ပင်လောင်းက နှစ်ပေါင်း ၁၀၆ နှစ် ရှိတဲ့ ဟော်နန်းတော့ ပြိုကျပျက်စီးသွားရှာပြီ...
ဒီနေ့ ၁၉ မေလ ၂၀၂၀ နေ့လည်ခန့်က ပြိုကျခဲ့ပြီး အရင်ကတည်းကလည်း လူနေထိုင်မှုမရှိတဲ့အပြင် ခရီးသွားလည်ပတ်ခွင့်မရှိတဲ့ကာလမို့ အထိအခိုက်မရှိဘူးလို့ ကြားသိရပါတယ်။ ၂၀၁၆ ခုနှစ် မေလတုန်းက မိုးသက်လေပြင်းကြောင့် အစိတ်အပိုင်းအတော်များများ ပြိုကျပျက်စီးခဲ့ဖူးပါတယ်။ ဟော်ဦးဘုရားခန်းတစ်ခန်း (ညီလာခံခန်းလို့လည်း ခေါ်တယ်) ပဲ ကျန်ခဲ့တာဖြစ်ပါတယ်။ ဒါတောင် အဲ့ဒီနှစ်က နှစ်ရက်ဆက်တိုက် လေကြီးမိုးထန်လို့ နောက်တစ်ရက်မှာပဲ ဘုရားခန်းလည်း ကြမ်းကျွံခဲ့တယ်လို့ သိရပါတယ်။ ခုတစ်ခေါက်တော့ ကျန်နေတဲ့ အပိုင်းအကုန် လုံးဝ ပျက်စီးသွားတာပါ။ ဒီဟော်နန်းဟာ ရှမ်းစော်ဘွားနယ်မြေ ၃၄ ခုမှာ ပါဝင်တဲ့ ပင်လောင်းစော်ဘွား နောက်ဆုံးမင်းဆက်ဖြစ်တဲ့ စော်ဘွားကြီး စဝ်မိုးကျော် နေထိုင်စံမြန်းခဲ့တဲ့ ဟော် ဖြစ်ပါတယ်။
ကျွန်တော် ရောက်ခဲ့တုန်းကတည်းက ဘာကြောင့် မပြင်ဆင်လဲလို့ ဒေသခံဧည့်လမ်းညွှန် ကိုခွန် ကို မေးဖြစ်တယ်။ ခုလို ပြိုကျပြီဆိုတဲ့ သတင်းစကားတွေ တက်လာပြီဆိုတာနဲ့ သေချာတယ် ပြောကြဆိုကြတော့မှာ... ဘာကြောင့် မထိန်းသိမ်းသလဲ ပေါ့... ကျွန်တော် မေးခဲ့သလိုပဲ...
ပင်လောင်းဟော်နန်း ဟာ ထူးခြားမှုတွေ ရှိနေသလား တွေးစရာပါ
မြို့ရဲ့ ခရီးသွားစွဲဆောင်မှုရှိတဲ့နေရာကို မထိန်းသိမ်းရကောင်းမှန်း မသိတာတော့ မဖြစ်တန်ဘူး။ ရှမ်းပြည်စော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ မြို့တော်တော်များများက ဟော်နန်းတွေကို ထိန်းသိမ်းနိုင်သမျှ ထိန်းသိမ်းထားကြတာမို့ ပင်လောင်းတစ်ခုတည်းမှ ကွက်ပြီး မထိန်းသိမ်းမပြုပြင်တာတော့ မဟုတ်တန်ဘူးလေ။
မြို့ထဲ ဘယ်သူ့မေးမေး မေးလို့ရတဲ့ ပင်လောင်းဟော်နန်း ဆီကို မဖြစ်မနေတော့ လည်ပတ်လေ့လာသင့်တယ်လို့ ကျွန်တော် ရေးဖူးခဲ့တယ်။ ဒါပေမဲ့ သွားလည်သူတွေကို သတိပေးချက်လေးလည်း သေချာထည့်ရေးခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ကတည်းက ဟော်နန်းက ရှေ့တစ်ပိုင်းလည်း ပျက်စီးသွားပြီး နောက်အပိုင်း ယိုင်နဲ့နဲ့ သစ်သားဆောင်ကြီးပဲ ကျန်တော့တာပါ။ အနီးမှာ ဆွေတော်မျိုးတော် တချို့က သီးသန့် အဆောက်အဦးလေးနဲ့ နေထိုင်ကြပါတယ်။ အပေါ်ထပ် တက်လေ့လာလို့ရပေမဲ့ ဖိနပ်နဲ့ တက်ရောက်တာမျိုး၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုတာ၊ မလေးမစားပြုမူသလို ဖြစ်တာမျိုး မလုပ်မိစေဖို့ သတိပေး ရေးဖူးတယ်။ ဒီဟော်နန်း မှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ ရှိနေပါတယ်။ ရှေ့မှာလည်း တချို့ ဝင်ပူးသလို အဖြစ်အပျက်တွေကြောင့် အတော်ရှင်းယူခဲ့ကြရပါတယ်။ ကျွန်တော် တို့ သွားတဲ့အချိန်မှာလည်း အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ ထူးခြားတဲ့ အမွှေးနံ့ တစ်ခု ရတာ ပြန်ပြောရင်းတောင် ကြက်သီးထရပါတယ်။ အပေါ်ထပ်ကို တက်ဖို့တောင် မဝံ့တော့ပါဘူး။ အဲ့ဒါကြောင့် မရိုမသေ မလုပ်မိဖို့ သတိပေးခဲ့တာပါ။ တစ်ခေတ်က ကြီးကျယ်ခမ်းနားခဲ့တဲ့ နန်းဆောင်ကြီးပေမဲ့ ဝတ္ထုဇာတ်လမ်းထက် ဆန်းပြားတဲ့ ဇာတ်လမ်းရှိခဲ့တဲ့ ဒီဟော်နန်းဟာ အလွမ်းဓါတ်ခံ ရှိသူတွေအတွက် မျက်ရည်ဝဲစရာနေရာ ဖြစ်မှာပါ။ ပင်လောင်းဟော်နန်းက အလျားပေ ၁၂၀ နဲ့ အနံ ၇၀ ပေခန့်ရှိတဲ့ နှစ်ထပ် အဆောက်အဦးပါ။ သစ်သားနဲ့တည်ဆောက်ထားပြီး အနီးမှာလည်း ဒီနေ့အထိ ပင်လောင်းစော်ဘွား၏ အမွေခံသားသမီးများ နေထိုင်လျက်ရှိပါတယ်။
ပင်လောင်းဟော်နန်း သမိုင်းအကျဉ်း
ဒီဟော်နန်းရဲ့ သက်တမ်းက ၁၀၆ နှစ်ပဲ ရှိပါသေးတယ်။ ဒီဟော်နန်းကို ပန္နပ်ချတဲ့ရက်နဲ့ ဟော်နန်းတဲ့မဝေးတဲ့နေရာနားက ပျားတောင်ပန္နပ်ချတဲ့ရက်က တစ်ရက်တည်း ဖြစ်နေတဲ့အတွက် ဒေသခံတွေရဲ့ မှတ်သားထားချက်အရ ၁၀၆ နှစ်သက်တမ်းရှိပြီလို့ သိရပါတယ်။ စပြီးဆောက်ခဲ့သူက စော်ဘွားကြီး စဝ်ခွန်ခမ်းချုပ် ဖြစ်ပါတယ်။ ဒီဟော်နန်း မဆောက်ခင်ကတော့ မြို့စားဘဝမှာ ရိုးရိုးအိမ်ပုံစံ သူတစ်ဆောင် ငါတစ်ဆောင်နဲ့ပဲ နေခဲ့ကြတာဖြစ်ပြီး စော်ဘွားရာထူးရလာတဲ့အခါမှာ ဒီဟော်နန်းကို ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဟော်နန်း ဆောက်စဉ်ခါက စော်ဘွားဟာ ကလေးအရွယ်ပဲ ရှိပါသေးတယ်။ စော်ဘွားရာထူးကို ရနေပေမဲ့ အသက်မပြည့်သေးသလို ပညာလည်းမစုံသေးချိန်မို့ သူ့ရဲ့ ဦးရီးတော်တစ်ယောက်က ကိုယ်စား ထိန်းသိမ်းအုပ်ချုပ်ခဲ့ပါတယ်။ စဝ်ခွန်ခမ်းချုပ် ဟာ နောက်ဆုံး ပင်လောင်းစော်ဘွားကြီး စဝ်မိုးကျော် ရဲ့ အဖေ ပါ။ စော်ဘွားကြီး စဝ်ခွန်ခမ်းချုပ် လက်ထက်မှာတော့ ပြည်သူတွေအပေါ် ကြည့်ရှုစောင့်ရှောက်လို့ နာမည်ကျော်ကြားခဲ့တယ်လို့ ဆိုပါတယ်။ မဟာဒေဝီတစ်ဦးတည်းရှိပြီး စဝ်မိုးကျော်ကို မွေးဖွားသန့်စင်ခဲ့ပါတယ်။ စဝ်မိုးကျော်လက်ထက်မှာတော့ အမျိုးသမီး နှစ်ဦးနဲ့ အကြောင်းပါခဲ့ပြီး ပထမ မဟာဒေဝီ နဲ့ သားတစ်ဦး ထွန်းကားကာ နောက်တစ်ဦးနဲ့ သားသမီး ၅ ဦး ထွန်းကားခဲ့ပါတယ်။ စော်ဘွားကြီး စဝ်မိုးကျော် လက်ထက်မှာတော့ ကံအကြောင်းမလှစွာပဲ ဦးနေဝင်း ခေတ်ကာလ ရောက်လို့ စော်ဘွားအာဏာ ပြန်လည် အသိမ်းခံရသလို၊ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ ထောင်က လွတ်လာပြီး လပိုင်းအကြာမှာပဲ ကွယ်လွန်အနိစ္စရောက်သွားခဲ့ရပါတယ်။ ဟော်နန်းကတော့ စော်ဘွားကြီး ဖမ်းဆီးထိန်းသိမ်းခံရစဉ် ကာလတလျှောက် မိသားစုများ နေထိုင်ခဲ့ကြပေမဲ့ စော်ဘွားကြီး လွန်သွားချိန် တဖြည်းဖြည်းလည်း ယိုယွင်းလာကာ ထိန်းသိမ်းပြုပြင်ဖို့ရာမှာလည်း စီးပွားကလည်း ချွတ်ခြုံကျလာတဲ့အတွက် မထိန်းသိမ်းနိုင် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
အစောင့်အရှောက်ကြီးတယ်ဆိုတဲ့ ဟော်နန်း
ရှေ့မှာ ကျွန်တော်ပြောခဲ့သလို ဧည့်သည်တွေ မရိုမသေလုပ်တာ၊ ဖိနပ်စီးတက်တာမျိုး လုပ်ရင် ဝင်ပူးတာမျိုးလုပ်တတ်ပြီး၊ အရိပ်အရောင်ပြတာမျိုး လူအရိပ်တွေ့တာမျိုးလည်း ရှိတတ်တယ်လို့ ဆိုပါတယ်။ လက်ရှိစောင့်ရှောက်နေတဲ့ အစောင့်အရှောက်ဟာ ကယန်းလထာ ဆိုတဲ့ မျိုးနွယ်စုလို့ သိရတယ်။ ပအို့ဝ်ဝတ်စုံနဲ့ပုံစံတူပြီး အဖြူရောင် ဖြစ်တယ်လို့ သိရပါသေးတယ်။ ပင်လောင်းမြို့ရဲ့ မြို့တည်ထောင်တဲ့ ရာဇဝင်ကစလို့ ကယန်းလထာ လူမျိုးစုဟာ အရေးပါခဲ့တယ်လို့ မှတ်ရပါတယ်။
