အချစ်မြို့တော် ပဲရစ်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

အချစ်မြို့တော် ပဲရစ်

Bonjour Paris!

ငယ်ငယ်က ကြိုက်ခဲ့ရဖူးတဲ့ ဦးညီထွဋ် ရဲ့ သီချင်းလို “ပဲရစ်မြို့နဲ့ မင်းလေးကို မလဲနိုင်ဘူး” လို့ ချစ်ကြည်နူးစရာ စကားဆိုဖို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဟာ အရမ်း Romantic ဖြစ်လွန်းပါတယ်။ နေရာတကာ အချစ်ရဲ့ အငွေ့အသက်လေးတွေ ခြုံလွှမ်းနေတယ်လို့ တင်စားရလောက်အောင် ကဗျာဆန်နူးညံ့နေတယ်ပဲ ဆိုချင်ပါတယ်။ ကမ္ဘာကျော်ရေမွှေးတွေ နဲ့ နာမည်ရလာတဲ့ ပြင်သစ်ရဲ့ မြို့တော် ပဲရစ် ဟာ ဥရောပကို ခရီးဆန့်ချင်သူတွေရဲ့အိပ်မက်ထဲက မြို့တော်လေးပါ။ ကျွန်တော်လည်း ပဲရစ်ကို အိပ်မက်ခဏခဏ မက်ဖြစ်တယ်။ ရောက်ဖူးချင်လိုက်တာပေါ့။ အချစ်မြို့တော်၊ ရေမွှေးမြို့တော်၊ ဖက်ရှင်မြို့တော် စသဖြင့် တင်စားလို့ မကုန်နိုင်တဲ့ ဒီမြို့လေးကို ခရီးသွားတွေ ဘာလို့ သွားချင်နေရလဲဆိုတဲ့အကြောင်းပြချက်တွေ ရှိနေတယ်။ အဲ့ဒီနေရာလေးတွေကို ကျွန်တော် ခေါ်ဆောင်သွားပါရစေ။


လ - လေယာဉ်ကြီး ပျော်ပျော်စီး

ပဲရစ်ကို ကျွန်တော်တို့ မြန်မာပြည်ကနေ သွားမယ်ဆိုရင် Emirates, Qatar, Thai Airways, Vietnam Airlines တွေနဲ့ တစ်ဆင့်ခံပြီး သွားလာနိုင်ပါတယ်။ တခြားလေကြောင်းလိုင်းတွေလည်း ရှိပါသေးတယ်။ တစ်ဆင့်ခံ၊ နှစ်ဆင့်ခံ စသဖြင့် သွားကြရမှာပါ။ Emirates, Qatar နဲ့ Vietnam Airlines တွေက ဒိုဟာမြို့မှာ တဆင့်ခံပြီး ပျံသန်းကြပါတယ်။ Vietnam စီးလာရင်တော့ Air France နဲ့ နောက်တစ်ဆင့် စီးရမှာပါ။ Emirates, Qatar နဲ့ Thai Airways တွေကတော့ သူတို့လေယာဉ်တွေပဲ ပြန်စီးလို့ရပါတယ်။ Thai Airways နဲ့ဆိုရင်တော့ ဘန်ကောက် ကနေ စီးရမှာ ဖြစ်ပါတယ်။ စဆွဲတာ မကြာသေးဘူးလို့ သိရပါတယ်။ ကျွန်တော် သွားတုန်းကတော့ Qatar နဲ့ သွားခဲ့တာပါ။ လေယာဉ်ချိန်အားဖြင့် ရန်ကုန် ကနေ ဒိုဟာ ကို ၇ နာရီ နဲ့ ဒိုဟာမှာ ၄ နာရီ နားပြီး ဒိုဟာကနေ ပဲရစ် ကို ၇ နာရီ ထပ်စီးရပါတယ်။ ဆက်တိုက်လေယာဉ်ချိန်ကြီးပဲဆို ၁၄ နာရီခရီး ဖြစ်မှာပါ။


လည်ပတ်စရာ မကုန်တဲ့ အချစ်မြို့တော်

01 :: Eiffel Tower

ပြင်သစ်ရောက်တာရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်သလို ပဲရစ်မြို့ရဲ့အထိမ်းအမှတ် အမှတ်အသားတစ်ခုလည်း ဖြစ်တဲ့ အိုင်ဖယ်လ်တာဝါ (အီဖယ်လ်တာဝါ) ကို မဖြစ်မနေ သွားလည်ကြရမှာပါ။ ဒီမျှော်စင်ကြီးက အမြင့် မီတာ ၃၀၀ ရှိပြီး သံမဏိတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရာသီ ၃ ပါးစလုံး လှပနေတတ်ပြီး တာဝါပေါ်မှာ ရှုခင်းကြည့်ရင်း စားသောက်နိုင်တဲ့ စားသောက်ဆိုင်တွေ၊ ရုံးခန်းတွေ ရှိပါတယ်။ ဒီအပေါ်ကိုလည်း အချိန်ပေးနိုင်ရင် သေချာ တက်ကြည့်လေ့လာသင့်ပါတယ်။ တန်းစီလက်မှတ်ဝယ်ရတာ၊ အပေါ်ကို တစ်သုတ်ချင်းတက်ရတာတွေကြောင့် ရက်နည်းနည်းနဲ့လာတဲ့ အချို့ Tour အစီအစဉ်တွေမှာ တက်လေ့ မရှိကြပါဘူး အချိန်အားဖြင့် ၂ နာရီဝန်းကျင်လောက် ပုပ်မဲ့ သဘောရှိလို့ အခြားမှာ အချိန်ပေးဖို့အတွက်ဖြစ်ပါတယ်။ ဒီတာဝါကိုပဲ မြို့ရဲ့အဘက်ဘက် မြင်ရလို့ ကိုယ်စိတ်ကူးရှိသလို ဓါတ်ပုံရိုက် ပုံဖော်ကြပါတယ်။ အကြောင်းက သူ့ကို မြင်သာတဲ့နေရာတိုင်းမှာ ခရီးသွားလူအုပ်ကြီး ရှိနေလို့ ဓါတ်ပုံရိုက်ကူးရ အဆင်မပြေလို့ ဖြစ်ပါတယ်။ ကျွန်တော့မိတ်ဆွေတစ်ဦးကတော့ တာဝါရဲ့ အနောက်ဘက်တည့်တည့်ကို လျှောက်ရင် မူကြိုကျောင်းတစ်ခု ရှိတယ်။ အဲ့ဒီနားက ဂျပန်ပြတိုက်ရဲ့အပေါ်ကနေဆို မျှော်စင်ကို ရိုက်ရင် အတော်လှတယ် ဆိုပါတယ်။ လူသိပ်မသိသေးတဲ့နေရာပေါ့။ အဲ့ဒီပြတိုက်ကနေ တည့်တည့်ဆင်းလာရင်လည်း ပန်းခြံတွေ့မယ်။ အဲ့ဒီပန်းခြံထဲကနေ ရိုက်လို့ရပါသေးတယ်။ ကျွန်တော်တို့က ရင်ပြင်တစ်ခုကို သွားခဲ့ပြီး အဲ့ဒီနေရာကနေ ရိုက်ပါတယ်။ ခက်တာက ခရီးသွားတွေအတွက် လုပ်ထားတာမို့ လူလည်းအရမ်းရှုပ်ပါတယ်။ ရှေ့နည်းနည်းဆက်တိုးပြီး အောက်ဆင်းတဲ့ လှေကားမှာ သွားရိုက်တာက ပိုအဆင်ပြေတတ်ပါတယ်။ ဒီတာဝါမှာ ညဘက်ဆိုလည်း မီးကစားပါတယ်။ အရမ်းလှတယ်။ တစ်နာရီခြားတစ်ခါ ၅ မိနစ်လောက် မီးကစားပြတတ်တယ်။ ည ၁၀ နာရီလောက်ထိပဲ လို့ သိရတယ်။ အဲ့ဒါလည်း ဓါတ်ပုံဗီဒီယိုရိုက်လို့ သိပ်ကောင်းပါတယ်။ အဲ့ဒီလို Tourist Attraction နေရာတိုင်းမှာ လက်ပွေ့ဈေးသည် လူမည်းတွေကို တွေ့ရတတ်သလို၊ လူဖြူတွေလည်း ရှိတတ်ပါတယ်။ ခါးပိုက်နှိုက်လည်း များလို့ သတိပြုရပါတယ်။ တချို့လည်း မြေပုံလေးတွေပြပြီး အဖွဲ့လိုက် ပိုက်ဆံအိတ်လုတတ် နှိုက်တတ်ပါသေးတယ်။ Paris de Chaillot ရင်ပြင်ကနေ ဓါတ်ပုံလာရိုက်ကြသူများပါတယ်။ Paris Tourist Office နေရာပဲ ဖြစ်ပါတယ်။ အောက်ဘက်လှေကားလေးတွေထိ ဆင်းကြည့်နိုင်ရင် လူပိုရှင်းရှင်း ရိုက်ကူးနိုင်ပါလိမ့်မယ်။ လှေကားဘောင်စောင်းလေးတွေပေါ်တက်ပြီး ရိုက်ကူးတဲ့အခါ တာဝါနဲ့ အနီးကပ်ပုံစံလေး ရစေပါတယ်။


