ကမ္ဘာမှာ ရှာမှရှားတဲ့ အင်းလေးကန် ကို လည်ကြမယ်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ကမ္ဘာမှာ ရှာမှရှားတဲ့ အင်းလေးကန် ကို လည်ကြမယ်

ကမ္ဘာမှာ ရှာမှရှားတဲ့ အင်းလေး ကို ခုချိန်မလည်ရင် ဘယ်အချိန်လည်ကြမလဲ?

အင်းလေးက ရေတွေနည်းလာလို့ဆို…. မကြာခင် ခမ်းတော့မှာဆို…

ဒီလိုမေးခွန်းတွေ ကျွန်တော် မကြာခဏ အမေးခံရတယ်။ အမေးခံရတိုင်းလည်း ဖြေစရာ ရေရေရာရာက ကိုယ့်ဆီမှာ ရှိမနေဘူး။ ဒါနဲ့ ကျွန်တော်ကပဲ ပြန်မေးလိုက်တယ်…

ဒါဆို အင်းလေး ကို ခုလို အလှဆုံးအနေအထားလေးမှာ လည်ကြရရင် မကောင်းဘူးလား လို့?


အင်းလေး လို ရေပေါ်အိမ်ဆောက်နေတဲ့ နေရာလေးတချို့ ကမ္ဘာမှာ ရှိပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေမှာ ပို ရှိပါတယ်။ ကျွန်တော် ဒီလိုအလားတူနေရာတချို့ကို ရောက်ခဲ့ဖူးပေမဲ့ အင်းလေး နဲ့ မတူတဲ့ ခံစားမှုတွေနဲ့ ပြန်လာခဲ့ရတာချည်းပဲ။ အကြောင်းက -

  • အင်းသားတွေလို မဖော်ရွေဘူး

  • အင်းသားတွေလို ခြေနဲ့ လှေလှော် ငါးဖမ်း မလုပ်ဘူး

  • အင်းထဲမှာလို ရိုးရာယဉ်ကျေးမှုအစစ်တွေ မမြင်ခဲ့ရဘူး

အားလုံးဟာ လုပ်စားနေတဲ့ ပုံစံမျိုးချည်းနဲ့ပဲ ဂျင်းသာသာ အတုအယောင်ခံစားမှုတွေ ပေးတယ်လို့ ကျွန်တော် ယူဆမိတယ်။ ဒါကြောင့် အင်းလေး ကို ပိုချစ်တယ်။ အင်းလေးကန်ကြီး ပျောက်သွားမှာကို စိုးတယ်။ အင်းသားတိုင်းရင်းသားတွေ နေထိုင်မှုပုံစံ နဲ့ ရိုးရာယဉ်ကျေးမှုပုံစံတွေ ပြောင်းသွားမှာ တကယ် စိုးမိပါတယ်။ တခြားအချက်တွေကို ခဏ မယှဉ်ဘဲထားဦး ဖော်ရွေမှုကိုတော့ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေယူတဲ့နေရာမှာ အတော်ဆုံးဆိုတဲ့ အိမ်နီးချင်းနိုင်ငံတွေကတောင် မယှဉ်နိုင်ခဲ့ပါဘူး။ အင်းလေးမှာ လှေစီးရင်း တွေ့တဲ့သူကို နှစ်နှစ်လိုလို ပြုံးပြလိုက်၊ အင်းသားရော အင်းသူရော အားလုံးက နှစ်နှစ်ကာကာ ပြန်ပြုံးပြကြပါလိမ့်မယ်။ ဒါလေးကို ခုခရီးစဉ်မှာ ပိုသတိထားမိသွားတယ်။


