top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

လေယာဉ်စီး ခရီးသွားသူတွေအကြိုက် အာဆီယံအစားအစာများ


လေယာဉ်ပေါ်မှာ အစားအသောက် စားရတာမျိုးကို သဘောကျတတ်တော့ ဘတ်ဂျတ်လေကြောင်းလိုင်းတွေနဲ့ သွားတဲ့အခါ ကျွန်တော် စိတ်ညစ်မိတတ်တယ်။ ကြီးကျယ်တာတော့ မဟုတ်ပါဘူး။ အဓိက အကြောင်းရင်းက ကျွန်တော်က အမြင့်ကြောက်သူ၊ လေယာဉ်အချိန်အကြာကြီးစီးရမှာကြောက်သူ မို့လို့ ကိုယ် လေယာဉ်စီးနေတယ်ဆိုတာကို အာရုံလွှဲနိုင်တဲ့ အခြေအနေလေးတွေကို သဘောကျတတ်တာကြောင့်ရယ်ပါ။ လေယာဉ်ပေါ်မှာ အစားအသောက် စားရင်း အာရုံလွှဲတယ်။ In-Flight Entertainment လေးတွေကြည့်ပြီး အာရုံလွှဲတယ်။ စာဖတ်ရင်တော့ အာရုံ သိပ်မလွှဲသလိုဖြစ်လို့ သိပ်မလုပ်ဖြစ်ဘူး။ ဝမ်းနည်းစရာအရမ်းကောင်းတဲ့ ဒါမှမဟုတ် အရမ်းရီရတဲ့ ဇာတ်ကားတွေ ကြည့်တာမျိုးလုပ်ဖြစ်တတ်တယ်။ ဒီတော့ ဒါတွေ မပါဝင်တဲ့ ဘတ်ဂျတ်လေကြောင်းလိုင်းတွေနဲ့ သွားရင် ကျွန်တော်တကယ်ကို စိတ်ညစ်မိတတ်ပါတယ်။

တစ်ညအိပ် နှစ်ရက်ခရီးပဲမို့ ပေါ့ပေါ့ပါးပါး ဖြစ်အောင် Giordano Travel Gear ကျောပိုးအိတ်လေးပဲ ယူခဲ့လိုက်တော့တယ်။ နှစ်ရက်စာ အဝတ်အစား၊ Laptop ၊ အားသွင်းကြိုး၊ Power Bank ၊ လိုအပ်တဲ့ စာရွက်စာတမ်း အကုန် ထိုးထည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အကြမ်းလည်းခံလို့လေ။

Air Asia ကို အရင်ကလည်း အကြောင်းအမျိုးမျိုးနဲ့ စီးခဲ့ဖူးတယ်။ In-Flight အစားအစာကျွေးလေ့မရှိတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းတွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ Air Asia လေယာဉ်ပေါ်မှာ အရင်ကတော့ ကော်ဖီ၊ အအေး နဲ့ ခေါက်ဆွဲပြုတ်လောက်ပဲ သတိထားမိခဲ့တယ်။ ခု မလေးရှား ခရီးစဉ်မှပဲ Duty Free စာအုပ်ကို ဖင်ပြန်ခေါင်းပြန်လှန်ပြီး In-Flight Food Menu တွဲပေးထားတဲ့ ဝန်ဆောင်အသစ်ပေးနေပါလားဆိုတာ သိလိုက်ရတယ်။ Santan Food Menu က အာဆီယံနိုင်ငံတချို့က နာမည်ကြီး ဟင်းလျာတွေကို ထမင်းနဲ့ပေါင်းစပ်ပြီး တည်ခင်းရောင်းချပေးမှာပါ။ ခုလည်း မလေးရှားကို Santan Food Festival ပွဲတော်တက်ရောက်ဖို့အတွက် ကျွန်တော် သွားနေတာလည်း ဖြစ်ပါတယ်။