02 :: Arc de Triomphe

ကျွန်တော်တို့ ပဲရစ် (ပါရီမြို့) ကို ရောက်တဲ့အချိန်မှာ ပထမဆုံး လည်ဖြစ်ခဲ့တဲ့နေရာကတော့ ဒီ Arc de Triomphe ဆိုတဲ့ မုခ်ဦးပုံစံ အဆောက်အဦးကြီးပါ။ အထိမ်းအမှတ်အဆောက်အဦး (Monument) လို့ ပြောရင် ပိုသင့်လျော်မယ်ထင်ပါတယ်။ ပဲရစ်ရဲ့ အနောက်ဘက်က Star Square ကြီးအလယ်မှာ တည်ရှိနေတာပါ။ ပဲရစ်မြို့ရဲ့ Eifel Tower ပြီးရင် နောက်ထပ်အထင်ကရ အဆောက်အဦးတစ်ခုဆိုလည်း မှန်ပါတယ်။ ဒီမုခ်ကြီးက မီတာ ၅၀ (၁၆၄ ပေ) မြင့်ပြီး ၄၅ မီတာ (၁၄၈ ပေ) ကျယ်ပါတယ်။ အနက်ကတော့ ၂၂ မီတာ (၇၂ ပေ) ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးလို့တောင် ဆိုကြပါတယ်။ ဒီအဆောက်အဦးကို နပိုလီယံစစ်ပွဲတွေနဲ့ ပြင်သစ်တော်လှန်ရေးတွေကြား အသက်ပေးခဲ့ရတဲ့သူတွေကို ရည်စူးတည်ဆောက်ထားတယ်လို့ သိရပါတယ်။ ပထမကမ္ဘာစစ်တုန်းက ကျဆုံးခဲ့တဲ့ အမည်မသိစစ်သားတွေအတွက် ဂူဗိမ္ဗာန်လည်း ဖြစ်ပါတယ်။ ဒီနေရာကို မနက် (၁၀) နာရီကနေ ည (၁၁) နာရီထိ ဖွင့်လှစ်ပေးထားပြီး အပေါ်ထိ တက်လို့ရပါတယ်။ အပေါ်ကနေ ရှုခင်းကြည့်ရတာလည်း အရမ်းလှပါတယ်။ အများစုကတော့ အောက်ကနေ ဒီအဆောက်အဦးကြီးနဲ့ ဓါတ်ပုံရိုက် ပြန်ကြတာပါ။ တကယ်တော့ သူ့ရဲ့ ဖွဲ့စည်းထားပုံ၊ ထုဆစ်ပုံဖော်ထားတဲ့ ရုပ်တုတွေ၊ အားလုံးဟာ စိတ်ဝင်စားစရာတွေချည်းပါပဲ။ ဒီနေရာမှာ မကြာခဏ ဆန္ဒပြပွဲတွေလည်း လုပ်တတ်လို့ ကိုယ်သွားမယ်ဆိုရင် အခြေအနေလေးတစ်ချက်တော့ အင်တာနက်ကနေ ကြည့်ပြီး သွားစေလိုပါတယ်။ အဓိကရုဏ်းထဲ မပါဝင်ဖို့ လိုအပ်ပါမယ်။ အပြင်ကနေ ဓါတ်ပုံရိုက်တဲ့အခါမှာလည်း ခါးပိုက်နှိုက်သတိပြုစေလိုပါတယ်။ မထင်ရတဲ့ပုံစံတွေဘဲ ခါးပိုက်နှိုက်ဖို့ ကြိုးစားနေကြတာပါ။ အဖွဲ့လိုက်ရော တစ်ယောက်ချင်း၊ နှစ်ယောက်ချင်းရော ရှိနေတတ်ပါတယ်။ သတိအထူးထားပါ။ ညနေခင်းဆို နေဝင်ချိန်ကြည့်ဖို့ လှသလို၊ အသွားသင့်ဆုံးအချိန်ကတော့ မနက် စောစော ပိုင်း ပဲ ဖြစ်ပါတယ်။ နေ့လယ်နဲ့ညနေမှာတော့ လူအတော်ကျပ်တတ်ပါတယ်။