အင်းလေးထဲမှာ လည်ပတ်စရာ

အင်းလေးကို ညောင်ရွှေကနေ တဆင့် သွားကြရတော့ တော်တော်များများက ညောင်ရွှေမှာ တည်းခိုပြီး လှေဆိပ်ဆင်းလို့ အင်းလေးထဲ လည်ကြတယ်။ တကယ်တော့ ညောင်ရွှေကနေ အင်းထဲကို စက်လှေနဲ့ အတော်ကြာအောင် သွားကြရပါတယ်။ မိုးလေကြီးရင် ပိုဂရုစိုက်ရတယ်။ ကောင်းတာက အင်းလေးရဲ့ သဘာဝအလှစစ်စစ်ကို ခံစားဖို့ အင်းလေးကန်နဲ့ အနီးဆုံးနေရာတွေမှာ တည်းခိုလည်ပတ်တာပါပဲ။ အချိန်ကုန်သက်သာပြီး များများလည်ပတ်နိုင်တာပေါ့လေ။


အင်းလေးကန်ထဲမှာ မဖြစ်မနေလည်ပတ်သင့်တဲ့နေရာတွေကတော့ -


ဖောင်တော်ဦးဘုရား

ဖောင်တော်ဦး ဘုရားက သိကြားမင်းက ဘီလူးမ ဆက်သတဲ့ သရက္ခန်သစ်သားကို ဗုဒ္ဓရုပ်ပွားတော် (၅) ဆူ ထုလုပ်ပြီး အလောင်းစည်သူမင်းကို ပေးအပ်ခဲ့တယ်။ အဲ့ဒီမှာ (၄) ဆူက ဗုဒ္ဓရုပ်ပွားတော်တွေ ဖြစ်ပြီး ကျန်တစ်ဆူကတော့ ရဟန္တာရုပ်တုလို့လည်း ဆိုကြပါတယ်။ အလောင်းစည်သူမင်းကြီးက ရုပ်ပွားတော်တွေကို ဌာပနာပြုတည်ထားကိုးကွယ်ဖို့ တောင်ညိုတောင်တန်းကို ပင့်ဆောင်တဲ့အခါ သန်းတောင်ရပ်မှာ ပင့်ချီလာတဲ့ ဆင်တွေက ရပ်တံ့သွားလို့ အဲဒီနေရာမှာ ဘုရားတည်ခဲ့တယ်။ ၁၃၅၉ ခုနှစ် ညောင်ရွှေစော်ဘွား စီဆိုင်ဖ လက်ထက်မှာ ရွာသားတွေ ချုံနွယ်ပိတ်ပေါင်းတွေ ရှင်းရင်း လိုဏ်ဂူဝန်းကျင်က ရောင်ခြည်တွေ ထွက်နေလို့ ကြည့်လိုက်မှ ရုပ်ပွားတော်တွေကို တွေ့ရပြီး ဟော်နန်းဦးကို ပင့်ဆောင်လို့ ကျောင်းဆောက် ကိန်းဝပ်စေခဲ့တယ်။ ၁၅၁၅ ခုနှစ် စော်ဘွားစဝ်နန်းဖဲ လက်ထက်မှာ ရန်သူတွေကြောင့် ရုပ်ပွားတော်ကို အင်းတိမ်ရွာမ စံကျောင်းတော်ကို ပင့်ဆောင်ထားခဲ့ရတယ်။ သီတင်းကျွတ်လဆန်း ၇ ရက်နေ့တိုင်း ညောင်ရွှေဟော်ကို ပင့်ဆောင်ခဲ့ပြီး တစ်ကြိမ်မှာ လေပြင်းကျလို့ လှေတော် နစ်မြုပ်ပြီး ရုပ်ပွားတော် ၄ ဆူပဲ ဆယ်လို့ရခဲ့တယ်။ တစ်ဆူက ထူးခြားစွာပဲ ရေညှိတွေ ရစ်ပတ်ပြီး စံကျောင်းတော် ဂန္ဓကုဋီတိုက်အတွင်းက ပြန်တွေ့လိုက်ရတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ၄ ဆူ နဲ့ပဲ ဒေသစာရီကြွတော့တယ်။ အရင် ကိန်းဝပ်တဲ့ ကျောင်းတော် နှစ်နေရာက မီးသင့်တော့ နောက်ဆုံး ဒီနေရာလေးမှာ ပြောင်းလဲ ကိန်းဝပ်စံပယ်တယ်လို့ သိရပါတယ်။ မဖြစ်မနေ သွားရောက် ဖူးမြော်ရမဲ့နေရာပါ။