တကယ်ဟုတ်၏ မဟုတ်၏ တော့ သက်ဆိုင်သူတွေ အသိ ဖြစ်ပါလိမ့်မယ်။ မရိုမသေလုပ်ပြီး တက်ခဲ့ကြတဲ့ လူငယ်တချို့ ထိတ်လန့်စရာတွေ ကြုံဆုံဖူးခဲ့ကြသလို၊ ထိန်းသိမ်းပြုပြင်မယ်လုပ်တိုင်းလည်း အကြောင်းအမျိုးမျိုးနဲ့ ပျက်ယွင်းသွားရတယ်လို့လည်း အရပ်စကား ကြားခဲ့ဖူးလေတော့ ဒီ ပင်လောင်းဟော်နန်းရဲ့ ထူးခြားမှုကို ခုလို ပြိုကျသွားခဲ့ချိန်မှာ စိတ်မကောင်းစွာနဲ့ သတိရမိသွားတယ်။ ပြုပြင်ဖို့ ကမ်းလှမ်းခဲ့တာတွေလည်းများသလို၊ နှစ်ရှည်စာချုပ်နဲ့ ငှားရမ်းပြီး ပြန်ပြုပေးမယ်ဆိုတာမျိုး ရှိခဲ့ပေမဲ့ သဘောတူခဲ့တာတောင် ဘာရယ်မှန်းမသိ အကြောင်းအမျိုးမျိုးနဲ့ ပျက်တယ်။ ရပ်ခံရွာခံ လူငယ်တွေ ပြုပြင်ဖို့ ဆိုလည်း အကြောင်းကြောင်းနဲ့ ပျက်ခဲ့တာချည်းပဲ ဖြစ်နေတာကလည်း ထူးခြားမှုတစ်ခုပါ။ ကြားရတာတော့ ဒီဟော်နန်းကြီးဟာ ဘယ်သူပြုပြင်မယ်ဆိုဆို လုံးဝ ပြုပြင်နိုင်မှာ မဟုတ်ဘဲ လုံးဝ မြေခပြီးမှပဲ ပြန်လည် ပြုပြင်ခွင့်ရမယ် ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားဟာ အမှန်ဖြစ်နေမလားပါပဲ။ ခုလည်း သိရသလောက် ကပ်ရောဂါကာလ အလွန်ကြမှ မြို့ခံတွေ၊ ရှမ်းတိုင်းရင်းသားတွေ ဒီဟော်နန်းကို ပြန်လည် ပြုပြင်ဖို့ ဆွေးနွေးဖွယ်ရှိတယ်လို့ သိရတယ်။ တကယ်တမ်းသာ ပြင်မယ်ဆိုရင် သိန်း သောင်းဂဏန်းအထိ ကုန်ကျနိုင်ချေရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ခုလက်ရှိတော့ အခြေခံ အုတ်ရိုးလေးတွေကို မူလအတိုင်း ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။
ဟော်နန်းကြီးမှာ အကယ်လို့များ အကြောင်းတစုံတရာ ရှိနေခဲ့မယ်ဆိုရင် အခု ငြိမ်းချမ်းခြင်းတွေ ဖြစ်ပါစေလို့ ဆန္ဒပြုမိတယ်။
ပင်လောင်းရဲ့ အထင်ကရ လည်ပတ်စရာနေရာတစ်ခု ပျက်စီးသွားခြင်းအတွက် ပင်လောင်းမြို့လေးကို ချစ်တဲ့ ခရီးသွားတစ်ယောက်အနေနဲ့ စိတ်မကောင်းစွာနဲ့ပဲ ဝေမျှလိုက်ရပါတယ်ခင်ဗျာ။ ပင်လောင်းဟော်နန်းနဲ့ ပတ်သက်တဲ့ သမိုင်းအချက်အလက်တွေကို ချက်ချင်း ပြောပြပေးတဲ့ ညီလေး စိုင်းခွန်မှိုင်းခမ်း နဲ့ ဒေသခံလမ်းညွှန် ကိုခွန်လွန် တို့ကို ကျေးဇူးအထူးတင်ပါတယ်။
ပုံထဲမှာ ဒီနေ့ ပြိုပျက်သွားပုံတွေနဲ့ အရင် ကျွန်တော်ရောက်ခဲ့စဉ်က မပြိုပျက်မီ ပုံတွေကို အမှတ်တရ ပြန်လည် ဖော်ပြထားပါတယ်ခင်ဗျာ။
ချစ်ခြင်းတွေနဲ့
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Nay Myo, Khun Lunsein
Comentários