ဘားအံရောက်ရင် ဖားပုတောင် တက်မယ်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ဘားအံရောက်ရင် ဖားပုတောင် တက်မယ်

ဘားအံ က “ဖားပုတောင်” ဆိုတာ...

တောင်မြင့်မြင့်ကြီး တက်ဖို့လည်း စိတ်မကူးရဲပေမဲ့ တောင်ကလည်းတက်ချင်...

ရှုခင်းကောင်းကောင်း မြင်ချင်သူတွေအတွက် သိပ်သင့်လျော်တဲ့ တောင်ပါ။

ကျွန်တော်ရဲ့ ဒီတစ်ခါ ကရင်ပြည်နယ်ဘက် ခရီးစဉ်မှာတော့ လူတက်များတဲ့တောင်တွေကို ရှောင်တက်ဖြစ်ခဲ့ပါတယ်။ ဇွဲကပင်၊ တောင်ဝိုင်း စတဲ့ တောင်တွေကို ကြိတ်ကြိတ်တိုး တက်နေကြတာမို့ လူစုလူဝေးကြောက်တဲ့ကျွန်တော်က လူသွားနည်းတဲ့ တောင်တချို့ကို ရှာတက်ဖြစ်တယ်။ ကြာအင်းတောင် ကလည်း အပေါ်အတော်မြင့်မြင့်ထိ ကားလမ်းပေါက်ပြီးသားမို့ အဲ့လိုမျိုးလည်း မတက်ချင်၊ ကိုယ်တိုင် ကြိုးစားပမ်းစားတက်ပြီး တောင်ပေါ်ကမြင်ရတဲ့ မြင်ကွင်းလည်း မြင်ချင်တဲ့ ကျွန်တော့်ကို ဘားအံရဲ့ စွန့်စားခရီးသွားဝန်ဆောင်မှုပေးတဲ့ HpaAnCom က ဖားပုတောင် တက်ဖို့ အကြံပေးခဲ့လို့ ဖားပုတောင် တက်ကြည့်ခဲ့ပါတယ်။


စာလုံးပေါင်းအမျိုးမျိုးနဲ့ ဖားပုတောင်

ဟုတ်ပါတယ်။ ဖားပုတောင် ကို ဘားဘု၊ ဘားပု စသဖြင့် အမျိုးမျိုး စာလုံးပေါင်းရေးကြပါတယ်။ ခုနောက်ပိုင်း ဖားပုအနေနဲ့ သုံးနှုန်းလာကြပါတယ်။


ဖားပုတောင် ကို ဘယ်လိုသွားလဲ

ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးရွေးသွားလို့ရတယ်။ မိုးကြီးရင်တော့ လှေထက် ကားနဲ့သွားတာ ပိုသင့်လျော်ပါတယ်။ တောင်ခြေလောက်အထိ ကားသွားလို့ရပြီး လမ်းကလည်း ကွန်ကရစ်လမ်းမို့ အဆင်ပြေတယ်။ ဘားအံကနေတော့ မိနစ် ၂၀ ကနေ နာရီဝက် လောက် ကားနဲ့သွားရပါမယ်။ လှေနဲ့ဆိုရင်တော့ ရွှေရင်မျှော်စေတီနားက လှေဆိပ်ကနေ လှေနဲ့ တောင်ခြေက ရွာအထိ စီးသွားရုံပဲ။ အချိန်အားဖြင့်တော့ ၅ - ၇ မိနစ်လောက်ပဲ ကြာလို့ ကျွန်တော်ကတော့ လှေနဲ့ သွားဖြစ်ခဲ့ပါတယ်။ သွားတဲ့အချိန် မိုးမရွာတာလည်း ပါတာပေါ့လေ။ ဖားပုရွာကလှေဆိပ်ကနေ တောင်ခြေကို ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါပြီ။ ကိုယ့်ဘာသာကိုယ် မစီစဉ်ချင်ဘူးဆိုရင်လည်း ဟိုတယ် ထိလာခေါ်ပေး၊ ဖားပုတောင်တက်ခရီးနဲ့ အခြား စိတ်ဝင်စားဖွယ်တွေ စီစဉ်ထားတဲ့ ခရီးစဉ်အတွက် HpaAnCom ဆိုတဲ့ page ကနေ ဆက်သွယ်လို့ စုံစမ်းနိုင်ပါတယ်။

အရင်က တောင်တက်ဖို့အတွက် တောင်ကို ပတ်ပြီး သွားရတယ် အခုတော့ တောင်ကိုဖြိုပြီး လမ်းဖောက်ထားပြီ