သမိုင်းဝင် အလိုတော်ပေါက်ဘုရား

အလိုတော်ပြည့်ဘုရား လို့လည်း ခေါ်ကြတဲ့ အလိုတော်ပေါက်ဘုရားကို နန်းပန်ရွာဘက်မှာ ဖူးကြရမှာပါ။


ကြောင်ခုန်ကျောင်း

ငါးဖယ်ချောင်းကျောင်း လို့လည်း ခေါ်ကြသေးတဲ့ ကြောင်ခုန်ကျောင်း ကို အရင်ကတော့ အင်းလေးရောက်တိုင်းလည်ဖြစ်ပေမဲ့ ခုကျတော့ မလည်ဖြစ်တော့ဘူး။ ကြောင်လေးတွေကတော့ အရင်လို များတုန်းပဲ။ ဒါပေမဲ့ ကြောင်လေးတွေကို ခုန်တက်အောင် လေ့ကျင့်ပေးတတ်တဲ့ ဘုန်းဘုန်း ပျံလွန်ပြီးနောက်ပိုင်း ကြောင်လေးတွေ ခုန်အောင် လုပ်ဆောင်တာမျိုး မရှိတော့လို့ ဒီအတိုင်း လာလည်ပြီး ဘုရားဖူးရုံသက်သက် ဖြစ်သွားတယ်လို့ ယူဆမိတယ်။


ရွှေအင်းတိန်ရှေးဟောင်းဘုရားစု

အင်းတိန်ဘက်ကို သွားရတာ အရမ်းပျော်ဖို့ကောင်းတယ်။ ရေလေးတွေကို တားထားတဲ့ နေရာလေးတွေရောက်ရင် အဲ့ဒီ တားတဲ့နေရာက လှေတစ်စီးစာ သွားစရာနေရာလေးကို ဖြတ်သွားရင် ရိုလာကိုစတာ စီးရသလို ရင်သိမ့်တုန်ရတာမို့ အဲ့ဒီခံစားချက်လေးကို ကြိုက်တယ်။ တချို့လမ်းပိုင်းတွေမှာ ရေတိမ်ပြီး ရေလမ်းလည်း ကျဉ်းသွားတယ်။ တချို့နေရာတွေမှာတော့ ကျယ်ပါတယ်။ ရွှေအင်းတိန်ရှေးဟောင်းဘုရားတွေက အင်လေးကန်ရဲ့ အနောက်ဘက် ရွှေဥဒေါင်းတောင်တန်းအခြေ၊ အင်းတိန်ကုန်းရွာနားမှာ ရှိပါတယ်။ စောင်းတန်းတစ်လျှောက် လမ်းလျှောက်တက်လို့ရသလို ဆိုင်ကယ်ငှားပြီး ဟိုးအပေါ်ကို တန်းတက်သွားလည်း ရတယ်။ လမ်းလျှောက်တက်ရင် စောင်းတန်းတောက်လျှောက်က ဈေးတန်းလေးတွေ ကြည့်ပြီး သွားလို့ရတယ်။ ရှေးဟောင်းစေတီအများအပြားကို အရင်ကတော့ အဟောင်းအတိုင်းထားပေမဲ့ အခုတော့ တချို့ကို ပြန်ပြင်ဆောက်ခွင့်ပေးလိုက်တာကြောင့် စေတီအသစ်တွေ အများကြီး တွေ့ရမှာပါ။ အရင်ကဆို စေတီကြီးငယ်ပေါင်း ၁၀၅၄ ဆူတောင် ရှိတယ်လို့ သိရပါတယ်။


