top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ပွင့်လင်းရာသီ ခရီးထွက်ဖို့ မိုးတွင်းမှာ ငွေစုစို့

Writer: Thiha Lu LinThiha Lu Lin

ခရီးသွားတာ အတော်ကို စွဲလမ်းစေတဲ့ အမူအကျင့်တစ်ခုလို့ သတ်မှတ်ရမယ်ထင်တယ်။ ခရီးထွက်စ ရှိရင် ထွက်ပြီးရင်း ထွက်ချင်လေ။ ရက်ရှည်လများနေရတာမဟုတ်ဘဲ သွားရတဲ့ နှစ်ရက် တစ်ပိုင်းလေးကိုက ဘဝရဲ့နိဗ္ဗာန် ဖြစ်နေတတ်တာကိုး။ ပျော်ရွှင်တဲ့ခံစားချက်တွေ ပိုပြီးပေးနိုင်တာမျိုးမို့ ခရီးသွားသူတွေရဲ့ စိတ်ထဲမှာ ခရီးသွားခြင်းဆိုတာကို အတော်စွဲလမ်းနေမိတတ်ကြတယ်။


ကျွန်တော်တို့ နိုင်ငံသားတွေကိုပဲကြည့်လေ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ဘုရားဖူးခရီးစဉ်လောက်ပဲ သွားနေကြရာကနေ ချက်ချင်းဆိုသလို အပန်းဖြေစရာနေရာမှန်သမျှကို သွားဖြစ်နေတတ်ကြပြီ။ ဒါတောင် မငြိမ်းချမ်းသေးတဲ့နေရာတွေ ရှိနေသေးလို့။ ဒါလည်း ကြိုးစားသွားလာနေကြတာပါပဲ။ ဆောင်းရာသီ ဝင်ပြီဆိုတာနဲ့ ခရီးထွက်ဖို့ အားလပ်ရက်ကို တွက်ကြပြီ။ ဟော နွေရောက်လာပြန်တော့လည်း အပူရှောင်ခရီးစဉ်တွေ ဆွဲကြပြန်ပြီ။ ကဲ မိုးတွင်း နားပါဦးဆိုတောင် မိုးပါးတဲ့ ပုဂံ လိုမျိုးကို ခရီးထွက်လိုက်ချင်ကြသေးတာ။ တလောက ညီမလေးတစ်ယောက် လာမေးတာ မှတ်မိသေးတယ်။ မိုးတွင်းမှာ ခရီးသွားလို့ကောင်းမဲ့ နေရာလေးတွေ ပြောပြပေးပါလားတဲ့။ ကျွန်တော်လည်း ပုဂံ ကို မိုးတွင်းသွားဖူးတော့ အဆင်ပြေလို့ ပုဂံ ကို ညွှန်းဖြစ်သေးတယ်။ ကျွန်တော်တို့ နိုင်ငံက မိုးများတယ်။ တကယ်လှတဲ့နေရာတွေ အားလုံးက မိုးတွင်းဆို မိုးသည်းသည်းအောက်မှာ အကုန်အလှပျောက်ကုန်တယ်။ ရှမ်းပြည်ဘက်လား၊ ချင်းပြည်ဘက်လား၊ ကချင်ပြည်လား၊ ကရင်ပြည်လား အားလုံးက မိုးရွှဲရွှဲအောက်မှာ အပင်လေးတွေ စိမ်းစိုနေတာကလွဲရင် သူ့ရဲ့မူလအလှ ပျောက်ဆုံးနေကြတယ်။ ခရီးထွက်ပြီး ဒေသတစ်ခုရဲ့ အလှကို ခံစားဖို့ဆိုတာက ကောင်းကင်ကလည်း ကြည်လင်ပြာလဲ့နေမှ၊ ခပ်ဝေးဝေးက တောင်တွေကိုလည်း မြင်တွေ့ရဦးမှ၊ ပန်းရောင်စုံလည်း ပွင့်နေဦးမှ၊ သွားရေးလာရေးမှာလည်း အဆင်ပြေနေဦးမှ ကိုး။ ဒီတော့ မိုးတွင်းမှာ ခရီးထွက်သင့် မသင့်ဆိုတာကို စဉ်းစားကြည့်ကြရအောင်။