03 :: Louvre Museum

ပဲရစ်ရောက်ရင် မဖြစ်မနေ အချိန်ပေးသွားသင့်တဲ့အထဲမှာ Louvre Museum လည်း ပါဝင်ပါတယ်။ ဒီပြတိုက်မှာ တကယ့်ကို အဖိုးတန်လွန်းတဲ့ အနုပညာပြကွက်ပေါင်း ၃၅,၀၀၀ ကျော် စုစည်းတည်ရှိပါတယ်။ ပြတိုက်ကို ၁၇၉၃ ခုနှစ်က တည်ဆောက်ခဲ့ပြီး အခုထိတိုင် ကမ္ဘာကျော်ပြတိုက်တစ်ခုအဖြစ် ရပ်တည်နေနိုင်ဆဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံးနဲ့ အကြီးမားဆုံး ပြတိုက်ကြီးဆိုလည်း မမှားပါဘူး။ ၁၉၈၈ မှာတော့ ပြတိုက်ဝင်ပေါက်နားမှာ ပိရမစ်ပုံ မှန်အိမ်ကြီးတွေကို ပြခန်းဝင်ပေါက်အလင်းရဖို့အတွက် ဖန်တီးလိုက်တဲ့နောက် ဒီမှန်အိမ်ကြီးတွေဟာ နောက်ထပ် အနုပညာပြကွက်တစ်ခုအလား လာရောက်လည်ပတ်သူတွေကို စွဲဆောင်သွားစေပြန်ပါတယ်။ ဒီမှန်ပိရမစ်တွေနဲ့ ဓါတ်ပုံမရိုက်ရရင်ဘဲ ပဲရစ်ကို မရောက်တဲ့အလား ဒီပြတိုက်ကို မရောက်တဲ့အလားတောင် ဖြစ်ကြရတဲ့အထိ လူမှုကွန်ယက်တွေမှာပါ နာမည်ကြီးလာပါတယ်။ ဓါတ်ပုံလှလှရိုက်ဖို့အတွက်ကတော့ ပြတိုက်ကို မနက်စောစော လာမှပဲ ရနိုင်မှာပါ။ ကျွန်တော်တို့လည်း အတော်စောစော ဒီပြတိုက်ကို ပြေးကြရပါတယ်။ ရာသီဥတုအေးလို့ စောစော မထချင်လည်း လူရှင်းရှင်း ရိုက်နိုင်ဖို့စိတ်က တွန်းအားတွေဖြစ်လို့ပေါ့ဗျာ။


ဒီပြတိုက်မှာ လက်မှတ်ဝယ်တဲ့အခါ တစ်ရက်၊ နှစ်ရက်၊ လေးရက်၊ ခြောက်ရက် စသဖြင့် ဝယ်လို့ရတယ်။ ၆ ရက်တောင် ဝယ်ရသလားလို့ မတွေးလိုက်နဲ့ဦး၊ တကယ်စိတ်ဝင်စားသူတွေအတွက် အဲ့ ၆ ရက်က လောက်ချင်မှတောင် လောက်မယ်။ အထဲမှာ တကယ့် ကမ္ဘာကျော် အနုပညာလက်ရာတွေချည်းပဲ။ မိုနာလီဇာပန်းချီကား၊ ဗီးနပ်စ်ရုပ်တု စတဲ့ ကျွန်တော်တို့ မြန်မာအများစုနဲ့ ရင်းနှီးပြီးသား အနုပညာလက်ရာ အစစ်တွေအပြင် တခြားတခြားသော အနုပညာကို ရူးသွပ်သူတွေသာ အတွင်းကျကျသိနိုင်တဲ့ လက်ရာရှင်တွေရဲ့ ပန်းချီ၊ ပန်းပု လက်ရာတွေ အများကြီးပါ။ ဥရောပကို ရက်တိုတို လည်ပတ်ရတဲ့ ကျွန်တော့်အတွက်တော့ ဒီတစ်ခုတည်းနဲ့ အချိန်အကုန်မပေးလိုက်နိုင်လို့ နောက်များအခွင့်သာမှပဲ ထပ်လာကြည့်ရဦးမဲ့အခြေအနေပေါ့။ အတွင်းမှာ ဇုန်လေးတွေ အများကြီးခွဲထားပါတယ်။ မြေပုံလည်း အခမဲ့ပေးလို့ မြေပုံကိုင်ပြီး ပြတိုက် ပတ်ရတယ်။ အတွင်းမှာ လူတွေ စည်ကားများပြားလွန်းလို့ အမှတ်တရဓါတ်ပုံ ရိုက်ဖို့ရာ အတော် ကြိုးစား ယူကြရပါတယ်။ ကင်မရာ Flash မီးပေးမသုံးပါဘူး။ ပဲရစ်ကို အနုပညာမြို့တော်လို့ ဆိုကြတာ ဘာလို့မှန်း ခုတော့ ပိုနားလည်သွားတယ်။ တကယ်ကို အံ့မခန်းအနုပညာရပ်တွေနဲ့ ပြည့်နေတဲ့ ပြတိုက်ကြီးတစ်ခုလုံး ပိုင်ဆိုင်ထားလို့ဖြစ်မယ်လို့ တွေးမိပါတယ်။