မိုင်းသောက်တံတား

နေဝင်ချိန်ခံစားလို့ကောင်းတဲ့နေရာတစ်ခုလို့ ဆိုရမယ်။ အင်းလေးရဲ့ ဦးပိန်တံတားလို့တောင် တင်စားရမဲ့ မိုင်းသောက်တံတားလေးပေါ် လမ်းလျှောက်၊ ပွဲတော်ရက်ဆိုရင် လူတွေများပြားတတ်လို့ ဈေးရောင်းဈေးဝယ်တွေနဲ့ စည်ကားနေတတ်တယ်။


အင်းရွာတွေဆီ လှေစီးလည်

အင်းလေးထဲက ရေပေါ်ရွာတွေဆီကို အလည်သွားရတာလည်း ပျော်စရာပါ။ အင်းလေးကန်ပေါ် သက်ရှင်လှုပ်ရှားကြတဲ့ အင်းသူအင်းသားတွေရဲ့ ဘဝနေထိုင်မှုပုံစံတွေ၊ ပြောင်းလဲလာတဲ့ အင်းလေးကန်ရဲ့ ရေဝေရေလဲ အခြေအနေနဲ့ လူမှုစီးပွားတွေ အကုန်ကို လေ့လာခံစားနိုင်ဦးမှာဖြစ်ပါတယ်။ အရင်ကြားဖူးတာတော့ အင်းလေးကန်ထဲက နမ့်ပန်ရွာ၊ ဝမ်လုံရွာ (ရွာကြီးဗန့်ပုံ)၊ နောင်တော် (နောင်တောင်း) ရွာ၊ ဟိုင်းယ (ဟဲယား) ရွာမ ဆိုပြီး ရွာလေးရွာကို အစွဲပြုလို့ အင်းလေးကန်လို့ ခေါ်တယ်ဆိုလားပါပဲ။ အလည်သွားရင်း တလက်စတည်း အင်းလေးကန်ရဲ့ ထူးခြားတဲ့ လုပ်ငန်းတွေကို လေ့လာနိုင်ဦးမယ်။ ရိုးရာချည်ထည်လုပ်ငန်းတွေနဲ့ ရက်ကန်းတွေ ကို သေသေချာချာ လုပ်ငန်းခွင်ထဲထိ ဝင်လေ့လာဖို့ စီစဉ်ထားတာတွေ ရှိပြီး တခါတည်း အမှတ်တရအဖြစ် ရိုးရာဝတ်စုံ၊ ပုဆိုး၊ ထမီ၊ အင်္ကျီ၊ သဘက်၊ ပုဝါ အမျိုးမျိုးကို အိမ်ပြန်လက်ဆောင်အဖြစ်ရော ပွဲနေပွဲထိုင်ဝတ်ဖို့အထိပါ ဝယ်ယူနိုင်ပါဦးမယ်။ အင်းလေးကန်အတွင်းမှာ ငွေပန်းထိမ်လုပ်ငန်းတွေဟာလည်း ထူးခြားလေ့လာသင့်တဲ့ လုပ်ငန်းတွေပါ။


အင်းလေးအပြင် ထပ်လည်စရာ စံကားမွေတော် နဲ့ တာခေါင်မွေတော်

အင်းလေး ကို အခေါက်ခေါက်အခါခါ ရောက်ဖူးပြီးသားမို့ ဒီ့ထက်ပိုပြီး လည်ပတ်ချင်သေးတယ်ဆိုရင်တော့ အင်းလေးကနေ တစ်နာရီလောက် ဆက်သွားတာနဲ့ မြင်တွေ့ရမဲ့ ရှေးဟောင်းစေတီစုတွေ ရှိရာ စံကားအင်းရှိရာ ဘက်ကို သွားလည်နိုင်ပါတယ်။ အင်းလေးကန်နဲ့က ဘီးလူးချောင်းကနေ ဆက်သွယ်ပြီးသားမို့ ရေလမ်းနဲ့လည်း သွားနိုင်သလို၊ ကားလမ်းလည်း ပေါက်ပါတယ်။ ကားလမ်းနဲ့ သွားသူတွေကတော့ လှေတစ်ခါ ပြန်စီးဖို့ လိုအပ်ပါဦးမယ်။