မသွားခင်ကတည်းက Santan ဆိုတာ ဘာလဲ အသည်းအသန် ဂူးဂဲလ် ရပါတယ်။ Satan ဆိုတဲ့ အဖြေကိုပဲ ပြတာများလို့ အတော်လေး စိတ်ရှုပ်ခဲ့ရသေးတယ်။ နောက်မှ Santan ဆိုတဲ့ အင်ဒိုစကားလုံးက အုန်းနို့ (Coconut Milk) ကို ကိုယ်စားပြုတယ်လို့ သိလိုက်ရတယ်။ ဒါဆို ဒီ Santan Food Festival ဆိုတာ အုန်းနို့ပါဝင်တဲ့ အစားအစာတွေကို ခင်းကျင်းမဲ့ ပွဲတော်လား စဉ်းစားမိသွားတယ်။

ကျွန်တော်တို့ အာရှသားတွေ အုန်းနို့ပါဝင်တဲ့ဟင်းလျာမျိုးစုံကို သူ့နိုင်ငံ သူ့ဒေသ အလိုက် တီထွင်ဖန်တီးချက်ပြုတ်စားသောက်တတ်ကြပါတယ်။ အာရှသားတွေ ခံတွင်းတွေ့တဲ့ အစားအစာမျိုးဖြစ်မယ်လို့ ထင်မိပါတယ်။ မလေးရှား၊ ကွာလာလမ်ပူလေဆိပ်နဲ့ မနီးမဝေးက Air Asia ရုံးခန်းဖြစ်တဲ့ Asia RedQ ခန်းမမှာ ကျင်းပခဲ့တဲ့ Santan Food Festival ကို ရောက်တော့ ပွဲစမဲ့အချိန်ထက် နာရီဝက်လောက်ပဲ စောတော့တယ်။ ခန်းမမှာ လူတွေက အပြည့်။ ဓါတ်ပုံကင်မရာမျိုးစုံ (ဖုန်းကင်မရာအပါအဝင်) နဲ့ ယောကျ်ား၊ မိန်းမ အရွယ်စုံတို့က နေရာစုံကနေ ဓါတ်ပုံတွေ ရိုက်နေကြ၊ စကားတွေပြောနေကြတာ ပွက်ပွက်ညံရောပဲ။ ပျော်ဖို့ကောင်းတယ်။

အဲ့ကျမှ သိရတာ ဒီပွဲတော်ကို မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း၊ အိန္ဒိယ၊ တရုတ်၊ ထိုင်ဝမ်၊ ဂျပန် နဲ့ တောင်ကိုးရီးယား နိုင်ငံတွေက စာနယ်ဇင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်ပေါ်က နာမည်ကျော်တွေ၊ Blogger တွေ၊ Food Reviewer တွေကို ဖိတ်ကြားခဲ့တယ်တဲ့။ ဒီခန်းမအတွင်းမှာ လူပေါင်း ၂၀၀ လောက် ရောက်နေပြီးတော့ တစ်ယောက်တစ်မျိုးဆီ Live လွှင့်နေတဲ့သူ၊ သတင်းဓါတ်ပုံ နဲ့ ဗီဒီယို ရိုက်ကူးနေတဲ့သူ၊ အမျိုးမျိုးကို တွေ့ရတယ်။ Live လွှင့်နေတဲ့သူအရေအတွက် သိသိသာသားများနေတာကလည်း ဒီဘက်နှစ်ရဲ့ မီဒီယာအပြောင်းအလဲတစ်ခုလို့ ကျွန်တော်တွေးမိသွားတယ်။


ကျွန်တော်တို့ မြန်မာပြည်ကနေလာတဲ့အဖွဲ့ထဲမှာလည်း Travel Blogger တွေ၊ သတင်းထောက်တွေ ၆ ဦးလောက် တက်ရောက်လာခဲ့ကြတာပါ။ ဒီပွဲတော်မှာ Booth အသေးလေး ၈ ခု နဲ့ နိုင်ငံပေါင်း (၇) နိုင်ငံ ကိုယ်စားပြုပြီး အစားအသောက်တွေကို ပြသပေးထားပါတယ်။ ကိုယ့်စိတ်ကြိုက် ဓါတ်ပုံဖန်တီးနိုင်ဖို့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကိုလည်း ဖန်တီးပေးထားတာက Social Media ပေါ်က နာမည်ကျော်တွေ အကြိုက်ပေါ့ဗျာ။ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုးရီယား၊ အိန္ဒိယ အစားအစာတွေကို ပြသပေးထားပြီး သက်ဆိုင်ရာ Booth အလိုက် နိုင်ငံကိုယ်စားပြု အပြင်အဆင်လေးတွေ နိုင်ငံကိုယ်စားပြုအသုံးအဆောင်တွေကို ဓါတ်ပုံလှလှရိုက်နိုင်အောင် ထည့်သွင်းဖန်တီးပေးထားတယ်။