ဖားပုတောင် က တက်လို့မောလား

ဇွဲကပင်၊ တောင်ဝိုင်းတို့လို မမြင့်တဲ့အတွက် သာမန်အနေအထားလို့ ဆိုနိုင်ပါတယ်။ သက်လုံကတော့ ကောင်းရင် အကောင်းဆုံးပါ။ တောင်တက်မဲ့သူတွေ လိုက်နာရမဲ့ အားအင်ပြည့်ဝနေဖို့တို့၊ အိပ်ချိန်လုံလောက် အိပ်ရေးဝဖို့တို့လိုမျိုးတော့ အထူးလိုအပ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့အရဆိုရင် ထန်ကုန် မိနစ် ၂၀ လောက်ပဲ တက်ရမဲ့ ဒီတောင်ထွတ်လေးကို အတော်ကြီး မောဟိုက်ခဲ့ရပါတယ်။ အကြောင်းက အိပ်ရေးပျက် ပင်ပန်းအားနည်းထားတဲ့အပြင် တောင်မတက်ခင်ညဘက် အိပ်ချိန်မပြည့်တာကြောင့် အန်ယူရတဲ့အထိ မောဟိုက်ခဲ့ပါတယ်။ အန်ပြီးတော့လည်း ချက်ချင်းပြန်ကောင်းသွားသလို အဆင်ပြေသွားပြန်တယ်။ တက်ဖို့ မမြင့်ဘူး၊ မတ်တော့ မတ်တယ်။ လိုအပ်တဲ့ သက်လုံနဲ့ အိပ်ချိန်ပြည့်ဝမှု စတာလေးတော့ လိုအပ်ပါတယ်။ တက်ရတာက အုတ်လှေကားလေးတွေပါ။ လှေကားအပြားလေးတွေ ကျဉ်းလို့ အတက်မှာ မသိသာပေမဲ့ အဆင်းမှာ ချော်နိုင်တဲ့အတွက် သတိထားရပါမယ်။ ဒူးကောင်းဖို့ လိုအပ်ပါတယ်။


ဖားပုတောင်ကို တက်လို့ အကောင်းဆုံးအချိန်

မနက်စောစော နေထွက်ချိန် နဲ့ နေဝင်ချိန်တွေ အတော်လှပါတယ်။ တောင်ထိပ်မှာ ၃၆၀ နီးပါးလောက် မြင်ကွင်းမြင်ကြရတာမို့ နေဝင်ချိန်ရော နေထွက်ချိန်ရော အဆင်ပြေပါတယ်။ မနက်စောစောဆို ၅ နာရီ၊ ၆ နာရီလောက် ထွက်ပြီး နေထွက်ချိန် ကြည့်တတ်ကြပါတယ်။ တိမ်ပင်လယ်မျိုးလည်း မြင်တွေ့ရတတ်ပါတယ်။


ဖားပုတောင်ရဲ့ မြင်ကွင်းက လှရဲ့လား

ဇွဲကပင်၊ တောင်ဝိုင်း၊ ကြာအင်း တို့လိုပဲ သူ့မှာလည်း သူ့အားသာချက်နဲ့သူပါပဲ။ ဖားပုတောင်ရဲ့ မြင်ကွင်းကလည်း တစ်မျိုးတစ်ဘာသာ လှပါတယ်။ သံလွင်မြစ်ကြီးရဲ့ အလှကိုပါ ထင်ထင်ရှားရှားမြင်ရသလို၊ ဇွဲကပင်၊ ကြာအင်း၊ မိဇံ စတဲ့ ဝန်းကျင်က အခြားတောင်တွေရဲ့ အလှပါ မြင်တွေ့နိုင်သေးတာပါ။ ဘားအံမြို့မြင်ကွင်းကို သေချာမြင်တွေ့နိုင်တဲ့နေရာလို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီတောင်လေးကို တက်ရတာလည်း အတော် အရသာတွေ့ပါတယ်။

ဖားပုတောင်ခြေက ဘုရားတွေ

ဘားအံဝန်းကျင်မှာ တောင်တက်တာတွေ ခေတ်စားလာချိန်၊ အများနဲ့မတူဘဲ၊ တောင်တက်ချိန်လည်း သိပ်မကြာ၊ ရှုခင်းအားဖြင့်လည်း အတော်စိတ်ဝင်စားစရာ ဖြစ်စေတဲ့ ဖားပုတောင်ဟာလည်း ခရီးသွားတွေအတွက် သိပ်ကို စိတ်ဝင်စားစရာ ဖြစ်လာစေဦးမှာ သေချာတယ်လို့ပဲ ဆိုပါရစေခင်ဗျာ။ ခရီးစဉ်လေးကို ပျော်ပျော်ရွှင်ရွှင်သွားလာနိုင်စေဖို့ အမျိုးမျိုးကူညီပေးကြတဲ့ Local Guide ကိုအောင်ကိုကိုဦး (HpaAnCom)၊ ကိုအာကာထွဋ် (နေဝန်းနီ Mobile - ကြာအင်းဆိပ်ကြီး)၊ ကိုနေမျိုး (Telecom Mobile - ဘားအံ) တို့ကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။


အားလုံး အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Aung Ko Ko Oo

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

289 views0 comments
bottom of page