မိုးတွင်းမှာ ခရီးထွက်တာ ကောင်းတယ်။

ဒီလိုတွေးရင် မှန်တဲ့အချက်တွေရှိတယ်။ မိုးတွင်းမှာ ခရီးသွားသူ နည်းတဲ့အတွက် သွားလာရေး ကုန်ကျစရိတ်တွေ အတော်သက်သာတယ်။ လေယာဉ်ခတွေဆိုလည်း ၅၀% ထိ လျှော့ပေးနေတာမျိုးတောင် တွေ့ရပါတယ်။ ပြည်တွင်းပဲ သွားသွား၊ ပြည်ပပဲ သွားသွား လေယာဉ်ခ နဲ့ ကားခတွေ ဈေးကျနေတော့ ခရီးထွက်ရင် ကုန်ကျစရိတ် သက်သက်သာသာနဲ့ ထွက်နိုင်တာပေါ့။ နောက်တစ်ခါ တည်းခိုရေးကုန်ကျစရိတ်တွေလည်း သက်သာနေပြန်ရော။ ခရီးသွားရာသီမှာ ဈေးတွေကြီး၊ အခန်းမရ ဖြစ်တတ်တဲ့ ဟိုတယ်အကောင်းစားကြီးတွေကို ဒီလို မိုးတွင်းကာလမှာ ထက်ဝက်ဈေးလောက်နဲ့ ခပ်ချေချေ တည်းပစ်လိုက်နိုင်တယ်လေ။ ကိုယ်က ပုံမှန်အခန်းခရဲ့ တစ်ဝက်စာပဲ ပေးရပေမဲ့ ခရီးသွားသူနည်းပါးနေလို့ ကိုယ်က ဟိုတယ်မှာ ဘုရင်ပဲ။ အပူပိုင်းဒေသတွေမှာဆို ရာသီဥတုက အေးမြနေတတ်လို့ ပွင့်လင်းရာသီထက် ခရီးသွားရတာ ပိုပြီး စိုစိုပြေပြေ အေးအေးမြမြ ရှိတယ်။ ဝင်ကြေးတွေလည်း သက်သာတတ်တယ်။ လည်ပတ်စရာနေရာတွေမှာ လူပြည့်ကျပ် မနေတော့ သေချာလေ့လာချင်တာပဲဖြစ်ဖြစ်၊ ဓါတ်ပုံတွေ ရှင်းရှင်းလင်းလင်း စိန်ပြေနပြေ ရိုက်ချင်တာပဲဖြစ်ဖြစ် အရမ်းအဆင်ပြေတယ်။


မိုးတွင်းမှာ ခရီးထွက်တာ မကောင်းဘူး။

အဲ့လိုတွေးရင်တော့ ပိုမှန်မယ် ထင်တယ်။ ကျွန်တော်တော့ မိုးတွင်းခရီးထွက်ရတာ ခပ်လန့်လန့်ရယ်။ ကားတွေ၊ ရထားတွေ နဲ့ သွားရင်လည်း လမ်းချော်မှာတို့ မတော်တဆဖြစ်မှာတို့ စိုးရိမ်ရသလို လေယာဉ်နဲ့ဆိုလည်း ရာသီဥတု မကောင်းလို့ ဆင်းမရ တက်မရ ဖြစ်နေတာမျိုးကိုလည်း ကြောက်တယ်။ အရင်တုန်းကဆို မိုးတွင်း စပြီဆိုတာနဲ့ ရှိသမျှ နိုင်ငံစုံက ရုံးချုပ်တွေ ရုံးခွဲတွေမှာ ခေါ်လိုက်တဲ့ အစည်းအဝေး နဲ့ သင်တန်းတွေဆိုတာ မပြောပါနဲ့။ သွားပြီး ပြန်လာတိုင်းလည်း လေယာဉ်က Airdrop ဖြစ်ပြီး ပြုတ်ပြုတ်ကျလို့ နဂိုကမှ အမြင့်ကြောက်သူကို ဖြဲဖြဲခြောက်နေတော့တယ်။ ဘုရားစာတွေ ဆုတောင်းစာတွေ ရွတ်ခဲ့ရတာလည်း ကပေါက်တိကပေါက်ချာကို ဖြစ်လို့။ ဒီလိုမျိုး သွားရေးလာရေး အဆင်မပြေတာလေးတွေ ရှိတော့ မိုးတွင်း ခရီးထွက်တာ မကောင်းလှဘူး ထင်မိတယ်။


ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အခန်းခတွေ သက်သာတယ်ဆိုပေမဲ့ ကိုယ်သွားလည်တဲ့ ဒေသရဲ့ အခြေအနေနဲ့ တည်ဆောက်ထားပုံပေါ်မူတည်ပြီး မိုးတွင်းမှာ ထွက်တတ်တဲ့ တွင်းအောင်းသတ္တဝါ မြွေ၊ ကင်း စတဲ့အကောင်တွေ ကိုယ့်အခန်းထဲ ဝင်နေမလားဆိုတာ သတိပြုရသေးတယ်။

လည်ပတ်ရပြီဆိုရင်လည်း မိုးတွေရွာလို့ ထီးနဲ့ မိုးကာတွေ ယူရတာ အလုပ်တစ်ခု၊ ဗွက်တွေ ရွှံ့တွေပေါလာတာက တစ်ခု၊ ဆိုင်ကယ်/စက်ဘီးတွေ အသုံးပြုဖို့ ခက်ခဲတာက တစ်ခု၊ မိုးအရမ်းများရင်လည်း လမ်းတောင်လျှောက်မရတာက တစ်ခု၊ အဲ့ဒီလို တစ်ခုတစ်ခုနဲ့ အခုပေါင်းများစွာ ကြုံကြရမယ်လေ။

ဒီတော့ ယေဘုယျပြောရရင် မိုးတွင်းမှာ ခရီးထွက်တာ သိပ်တော့ မဟန်လှဘူးဗျ။


ဒါဆို မိုးတွင်းမှာ ဘာလုပ်ကြမလဲ?

ပုံမှန် လုပ်ဆောင်နေကျ ကိုယ့်ရဲ့အလုပ်တာဝန်တွေကို ဖိဖိစီးစီး လုပ်ဆောင်ရင်းနဲ့ မိုးတွင်းအကုန် ပွင့်လင်းရာသီမှာ ရှိလာမဲ့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ ခရီးသွားဖို့ ငွေစုကြမှာပေါ့။ အရင်ကတော့ နှစ်ကုန်ရတဲ့ Bonus လေးတွေနဲ့ နှစ်သစ်အစမှာ ခရီးထွက်ကြတယ်။ ခုနှစ်တော့ ကြိုတင်ပြင်ဆင်ထားရင် Bonus က ကိုယ့်အတွက် အသားတင်ဖြစ်လာမယ်။ ကိုယ့်တွက်ကိန်းနဲ့ကိုယ် မဆိုးဘူးပေါ့လေ။ ငွေကို ဘယ်လိုစုကြမလဲ စဉ်းစားကြည့်ရအောင်။