04 :: Notre-Dame de Paris

Our Lady of Paris လို့ အဓိပ္ပါယ်ရတဲ့ Notre-Dame Cathedral ဘုရားကျောင်းဟာ ကက်သလစ်ဘုရားကျောင်းတစ်ခုဖြစ်ပြီး ပြင်သစ် Gothic အနုသုခုမလက်ရာတွေကို မြင်တွေ့ရတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီဘုရားကျောင်းကြီး မီးလောင်ပျက်စီးသွားရလို့ ကမ္ဘာနဲ့အဝှမ်း အတော် စိတ်မကောင်း ဖြစ်ခဲ့ကြရသေးတယ်။ အရင်က ဒီဘုရားကျောင်းကြီးအတွင်းကို ဝင်ပြီး လေ့လာလိုသူတွေ စောင့်ဆိုင်းနေကြတာ နည်းနည်းနောနော အရှည်ကြီးမှ မဟုတ်ဘဲ။ ကျွန်တော်တို့လို ခပ်သုတ်သုတ် သွားနေရတဲ့သူတွေအတွက်တော့ ဘုရားကျောင်းအဆောက်အဦးကြီးတစ်ခုလုံးရဲ့ အလှကိုပဲ အဝေးက ခြုံငုံကြည့်ဖြစ်သွားတယ်။ အတွင်းပိုင်းက မှန်စီပြတင်းတွေရဲ့ အလှကိုလည်း လူတိုင်းသဘောကျကြတယ်။ အချိန်ပေးနိုင်ရင်တော့ ဘုရားကျောင်းအတွင်းအထိ ဝင်ပြီးလေ့လာသင့်ပါတယ်။ စတင်တည်ဆောက်ခဲ့တာ ၁၁၆၃ ခုနှစ်ကဖြစ်ပြီး လုံးဝပြီးစီးခဲ့တာကတော့ ၁၃၄၅ ခုနှစ်မှပါ။ အမြင့်ကတော့ ၆၉ မီတာ (၂၂၆ ပေ) မြင့်ပါတယ်။ ထူးခြားချက်နောက်တစ်ခုက အဲ့ဒီမှာ သုညမှတ်လေး တစ်ခု ရှိပါတယ်။ 0 Kilometer Point ပေါ့။ အဲ့ဒီ Zero နေရာအမှတ်အသားက အဲ့ဒီနေရာကနေ အခြားမြို့အသီးသီးဆီ (ပဲရစ်မြို့ကနေ) အကွာအဝေးကို တိုင်းတာတယ်လို့ ဆိုပါတယ်။ အချို့ကလည်း ဒီနေရာမှာ ပဲရစ်ကိုပြန်လာဖို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ဆိုကြတယ်။