ပွဲမစခင်ကတည်းက တက်ရောက်လာသူတွေ Register လုပ်တဲ့နေရာမှာ ထုတ်ပေးလိုက်တဲ့ ကူပွန်ကတ်ပြားလေးတွေ ရှိတယ်။ အဲ့ဒီ ကတ်ပြားလေးတွေကို သက်ဆိုင်ရာ Booth တွေမှာ ပြရင် သူတို့က ခင်းကျင်းပြသထားတဲ့ အစားအသောက်ကို မြည်းစမ်းနိုင်မဲ့ ပမာဏနဲ့ ဗူးလေးတွေ ထုတ်ပေးပါတယ်။ ပြီးတော့ လက်မှတ်ထိုးပေးတယ်။ ကူပွန်မှာ အကွက် ၉ ကွက်ပါဝင်တာမို့ ၃ ကွက် လက်မှတ်ရရင် အချိုပွဲအတွက် ကံစမ်းနိုင်မဲ့ လှည့်ဘီးကြီးကို သွားလှည့်ရတယ်။ အုန်းနို့ကျောက်ကျောပူတင်း၊ သရက်သီးကောက်ညှင်း စတဲ့ အချိုပွဲတွေကို ကံစမ်းရွေးချယ်နိုင်တယ်လေ။ Booth အသီးသီး မော်ဒယ်မမလှလှတွေ၊ ကိုကိုချောချောတွေ (လေယာဉ်မောင်မယ်တွေ ဖြစ်မယ်ထင်ပါရဲ့) က ဝန်ဆောင်မှုပေးနေပါတယ်။

Air Asia ရဲ့ Group CEO Tan Sri Tony Fernandes အပါအဝင် ၃ ဦးက စကားဝိုင်းပုံစံနဲ့ သူတို့ပေးချင်တဲ့ သတင်းစကားကို အားလုံးကို ရှင်းလင်း ပြောပြပါတယ်။ ပြီးတာနဲ့ အစားအသောက်မြည်းစမ်းကြရပါတယ်။ အစားအစာ မြည်းစမ်းနေတုန်းမှာ Air Asia X ရဲ့ လေယာဉ်မောင် တစ်ဦးဖြစ်တဲ့ Assraf Nasir ရဲ့ ကပြဖျော်ဖြေမှုကို ထည့်သွင်းပေးသွားပါတယ်။ သူ့အကြောင်းကို လာတဲ့ခရီးမှာ In-Fight မဂ္ဂဇင်းထဲ ဖတ်လိုက်ရပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်တွေမရှိချိန် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အပျော်သဘော ဗီဒီယိုတစ်ခုကို ဖန်တီးကြတဲ့အခါ Assraf Nasir က သူအရမ်းကြိုက်တဲ့ Britney Spears ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Toxic ထဲကအတိုင်း အားပါးတရ ကပြထားတာကို ရိုက်ကူးထားပြီး Social Media ပေါ်တင်လိုက်တဲ့အခါ မထင်မှတ်ဘဲ ကြည့်ရှုသူအရေအတွက် အရမ်းများပြားသွားခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ကပြမှုမျိုးကို ကပြသွားတဲ့အတွက် လူတွေက သဘောကျခဲ့ကြသလို Toxic Music Video မှာလည်း Britney Spears က လေယာဉ်မယ်တစ်ဦးအနေနဲ့ လေယာဉ်ပေါ်မှာ ဝန်ဆောင်မှုပေးတဲ့ ပြကွက်တွေ ပါဝင်သွားလို့ အားလုံးတိုက်ဆိုင်သွားပြီး လူတွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့သူ ဖြစ်သွားပါတယ်။ CEO ကိုယ်တိုင်က ချီးကျူးရလောက်အောင် ဖြစ်ခဲ့တာမို့ Assraf Nasir ကိုယ်တိုင်လည်း အံ့သြဝမ်းသာခဲ့ရတယ်လို့ သူ့အင်တာဗျူးထဲ ဖတ်လိုက်ရတယ်။ ဒါဟာ Air Asia အတွက်လည်း Marketing ကောင်းတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။ သူ့ဗီဒီယိုကို ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ်။