(၁) သွားမဲ့နေရာကို ကြိုတင်စဉ်းစား တေးမှတ်ထားမယ်။

ဘာလို့လဲဆိုတော့ စုရမဲ့ငွေကို တွက်ချက်ထားနိုင်အောင်လို့ပါပဲ။ ဥပမာ ဒီနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူး ပိတ်ရက်တွေမှာ ကလောဘက် Trekking လျှောက်မယ်။ ဒါမှမဟုတ် အင်ဒိုနီးရှားက ဘာလီ သွားလည်မယ်။ ဒီလို တစ်နေရာရာကို ဆုံးဖြတ်ထားလိုက်ပြီဆိုတာနဲ့ ကိုယ့်မှာ ငွေဘယ်လောက်လိုနိုင်မလဲ ခန့်မှန်းလို့ ရသွားပြီ။ ခုခေတ်က ငွေဘယ်လောက်ကုန်မလဲ သိဖို့လုပ်တာ လွယ်ကူလွန်းပါတယ်။ ခရီးသွားစာတွေ ရေးသူများလာတော့ တစ်ဦးမဟုတ်တစ်ဦးက ကိုယ်သွားမဲ့နေရာကို ရောက်ပြီးသားမို့ သူတို့ဆီကနေ ကုန်ကျစရိတ်ကို မှန်းချေ သိနိုင်တယ်။ တချို့စာရေးသူတွေကို Chat Box ကနေ လှမ်းမေးရင် ဖြေပေးကြတာ များပါတယ်။ ဒါကြောင့် အဓိက ကျတာက ကိုယ်သွားချင်တဲ့နေရာကို ကိုယ်တိုင်သေချာဖို့ပါပဲ။


(၂) ဘယ်ရွှေ့ဘယ်မျှ သုံးမယ်လို့ သတ်မှတ်ထားမယ်။

ခရီးစဉ်ကတော့ သေချာပါပြီ။ ဒါပေမဲ့ ကိုယ်ဝင်ငွေနဲ့ချိန်ကိုက်ဖို့ကလည်း လိုသေးတယ်။ တချို့ခရီးစဉ်တွေက ကိုယ်သွားချင်တဲ့ ပုံစံပေါ်မူတည်ပြီး ကိုယ့်ရဲ့ တစ်လဝင်ငွေထက် အဆများစွာ ပိုနေတာ ဖြစ်နေပြန်ရင်လည်း မဟုတ်သေးဘူး။ ခရီးစဉ်ကို ကိုယ်က ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး သူတို့ရဲ့ Tour Package တွေပဲ ဝယ်လိုက်မှာလား။ ဒါမှမဟုတ် Backpack တစ်လုံးနဲ့ သွားမှာလား။ ကိုယ်တိုင်စိတ်ကြိုက် စီစဉ်ရေးဆွဲတဲ့ အကောင်းစား အဆင့်မြင့်ပုံစံသွားချင်တာလား။ ဒီအပေါ်မှာလည်း ထည့်သွင်းစဉ်းစားရဦးမယ်။ ဘာလို့လည်းဆိုတော့ ကိုယ်ရနေတဲ့ လစဉ်ဝင်ငွေ အားလုံးကို ခရီးစဉ်အတွက်ချည်း စုလို့ ရကောင်းမှ ရမယ်လေ။ အဲ့ဒီဝင်ငွေထဲကနေ သုံးစရာ အခြားအခြားသော ကိစ္စတွေ ရှိနေသေးတာကိုး။ ကိုယ်က ခရီးစရိတ်ကို ချိန်ဆတဲ့အခါမှာ Off-season လို ခရီးသွားပါးတဲ့အချိန်က ဈေးနှုန်းမျိုးကို မယူဘဲ၊ ခရီးသွားများတဲ့အချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဈေးနှုန်းတွေကို မှန်းဆ တွက်ယူရမှာပါ။ ခရီးစဉ်ဟာ ကိုယ့်ဝင်ငွေပမာဏနဲ့ အဆင်ပြေတဲ့ ခရီးစဉ်မျိုး ဖြစ်ပြီးတော့ ကိုယ့်အနေနဲ့ တစ်လကို ဘယ်လောက်စုသွားရင် အဲ့ဒီခရီးသွားမဲ့အချိန်ဆို လုံလောက်တဲ့ပမာဏ ရပြီလဲဆိုတာ ခန့်မှန်းလုပ်ဆောင်နိုင်ပြီ။