စံကားမွေတော် ဘုရားစုကို တော်မွေခေါင်ဘုရား လို့လည်း ခေါ်ကြသေးတယ်။ ရေများပြီးရေတက်ချိန်ဆို ရေပေါ်မှာ စေတီလေးတွေ ပေါ်နေတဲ့ အလှနဲ့ ထင်ရှားလာတာလို့ ဆိုရပါမယ်။ ရေမရှိချိန်ဆို ကုန်းပေါ်မှာ တည်ရှိနေပြီး ဟိုဒီကူးလူးသွားလာ ဘုရားဖူးနိုင်ဦးမှာ ဖြစ်ပါတယ်။ အရင်က စံကားမှာ ဘုန်းကြီးကျောင်း ၉ ကျောင်းရှိခဲ့ပြီး မြို့ကြီးအနေနဲ့ကို စည်ကားခဲ့တာဖြစ်ပါတယ်။ အခုတော့ ဘုန်းကြီးကျောင်း ၁ ကျောင်းသာ ကျန်ရှိတော့တယ်လို့ သိမှတ်ရပါတယ်။


ကျွန်တော်ကတော့ တာခေါင်မွေတော်ကို သိပ်သဘောကျမိပါတယ်။ တာခေါင်မွေတော် ကို တကျ၊ တက်ကျ၊ တက်ထောင်ဘုရား လို့လည်း အမျိုးမျိုးသိမှတ်ကြရပါတယ်။ အလောင်းစည်သူမင်းကြီး ကနေစလို့ ရှမ်းစော်ဘွားတွေ၊ ဘုန်းတော်ကြီးတွေ၊ ဒယိကာဒယိကာမတွေ အဆက်ဆက် တိုးချဲ့တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ ခုဆို စေတီကြီး ၇၆ ဆူ၊ စေတီငယ် ၅၄ ဆူ နဲ့ ဘုရားငုတ်တို ၁၀၆ ဆူ။ စုစုပေါင်း ၂၃၆ ဆူ ကို ဖူးမြင်နိုင်ကြမှာ ဖြစ်ပါတယ်။ အချို့လည်း မူလအတိုင်း ရှိနေသေးပြီး အများစုကတော့ ရှေးမူမပျက်ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အလောင်းစည်သူမင်းကြီး ဖောင်နဲ့လှည့်လည်တုန်းမှာ လှေသားတစ်ယောက် လှော်တက်ကျခဲ့တဲ့နေရာကို ဘုရားတည်တော့ တကျ/တက်ကျဘုရား လို့ အမည်တွင်၊ တစ်ခါ ဘုရားပြီးလို့ လှေသားတွေအကုန် ပျော်ပြီး အောင်ပြီအောင်ပြီအော်လို့ လှော်တက်တွေ ထောင်ကြလို့ တက်ထောင်ဘုရားလည်း ခေါ်ခဲ့ကြရာကနေ အချိန်ပြောင်းတော့ တာခေါင် ဘုရား လို့ ဖြစ်လာပါတယ်တဲ့လေ။


ဒီအရပ်က မွေတော်ဘုရားအဆူဆူကို ပြန်လည်ပြုပြင်လှူဒါန်းသူအများစုက နိုင်ငံခြားသားတွေ ဖြစ်နေတာဟာလည်း ထူးခြားမှုတစ်ခုပါ။ စင်ကာပူလိုမျိုးနိုင်ငံက အလှူရှင်တွေ ဖြစ်နေတာ အလှူရှင်ကမ္ဗည်းတွေမှာ ဖတ်ရှုရပါတယ်။ ရွှေကျောင်းဆရာတော်ရဲ့ အဆက် ဒကာတွေကနေ လှူဒါန်းကြတာမို့ ဖြစ်မယ်လို့ ယူဆရပါတယ်။