05 :: Sightseeing Cruising along Seine River

ပဲရစ်မြို့ရဲ့ အထင်ကရနေရာနဲ့ အဆောက်အဦးတော်တော်များများရဲ့ မြင်တွေ့နိုင်ပြီး၊ တစ်ထိုင်တည်းမှာ သူတို့ရဲ့ သမိုင်းကြောင်းကို လေ့လာနိုင်ဖို့ဆိုရင်တော့ Seine မြစ်ထဲမှာ Sightseeing လုပ်တဲ့ Cruise Tour တွေကို ဝယ်သင့်ပါတယ်။ လေ့လာရေးသက်သက် မြစ်တွင်းစီးသင်္ဘောတွေ ရှိသလို နေ့လည်စာ၊ ညစာ တွေ စားရင်း သွားလာတဲ့ သင်္ဘောတွေလည်း ရှိလို့ ကိုယ်နှစ်သက်ရာကို ဝယ်ယူနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ လေ့လာရေးသက်သက်အတွက် သင်္ဘောမျိုးကိုပဲ စီးခဲ့ပါတယ်။ ဒီဝန်ဆောင်မှုမျိုး ပေးနေတဲ့ Cruise Company နဲ့ Tour Agent တွေ များစွာ ရှိပါတယ်။ ၄၅ မိနစ် တစ်ခါလောက် သင်္ဘောထွက်တတ်တယ်။ ကိုယ်က ဒီ တစ်စင်းမှာ မမီလိုက်ရင် နောက်တစ်စင်းကို ၄၅ မိနစ်လောက် စောင့်စီးလို့ ရပါတယ်။ ညနေခင်းမှာ အစီးများပေမဲ့ ရာသီဥတုအေးတဲ့အချိန်မျိုးမှာတော့ နေ့ခင်းစီးတာက အအေးဒါဏ်ပိုခံနိုင်စေပါတယ်။ သင်္ဘောမှာ အထပ်နှစ်ထပ် ပါဝင်တတ်ပြီး အပေါ်ထပ်က ဟင်းလင်းလဟာ ဖြစ်လို့ သင်္ဘောသွားနေချိန် လေတိုက်ပါတယ်။ အပြင်ကို ပိုမြင်ပြီး ဓါတ်ပုံရိုက်လို့ ကောင်းပေမဲ့ ဆောင်းတွင်းဆို ကြာကြာထိုင်ရင် အရမ်းအေးလာပါတယ်။ အောက်ထပ်မှာတော့ အနွေးဓါတ်လွှတ်ထားတဲ့ မှန်လုံခန်း ဖြစ်လို့ ကျွန်တော်တို့ သွားတဲ့အချိန်မှာတော့ အောက်ထပ်အခန်းမှာပဲ ဘတ်စ်ကားကြီးလို တိုးဝှေ့နေကြရပါတယ်။


Eifel Tower ကြီးကို အနီးရော အဝေးရော မြင်ကြရပြီး သင်္ဘောပေါ်ကနေ ဓါတ်ပုံရိုက်လို့ရသလို၊ Notre-Dame Cathedral အပါအဝင် စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းနဲ့ တံတားတွေ၊ အဆောက်အဦးတွေကို ခမ်းခမ်းနားနား ခံစားမြင်တွေ့ မှတ်တမ်းတင်နိုင်ကြပါတယ်။ စပီကာတွေနဲ့ အဆောက်အဦး နဲ့ တံတားတွေအကြောင်းကို အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ် စတာတွေနဲ့ မျိုးစုံကို ရှင်းပြတော့တာပါပဲ။