ခရီးစရိတ်ကို စဉ်းစားတဲ့နေရာမှာ ခေါင်းစဉ်ခွဲပြီး စဉ်းစားနိုင်ရင် ပိုအဆင်ပြေမှာပါ။

  • သွားလာစရိတ်

  • စားသောက်စရိတ်

  • ဝင်ကြေးနဲ့ အခွန်အခ

  • အမှတ်တရလက်ဆောင်

ဆိုပြီး ခွဲခြမ်းစဉ်းစားနိုင်ပါတယ်။


(၃) လျှော့မတွက်မိအောင် သတိထားရမယ်။

ခရီးတစ်ခုထွက်ရင် ကိုယ်မူလ သိထား ခန့်မှန်းထားတဲ့ ခရီးစရိတ်ထက် ၂၅% လောက် ပိုပြီး ကုန်ကျသွားတတ်တယ်ဆိုတာ သတိပြုရပါမယ်။ ခရီးစဉ်တစ်ခုမှာ ကိုယ့်ရဲ့ အစီအစဉ်ထဲ မပါဝင်လိုက်ဘဲ သုံးပစ်လိုက်ရတဲ့ အရေးကြီးသုံးငွေတွေ ရှိနေတတ်တယ်။ မျှော်လင့်မထားဘဲ သုံးလိုက်ရတာတွေရှိနေတတ်တယ်။ ကိုယ်က အမှတ်တရလက်ဆောင်ပစ္စည်းဝယ်ဖြစ်သွားတာမျိုး၊ တစ်ဦးဦးကို ဘောက်ဆူးငွေ ချီးမြှင့်လိုက်တာမျိုး၊ အခွန်အခတွေ ထပ်ပေါင်းပေးရတာမျိုး နဲ့ အရေးတကြီး ကားငှားစီးလိုက်ရတာမျိုးတွေ ရှိကောင်းရှိလာနိုင်တယ်လေ။ ဒါတွေကြောင့် ကိုယ်သတ်မှတ်ထားတဲ့ ခရီးစရိတ်ထက် ၂၅% လောက်ပိုတွက်ပြီး စုဆောင်းထားတာ မမှားဘူးလို့ ထင်ပါတယ်။


(၄) ဈေးနှုန်းတွေကို အခါအားလျော်စွာ လေ့လာနေမယ်။

လေယာဉ်ခ အတက်အကျတွေ၊ Tour Agent တွေက အပြိုင်အဆိုင်ရောင်းချနေတဲ့ ခရီးစဉ်တွေရဲ့ ဈေးနှုန်းတွေကို အခါအားလျော်စွာ နားစွင့်နေဖို့လိုတယ်။ ဒါဆို ဖြစ်နိုင်ချေရှိတဲ့ ကုန်ကျစရိတ်ကို တွက်ချက်ရာမှာ အထောက်အကူဖြစ်တာပေါ့။ လေယာဉ်ခ လိုမျိုးကို ကြိုတင် ဝယ်ယူထားလိုက်နိုင်ရင် (အရမ်းအစောကြီး ဝယ်တာမျိုးမဟုတ်ဘဲ၊ အနည်းဆုံး နှစ်ပတ်လောက်စောပြီး ဝယ်ယူတာမျိုးက သင့်လျော်တယ်လို့ အကြံပေးကြပါတယ်။) ဒီ့အတွက် စိတ်ပူစရာ မလိုဘဲ တခြားကိစ္စရပ်တွေကို စဉ်းစား ငွေစုနိုင်တယ်။ ဟိုတယ်ခလည်း ထိုနည်းတူပါပဲ။ နိုင်ငံခြားခရီးစဉ်ကို စဉ်းစားထားတယ်ဆိုရင်တော့ Google Flights, Momondo, Matrix ITA Software, Skyscanner နဲ့ Vayama Site တွေကနေ လေယာဉ်ဈေးသက်သာတာမျိုးကို ရနိုင်တယ်။ နောက် Last Minute ဆိုတဲ့ Site လည်း ရှိသေးတယ်။ နိုင်ငံခြားက ဟိုတယ်တွေဆိုလည်း Hostelworld, Agoda, Hotels, Hotwire တို့လို Site တွေကနေ Book နိုင်တယ်။ ဟိုးအရင် Post တစ်ခုမှာ ပြောခဲ့ဖူးသလိုပေါ့ တခါတလေလည်း သက်ဆိုင်ရာဟိုတယ်ကို တိုက်ရိုက်ဖုန်းခေါ်ပြီး အခန်းယူလိုက်တာက ပိုပြီး ဈေးသက်သာနေတတ်ပြန်ပါတယ်။ Agoda က အရှေ့တောင်အာရှနိုင်ငံတွေက အခန်းယူချင်တဲ့အခါ ပိုအဆင်ပြေတတ်တယ်။ တခါတလေကျတော့လည်း Social Media တွေပေါ်ကနေ ကြည့်တာက ပိုပြီး သက်သာတဲ့ အခန်းတွေကို သိရနိုင်တယ်။ ပြည်တွင်းမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါမှာတော့ တိုက်ရိုက်ဝယ်တာထက် လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီက ဝယ်ရင် ပိုသက်သာတတ်ပါတယ်။ တချို့လေကြောင်းလိုင်းတွေဆို တိုက်ရိုက်ရောင်းမပေးတာမျိုးလည်း ရှိတတ်ပါတယ်။