ဒီလို စံကားမွေတော် နဲ့ တာခေါင်မွေတော်တွေဆီလည်း အလည်ထွက်နိုင်ပါသေးတယ်။ ဒီအကြောင်းတွေကို သီးသန့်လည်း ရေးပါဦးမယ်ခင်ဗျ။


အင်းလေးရောက်ရင် မြင်းစီးမယ်

အင်းလေးရောက်ရင် နောက်ထပ်လုပ်စရာတစ်ခုက မြင်းစီးသင်တာ၊ လေ့ကျင့်တာ၊ မြင်းစီးကြည့်တာတွေ လုပ်လို့ရသေးတာပါပဲ။ Inle Horse Club မှာ လုပ်ဆောင်နိုင်ပါသေးတယ်။


ဟိုတယ်ထဲမှာပဲ လုပ်စရာတွေများလွန်းလို့ အင်းလေးက မပြန်ချင်ဖြစ်နေမယ်

အင်းလေး ရောက်ပြီး ဘယ်မှ မသွားချင်တော့ဘူး ဆိုရင် ဟိုတယ်ထဲမှာပဲ အဖော်တွေနဲ့ လည်ပတ်ကစား ဓါတ်ပုံရိုက်လို့ကောင်းမှာမျိုးလည်း ရှိပါတယ်။ ကျွန်တော်က Amata Garden Resort, Inle Lake ဟိုတယ်မှာ တည်းခဲ့တာမို့ ပျော်စရာကောင်းတာလေးတွေ ပြောချင်သေးတယ်။

Amata Garden Resort, Inle Lake က အင်းလေးကန်နဲ့ အနီးဆုံးဖြစ်တာမို့ ရှေ့ထွက်လိုက်တာနဲ့ သမိုင်းဝင်အလိုတော်ပေါက်ဘုရားကို ဖူးမြင်ရပြီပဲ။ အလိုတော်ပေါက်ဘုရား နဲ့ ဖောင်တော်ဦးဘုရားတွေဆီနဲ့ အနီးဆုံးက ဟိုတယ်ဖြစ်တာမို့ အင်းလေးကန်ထဲ လည်ပတ်ဖို့ဆို တည်းသင့်တဲ့ဟိုတယ်ပါ။ ရွှေအင်းတိန်ဘက်ကိုလည်း ခရီးနီးသွားသလို၊ စံကားဘက်ကိုလည်း ခရီးတိုသွားပါပြီ။ ဒါကြောင့် ဒီနေရာလေးမှာ ရွေးတည်းဖြစ်ခဲ့တာပါ။