06 :: Shopping in Paris

ဈေးဝယ်ထွက်မယ်ဆို ဖက်ရှင်မြို့တော်တစ်ခုလည်းဖြစ်တဲ့ ပဲရစ်က အဆင်ပြေတယ်။ Refund ထုတ်ဖို့အတွက် နည်းလမ်းတွေကိုတော့ သေချာ မေးမြန်းဖို့လိုပါတယ်။ ကျွန်တော်တို့ ဈေးဝယ်ထွက်တာကတော့ Galeris Lafayette Haussmann မှာပါ။ အမျိုးသား၊ အမျိုးသမီး သီးသန့် အဆောက်အဦးတွေနဲ့ ကမ္ဘာကျော်ဥရောပ Brand တွေ စုံစုံ ရှိပါတယ်။ LV ကတော့ တန်းစီပြီး ဝယ်ရတတ်ပါတယ်။ တရုတ်နဲ့ ကိုးရီးယားတွေနဲ့ အပြိုင် ဝယ်ကြရမှာပါ။ အာရှတွေအတွက် Tax Refund ကို အနီးအပါးက ကုန်တိုက်တစ်ခုရဲ့ မြေအောက်ထပ်မှာ သေချာစီစဉ်ပေးထားပါတယ်။ ဒါကို သေချာ မေးမြန်းပြီး သွားစေလိုပါတယ်။ Refund ပိုက်ဆံကို တစ်ခါတည်း ထုတ်လို့ရသလို၊ ကတ်ထဲ ဖြည့်ခိုင်းလည်း ရပါတယ်။ ကတ်ထဲထည့်တာက ပြန်ရတာ အရမ်းကြာတတ်တယ်။ ချက်ချင်းထုတ်တာကျတော့လည်း ပိုက်ဆံပြန်ရတာ နည်းသွားတတ်ပါတယ်။ သူ့အားနည်းချက်နဲ့သူပါ။ သေချာတာတော့ Tax Refund စာအိတ်လေးတွေ ပေးလာရင် ကိုယ်ပြန်မဲ့ လေဆိပ်က Refund စာတိုက်ပုံးကနေ အဲ့ဒီစာအိတ်တွေ မဖြစ်မနေ ပြန်ထည့်ပေးဖို့ သတိပြုပါနော်။


တကယ်တော့ ဥရောပနိုင်ငံတွေဆီ ခရီးထွက်ပြီဆိုရင် ပထမအသုတ်အနေနဲ့ ဦးစားပေးစဉ်းစားသင့်တဲ့ နိုင်ငံတစ်ခုဟာ ပြင်သစ်ပါ။ ပြင်သစ်ရဲ့ မြို့တော် ပါရီ (ပဲရစ်) ကိုလည်း ဦးစားပေး သွားရောက်လည်ပတ်သင့်ပါတယ်ပေါ့။ အချိန်များများရရင်တော့ ပြတိုက်တွေ သမိုင်းဝင်အဆောက်အဦးတွေနဲ့ လေ့လာစရာများတဲ့ ပြင်သစ်ကို အေးဆေးလည်ပတ်နိုင်သလို အချိန်များများမရရင်တော့ ကျွန်တော်လည်ပတ်ခဲ့တဲ့အတိုင်းလေး အထင်ကရနေရာတွေကိုပဲ ဦးစားပေးပြီး လည်ပတ်နိုင်ပါတယ်။


မြန်မာတွေအနေနဲ့ကတော့ တစ်ဦးတစ်ယောက်တည်း စပြီး ဥရောပခရီးစဉ်သွားတာထက် ပထမဆုံးဆို Tour အစီအစဉ်တွေနဲ့ သွားတာ ပိုပြီးသင့်လျော်ပါမယ်။ အစားအသောက်ကအစ ဘယ်မှာ မြန်မာပါးစပ်နဲ့ကိုက်တဲ့ ဆိုင်ရှိလဲ ဆိုတာ သူတို့က စီစဉ်ပေးနိုင်လို့ပါ။ လမ်းခရီးမှာ အမှားအယွင်း အတိမ်းအစောင်း မတော်တဆ ရှိခဲ့ရင်လည်း Tour နဲ့မို့ အကူအညီအများကြီးရနိုင်ပါတယ်။ ဥရောပ ခရီးစဉ်တွေကို ၄ နိုင်ငံ၊ ၅ နိုင်ငံ၊ ၆ နိုင်ငံ၊ ၉ နိုင်ငံ စသဖြင့် ပြည်တွင်းက ခရီးသွားလုပ်ငန်းတွေ ရောင်းချပေးနေကြပါတယ်။ နှစ်သက်ရာ ခရီးသွားလုပ်ငန်းနဲ့ ချိတ်ဆက်သွားလာနိုင်ပါတယ်။ အကယ်လို့ အကြောင်းတစ်ခုခု သိချင်တာ မေးချင်တာ ရှိရင်ဖြစ်ဖြစ်၊ ဥရောပခရီးစဉ် သွားချင်လို့ စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ ဒီမှာလည်း စုံစမ်းကြည့်နိုင်ပါတယ်။

သုခလမ်းညွှန် ခရီးသွားလုပ်ငန်း ဖုန်း - 09 25 29 29 722


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Phyo Wai Lynn

Camera :: SONY Alpha 7II with 16 - 35mm, iPhone, Samsung Galaxy Note9

Photos are modified in Lightroom by Thiha Lu Lin.

bottom of page