(၅) ခရီးသွားဖို့ စိတ်ထက်သန်စေမဲ့ အကြောင်းအရာတွေ ဖတ်မယ်။

အဲ့ဒါလည်း အရေးကြီးတယ်။ မဟုတ်ရင် ပိုက်ဆံတွေကို တခြားသုံးပစ်လိုက်နိုင်တယ်။ ခရီးသွားတာနဲ့ ပတ်သက်ပြီး စိတ်ဓါတ်တက်ကြွစေမဲ့ အကြောင်းအရာတွေ ရှာဖွေ ဖတ်ကြည့်ထားမယ်။ ကိုယ့်ခရီးစဉ်ကို ကြိုတင်အိပ်မက်ပြီး ဒေသရဲ့ အခြေအနေကို ကြိုတင်လေ့လာထားမယ်။ လည်စရာပတ်စရာ၊ စားသောက်ဆိုင် ကောင်းကောင်းတွေကို ရှာထားမယ်။ ဒေသခံတွေရဲ့ အမူအကျင့်နဲ့ သူတို့ ကြိုက်တာ၊ မကြိုက်တာတွေကို ကြိုလေ့လာရင်း ကိုယ့်ရဲ့ ခရီးစဉ်အတွက် ၄၊ ၅ လလောက် အားမွေး စောင့်ဆိုင်း ပြင်ဆင်ထားတာ အရမ်းကောင်းတဲ့ အလေ့အကျင့်လို့ ယူဆမိပါတယ်။


ပိုက်ဆံစုတဲ့အခါ ပိုက်ဆံများလာရင် စိတ်က တခြားတစ်ခု ဝယ်ချင်သုံးချင်မိသွားအောင် စိတ်ပြောင်းသွားနိုင်ပါတယ်။ အဲ့အခါကျရင် ကိုယ်ဝယ်မဲ့ ပစ္စည်းတစ်ခုခုက အဖတ်တင်တယ်ဆိုရုံထက် ပိုရဲ့လား သေချာစဉ်းစားပါ။ တကယ်အသုံးတည့်တဲ့ မဖြစ်မနေကိစ္စရပ်အတွက် အသုံးပြုတာဆိုရင် အဆင်ပြေပါတယ်။ မဟုတ်ရင်တော့လည်း ဒီလို ခရီးထွက်ဖို့ငွေကို တကယ်သီးသီးသန့်သန့်လေး ဖြစ်စေချင်မိပါတယ်။ ခရီးဆိုတာ ဘာနဲ့မှလဲလို့ မရတဲ့ အတွေ့အကြုံတွေ ပေးနေတာမျိုးပါ။ နောက်တစ်နှစ် နွားလို လုပ်ရဦးမဲ့ လုပ်ငန်းဆောင်တာတွေအတွက် အားဖြည့်ပေးနေတာမျိုးပါ။ ဒါကြောင့် သုံးဖို့ မှန်ကန်သင့်လျော်တာမျိုးမို့ မိုးတွင်းကာလမှာ သေချာစုဆောင်းပြင်ဆင်ပြီး ခရီးကို ပျော်ပျော်ထွက်ပစ်လိုက်ဖို့ အကြံပြုချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page