ဟိုတယ်ကလည်း ခုဆို ဈေးလျှော့ပေးနေသေးတယ်ဗျာ။ အင်းလေးရေပြင်ကြီးကို ကြည့်ရင်း သီးသန့်လုံးချင်းလေး နေချင်သူတွေအတွက် သိပ်လှတဲ့ Villa ခန်းတွေ ရှိတယ်။ အဲ့ဒီ Villa ခန်းတွေ ဆိုရင် အထူးဈေး ၇၅၀၀၀ ကျပ်ပဲ (၂ ဦး နေပေါ့၊ မနက်စာပါ အပါနော်)။ နောက်တစ်မျိုးက Deluxe အခန်း။ အဲ့ဒါက ၅၉၀၀၀ ကျပ်ပဲ (သူလည်း ၂ ဦးနေ၊ မနက်စာ အပါပေါ့)။ ဘယ်လောက်တန်လိုက်သလဲဆိုတာ။ ပိုတန်သေးတာ ရှိသေးတယ်။ အဲ့ဒီမှာတည်းရင် လေဆိပ်၊ ကားဂိတ်အကြိုအပို့တွေကို ပြင်ပဈေးထက် လျှော့ပြီး ဝန်ဆောင်ပေးတယ်။ Organic Farm ကို အလည်သွား ဓါတ်ပုံရိုက်၊ ကနူးလှေ စီး၊ ငန်းခြေနင်းလှေ စီး၊ ဒါတွေကို အခမဲ့ လုပ်ဆောင်နိုင်ဦးမှာဗျား။ ရေကူးကန်ကလည်း လှမှလှ။ စက်ဘီးငှားပြီး အနီးဝန်းကျင်ကိုလည်း သွားလည်စပ်စုနိုင်သေးတယ်။ ကျွန်တော်ကတော့ မိုင်းသောက်တံတားကို မနက်စောစော စက်ဘီးလေးနင်းပြီး လည်ခဲ့သလို၊ နန်းပန်ဈေးနေ့နဲ့ ကြုံခဲ့တာမို့ လှေတွေနဲ့ လာကြတဲ့ နန်းပန်ဈေးဆီ ဓါတ်ပုံရိုက်ဖို့ သွားခဲ့သေးတယ်။



ခုချိန်က သိတဲ့အတိုင်း ကိုကိုဗစ် ရဲ့ အချိန်ဆိုတော့ သူတို့လည်း လမ်းညွှန်ချက်နဲ့အညီ ဖွင့်ရတော့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းလေးတွေကို အပြည့်အဝ လိုက်နာပြီး ဖွင့်ထားတယ်ပေါ့လေ။ ဒါမို့လို့လည်း ဈေးကြီးကြီးဟိုတယ်အကောင်းစားတွေကို ဈေးပေါပေါနဲ့ တည်းနိုင်တာ။ ခုနလို အပြင်မထွက်ဘဲ ဟိုတယ်ထဲတင် ပျော်နိုင်တယ်။ သဘောအကျဆုံးက Happy Hour ရှိတာပဲ။ သောက်သောက်စားစား ပျော်ပျော်ပါးပါးဆို ရေလည်တန်ပြီပေါ့လေ။ Buy 1 Get 1 ရတာကိုး။ အစားအသောက်ကို ၁၅% ထပ်လျှော့ပေးသေးတဲ့အပြင် Spa ကလည်း ၂၀% ထပ်လျှော့ပေးဦးမှာ။ တကယ်ကို ဇိမ်ခံပါလေ့ဗျာ။ အပိုမပြောဘူးဆိုတာ ပုံတွေကို ကြည့်ရင် သိပါလိမ့်မယ်။


