာက ဟိုတယ်ချက်ပုံစံမို့ နိုင်ငံတကာအရသာမျိုးလေး ထွက်တယ်။
Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet
ဒါတွေပြီးလို့ မစားနိုင်တော့ရင် အချိုပွဲတွေ ရှိသေးတယ်။ အသီးအနှံတွေ စားမလား၊ ကိတ် နဲ့ ကျောက်ကျောလား၊ ပူတင်းလား အမျိုးစုံစိနေရော။ သစ်သီးဖျော်ရည် နဲ့ ဒိန်ချဉ်တွေလည်း ရတော့ အချိုပွဲကလည်း တကယ့်ပွဲတော်ကြီးတစ်ခုအလားပဲ ဆိုပါတော့ဗျာ။
ဒါတွေနဲ့ မတင်းတိမ်နဲ့သူတွေအတွက် ဝိုင်နီ၊ ဝိုင်ဖြူ နဲ့ ဘီယာတွေကို အဝသောက် သောက်နိုင်သေးတယ်ဗျို့။ ဒီလို သောက်နိုင်မှလည်း ဒီ ဘူဖေးက ပိုတန်မှာပေါ့နော်။

ဈေးသိချင်နေပြီမဟုတ်လား။
ဒီ Chatrium Hotel ရဲ့ ပင်လယ်စာဘူဖေး Emporia Seafood Extravaganza Dinner Buffet ကို လူကြီးတစ်ဦး USD 30++ နဲ့ ၁၂ နှစ်အောက် ကလေးတစ်ဦးကို တစ်ဝက် USD 15++ နဲ့ ရောင်းချပေးပါတယ်။ ဒါက ဝိုင်နဲ့ဘီယာ မပါတဲ့ဈေးပါ။
ဝိုင်နဲ့ ဘီယာ အဝသောက် (Free Flow) ပါ ပါမယ်ဆိုရင်တော့ တစ်ဦးကို USD 32++ ဖြစ်သွားပါမယ်။ ကျွန်တော့အနေနဲ့တော့ အဆင်ပြေတဲ့ ဈေးလို့ သဘောကျမိပါတယ်။ စားနိုင်သောက်နိုင်ရင် ပိုတန်မဲ့ ဈေးနှုန်းပါ။
သူတို့ရဲ့ Monsoon Special အစီအစဉ်အရ (၅) ဦးလာရင် (၄) ဦးစာပဲ ပေးရမှာဆိုတော့ သူငယ်ချင်း ဒါမှမဟုတ် မိသားစု (၅) ဦးသွားပြီး (၄) ယောက်စာပဲ ကျမယ်ဆိုရင် တစ်ဦးကို USD26++ (ဝိုင်နဲ့ဘီယာ ပါတဲ့ဈေးနှုန်း ပေါ် တွက်ကြည့်တာ) ပဲ ကျသင့်တော့မယ်။
ဒီအစီအစဉ်ကို Chatrium Hotel က စက်တင်ဘာလ (၃၀) ရက်နေ့အထိ လုပ်သွားမယ်လို့ သိရတယ်။ ပင်လယ်စာကို မိုးတွင်းမှာ စားချင်စိတ်ပေါ်လာရင် ဒီမှာ သွားစားကြည့်ပါဦး။ ပြီးရင် ကျွန်တော်တို့ကိုလည်း အတွေ့အကြုံ ပြန်ပြောပြဦး။ အဲ့ဒီကို သွားလို့ ကျွန်တော်နဲ့ဆုံခဲ့ရင်လည်း နှုတ်ဆက်ပါနော်။ ကျွန်တော်လည်း ပင်လယ်စာသမားမို့ ခဏခဏရောက်ဖြစ်နိုင်လို့ပါ။ ကျွန်တော့်ကို မတွေ့လည်း ကျွန်တော့ဓါတ်ပုံတွေ့ကောင်းတွေ့နိုင်တယ်။ ဒီလူကိုတော့ ဘူဖေး စားခွင့်
မပေးပါဘူးဆိုပြီး ကြော်ငြာထားတဲ့ ပုံပေါ့ အဟီး။ သွားစားတဲ့နေ့တုန်းက စားသောက်ခန်းမ ပိတ်တဲ့ ည ၁၀ နာရီထိ မထတမ်း စားနေလို့ ဘာတွေများယူဦးမလဲ ဆိုင်ပိတ်တော့မှာမို့လို့ ကြိုယူထားနိုင်အောင်ပါ ဆိုပြီး လာပြောရတဲ့အထိ တန်အောင် စားဖြစ်ခဲ့လို့လေ။ စာလည်း ရှည်နေပြီဆိုတော့ ပုံလေးတွေကြည့်ရင်း သရေခဏကျလိုက်ဦးမယ်။ ရှလွတ် ရှလွတ်။
Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet Emporia Seafood Extravaganza Buffet
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
-03.png)





Comments