CNN, BBC တို့လို သတင်းဌာနကြီးတွေနဲ့ YouTube, 9GAG တို့လို ကြီးမားတဲ့ Social Media ကွန်ရက်တွေပေါ်မှာပါ ကြည့်ရှုသူနဲ့ ဝေမျှသူ သန်းချီပြီး ရှိခဲ့တာဖြစ်ပြီး ဒီနေ့မှာ အကအဖွဲ့နဲ့အတူ သူကိုယ်တိုင် လာရောက်ကပြ ဖျော်ဖြေခဲ့ပါတယ်။ ဒီ Toxic သီချင်းနဲ့ပဲ ဖြစ်ပါတယ်။

Air Asia Group CEO Tan Sri Tony Fernandes နဲ့ နိုင်ငံအလိုက် အင်တာဗျူးအစီအစဉ်

အခမ်းအနားအပြီးမှာ Air Asia ရဲ့ Group CEO ဖြစ်တဲ့ Tan Sri Tony Fernandes နဲ့ နိုင်ငံအလိုက် တွေ့ဆုံ မေးမြန်းခွင့်လည်း ရခဲ့ကြပါတယ်။ နောက်တစ်နေ့ ရန်ကုန်ကို ပြန်တဲ့အချိန်မှာ ကျွန်တော်လည်း လက်တွေ့ မှာစားဖြစ်ခဲ့တယ်။ ကြိုမှာမယ်ဆိုရင် အထူးနှုန်းရှိပြီး ဦးဦးဖျားဖျားလည်း တည်ခင်းကျွေးမွေးတဲ့ ဒီ Santan Food Menu ကို ကျွန်တော်က ကြိုတင်မမှာထားမိလို့ ၁၅ ရင်းဂစ်ပေးရပါတယ်။ Nasi Lemak မှာစားဖြစ်ပါတယ်။ သဘောကျတာလေးတွေက ဗူးအပေါ်မှာ ပါဝင်တဲ့ ပစ္စည်းစာရင်း ပါဝင်တာရယ်၊ ဓါတ်မတည့်ဖြစ်တတ်သူတွေ သတိပြုနိုင်ဖို့ ဓါတ်မတည့်မှု ဖြစ်နိုင်တဲ့ ပါဝင်ပစ္စည်းစာရင်းသီးသန့် ထပ်မံဖော်ပြပေးတာရယ်၊ ကယ်လိုရီတို့ အဆီတို့ ပါဝင်နှုန်းတွေကို ဖော်ပြပေးတာရယ်ကို အတော်လေး သဘောကျမိတယ်။ ပုံနဲ့ အပြင် နည်းနည်းကွာနေတာတော့ သိပ်သဘောမကျလှဘူး။ စားရတဲ့ အရသာကတော့ မြေပြင်မှာ စားရတာလိုမျိုးမဟုတ်ပေမဲ့ လေယာဉ်ပေါ်မှာ စားရတဲ့ အစားအစာအနေနဲ့ဆိုရင် သင့်တင့်ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ Menu ထဲမှာတော့ မြန်မာအစားအစာ မပါဝင်သေးလို့ ပါဝင်စေချင်တဲ့အကြောင်း တိုက်တွန်းမိခဲ့ပါတယ်။

ခရီးစဉ်လေးက ရက်တိုပေမဲ့ ဒီကနေ သွားခဲ့ရတဲ့ မီဒီယာနဲ့ Blogger မိတ်ဆွေတွေရဲ့ ချစ်ခင်စရာကောင်းတဲ့ အပြုအမူတွေကြောင့် ပင်ပန်းတယ် မခံစားရဘဲ အတွေ့အကြုံသစ်၊ မိတ်ဆွေသစ်တွေနဲ့ ပျော်စရာခရီးစဉ်လေး ဖြစ်ခဲ့တာတော့ အမှန်ပါပဲဗျာ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


54 views0 comments
bottom of page