အင်းလေး မှာ Trekking မရှိဘူးလား

ရေပေါ် လမ်းလျှောက်ချင်တာလား ပြော…

နောက်တာပါဗျာ။ တကယ်တော့ Trekking ရှိပါတယ်။ ရွာဘက်တွေက လယ်ကွင်းတွေ၊ စပါးလှန်းထားတဲ့တန်းတွေကြားထဲ လမ်းလျှောက်ရသလို၊ တောထဲ ရွာထဲ လမ်းလျှောက်ရတာ သိပ်ပျော်စရာ ကောင်းပါတယ်။ လယ်တဲအိမ်လေးထဲမှာ ထမင်းစားရတဲ့ အရသာကလည်း ခံစားမှုအသစ်ပါ။ ပုံမှန်သွားနေကျမဟုတ်ပေမဲ့ Amata Garden Resort, Inle Lake က Trekking ဝါသနာ ပါသူတွေအတွက် အသစ် ဖန်တီးပေးထားပါတယ်။ အတွေ့အကြုံရှိ ဒေသခံဧည့်လမ်းညွှန်တွေ က ဦးဆောင်ခေါ်သွားပြီး အနီးဝန်းကျင်က သဘာဝနဲ့ လူမှုဓလေ့စရိုက်တွေကို ကိုယ်တိုင်လက်တွေ့မြင်ကြရဖို့ စီစဉ်ပေးထားတာပါ။ သွားမဲ့သူ ၄ ဦး ရှိရင် နေ့တိုင်း ထွက်ပါတယ်။ နေ့လည်စာ ပါ စီစဉ်အပြီးကိုမှ တစ်ဦးကို ၃၅၀၀၀ ကျပ်ပဲ မို့ အရမ်းတန်နေပြန်ရော။ ကိုယ်လျှောက်နိုင်တဲ့အနေအထားကို ညှိနှိုင်းပြီး ရွေးချယ်နိုင်တာလည်း အဆင်ပြေတယ်။ ကျွန်တော်ဆို Trekking သွားတာများလာတော့ သာမန်ထက် ပိုအားစိုက်ရတာလေးကို သဘောကျတယ်။ တချို့ကျတော့လည်း လျှောက်လေ့လျှောက်ထ မရှိတော့ စိတ်ပူတယ်။ ခရီးစဉ်လမ်းကြောင်းက အမျိုးမျိုးရှိတော့ ကိုယ်အားသန်ရာ ရွေးသွားရုံပါပဲ။


ရှေ့မှာ ကျွန်တော် ပြောခဲ့သလို၊ အင်းလေးကန် ဟာ ကမ္ဘာမှာ ရှာမှရှားတဲ့ ကျွန်တော်တို့တွေ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမဲ့ အမွေအနှစ်တစ်ခုလိုပဲ မြင်မိတော့ လူအမျိုးမျိုးပြောဆိုနေကြတဲ့အတိုင်း တကယ်လို့များသာ တစ်နေ့ အင်းလေးကန်ဆိုတာကြီး မရှိတော့ရင်လို့ တွေးကြည့်ပြီး အင်းလေးကန်ကို ချစ်ကြည့်စမ်းစေချင်မိပါတယ်။ အင်းလေးကန် ဘယ်လောက်လှသလဲ ခုအချိန် သွားကြည့်သင့်ဆုံးပဲ။ မိုးတွင်းကာလ ရေလည်းများတယ်။ ပြီးတော့ ဒီနှစ်မိုးခေါင်လို့ ရေက အများစားကြီး ရှိမနေတာမို့ လည်ပတ်လို့လည်း ကောင်းနေတယ်လေ။

ဟိုတယ် ရွေးမယ်ဆိုရင်လည်း တကယ်ကို ဈေးလည်းတန်သလို၊ ဝန်ဆောင်မှုကလည်း ကောင်းတဲ့ Amata Garden Resort, Inle Lake ကိုလည်း နေဖို့ ရွေးချယ်စေချင်မိတယ်။ ကျွန်တော့်ကို ကြော်ငြာဝင်တယ်ပဲ ဆိုဆို၊ တကယ်ကို သဘောကျမိတာပါ။ အရင် ဈေးကြီးလို့ မတည်းခဲ့တာ ခု ဈေးချတော့ တည်းဖြစ်တယ်။ ဝန်ဆောင်မှုကလည်း မလျော့တော့ ပိုကြိုက်မိတယ်။ ဟိုတယ်ထဲမှာ လုပ်စရာများတာရော၊ ပြီးတော့ Trekking လိုမျိုး Service တွေပါ ထပ်ရှိလာတာ သိပ်အဆင်ပြေသွားတယ် မြင်မိလို့ စဉ်းစားစေချင်ပါတယ်ခင်ဗျာ။ အင်းလေးသွားရင် သတိရလိုက်ပါနော်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Min Hsann, Thiha Lu Lin

Drone :: Si Thu Zaw Win

Camera :: SONY Alpha 7II with 16-35mm Lens, DJI Mavic Mini

Photos are modified in Lightroom by Thiha Lu Lin.

Special Thanks to Ko Te Nyei (Local Guide from Inle).

1,228 views0 comments
bottom of page